Tuesday, May 30, 2017

" သမီးနှင့် ကျောင်း "



                                             #ခင်ခင်ထူး

ကျောင်းပိတ်ရက် တစ်ရက်က သမီးကျောင်းလွယ်အိတ် လဲပေးဖို့ စာအုပ်တွေထုတ်လိုက်တော့ လွယ်အိတ်ထဲက ဗြုတ်စဗျင်းတောင်း များစွာ ထွက်လာသည်။ လေဖောင်း ထုပ် သရေစာအမျိုးမျိုးက ထွက်ကျသော မုန့်ကျိုး မုန့်ကြေတွေလည်း မနည်းပါ။ လေဖောင်းထုပ် အခွံက နှစ်ခု၊ သုံးခု၊ စာကလေးခွေ အစအနတွေ၊ ပီကေအခွံတွေ၊ ခဲတံချွန်စာတွေ ကပ်ခွာ အရုပ်ကားတွေ၊ သည်အထဲက ထွက်လာတာကတော့ ဆီးသီးလုံး လောက် ဖန်ဂေါ်လီလုံးတွေ ဖြစ်ပါ၏။ ဒါကတော့ နည်းနည်း ထူးဆန်းသလို ဖြစ်နေလို့ သမီးကိုမေးရပါသည်။ သမီးနှင့် ဖန်ဂေါ်လီလုံး က နည်းနည်းဝေးသည့် ကစားစရာ မဟုတ်လား။

“ဖန်ဂေါ်လီလုံးတွေက ကစားဖို့ ဝယ်တာလား လှလို့ ဝယ်တာလား သမီး”
“ကစားဖို့ဝယ်တာ မေမေ… ယောကျာ်းလေးတွေနဲ့ပစ်ကြတာ သမီးနိုင်တာ မနည်းဘူး… အခုက ရှုံးကုန်လို့”
ရှုံးကုန်လို့ ဆိုတာတောင် အိတ်ထဲက ဆယ်လုံးကျော်ကျော် ရလိုက်သည်။ သမီးဘယ်အချိန် ကစားပါလိမ့်လို့လည်း တွေးမိ ပါသည်။ ကျောင်းက အိမ်နှင့်နီးတော့ ကျောင်းတက်ချိန် မနက် ရှစ်နာရီခွဲကို ရှစ်နာရီခွဲမှ ထသွားလျှင်တောင် မီတာ ဆိုတော့ ကျောင်းချိန်နီးမှ လိုက်ပို့ နေကျ။ မနက် ဆယ်နာရီခွဲ မုန့်စား ကျောင်းဆင်းချိန်မှာ နာရီဝက်လောက်တော့ ကစားနိုင်ကြသည်။ သည် အချိန်ကလေးမှာ အလုအယက်ကစား ကြရှာ ထင်ပါရဲ့။ ဂေါ်လီလုံးလေးတွေကိုတွေ့မှ သမီးတို့လို ကလေးများကစားချိန်ကို တွေးမိရပြန်ပါ၏။ ကလေးတွေခမျာ “စာ”ပြီးရင်း “စာ” နေကြရတာမဟုတ်လား။ သည်ခေတ်ကလည်း ကျောင်းကြီးစာပြီးပြန်တော့ ကျောင်းငယ်စာက ဆီးကြို နေကြသည်။ ဆရာမောင်စွမ်းရည် ၏ ကဗျာတစ်ပုဒ်ထဲကလို “ကျူသေ” “ကျူရှင်”တွေ ရှိသေးသည်။ စာသင်ကျောင်းကြီး ကျောင်းလွှတ်ချိန် ခေါင်းလောင်းသံသည် ကျူရှင်ကျောင်း၏ ကျောင်းတက်ချိန်ခေါင်း လောင်းသံလို့လည်း ပြောနိုင်သည်။ မိဘတွေက ကျောင်းပေါက်ကစောင့် ပြီး ကိုယ့်ကလေးကိုယ် ကောက်သင်းကောက်ပြီးသည်နှင့် ကိုယ့်အတန်းပိုင်ဆရာမ ကျူရှင်ပြဖို့ ငှားထားသော ရပ်ကွက်ထဲကအိမ်ကို တစ်ထွေးကြီး လိုက်ကြရပြီ။ သမီးကတော့ ကျူရှင်မတက်စာရင်းပေးထား လို့  အိမ်ကိုတန်းပြန်ရုံ။

ကျောင်းပြန်ချိန် ညနေ ၃ နာရီ လောက်ကနေ ၇ နာရီလောက်အထိ သမီး၏ စိတ်ကြိုက်အချိန်ဖြစ်သည်။ ကစား၊ ရေချိုး၊ အိမ်စာလုပ်၊ တီဗီကြည့်၊ ကွန်ပျူတာနှိုက်။ သမီးနှင့် ရွယ်တူ သူငယ်ချင်းတချို့က ကျူရှင်မှာ စာဟောင်းကို တစ်ခေါက် သင်နေရချိန်မှာ ကျွန်မကတော့ သမီးကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ထားသည်။ ငယ်တုန်းငယ်ခါ သည်အရသာကလေးမှ ရပါစေတော့ သဘောဖြင့် ကျူရှင်မပို့ခြင်း ဖြစ်သည်။ မိဘတချို့ ကတော့ ကျူရှင်မထားသည့်အတွက် ကလေး ပညာရေး နှောင့်နှေးမှာပေါ့တဲ့။ ကျူရှင်ထားတော့ကော ပညာရေးက ရှေ့ရောက်လို့လား။ ဒါကိုလည်း ကျွန်မဆန်းစစ်ကြည့် မိပါ၏။ ကျောင်းမှာလည်း သည်စာ၊ ကျူရှင် မှာလည်း သည်စာ၊ အိမ်ရောက်ပြန်တော့ မိဘကလည်းသည်စာ ဆိုတာမျိုး တော့ ကလေးကို နှိပ်စက်နေတာနှင့်ပင် တူနေသည်။ တစ်ချိန်လုံး သည်စာ တစ်ပုဒ်ပဲကလေးက သင်ယူ နေရသည်။ ကလေးအတွက် တခြား challenge လုပ်စရာမရှိ။သည်တော့ ကလေးလေးတွေဘက်က ဆုံးရှုံးရတာတွေက အများသား။ အချိန်ဆုံးရှုံးသည်။ လွတ်လပ်မှု ဆုံး ရှုံးသည်။ တခြားဖွံ့ဖြိုးမှုတွေ ဆုံး ရှုံးရသည်။ ဒါက ကျွန်မစဉ်းစား တာပါ။

ကျောင်းဆရာမဘဝကို ဆယ်စုနှစ်တစ်စုကျော်ဖြတ်သန်းခဲ့သော ကျွန်မတို့ ကာလတွေ တုန်းကတော့ ကျူရှင်မပြခဲ့ဘူးလား။ ကျွန်မတို့ ဆရာမဘဝတုန်းကလည်း ကျူရှင်တွေ တရုန်းရုန်းပါပဲ။ ပူပူလောင်လောင် စိတ်အိုက်လူအိုက်၊ စိတ်မော လူမော သင်ရခြင်း ဖြစ်၍ ကလေးတွေကလည်း မိဘတွေကြောက်ရလို့သာ ရောက်လာကြရတာများသည်။ တစ်နေကုန်ကျောင်း မှာ ချွေးတစ်လုံးလုံး၊ လူနှင့်အခန်း မဆံ့ရင်ကန် ထည့်ထားသည့်အခန်းထဲမှာ ပဲစေ့ ကလေးတွေ ကို ရေနွေးဆူ ဆူနှင့် ပြုတ်ထားသလို ကလေးတွေခမျာ အပူနှင့်နူးနပ်နေကြရရှာသည်။ သည်ကလွတ်ပြန်တော့ နောက်ထပ် စာသင်ခန်းတစ်ခန်းထဲ ဝင်ရတာကလည်း ရက်စက်စွာတွန်းပို့သလို ဖြစ်နေရတာမဟုတ်လား။ ကျူရှင် ခွဲရေးတွဲရေးမှာ တွဲရေးမှာ လူများ နေတော့လည်း ခက်သားပင်။

“ကျူရှင်ထားပါ ဆရာမရဲ့.. ကျူရှင်ထားတော့ စာမေးပွဲပါမယ့် မေးခွန်းတွေ ကြိုသိရတာပေါ့… ကလေးက အဆင့်ကောင်းတယ်… ဆရာမကလည်း ဦးစားပေးတယ်.. ကျူရှင်မထားရင် ကလေးက အတန်း ထဲမှာ အင်မတန်မျက်နှာငယ်ရတယ်… ဆရာမတွေက သူတို့ကျူရှင်မထားရင် ကလေးကို ဂရုမစိုက်ချင်ဘူးရယ်”
“အဲသလိုတောင် ဖြစ်ပျက် နေကြပြီလားရှင်… ဆရာ ဆရာမ တွေမှာ အဲသလို စိတ်နှလုံးရှိနေကြ ပြီလား”
ကလေးအမေကို ပြန်မေးတော့ ကလေးမအေက ကျွန်မကို ကျောင်းဆရာမလူထွက် ညံ့ရန်ကော ဆိုသည့် မျက်နှာဖြင့် ခပ်ပြုံးပြုံး ပြန် ကြည့်သည်။ တစ်လောကလုံးက ကလေးတွေ ပညာခေတ်ကြီးထဲမှာ ပညာကို အချိန်နှင့်အမျှ ယူနေကြချိန်မှာ ဘယ့်နှယ်ကြောင့် ကလေးကို အအား ထားရတာတုန်းဆိုသည့် မျက်နှာပေးကလည်းပါသေးသည်။

“ကျောင်းမှာက အကြမ်းသင် ဆရာမရဲ့… ကျူရှင်ကျမှ အချော သင်တာ… ကျူရှင်မတက်ရင် စာမတတ်ဘူး”
ကျွန်မပင် လန့်သွားမိပါ ၏။ ကျောင်းစာမှာ အကြမ်းသင် အချောသင်လို့များ ရှိသေးရော့လား။ မိဘတွေရင်ထဲ ဘယ်က ဘယ်လို ရောက်လာသည့် အတွေးအခေါ်တွေပါလိမ့်။ ကလေးတွေ ဘယ်အချိန်မှာ စိတ်လွတ် ကိုယ်လွတ် နေကြသလဲ လို့ မေးကြည့်တော့ ကစားဖို့ အချိန်မရှိပါဘူး ဆရာမရယ်တဲ့။ ကစားတဲ့ခေတ် ကုန်ပါပြီတဲ့။ ကျွန်မကတော့ ဘာမှ မဝေဖန်လိုက်ပါ။ ကျူရှင်ပြသည့် ဆရာ ဆရာမတို့ကို ကျွန်မ စာနာနိုင်ပါသည်။ ကျူရှင်က ဝင်သောဝင်ငွေက မစို့မပို့ ဆိုပေသိ (တချို့တော့ စို့စို့ပို့ပို့ ရကြသတဲ့) ဘာပဲဖြစ်ဖြစ် အိမ်စရိတ်ကလေးတော့ ကာမိရတာမဟုတ်လား။ ပြီးတော့ စာပြပြီး ဝင်ငွေရှာတာ ဘာအပြစ် ရှိလို့လဲ။ သည်အထိက ကိစ္စမရှိ။ သည်ကကျော်လျှင်တော့ လောဘတွေ ပါလာလိမ့် မည်။ မောဟတွေ ပါလာလိမ့်မည်။ မိဘအချင်းချင်း ကလေးပညာရေး ဂုဏ်ပြိုင်ကြသည့် ကြားမှာ ဆရာ ဆရာမတွေက မရည်ရွယ်ဘဲ အကဲဖြတ်အမှတ်ပေး ဒိုင်ဖြစ်ရတာတွေ ကြားနေရသည်။ ဆရာ ဆရာမတိုင်းကိုတော့ မဆိုလိုပါ။ ရိုးသားဖြောင့်မတ်သည့် ဆရာ ဆရာမတွေ ရှိကြပါသည်။ မလွှဲသာလို့ ကန်တော့ငွေကို လက်ခံကြရပေသိ ကိုယ်သင်ရသည့် ကလေးကို ထက်သည်ထက် ထက်အောင်၊ တော်သည်ထက်တော်အောင်၊ သင်ကြားပြသပေးကြသည့် ဆရာ ဆရာမ တွေရှိကြသည်။ အချို့အချို့သော ဆရာ ဆရာမတွေကတော့ မိဘများနှင့် ဇယ်ခုတ်တမ်းကစားနေကြသလို ကိုယ့်လက်ထဲ ဇယ်များများရဖို့ လုံးပမ်းနေကြတာတွေ မြင်နေ ကြားနေရတာ စိတ်မကောင်းစရာ။

“ဖွေးဖွေး အဆင့်မရဘူးဆို… အဲဒါကြောင့်ပြောတာ ဖွေးဖွေးကို ကျူရှင်ထားပါလို့… ကျူရှင်ထားရင် အဆင့်ရတယ်… ကျွန်မသမီးက အခုတစ်ပတ် စာမေးပွဲမှာ အဆင့် တစ်လေ… ပြီးခဲ့တဲ့လက အဆင့် ၅ ဆိုလို့ ဆရာမကို ရန်သွားတွေ့ ရသေးတယ်”
“အော် အော်… ရန်တွေ့လို့လည်းရသားပဲ… သမီး အတန်းကြီး လာရင်တော့ တစ်မျိုး စဉ်းစားရမှာပေါ့… အခုတော့ ကလေးကို ဖိအားမပေး ချင်သေးလို့ပါရှင်… ကစားချိန်၊ နားချိန်ကလေး ရအောင်လို့ပါ”
“လမ်းပေါ်မှာ ဘယ်ကလေးတွေများ ကစားနေကြတာ တွေ့လို့တုံး ဆရာမရဲ့”
ဟုတ်ပေသားပဲ။ မြို့ဆိုတော့ ကစား စရာနေရာကို လမ်းလို့ သတ်မှတ် ကြတာမဟုတ်လား။ ကလေးတွေ ကစားဖို့နေရာ ကွင်းကျယ်ကျယ်မရှိ။ ကျွန်မတို့မြို့သစ်မှာ ကျွန်မတို့ ရောက်စက မြင်ခဲ့ဖူးသော ရပ်ကွက် ဘောလုံးကွင်းဆိုတာတွေကလည်း အခုတော့ အကွက်တွေရိုက်ပြီးကြပြီ။ ဘောလုံးကွင်းတွေကို ဘယ်သူက ရောင်းကြလို့ ဘယ်သူတွေက ဝယ်နေကြတာတုံး။ ကျွန်မမသိပါ။ အများအားဖြင့် မရှိတော့တာတော့ သေချာပါသည်။

ကျွန်မတို့ ငယ်ငယ်ကတော့ ရွာပြင်ထွက်လိုက်တာနှင့် ကျယ်ပြန့်သော ကွင်းပြင် တစ်မျှော်တစ်ခေါ်ကြီး။ ရွာပြင် မထွက်ချင်တော့လည်း အိမ်ဝိုင်းကြီးတွေက အကျယ်ကြီးတွေ။ တလင်းပြောင်ပြောင်မှာ ကစားနိုင် ကြသည်။ ဝိုင်းထောင့်က သစ်ပင် ရိပ်တွေမှာ ကစားနိုင်ကြသည်။ ကစားခဲ့ကြတာတွေကလည်း ကစားနည်းတွေ စုံလွန်းလို့ တစ်ခါတစ်မျိုး မရိုးနိုင်ကြပါ။ ရွှေစွန်ညို၊ ဘီးသည်၊ ညောင်ပင်တစ္ဆေ ဝေလေလေ၊ အရူး မကြီးမစာဥ၊ ရွှေတံခါးကြီးဖွင့်ပါဦး၊ ဆီမီးခွက်ကြီး ဂလောင်ဂလင်၊ မအေးခြင်ထောင်ထောင်၊ ဧည့်သည် လာ အိမ်သူဖယ်ပေး၊ စိန်ပြေးတမ်း၊ တူပုန်းတမ်း၊ တိုင်ပုတ်တမ်း၊ ဇယ် တောက်တမ်း၊ ဖန်ခုန်တမ်း၊ က တမ်း ခုန်တမ်း။

“ငပိတစ်လက် ဆားတစ် လက်… ရေနံအိုး အောက်ပိုးကျိုက် … လိုက်”လို့အော်ခဲ့ရတာတွေက ကော။ လိုက်ဆိုတာနဲ့ လိုက်ပေ တော့။ ဗြောင်နောင်နောင် ပဗေပေး ဂျိ။ ကစားရင်းက စာသံကဗျာသံ ကလေးတွေပါပါလို့ ဝမ်းခေါင်းသံ ပါအောင် အော်ကြရတာကို မမေ့ နိုင်။အသံချင်းပြိုင်ကြရတာကလည်း ပျော်စရာ။

“ရွှေတံခါးကြီး ဖွင့်ပါဦး”
“ဘယ်အိမ်ကလဲ”
“ဆင်မင်းကြီး အိမ်က”
“ဆင်စော်နံ ပြန်လိုက်ဦး”

ကလေးတွေ အရွယ် စုံ။ တစ်ယောက်ခါး တစ်ယောက် ဆွဲကြလို့။ ကြီးစဉ်ငယ်လိုက်။ အထွေးဆုံး ကလေးက နောက်ဆုံးမှာ နေရသည်။ ရှေ့ ကလေး နှစ်ယောက်က လက်ချင်းယှက် ထားကြတော့ ရွှေတံခါးကြီး ဖြစ်ရသည်။

“ဘယ်အိမ်ကလဲ”
“မြင်းမင်းကြီးအိမ်က”
“မြင်းစော်နံ ပြန်လိုက်ဦး”

စိတ်ကူးထဲရှိသမျှ ဥာဏ်ထွင်ပြီး ပြောရတာဆိုတော့ သူကြီးအိမ်လည်း ပါသည်။ ကြီးတော် ဒေါ်ချုပ်အိမ်လည်း ပါသည်။ တစ်ခါတော့ ကျွန်မအဘ ဘိုးကံသာအိမ်လည်း ပါချင်လို့ ဘိုးကံသာအိမ်က ပါလို့ အော်လိုက်သည်။ တံခါးဖွင့်မည့်သူက “ဘိုးကံသာစော်နံ ပြန်လိုက်ဦးတဲ့” အဘက ဆူလိုက်တာ။ “သည်ကလေးတွေနှယ် ငါ့နာမည် ထည့်ကစားရသယ် လို့ကွာ…လူက မှ ဖျားလို့ ရေမချိုးနိုင်ရတဲ့ကြားထဲ” တဲ့။

သည်ခေတ်ကလေးတွေခမျာတော့ ကစားချိန်တွေမှာ ကျူရှင်ကို ပြေးကြရပြီ။တချို့က မနက်ကျောင်းကြီး မတက်ခင် ဝေလီဝေလင်း    ငါးနာရီလောက်ကပင် ကျူရှင်ကို ပြေးကြရသည်။ မိဘများခမျာလည်း ဆိုင်ကယ်တစ်စီးနှင့် အရောက်ပို့ကြရတာ တစ်တာဝန်။ တချို့ကတော့  ညနေကျောင်းကြီး လွှတ်ချိန်မှာ ဇော တိုက်နေကြရပါ၏။ အတန်းကြီးသူ တွေကတော့ မြို့ထဲက ဘယ်နေရာ၊ ဘယ်သူ့ကျူရှင်ကကောင်းတယ်ဆိုတိုင်း အပ်ရ ပို့ရ ကြိုရ။ ဒါလည်း ကစားနည်းတစ်မျိုးများလား။
အနင်းခံရတဲ့ စပါး သန်သတဲ့။ ကလေးတွေ ခမျာ စပါးပင်မဟုတ်ပါ။ နင်းလေ ကျိုးကြေလေ။

ကျွန်မတို့အိမ်မှာ သန့်ရှင်းရေး ကူညီနေသော ကြီးတော်က သူ့သမီး အဝေးသင် ကျောင်းသူ ကျူရှင်တက်နေရတာကို ပြောပြသည်။ ကျူရှင်ခ တစ်သိန်းနှစ်သောင်း လောက်ကျမှာ ဆိုတော့ ငွေတိုးနှင့် ချေးပေးလိုက်ရသည်ဆိုပါ၏။ ကျွန်မတို့ကလည်း သမီးငယ်သေးလို့သာကိုး။ အတန်း ကြီးလာသည်နှင့် ဆိုင်ရာ နတ်ကွန်းကို နတ်ပြ သွားရဦးမှာပေါ့။ ပညာ ဆိုတာကလည်း တံခါး အထပ်ထပ်ကို ဖြတ်ရတာဆိုပေသိ ပညာစော်နံ ပြန်လိုက်ဦး လုပ်လို့မရနိုင်ပါ။
ရွှေ တံခါးတွေ ဖွင့်ရပါဦးမည်။ ငွေတံခါး တွေ ဖွင့်ရပါဦးမည်။

“ထန်းလျက်တစ်ကိုက် ထန်း တစ်ကိုက်…ပညာရွှေအိုး အောက်ပိုးကျိုက်…လိုက်"
လိုက် လိုက်ကြတာ တရုန်းရုန်း…ပညာဖုန်တွေ တလုံးလုံး…”။

                                  ခင်ခင်ထူး

                      ၂၀၁၂ ခုနှစ် Independent journal

No comments: