Tuesday, May 2, 2017

Carbohydrate cycling - The Golden Diet

လက်တွေ့ကျကျ အဆီကျအောင် စားသောက်နည်း ???
Carbohydrate cycling - The Golden Diet



တစ်ခါတစ်လေ " အဆီကျချင်ပေမယ့် ဘယ်လိုမှ မကျပါလား " လို့ ငြီးငြူတဲ့လူတွေ၊ ဘယ်လို အစာစားရမလဲ၊ ဘာမှမစားပဲနေရမလားနဲ့ လမ်းပျောက်နေသူတွေမြင်တိုင်း ကိုယ်ပါ ရင်မောမိပါရဲ့။

အဆီကျအောင် ဘယ်လိုစားသောက်ရမယ်ဆိုတဲ့ နည်းလမ်းတွေ၊ ဆောင်းပါးတွေဆိုတာ Facebook page တွေမှာ ရေးထားတာ ခဏခဏတွေ့နေရတာမျိုး။ ဥပမာ ထမင်း၊အသား ပုံမှန်စားတဲ့ဟာတွေကို လုံးဝမစားပဲ အသီးပဲ ခုနစ်ရက် စားပါဆိုတဲ့ Fruit Diet မျိုးကအစ၊ အူလမ်းကြောင်း အစာအိမ်ကို ရှင်းပြစ်ဖို့ ဂျင်းရေသောက်၊ တစ်ရက်လုံးဘာမှ မစားနဲ့ဆိုတဲ့ Detox Diet အဆုံး၊ ဟိုကဒီလိုလေးပြောလိုက် ဒီကဟိုလိုလေးပြောလိုက်နဲ့ နည်းတွေဆိုတာ နည်းမှ မနည်းပဲဟုတ်။

ဒါပေမယ့် ဒီမှာ တစ်ခုမေးစရာ ပေါ်လာပါတယ်။

တစ်ကယ်လက်တွေ့ကျကျ ရေရှည် အဆီကျပါရဲ့လား ???

သင်ဟာ အပေါ်ကပြောတဲ့ နည်းအတိုင်းလိုက်လုပ်ဖူးလို့ ရေရှည်အဆီကျ အောင်မြင်ခဲ့သူတစ်ယောက်ဆိုရင် ဒီလိုဆောင်းပါးတွေ ဆက်ရှာနေစရာ အကြောင်းမရှိပါဘူး။ အဖြေက ရေရှည်မှာ ဒီနည်းလမ်းတွေဟာ အလုပ်မဖြစ်ပါဘူးဆိုတာ လုပ်ဖူးသူတိုင်း သိပါလိမ့်မယ်။

ဘာလို့ ဒီလိုနည်းလမ်းတွေက ရေရှည်မှာ မအောင်မြင်ကျသလဲ ???

လက်တွေ့မကျလို့ပါ။ လက်တွေ့ကျလား၊ မကျဘူးလားကို ဘာနဲ့ဆုံးဖြတ်ပါသလဲ ဆိုခဲ့ရင် ရေရှည်မှာ ဒီနည်းလမ်းဟာ အကျိုးပြုရဲ့လားနဲ့ ဆုံးဖြတ်ပါတယ်။ ရေရှည်မှာ အကျိုးမရှိဘူး၊ ရလဒ်မရနိုင်ဘူးဆိုရင် ဒီနည်းလမ်းတွေဟာ လက်တွေ့ကျတယ်ဆိုလို့မရပါဘူး။

အပေါ်ကပြောသလို " အသီးအနှံပဲ ခုနစ်ရက်စားပါ၊ ခုနစ်ရက်အပြီးမှာ အလေးချိန် ဘယ်လောက်ကျပါလိမ့်မယ် " ဆိုတဲ့ နည်းမျိုးက ဖတ်ကြည့်ရင် ဟုတ်သလိုလိုရှိသား။ ဒီလိုဆောင်းပါးမျိုးအောက်မှာ ဟုတ်ပါကြောင်း၊ တစ်ကယ် ကျပါကြောင်း ဝင်ရေးတဲ့ Comment မျိုးကလဲ မရှားတော့ အားကိုးချင်စရာကို ဖြစ်တတ်စေသလိုမျိုး။

ဟုတ်ပြီ၊ ခုနစ်ရက် အသီးပဲစားပြီးပြီ။ အလေးချိန်လဲ ခုနစ်ရက်အပြီးမှာ အနည်းငယ်ကျသွားပြီ။ ဒါပေမယ့် ခုနစ်ရက် ပြီးတော့ကော ဘာဆက်လုပ်ရမလဲ။

ဒီနေရာမှ ဒီ Fruit Diet နည်းလမ်းက ပြသနာတက်တာပါပဲ။ အူလမ်းကြောင်းသန့်အောင် ဘာမှမစားပဲ ဂျင်းရေသောက်တဲ့ နည်းလမ်းလဲ တူတူပါပဲ။ ဒီနည်းလမ်းတွေကပြောတဲ့ ရေတို ခုနစ်ရက်ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းမှာတင် ဘာမှဆက်ပြောလို့မရတော့ပါဘူး။ ခုနစ်ရက်ပြီးပြီ။ လေးပေါင်ကျသွားပြီဆိုပါစို့။ ဒီ လေးပေါင်မှာတင် ဇာတ်သိမ်းသွားပါပြီ။

ဒါ့ကြောင့် Golden Dreams page အနေနဲ့ နည်းလမ်းတွေ ဝေမျှတဲ့အခါ လက်တွေ့ကျတဲ့ နည်းတွေဖြစ်စေဖို့ ဦးစားပေးထားပါတယ်။ ခုနှစ်ရက်အတွင်း အဆီကျနည်းလို့ရေးရင် Like များမယ်၊ Share များမယ်ဆိုတာ ကြိမ်းသေပေမယ့် ဒါဟာလိမ်လည်မှုပဲ မဟုတ်လား။ လိုက်လုပ်သူတွေ အလိမ်ခံရလို့ ငွေကြေး ဘာညာ ဆုံးရှုံးမသွားပေမယ့် လိုက်လုပ်ပြီး အဆီမကျတဲ့အခါ တစ်သက်လုံးထပ်ချဖို့ ကြိုးစားလိုစိတ်ပျောက်သွားတတ်တာမျိုး။ လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို ရိုက်ချိုးတာက ငွေကြေးလိမ်လည်မှုထပ် ပိုဆိုးတယ် မဟုတ်လား။

ဒါဆိုရင် အခုပြောမယ့် နည်းလမ်းက ဘယ်လိုနည်းလမ်းလဲ။ ဘာ့ကြောင့် မှန်ကန်တယ်ဆိုသလဲ။

ဒီနည်းလမ်းကိုသုံးခဲ့တဲ့ လူတွေ၊ သုံးနေဆဲလူတွေဟာ အဆီပိုချရုံသက်သက်မှာ တင်သုံးကျတာမဟုတ်ပဲ ပြိုင်ပွဲဝင်ခါနီး အနည်းငယ်သာကျန်တဲ့ အဆီချတဲ့အခါမှာပါ သုံးလေ့ရှိပါတယ်။

အဆီဆိုတာများလေ ချရလွယ်လေ၊ နည်းနည်းလေးပဲ ကပ်ကျန်လေ ချရခက်လေ ဆိုတာမလို့ ဒီနည်းလမ်းဟာ

-အရမ်းဝနေတဲ့သူ၊
-သိပ်မဝတဲ့လူ၊
- နောက်ဆုံး 6 packs abs ပေါ်အောင် အနည်းငယ်သာ အဆီချချင်တဲ့လူ

စတဲ့ ဘယ်လိုလူမျိုးအတွက်မဆို အသုံးဝင်ပါတယ်။ ( ဒီနည်းလမ်းကို လက်တွေ့လဲ သုံးဖူးပြီး တစ်ကယ်လဲ အဆီကျပါကြောင်း)

ဒီနည်းလမ်းကို မပြောခင်သိရမယ့် အချက်လေးတွေနဲ့ စလိုက်ရအောင်။

အစားအစာမှာ အကြမ်းဖျင်းခွဲရင်  Carbohydrate၊ Protein နဲ့ Fat ဆိုပြီး သုံးမျိုးရှိပါတယ်။

နမူနာ Carbohydrate- ဆန်၊ ဂျုံ၊ ကန်စွန်းဥ၊ ပဲ၊ အာလူး၊ ပန်းဂေါ်ဘီ၊ Oat

နမူနာ Protein- အသား၊ ငါး၊ ကြက်ဥ၊ ဒိန်ချဉ်၊ Protein powder

နမူနာ Fat- မြေပဲစေ့၊ သီဟိုစေ့၊ ငါးကြီးဆီ၊ ထောပတ်သီး

Carbohydrate-

ခန္ဓာကိုယ်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေအတွက် စွမ်းအင်ကို အဓိကအားဖြင့် Carbohydrate ကရပါတယ်။

Protein-

Protein ကို များနိုင်သလောက် စားရပါမယ်။ မနက်စာဖြစ်ဖြစ်၊ နေ့ခင်းစာ၊ ညစာ ဘယ်အကြိမ်မဆို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စသဖြင့် Protein ပါနိုင်သလောက် စားရပါမယ်။ အလေးဆော့တာ အချိန်ကြာလို့ တွက်ချက်တက်သူဆိုရင်တော့ သင့်ခန္ဓာကိုယ်အလေးချိန် ပေါင်နဲ့ ဆတူ Protein grams စားရင် ကောင်းပါတယ်။ ပေါင် ၁၅၀ဆို Protein ၁၅၀ grams ပေါ့။

Fat-

Fat ကို ဘယ်အချိန်မှာ စားရမလဲဆိုရင် Carbohydrate နဲ့ ပြောင်းပြန်လို့ တွဲမှတ်နိုင်ပါတယ်။ 100 ဖိုးမှာ Protein 50 ဆိုရင် ကျန်တဲ့ 50 ဟာ Carbohydrate နဲ့ Fat အတွက်ပါပဲ။ Fat 40 စားတဲ့ရက်ဆို Carbohydrate 10၊ Carbohydrate 30 စားတဲ့ရက်ဆို Fat 20 စသဖြင့်ပေါ့။

Carb များများစားရင်၊ Fat ကိုလျှော့။
Carb နည်းနည်းစားရင်၊ Fat ကိုပို။

ဘာလို့ အစာ Fat ကို Carbohydrate နဲ့ ပြောင်းပြန် အချိုးကျစားရသလဲ။

Fat နဲ့ Carbohydrate ဟာ Calories များပါတယ်။ မျှတတဲ့ Diet မှာ များသောအားဖြင့် Protein က ပုံသေအဖြစ်ထားတာများပါတယ်။ ဦးစားပေးပေါ့။ Protein လိုအပ်သလောက်ဖြည့်၊ ပြီးရင် ကျန်တဲ့ Calories ကို Fat နဲ့ Carbohydrate ဖြည့် ဆိုတဲ့ သဘောမျိုးနဲ့ထားလေ့ရှိပါတယ်။

ဥပမာ Carbohydrate များများ (ထမင်း၊ ဂျုံ ) စားတဲ့နေ့မှာဆိုရင် စွမ်းအင်ပြည့်ဝနေတဲ့ အတွက် Fat ပမာဏများများမလိုပါဘူး။

Carbohydrate နည်းနည်း (ထမင်း၊ ဂျုံ) စားတဲ့နေ့မှာဆိုရင် လူက အားမရှိသလို ခံစားရတတ်ပါတယ်။ Protein ဖြစ်တဲ့ အသားတွေ ဘယ်လောက်ပဲစားစား၊ Carbohydrate စားတာနည်းတဲ့နေ့ဆိုရင် နုံးသလိုခံစားရတတ်ပါတယ်။ ( မယုံရင် Carbohydrate လုံးဝမစားပဲ အသားကြီးပဲ စားပြီး တစ်နေ့လောက်နေကြည့် ) ဒီလိုအချိန်မှာ Fat ကိုပိုစားပေးခြင်းဖြင့် အဆီကျနှုန်းကို ပိုမြန်စေသလို အားမရှိလို့ နှုံးချိမှုကိုလဲ သက်သာစေပါတယ်။ ဒါဟာ Fat နဲ့ Carbohydrate ကို ပြောင်းပြန်အချိုးကျစားပေးခြင်းရဲ့ အကြောင်းပြချက်တစ်ခုပါပဲ။

Carbohydrate cycling သို့မဟုတ် Diet Trick

Carbohydrate ဟာ ခန္ဓာကိုယ်ရဲ့ ပင်မစွမ်းအင်လို့ ဆိုခဲ့တယ်ဟုတ်။

ဒါဆို Carbohydrate မရှိရင်၊ မစားရင်ကော ဘယ်ကစွမ်းအင်ရသလဲ???

ဒီနေရာမှာ အသေးစိတ်မပြောတော့ပါဘူး။ အလွယ်ပြောရရင် Carbohydrate မရှိတဲ့နေ့တွေမှာ Protein ဒါမှမဟုတ် အဆီပို (အစာထဲက Fat နဲ့ ခန္ဓာကိုယ်က ပိုနေတဲ့ အဆီပိုက မတူဘူးနော်) ထဲက စွမ်းအင်ကို ယူပါတယ်။ ဒီနေရာမှာ Protein ဟာ ဖြိုခွဲရခက်လို့ အဆီပိုတွေဆီက စွမ်းအင်ကို ယူပါတယ်။ အဆီပိုတွေဆီက စွမ်းအင်ယူလေ အဆီကျလေပေါ့။

စွမ်းအင် ဘယ်လောက်ယူတယ်၊ တစ်နည်းပြောရရင် အဆီဘယ်လောက်ကျနိုင်မလဲဆိုတာကတော့ လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအပေါ် မူတည်ပါတယ်။ ဒီနေ့မှာ အဆီဘယ်လောက်ကို သုံးနေသလဲက မနေ့က၊ မနက်က လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းပြင်းထန်မှုနဲ့ဆိုင်သလို ဒါကလည်း သိပ်မခက်ပါဘူး။ Golden dreams page ထဲမှာပဲ မိနစ် ၂၀အတွင်း ဘယ်လိုပြင်းပြင်းထန်ထန် လုပ်နိုင်သလဲဆိုတာ ရေးထားပြီးတာမလို့ ဝင်ဖတ်ရုံပါပဲ။

" Diet အတွက် Carbohydrate ကို တတ်နိုင်သလောက် ရှောင်ရမယ်၊ ရှောင်ရင် အဆီကျပြီ။ ဒါဆိုပြီးပြီပေါ့။ ထမင်း၊ ဂျုံ၊ အာလူး စတဲ့ Carbohydrate များတဲ့ဟာတွေကို မစားဘူး။ အဆီကျပြီ။ ဒါကိုများ  Protein တွေ၊ Fat တွေ ပြောနေသေးတယ်။ တယ်ခက်တာပဲ။ "

ဟုတ်ပါ့။ ဒါပေမယ့် ဒီလောက် မရိုးရှင်းတော့လဲ ခက်သား။ သင်ကသာ အဆီကျဖို့ လွယ်ကူနေချင်တာ၊ သင့် ခန္ဓာကိုယ်က အများကြီး တော်နေ၊ တတ်နေတော့ ခက်သား။ သင် အပေါ်ကပြောသလို Carbohydrate ပဲ ခုနစ်၇က်ဆက်တိုက်မစားရင် ဘာဖြစ်လာမလဲ။

၁။ စွမ်းအင် မလုံမလောက်ဖြစ်ခြင်း

အစာလျှော့ပြီး လေ့ကျင့်ခန်းလုပ်မယ်။ ဒီလိုလူတွေဆီက အများဆုံးကြားရမှာကတော့

" အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း မူးသလိုလို"
"ညပိုင်း အစာမစားတော့ အိပ်မပျော်ဘူး " စသည် စသည်။

Carbohydrate ကို တစ်ရက်မစားဘူး၊ နှစ်ရက်မစားဘူး။ အဆင်ပြေသလို အစမှာရှိပေမယ့် သုံးရက်မြောက်၊ လေးရက်မြောက်မှာ သိသာလာပါလိမ့်မယ်။ သင်ဟာ ဘယ်လောက်ပဲ အသားတွေ၊ အသီးတွေစားစား၊ Carbohydrate မစားတာကြာလာတာနဲ့ အမျှ စွမ်းအင်ပြတ်လာပါလိမ့်မယ်။ စွမ်းအင်ပြတ်နုံးချိလာခြင်းရဲ့ နောက်မှာ ကပ်လိုက်လာတာက လေ့ကျင့်ခန်းကို ထင်သလောက် ပြင်းပြင်းထန်ထန် မလုပ်နိုင်တော့တာပါပဲ။ လေ့ကျင့်ခန်း မလုပ်နိုင်လေ၊ အဆီကျဖို့ ပိုကြာလေပါပဲ။

၂။ အချိန်တစ်ခုအကြာမှာ အဆီထပ်မကျတော့ခြင်း

" အဆီက အစမှာကျတယ်။ ပထမ ၂ပတ်မှာ ၅ပေါင်ကျတယ်။ အခုတစ်လအကြာမှာတော့ သိပ်မထူးတော့ဘူး။ အစာလဲ ဘာမှသိပ်မစားဖြစ်ပါဘူး။ "

ဒါအားလုံးရဲ့ နောက်ကွယ်မှာ သိပ္ပံနည်းကျ အဖြေဆိုတာ ရှိပါတယ်။ မမေ့ပါနဲ့၊ Fitness ဆိုတာ မြန်မာပြည်မှာ အခုမှ စလိုက်စားတယ်ဆိုပေမယ့် ကမ္ဘာတစ်ဝန်းမှာ ပိုက်ဆံပေါင်းများစွာသုံးပြီး သုတေသန ပြုထားပြီး၊ ပြုနေဆဲဆိုတာကိုပါပဲ။

အစာလျှော့ပြီး လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ အလွယ်ပြောရရင် ခန္ဓာကိုယ်က ငတ်တဲ့ အဆင့်ကို ရောက်သွားတယ် ဆိုပါစို့။ တစ်ရက် ငတ်မလား၊ တစ်ပတ်ငတ်မလား၊ ငတ်ရင် အဆီကနေယူပြီး အဆီကျစေမယ်။ ပြသနာမရှိ။ ဒါပေမယ့် တစ်ပတ်ကနေ နှစ်ပတ်ဖြစ်လာရင် ပြသနာစရှိလာပါပြီ။ ဘာ့ကြောင့်လဲ ??

ခန္ဓာကိုယ် တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံဟာ အပြင်လောကမှာ တီထွင်ထားတဲ့ ဘယ်စက်ထက်မဆို အဆင့်မြင့်ပါတယ်။ ငတ်လာတာ ကြာလာတဲ့အခါမှာ အစာခြေတဲ့ System ကို အမိန့်စာ ရောက်လာတယ် ဆိုပါစို့။

"တစ်နေ့တစ်နေ့ ထောက်ပံ့ငွေမလောက်ဘူး။ နဂို ၂ထောင်ဖိုး ပေးတာကနေ၊ အခု ၁ထောင်ဖိုးပဲ ပေးတော့တယ်။ ဒါ့ကြောင့် အရင်လို ၂ထောင်ဖိုးမလုပ်နဲ့၊ ၁ထောင်ဖိုးပဲ လုပ်တော့"

ဒီလိုအချိန်မှာ ဘာဖြစ်လာလဲဆိုရင် အရင်အစမှာ ၁ထောင် လျှော့လိုက်ပေမယ့် အဆီမှ ချေးငှါးလုပ်သေးတယ်၊ ဒါပေမယ့်၂ပတ်လောက်ကြာတော့ ချေးငှါးလို့ အဆင်မပြေတော့ဘူး၊ ရှိတာနဲ့ပဲ နေတော့မယ် ဆိုတာမျိုး ဖြစ်လာတာပါပဲ။ ဒါနဲ့ပဲ အလေးချိန် မကျပဲ တန့်သွားတော့တာပါပဲ။

ဒါ့ကြောင့်ပဲ သင်ထင်သလို Carbohydrate မစားရင် အဆီပိုကယူမယ်၊ အဆီကျမယ်ဆိုပြီး လွယ်လွယ်ကူကူ ဖြစ်မလာတာပါပဲ။ ဒီတော့ ဘယ်လိုလုပ်ရမလဲ။ ခန္ဓာကိုယ်က မ၇ိပ်မိအောင်၊ လေ့ကျင့်ခန်းလုပ်တဲ့ အခါမှာလဲ အားရှိပြီး ပြင်းပြင်းထန်ထန်လုပ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ။

 Dieting မအောင်မြင်ရတာ အဓိကက ခန္ဓာကိုယ်က ရိပ်မိသွားလို့ ဆိုရမှာပါပဲ။ အဆီက မကျတာမဟုတ်။ အစပိုင်း မရိပ်မိခင်မှာ ကျတယ်၊ ခက်တာက ခန္ဓာကိုယ် ရိပ်မိသွားပြီး ချိန်ညှိလိုက်တဲ့အခါမှာ တန့်သွားတာဟုတ်။

ဒါဆို အကောင်းဆုံးနည်းက ခန္ဓာကိုယ်ဆိုတဲ့ ငနဲသား မရိပ်မိအောင် လုပ်ဖို့ပါပဲ။ ဒီမှာပဲ ၂နည်းထွက်လာတယ် ဆိုပါစို့။

-Carbohydrate လျှော့၊ လှုပ်ရှားလေ့ကျင့်တာလျှော့-

Diet လုပ်ပြီး လေ့ကျင့်ခန်း အပျော့စားလုပ်တဲ့သဘော။ အပျော့စားဆိုတာ မိနစ် ၂၀လောက် ပြေးတာ၊ ကြိုးခုန်တာ၊ကြက်တောင်ရိုက်၊ တအားဝသူဆို လမ်းလျှောက်တာ၊ Page ထဲက အဆီချ video အတိုင်း လုပ်တာ စသဖြင့် ကိုဆိုလိုပါတယ်။ အိမ်မှာဆိုလဲ ၁၅မိနစ်လောက် Cardio/Bodyweight လုပ်တယ်ပေါ့။

ဒီလိုလုပ်ပြီး Carbohydrate လျှော့စားတာက Dieting နဲ့ တူတူပါပဲ။ ရေတိုမှာ စွမ်းအင်မလောက်လို့ အဆီကချမယ်။ ဒါပါပဲ။ ဒါပေမယ့် ရေတိုပဲလုပ်ပါ။ လျှော့စား၊ လျှော့လုပ်လို့ အတိုမှတ်ထားပါ။

Carbohydrate ကို ဘယ်လောက်ထိ လျှော့နိုင်လဲ ဆိုရင် 50 grams ( ထမင်းပန်းကန်ရဲ့ တစ်ဝက်) ထိလျှော့နိုင်ပါတယ်။ ဒီလိုနေ့မျိုးမှာ ထမင်းပန်းကန် တစ်ဝက် ၀န်းကျင်သာစားပြီး ကျန်တာကို Protein နဲ့ Fat စားနိုင်ပါတယ်။ Fat စားနိုင်တယ်ဆိုပေမယ့် ပမာဏ အများကြီး မစားမိပါစေနဲ့။ Fat အတွက် ငါးကြီးဆီသောက်မယ်ဆိုရင် ၂လုံးမှ ၃လုံးထိသောက်နိုင်ပါတယ်။

-Carbohydrate များစား၊ လေ့ကျင့်ခန်းပိုလုပ်-

Carbohydrate များစားတယ်ဆိုတာ 150 grams မှ 250 grams အတွင်းကို ဆိုလိုပါတယ်။ ထမင်းပြန်စားဖြစ်တယ်ဆိုရင် တစ်နေ့တာကို ထမင်း တစ်ပန်းကန်မှ နှစ်ပန်းကန်အတွင်းစားနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေက အလေးမတာ၊ Bodyweight ဒိုက်ထိုး၊ အိပ်ထမတင်၊ အလေးကိုင် ထိုင်ထ၊ အလေးမပါ ထိုင်ထ၊ ဒါမှမဟုတ် အပေါ်မှာပြောတဲ့ လျှော့လုပ်ပါဆိုတဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပိုကြာကြာ၊ ပိုပြင်းပြင်းထန်ထန်လုပ်ပါ။

ဒီလို ပိုစား၊ပိုလုပ်ရင် ဘာဖြစ်သလဲဆိုတော့ လေ့ကျင့်ခန်း ကြောင့် ကြွက်သားအသစ်တည်ဆောက်တဲ့အခါ စွမ်းအင်လုံလောက်အောင်ရမယ်။ ခန္ဓာကိုယ်လဲ စိတ်ချမ်းသာပြီး လျှော့စား၊ လျှော့လုပ်တုန်းက စိတ်ညစ်ခဲ့သမျှတွေကို မေ့ပျောက်သွားမယ်။ တစ်ချက်ခုန် နှစ်ချက်ပျက်မို့ Diet Trick လို့ ခေါ်တာပါပဲ။ Carbohydrate ကို နည်းလိုက်၊ များလိုက် စက်ဝိုင်းလို လှည့်နေတာမလို့လဲ Carbohydrate Cycling လို့ ခေါ်ပါတယ်။ အဆီလဲကျစေသလလို၊ လုပ်တဲ့လူ ကိုယ်တိုင်လဲ ကောင်းကောင်းပြန်စားရတာမို့ စိတ်ချမ်းသာမှာပဲဟုတ်။

ဒီ လျှော့စား လျှော့လုပ် နဲ့ ပိုစား ပိုလုပ်နည်းကို နှစ်ရက်ခြား တစ်ခါ ပြောင်းနိုင်သလို၊ တစ်ပတ်ခြားတစ်ခါလဲ ပြောင်းနိုင်ပါတယ်။ အလွယ်ပြောရရင် လေ့ကျင့်ခန်း မလုပ်နိုင်တဲ့ ရက်၊ Gym မသွားနိုင်တဲ့ရက် လျှော့စား၊ လုပ်တာများတဲ့ရက် ပိုစားပေါ့။

လေ့ကျင့်ခန်း မလုပ်တဲ့ရက် မများစေနဲ့၊ ပိုစား ရက်မှာ လုံလောက်အောင်ထက် အများကြီး ပိုမစားနဲ့။ ဒါသိရင် သင့်ဗိုက်ကြာကြာ မခံပါဘူး။

ဥပမာအနေနဲ့ 

လေ့ကျင့်ခန်း အပျော့စားလုပ်တဲ့နေ့ (တင်္နလာ၊ အင်္ဂါ)

-Protein - အသား၊ ငါး ကြိုက်သလောက်များများစားပါ။ ဆီကြော်တွေတော့ မဖြစ်စေနဲ့နော်။
-Carbohydrate - ဆန်၊ ဂျုံ၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ စတာတွေကို တတ်နိုင်သလောက်မစားပါနဲ့။ ခေါက်ဆွဲဆို တစ်နေ့လုံးမှ ပန်းကန်ဝက်၊ ထမင်းဆိုလဲ ပန်းကန်ဝက်လောက်ပဲစားပါ။ (တစ်ခုပဲ စားခိုင်းတာနော်။ သဘောက Carb 50 grams)
-Fat - ငါးကြီးဆီသောက်မယ်ဆိုရင် ၂လုံးမှ ၃လုံးအထိသောက်နိုင်ပါတယ်။ မြေပဲစေ့၊ သီဟိုစေ့ စားမယ်ဆိုရင်လဲ ၁၅စေ့ခန့် စားနိုင်ပါတယ်။

လေ့ကျင့်ခန်း များများလုပ်တဲ့နေ့ (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)

-Protein - အသား၊ ငါး ကြိုက်သလောက်များများစားပါ။ ဆီကြော်တွေတော့ မဖြစ်စေနဲ့နော်။
-Carbohydrate - ဆန်၊ ဂျုံ၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ စတာတွေကို တစ်နေ့လုံးမှာ ခေါက်ဆွဲဆိုလဲ ၂ ပန်းကန်၊ ထမင်းဆိုလဲ ၂ ပန်းကန်မှ ၃ပန်းကန်ပေါ့။ (တစ်ခုပဲ စားခိုင်းတာနော်။ သဘောက Carb 150 grams to 250 grams)
-Fat - ငါးကြီးဆီသောက်မယ်ဆိုရင် ၂လုံးမှ သောက်နိုင်ပါတယ်။ မြေပဲစေ့၊ သီဟိုစေ့ စားမယ်ဆိုရင်လဲ ၁၀စေ့ခန့် စားနိုင်ပါတယ်။

(ငါးကြီးဆီကို ဆေးဆိုင်တော်တော်များများမှာ ရနိုင်ပေမယ့် ဝယ်ယူတဲ့အခါ EPA - DHA ပါဝင်နှုန်းကို ကြည့်ပါ။ ပုံမှန်ငါးကြီးဆီတွေက ဈေးသက်သာပေမယ့် ပါဝင်နှုန်းနည်းလို့ အရေအတွက်များများသောက်ရပါတယ်။ ဥပမာ ပုံမှန် ငါးကြီးဆီတွေရဲ့ ၅ လုံးပမာဏဟာ အရည်အသွေးမြင့် ငါးကြီးဆီ ၂ လုံးစာနဲ့ ညီသလိုမျိုးပါ

အရည်အသွေးမြင့် ငါးကြီးဆီမှာယူလိုသူများအတွက် Chat box မှာ မှာယူနိုင်ပါတယ်။ အလုံး ၉၀ ပါတဲ့ တစ်ဗူးကို ၂၃၀၀၀ ဝန်းကျင်ပါ)

ဒီလိုစားတဲ့ အခါမှာ တစ်လကို ၅ပေါင်မှ ၈ပေါင်အတွင်းကျအောင် ရည်မှန်းချက်ထားပါ။ တစ်လပြည့်လို့ ထင်သလောက်မကျသေးရင် Protein အသားငါးကို ပမာဏ  အနည်းငယ်လျှော့ပါ။ Carbohydrate က အပေါ်က ပမာဏအတိုင်းစားမယ်ဆိုရင် ထပ်လျှော့စရာမလိုတော့ပါဘူး။

ဒီလို နမူနာတိုင်းစားမယ်၊ လေ့ကျင့်ခန်းလဲ လုပ်မယ်ဆိုရင် ဒီအဆီမကျစရာ အကြောင်းမရှိပါဘူး။ မကျခဲ့ဘူးဆိုရင် Page ကို Report သာထုသွားပါတော့လို့ :P :P :P

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။ သင့်လိုပဲ ကျန်းမာရေးအတွက် အဆီချချင်သူ သူငယ်ချင်း၊ မိဘ၊ အမျိုးတွေရှိရင်လဲ လက်တို့နိုင်ပါတယ်။

ထပ်ပြောပါမယ်။ အဆီချတယ်ဆိုတာ တစ်ကယ်တော့ လွယ်လွယ်လေးပါရယ်။

(Chat box မှ တစ်ကယ်လုပ်ပြီး တစ်ကယ်ကျသွားပါတယ် လာပြောသူတွေလဲ မနည်းတော့ပါဘူး၊ ကျချင်ရင် သေချာလုပ်ဖို့ပဲလိုပါတယ်လို့)

Credit: Golden _Dreams ´ Page

No comments: