ကျွန်တော်ဟာ ကလေးကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သက်ရင် ပညာရှင်တစ်ယောက် မဟုတ်သလို၊ ကိုယ်တိုင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖူးတဲ့ အတွေ့အကြုံလည်း မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်အတွေ့အကြုံတချို့ရယ်၊ ဖတ်ဖူးတဲ့စာတွေရယ်ကို ပေါင်းစပ်ပြီး ဒီဆောင်းပါးကို ကြိုးစားရေးသားတာပါ။
ဘာလို့ရေးရသလဲဆိုရင်တော့ လိုရင်းပဲ တည့်တည့်ပြောပါရစေ၊ ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်လို့ပါပဲ။ အနာဂတ်က ဘာဖြစ်မယ်ဆိုတာ မသိဘူးလို့ ပြောတတ်ကြပေမဲ့ အဲဒီအနာဂတ်ကို ပုံဖော်ကြမဲ့ ခုလက်ရှိကလေးတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အနာဂတ်ကိုလည်း အနည်းနဲ့အများ ခန့်မှန်းကြည့်လို့ ရပါတယ်။ မှားယွင်းစွာ ပျိုးထောင်ခံထားရတဲ့ ကလေးတွေနဲ့ တည်ဆောက်ရမဲ့အနာဂတ်ဟာ ရင်လေးစရာ ကောင်းပါတယ်။
၁။ ကလေးမယူခင် ကြိုတင်ပြင်ဆင်ပါ
အိမ်ထောင်ဖက် ရွေးချယ်မှုကနေစပြီး စဉ်းစားစေချင်ပါတယ်။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ သိပ်ချစ်လွန်းလို့၊ မခွဲနိုင်တော့လို့ အတူနေကြရုံသက်သက် မဟုတ်ပါဘူး။ ကိုယ့်မျိုးဆက်တွေအတွက်ရော၊ တခြားသောသူတွေရဲ့ မျိုးဆက်တွေအတွက်ပါ ပိုကောင်းတဲ့အနာဂတ်တစ်ခုကို ထားခဲ့နိုင်ဖို့ အတူလက်တွဲကြိုးပမ်းကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချစ်တစ်ခုတည်းသက်သက် မဟုတ်ဘဲ ကိုယ်ရွေးချယ်မဲ့ အိမ်ထောင်ဖက်ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓါတ်မျိုးရှိသူ၊ အောက်တန်းကျတဲ့သူ၊ အလုပ်ကိုလက်ကျောတင်းအောင် မလုပ်ဘဲ ရေသာခိုတတ်သူ မဖြစ်ဖို့လည်း သတိရှိကြစေချင်တယ်။
အိမ်ထောင်ပြုပြီးသွားတဲ့အခါ ကိုယ်တိုင်တောင် စီးပွါးရေးအဆင်မပြေသေးဘဲ ကလေးယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကလည်း သိပ်ကပ်မယ်၊ ကလေးတွေအများကြီး မွေးထားမယ်၊ ဒါဆိုရင်တော့ သေချာပါတယ်၊ အဲဒီကလေးတွေကို ပညာသင်ပေးဖို့၊ စနစ်တကျ ပျိုးထောင်ပေးဖို့ မပြောနဲ့၊ အာဟာရပြည့်ဝအောင် ကျွေးဖို့တောင် ခက်လာပါတယ်။ ဒီလို ကောင်းကောင်းပြုစုပျိုးထောင်ခြင်း မခံခဲ့ရတဲ့ ကလေးတွေဟာ ပညာရေးမှာလည်း အားနည်းတတ်ကြတယ်၊ တချိန်ကျ ၀င်ငွေလည်း ကောင်းကောင်းမရှာနိုင်တဲ့အခါမှာ ဆင်းဆင်းရဲရဲ နေကြရတယ်။ ဒါကို မျိုးဆက်တစ်ခုနဲ့တစ်ခုကြား ဆင်းရဲမွဲတေမှု ကူးစက်ခြင်း (Intergenerational transmission of poverty) လို့ ခေါ်ပါတယ်။ ဒါကြောင့် ဆင်းရဲတိုင်း ကလေးမယူရဘူးတော့ မဟုတ်ပေမဲ့ ကလေးတစ်ယောက် ယူတော့မယ်ဆိုရင် အဲဒီကလေးကို ကောင်းကောင်းပြုစုပျိုးထောင်နိုင်ပြီလားဆိုတဲ့မေးခွန်းကို ခေါင်းငြိမ့်ပြနိုင်ဖို့ လိုပါတယ်။
၂။ ကလေးအသက်(၅)နှစ်မတိုင်ခင်ကာလကို အထူးဂရုစိုက်ပေးပါ
ကျွန်တော်တို့တွေက ကလေးတစ်ယောက်ရဲ့ သင်ယူမှုဟာ ကျောင်းစတက်မှစတာ လို့ ထင်နေကြပါတယ်။ ဒါကြောင့် ကလေးက မသိသေးပါဘူးဆိုပြီး ကလေးကို လျစ်လျူရှုမိတာ၊ ကလေးရှေ့မှာ အဖေနဲ့အမေ ရန်ဖြစ်နေတာ၊ အဖေက အမေကို ရိုက်တာ၊ ဒါမျိုးတွေ လုပ်မိတတ်ကြတယ်။
တကယ်တော့ ခုနောက်ပိုင်း ပညာရှင်တွေရဲ့ လေ့လာချက်အရ ကလေးတွေဟာ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကာလမှာကတည်းက စပြီး သင်ယူနေကြပြီလို့ ပြောလာကြပါတယ်။ ပညာရှင်တစ်ယောက် ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆို ကလေးတစ်ယောက်ဟာ အသက်(၅)နှစ်မတိုင်ခင်မှာ လေ့လာသင်ယူမှု အားအကောင်းဆုံးပါလို့တောင် ဖတ်ဖူးပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မှာကတည်းက ဂရုစိုက်ဖို့ လိုပါတယ်။ အာဟာရပြည့်ပြည့်၀၀ စားဖို့၊ အနားယူဖို့၊ အကောင်းမြင်စိတ် မွေးဖို့ လိုတယ်။ မိဘနဲ့ရင်းနှီးမှုပိုရအောင် ကလေးကို စကားတွေပြောမယ်၊ တေးဂီတတွေ၊ တရားခွေလေးတွေ ဖွင့်ပြမယ်။ မွေးလာပြီးတဲ့နောက်မှာလည်း အပြင်ကိုခေါ်ပြီး လျှောက်လည်တာ၊ ကလေးကိုထားတဲ့အခန်းမှာ Decoration သေချာလုပ်ထားပေးတာ၊ စတာတွေဟာ ကလေးဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ အဲဒီလိုငယ်ရွယ်စဉ်မှာ မိဘရဲ့ နွေးထွေးမှုကို ရရှိခဲ့တဲ့ကလေးဟာ ကြီးလာတဲ့အခါမှာ ပိုမိုထက်မြက်လေ့ ရှိပါသတဲ့။
၃။ အာဟာရပြည့်ဝအောင် ကျွေးပါ
ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲတဲ့တိုင်းပြည်ဖြစ်လို့ ကလေးသေနှုန်းများတယ်၊ အာဟာရချို့တဲ့မှုတွေ ဖြစ်တယ်၊ ဖတ်လိုက်ရတဲ့ report တစ်စောင်အရဆို ကလေးအားလုံးရဲ့ သုံးပုံတစ်ပုံကျော်ဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှု နှေးကွေးနေကြတယ်။ တစ်ချိန်က သူများကို နှိမ့်ချပြောခဲ့ကြတဲ့အတိုင်း ခုတော့ မြန်မာငပုတွေ ဖြစ်နေကြပါပြီ။
အာဟာရချို့တဲ့ခြင်းဟာ မိဘဆင်းရဲတာနဲ့လည်း ဆိုင်သလို၊ အာဟာရတန်ဖိုးကို ဂရုမစိုက်၊ ဗိုက်ဝသွားဖို့ကို ပိုဦးစားပေးတတ်ကြတဲ့ မိဘတွေရဲ့ အလေ့အထနဲ့လည်း သက်ဆိုင်ပါတယ်။
၎။ ကလေးကို လွတ်လပ်ခွင့်ပေးပါ
အာဏာရှင်ကိုသာ ဆန့်ကျင်မယ်ဆိုနေကြပေမဲ့ ကလေးကိုထိန်းတဲ့အခါကျ ကျွန်တော်တို့တွေဟာ အကြောက်တရားကို အသုံးချလေ့ရှိကြတယ်။ ရပ်ကွက်ထဲမှာ စိတ်မနှံ့သူ၊ ရုပ်ဆိုးသူ စသဖြင့် ရှိခဲ့ရင် ထမင်းမစားရင် အဲဒီလူ့ဆီ ပို့ပစ်လိုက်မယ်၊ လာဖမ်းလိမ့်မယ် ဆိုတာမျိုးပြောတတ်ကြတယ်။ ကလေးရဲ့စိတ်ဆန္ဒကို ဦးစားပေးဖို့ထက် လိမ္မာတယ်၊ လူကြီးစကားနားထောင်တယ်ဆိုတာကို ပိုလိုချင်ကြတယ်၊ အဲဒီအတိုင်း ပုံသွင်းတယ်။ စကားနားမထောင်တဲ့ကလေးဆို ရိုက်နှက်ဆုံးမတယ်။ အဲဒီအခါ ကလေးက ပိုပြီးအရွဲ့တိုက်လာတယ်၊ မိဘနဲ့စိမ်းလာတယ်။
ကလေးကို လွတ်လွတ်လပ်လပ် လွှတ်ထားပေးတယ်ဆိုတာကလည်း ခပ်ရှားရှား၊ ထိမိခိုက်မိမှာစိုးလို့ စိတ်အပူလွန်ပြီး လူကြီးနားမှာပဲ ထားလေ့ရှိတယ်။ နိုင်ငံခြားသားတွေ ကလေးတွေကို ဒီအတိုင်း လွှတ်ပေးထားတာများ မြင်ရင် ကိုယ်တွေမှာ အသည်းတယားယားပေါ့။ ပြောလိုက်သေးတယ်၊ ကလေးကို ဂရုမစိုက်ဘူး၊ တခုခုများ ဖြစ်သွားမှဖြင့် တဲ့။
အကျိုးဆက်ကတော့ လွတ်လွတ်လပ်လပ် နေခွင့်ရလာတဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်၊ သတ္တိရှိတယ်၊ ရဲရဲတင်းတင်း ပြောတယ်ဆိုတယ်၊ အကြောက်အလန့် မရှိဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာအနှံ့ တစ်ယောက်တည်းတွေ ခရီးထွက်ကြတယ်။ ကျွန်တော်တို့တွေကတော့ တခြားနိုင်ငံမပြောနဲ့၊ ကိုယ့်နိုင်ငံထဲက တခြားမြို့ သွားဖို့တောင် လူကြီးပါမှ ဖြစ်ကုန်ကြတယ်။ ဟိုနေရာလည်း ကြောက်ကြောက်လန့်လန့်၊ ဒီနေရာလည်း မ၀ံ့မရဲ။
၅။ ကလေးကို ဆုံးဖြတ်ခွင့်ပေးပါ
တစ်ခုခုကို မလုပ်မဖြစ် လုပ်ရမယ်ဆိုတာထက် ကလေးကို ရွေးချယ်ခွင့်ပေး၊ ဆုံးဖြတ်ခွင့်ပေးလိုက်တာက ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေးဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ ကျွန်တော်ငယ်ငယ်ကဆို ဆံပင်ပုံစံကအစ ခပ်တိုတိုပဲ အမြဲညှပ်ရတယ်၊ တော်တော်လေး အရွယ်ရမှ ကိုယ်ညှပ်ချင်တဲ့ပုံ ညှပ်ခွင့်ရခဲ့တာ။ ချုပ်ချယ်တာတော့ မဟုတ်ပေမဲ့ ကလေးတစ်ယောက်ရဲ့ခံစားချက်ကို လေးစားမခံရဘူး၊ သူဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ ဆိုတာတွေက မိဘက စေတနာနဲ့ ကောင်းစေချင်လို့ လုပ်ပေးတာဆိုတဲ့ စကားရဲ့အောက်မှာ အကုန်ပျောက်ဆုံးသွားရတယ်။ ဒါကြောင့် ကလေးရဲ့ဆန္ဒကို လေးစားပေးဖို့ လိုပါတယ်။
၆။ စာဖတ်ချင်စိတ် ဖြစ်လာအောင် ပျိုးထောင်ပေးပါ
ငယ်ငယ်ကတည်းက စာအုပ်စာပေနဲ့ ရင်းနှီးနေတဲ့ ကလေးဟာ ရင့်ကျက်မြန်တယ်။ စာအုပ်တွေကတစ်ဆင့် ဘ၀မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေ၊ တခြားလူတွေရဲ့ အမှားတွေကို သိနေလေတော့ ဆယ်ကျော်သက်ဘ၀မှာ ကြီးကြီးမားမား အမှားလုပ်မိတယ်ဆိုတာ နည်းတယ်။ အရေးမပါတာတွေနဲ့ အချိန်ကုန်မနေတော့ဘူး။ သာမန်မိသားစုဘ၀လေးကနေ အကြီးအကျယ် အောင်မြင်ဖြစ်ထွန်းလာတဲ့သူတွေကို ကြည့်လိုက်ရင် အများစုမှာ အဲဒီလို ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးခဲ့တဲ့ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတစ်ယောက်ယောက် ရှိနေတာကို တွေ့ရပါလိမ့်မယ်။
၇။ 5 dimensions of intelligence
တကယ်တော့ Intelligence ဆိုရင် ကျွန်တော်တို့တွေဟာ IQ ဆိုတဲ့ ဥာဏ်ရည်ဥာဏ်သွေးကိုပဲ အဓိကဇောင်းပေးကြည့်တတ်ကြတယ်။ တကယ်တော့ Intelligence က နောက်ထပ် (၄)ခု ကျန်ပါသေးတယ်။
Physical intelligence လို့ခေါ်တဲ့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုရှိဖို့အတွက် ကလေးကို ဆော့ကစားခွင့် ပေးပါ၊ စာမှာပဲ နစ်မနေပါစေနဲ့။
Emotional intelligence ကောင်းဖို့အတွက် လုပ်ပေးလို့ရတာကတော့ ကလေးကို ကိုယ်ချင်းစာပေးပါ၊ သူ့ခံစားချက်တွေ နားထောင်ပေးပါ။ သူကိုယ်တိုင် သူတစ်ပါးဆီက ကိုယ်ချင်းစာမှုကို ခံစားဖူးသွားတဲ့ ကလေးဟာ သူတစ်ပါးကိုလည်း ကိုယ်ချင်းစာပေးနိုင်ပါလိမ့်မယ်။
Cultural intelligence နဲ့ပတ်သက်ရင်လည်း မြန်မာစကား မပြောတတ်၊ မြန်မာစာ မရေးတတ်၊ မဖတ်တတ်တော့တာ ဂုဏ်ယူစရာမဟုတ်သလို၊ မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ စကားလုံးရဲ့အောက်မှာ မျက်စိပိတ်၊ နားပိတ်၊ နိုင်ငံတကာကလူတွေနဲ့ မဆက်ဆံတတ်၊ မဆက်ဆံနိုင်တော့တဲ့အထိလည်း ဖြစ်မသွားဖို့ လိုပါတယ်။
Spiritual intelligence အတွက် မိဘကိုယ်တိုင်က ငါတို့ဘာသာကလွဲရင် ကျန်တာမကောင်းဘူး၊ ကဲ့ရဲ့နေမယ်၊ နှိမ့်ချပြောနေမယ်ဆိုရင် ကလေးဆီလည်း အဲဒီစိတ်တွေက ကူးစက်သွားနိုင်ပါတယ်။ My name is Khan ဆိုတဲ့ ဇာတ်ကားမှာ မွတ်စလင်ဖြစ်တဲ့သားကို ဟိန္ဒူတွေက အနိုင်ကျင့်တဲ့အခါ အမေဖြစ်သူက သင်ပေးပါတယ်၊ လောကမှာ ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူပဲ ရှိသတဲ့။ ဟိန္ဒူရယ်၊ မွတ်စလင်ရယ် မရှိဘူး၊ ဆိုလိုတာက သားကို အနိုင်ကျင့်လိုက်တာ ဟိန္ဒူတွေ မဟုတ်ဘူး၊ မကောင်းတဲ့လူတွေပါတဲ့။ ဒီလိုမိဘမျိုး ဖြစ်ကြဖို့ လိုပါတယ်။
၈။ အသက်အရွယ်အလိုက် မျိုးဆက်ပွါးကျန်းမာရေးအသိပညာ ပေးပါ
ဆယ်ကျော်သက်ဘ၀၊ အပျိုဖော် လူပျိုဖော်ဝင်လာပြီဆိုတဲ့အခါ ကိုယ့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်၊ ဒီအပေါ်မှာ ရှက်ရွံ့တယ်၊ အထူးတဆန်း ဖြစ်နေကြတယ်။ မိန်းကလေးတွေမှာ ရာသီသွေးပေါ်တာ ဘာကြောင့်၊ ကိုယ်ဝန်ရတယ်ဆိုတာ ဘာကြောင့်၊ ယောကျာ်းလေးတွေမှာ လိင်စိတ်ဖြေဖျောက်တာ၊ အိပ်နေရင်း သုတ်ထွက်တာ၊ ဒါတွေဟာ ဖြစ်လေ့ရှိတယ်ဆိုတဲ့အကြောင်း စသဖြင့် ရှင်းပြ၊ပြောပြပေးဖို့ လိုပါတယ်။ ဒါတွေကို သိထားရင် တလွဲသုံးတော့မှာပဲလို့ မထင်ပါနဲ့။ လိင်ဆက်ဆံမှုမစခင် ဒီလိုအသိပညာတွေ ရထားတဲ့ လူငယ်တွေဟာ မရထားခဲ့တဲ့ လူငယ်တွေနဲ့ယှဉ်ရင် အောင်မြင်ပျော်ရွှင်တဲ့လူငယ်ဘ၀ကို ပိုပြီးရနေကြပါတယ်။
၉။ ပွင့်လင်းမှု ရှိပါစေ
ဆယ်ကျော်သက်ဘ၀မှာ ကလေးတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းတာက အကောင်းဆုံးပါ။ လူငယ်တွေနဲ့တွဲပြီး လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေအရ လူငယ်တွေဟာ သူတို့ဘာသာစကား (ခေတ်ပေါ်အသုံးအနှုန်းတွေ)နဲ့ပြောရင်၊ သူတို့ကို မဆူမငေါက်ဘဲ နားလည်ပေးရင် သိပ်ပျော်ကြတယ်၊ အဲဒီအခါ သူတို့အကြောင်းတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေးလာတော့တာပဲ။ သူစိတ်ဝင်စားတဲ့ မိန်းကလေး၊ သူ့ကို ရည်းစားစကား လာပြောတဲ့သူအကြောင်း၊ သူတို့ သူငယ်ချင်းတွေအကြောင်း၊ အကုန်လုံးကို အမှန်အတိုင်း ပြောကြတော့တာ။ အပြင်လူနဲ့မဟုတ်ဘဲ ကိုယ့်အိမ်က မိဘနဲ့ပါ ဒီလိုဆက်ဆံရေးမျိုးလေး ရှိနေရင် လက်ရှိလူငယ်တွေ ကြုံနေရတဲ့ ပြဿနာအတော်များများ ပြေလည်သွားမယ်ထင်ပါတယ်။
၁၀။ အလွန်အကျွံ မဖြစ်ပါစေနဲ့
သားသမီးကို အလိုတော့လိုက်ပါ၊ ဒါပေမဲ့ လိုချင်တာမရတိုင်း နေမရထိုင်မရ ပူလောင်နေတော့တဲ့အထိတော့ မဖြစ်စေနဲ့။
သားသမီးကို လိုအပ်တာ လိုက်လုပ်ပေးပါ၊ ဒါပေမဲ့ သူ့ဟာသူ ဘာမှကို မလုပ်တတ်တော့တဲ့အထိတော့ မဖြစ်စေနဲ့။
သားသမီးကို လူတန်းစေ့နေနိုင်အောင် ဖြည့်ဆည်းပေးလို့ ရပါတယ်၊ ဒါပေမဲ့ ပိုက်ဆံကိုတန်ဖိုးမထား၊ အောက်သက်မကြေ၊ ဘ၀အသိ မရှိတော့တဲ့အထိတော့ မဖြစ်စေနဲ့။
သားသမီးကို စိတ်ချမ်းသာစေချင်တာ လက်ခံပါတယ်။ ဒါပေမဲ့ တင်္ဒဂစိတ်ချမ်းသာမှုအတွက် သိသင့်သိထိုက်တာတွေကို ဖုံးကွယ်ထားတာမျိုး မလုပ်မိပါစေနဲ့။ အိမ်ရဲ့စီးပွါးရေးအနေအထားကို အမှန်အတိုင်း ပေးမသိဘဲ သားသမီးတောင်းဆိုသမျှ ဖြည့်ဆည်းပေးနေတာဟာ ရေရှည်မှာ မိဘအတွက်ရော သားသမီးအတွက်ပါ မကောင်းနိုင်ပါဘူး။
၁၁။ သားသမီးကို လွတ်လပ်ခွင့်ပေးပါ
သူတို့ဆီက မိဘနဲ့သားသမီး ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ဆီကထက်စာရင် တစ်ဦးကိုတစ်ဦး အနှောင်အဖွဲ့ကင်းတယ် မြင်မိပါတယ်။ တစ်ဦးလွတ်လပ်ခွင့်ကို တစ်ဦးလေးစားကြတယ်။ မိဘက နောက်အိမ်ထောင်ပြုတဲ့အခါမှာလည်း ဒီမှာလို အဖေ့နားမှာ သူစိမ်းမိန်းမကို မမြင်ချင်ဘူး ဆိုတာတွေ၊ ဒီအရွယ်ကြီးမှ အိမ်ထောင်ပြုတယ်ဆိုတာတွေ မတွေးကြဘူး။ ဒါဟာ မိဘဖြစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အဖြစ် မြင်ကြတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ်ရပ်တည်နိုင်အောင် နေခဲ့ကြသူတွေမို့ မိဘအပေါ် မှီခိုမှုနည်းတာလည်း ပါမယ်ထင်ပါတယ်။
ဒီလိုပဲ၊ သားသမီးအပေါ်မှာလည်း မိဘက အလွန်အကျွံ လွှမ်းမိုးတာတွေ လုပ်လေ့မရှိဘူး။ သူထားချင်တဲ့ဖက်ရှင်ကစလို့ အချစ်ရေး အိမ်ထောင်ရေးကိစ္စအလယ် နောက်ဆုံး တက်ချင်တဲ့ကျောင်း၊ လုပ်ချင်တဲ့ ပရော်ဖက်ရှင်နယ်အလုပ် ဒါတွေနဲ့ပတ်သက်ရင် မှားနေလည်း ဘာမှဝင်မပြောရဘူးလို့တော့ မဆိုလိုပေမဲ့ သားသမီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စိတ်ဆန္ဒကို လေးစားပေးသင့်ပါတယ်။
နဖူးပေါ်နားနေတဲ့မှက်ကို ဖယ်တဲ့နေရာမှာတောင် ပညာလိုသေးရင် သားသမီးကို ပြုစုပျိုးထောင်တဲ့အခါမှာဆို ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒီနေ့ခေတ်လို အနေအထားမျိုးမှာတော့ မိဘကောင်းဖြစ်ဖို့က ပိုလို့တောင် လိုအပ်ချက်တွေ များလာပါသေးတယ်။ ကျွန်တော်တို့တွေဟာ မိဘကို ရွေးချယ်လို့မရပေမဲ့ ကိုယ့်ဆီရောက်နေတဲ့၊ ဒါမှမဟုတ်လည်း ရောက်လာမဲ့သားသမီးတွေအတွက် ဘယ်လိုမိဘမျိုး ဖြစ်ပေးမလဲဆိုတာကိုတော့ ရွေးချယ်လို့ ရပါတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်မို့ အဲဒီအနာဂတ်လေးတွေကို ကောင်းကောင်းမွန်မွန် ပျိုးထောင်နိုင်ဖို့ လိုပါတယ်။
No comments:
Post a Comment