Wednesday, May 3, 2017

Business Plan

(ဒေါက်တာမောင်မောင်စိုး-ဘောဂဗေဒ)


Business Plan ကို မြန်မာလို လုပ်ငန်း စီမံကိန်းဟု တိုက်ရိုက်
ပြန်ဆိုသည်ကို ကြားဖူးသည်။ လိုချင်သည်ကား လုပ်ငန်းစီမံချက်ဖြသည်။ လုပ်ငန်းကို ဘယ်လို စတင်တည်ထောင်မလဲဟူသော
ခေါင်းစဉ်သာ ဖြစ်သည်။

ဈေးကွက်စီးပွားရေးနှင့် အလှမ်းဝေးခဲ့သော မြန်မာနိုင်ငံအဖို့ လုပ်ငန်းတစ်ခု ထူထောင်ဖို့ စဉ်းစားကြရာတွင် ဈေးကွက်စီးပွားရေး စနစ်တွင် ကျင်လည်ခဲ့သော နိုင်ငံများနှင့် စဉ်းစားပုံ၊ စဉ်းစားခြင်းကတော့ မတူကြသည်ကို တွေ့နေရသည်။ လုပ်ငန်းတစ်ခုကို ထူထောင်တော့မည် ဆိုလျှင် ကျွန်တော်တို့ စတင် စဉ်းစားသော အရာများသည် ဘာကို ထုတ်လုပ်ရောင်းချပြီး၊ မည်သည့်အမည်ကို ပေးမည်ဆိုသည်ကို ဦစား ပေး စဉ်းစားလေ့ရှိသည်။ အမည်ကိုပင် ထုတ်ကုန်နှင့်လည်းကိုက်စေ၊ ဗေဒင်အရလည်း ဖြစ်စေမည့် အမည်မျိုးလောက်ကို ဦးစားပေးစဉ်းစား ကြသည်။

သို့သော်လည်း ဈေးကွက်စီးပွားရေး စနစ်တွင် လုပ်ငန်း ထူထောင်
တော့မည် ဆိုလျှင် ဈေးကွက်စီးပွားရေးတွင် ကျင်လည်ခဲ့သူများ
အနေဖြင့် ငွေပင်ငွေရင်း၊ အရင်းအနှီး မည်ကဲ့သို့ ရရှိနိုင်မည် ဆိုသည့်အချက်ကို စတင် စဉ်းစားလေ့ရှိသည်။ များသောအားဖြင့် သူတို့ Business Plan ဆွဲခြင်းနှင့် ကျွန်တော်တို့ Business Plan ဆွဲခြင်းတို့ကတော့ ဦးတည်ချက် မတူသည့်သဘောကို တွေ့နေရသည်။

များသောအားဖြင့် Business Plan ကို ဆွဲကြခြင်း အကြောင်းရင်းတွင် ဘဏ်မှ ချေးငွေ ရရှိရန်အတွက် ဆွဲကြခြင်းကို အဓိက ထားသည်ဟု ဆိုလျှင် ကျွန်တော်တို့ အမြင်အရ လက်မခံသောသဘော တွေ့နေရသည်။ ဘဏ်များအနေဖြင့် လုပ်ငန်းတစ်ခုအတွက် ငွေထုတ်ချေးတော့မည် ဆိုလျှင် ထုတ်ချေးရန် သင့်မသင့်ဆိုသည့် ဘဏ်ဘက်မှ စဉ်းစားနိုင်ရန်အတွက် လုပ်ငန်း၏ Business Plan ကို မလွဲမသွေ တောင်းလေ့ရှိကြသည်။ Business Plan တိုင်းတွင် ချေးငွေ Loan အတွက်ဖြစ်စေ၊ ချေးငွေရရှိပြီး ဖြစ်သည့်တိုင် ထပ်မံချေးငှားလိုသော Overdraft အတွက်ဖြစ်စေ၊ Business Plan ကို တောင်းလေ့ရှိသည်။

Business Plan တစ်ခုတွင် အဓိက လိုအပ်သော အခြေခံအချက်များမှာ လုပ်ငန်းလုပ်ကိုင်ခြင်း၏ ရည်ရွယ်ချက်များနှင့် ထိုလုပ်ငန်းကို မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်မည် ဆိုသည့် လုပ်ငန်းလည်ပတ်မှု Operation နှင့် ထိုလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်မည့် ဘဏ္ဍာရေး အခြေအနေ ပြည့်ပြည့်စုံစုံ ပါရှိရမည် ဖြစ်သည်။

Business Plan များကို လုပ်ငန်းများကရေးဆွဲကြသည် မှန်သော်လည်း၊ အမှန်တကယ် လမ်းကြောင်း၊ လမ်းညွှန် လုပ်ပေးသူကား ဘဏ်အနေဖြင့် လိုအပ်သော အချက်အလက် မပြည့်မစုံကိုတောင်းလေ့ရှိသည်။ Business Plan နှင့် ပတ်သက်သော ဖြည့်စွက်ရမည့် ပုံစံများ ရှိသော်လည်း ထိုပုံစံများ ဖြည့်စွက် ရေးသွင်းရာတွင် လုပ်ငန်းရှင် အနေဖြင့် သတိထားပြီး လုပ်ငန်းဖြည့်သွင်းရန် လိုအပ်သည်။ အကြောင်းမှာ ဖြည့်စွက်ရန် ပုံစံတွင်ပင် အချို့သော အချက်အလက်များသည် အပြန်အလှန် စစ်ဆေးသော မေးခွန်းပုံစံမျိုး Counter Check Questions သဘောမျိုးလည်း ပါနေသောကြောင့် လွန်စွာ သတိထား ဖြည့်စွက်ရသည်။

Business Plan များ ရေးဆွဲရာတွင် သတိထားရမည့် အခြေခံအချက်များ ရှိသည်။ ပထမဦးဆုံး လုပ်ငန်း ထူထောင်ရာတွင် အဓိကထားပြီး စဉ်းစားရမည့် အချက် (၄) ချက် ရှိတတ်သည်။

#ပထမအချက်မှာ မည်သည့်ကုန်စည်များကို ထုတ်လုပ်မည် သို့မဟုတ် မည်သည့် ဝန်ဆောင်မှုများကို လုပ်ကိုင် ဆောင်ရွက်မည် ဆိုသည်ကို စဉ်းစား ဆုံးဖြတ်ပြီး ဖြစ်ရမည်။

#ထိုသို့ စဉ်းစားဆုံးဖြတ်ပြီးသည်နှင့် တစ်ဆက်တည်း ဆက်လက် စဉ်းစားရမည်မှာ မည်သူတို့ကို ရောင်းချရန် ရည်ရွယ်သည်ဟူသော Consumers' target or aiming target များကို သတ်မှတ်ပြီး ဖြစ်ရမည်။ တစ်နည်းအားဖြင့် ရည်ရွယ်ပြီးသော ဈေးကွက် ရှိပြီးသား ဖြစ်ရပါမည်။

#ဒုတိယအချက်က ထုတ်လုပ်မှု ကုန်ကျစရိတ် စဉ်းစားခြင်း ဖြစ်သည်။ ထို့သို့ စဉ်းစားရာတွင် အဓိက ကုန်ကျမည့် စရိတ်ကြီးများကို ဦးတည်စေပြီး၊ ထိုကုန်ကျစရိတ်များသည် ထုတ်လုပ်မှုကို ကာမိအောင် သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်မည့် အခြေအနေ၊ ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်နိုင်မည့် အခြေအနေ ရှိ၊ မရှိ အတွက်ကိုပါ စဉ်းစားနိုင်ရမည် ဖြစ်သည်။

#တတိယအချက်သည် လုပ်ငန်းတည်နေရာ ဖြစ်သည်။ ထုတ်လုပ်မှုအတွက် စဉ်းစားရာတွင် ကုန်ကြမ်းရှိသည့် နေရာတွင် ထုတ်လုပ်မည့် Raw Material Orientated Industry မျိုးလား၊ ဈေးကွက်တွင်သာ ထုတ်လုပ်ရမည့် Market Orientated Industry ဆိုသည့် အချက်အလက်များကို စဉ်းစားနိုင်ရမည် ဖြစ်သည်။

#အထူးသဖြင့် ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆန်စက်၊ ဂျုံစက်၊ သကြားစက်တို့လို လုပ်ငန်းများသည် ကုန်ကြမ်းရှိမည့် နေရာတွင် စက်ရုံထောင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ထိုစက်ရုံမျိုးကို Raw Material Orientated Industries များဟု ခေါ်ကြသည်။
သို့သော်လည်း အလှပြင်ဆိုင်တို့၊ စားသောက်ဆိုင်တို့လို လုပ်ငန်းမျိုးများသည် ဈေးကွက်အတွင်းတွင် လာရောက် ဖွင့်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ထိုသို့သော လုပ်ငန်းမျိုးများကို Market Orientated Industries များဟု ခေါ်ကြသည်။ လုပ်ငန်း သဘာဝနှင့် အခြေအနေပေါ်လိုက်ပြီး Business Plan တွင် အကျိုးအကြောင်းအားဖြင့် ဖော်ပြနိုင်ရမည် ဖြစ်သည်။

#စတုတ္ထအချက်ကား လူအင်အား ခန့်ထား အသုံးပြုမှုနှင့် စက်အင်အားများ အသုံးချနိုင်မှု အခြေအနေကို အသေးစိတ် တင်ပြနိုင်ရမည် ဖြစ်သည်။ ထုတ်လုပ်သည့် ပမာဏ၊ ထုတ်လုပ်သည့် ကုန်စည်တို့နှင့် ဆီလျော်ညီညွတ်မည့် လူအင်အား အခြေအနေထားကို ပြည့်စုံစွာ တင်ပြနိုင်ရမည် ဖြစ်သည်။

အထက်ပါ အချက်အလက်များကို ဘဏ်များက ချေးငွေထုတ်ချေးသင့်မသင့်ကို စဉ်းစားဆောင်ရွက်လေ့ ရှိသည်။ အသေးစိတ် ဖော်ပြနိုင်သည့်တိုင် လုပ်ငန်းအနေဖြင့် ငွေစီးဝင်၊ စီးထွက်သွားသည့် Cash Flow ခန့်မှန်းချက်သည် အားနည်းနေသည် ဆိုပါက ချေးငွေထုတ်ချေးရန် ဘဏ်အနေဖြင့် ငြင်းဆန်နိုင်သောကြောင့် ဖြစ်သည်။

များသောအားဖြင့် Business Plan များတွင် လုပ်ငန်းနှင့် ပတ်သက်သော ပါဝင်သော်လည်း လိုအပ်ချက်အရ ကြည့်မည်ဆိုလျှင် ဘဏ်မှ ချေးငွေရရှိရန်အတွက် Business Plan ကို ရေးဆွဲခြင်းသာ ဖြစ်သည်။

သာမန်အားဖြင့် Business Plan များ၏ ရေးဆွဲမှုများကို လေ့လာမည်ဆိုလျှင် အောက်ပါအချက်များကို ပါဝင်အောင် ရေးဆွဲလေ့ ရှိကြသည်။

၁။ လုပ်ငန်း၏အမည်

၂။ လုပ်ငန်း အမျိုးအစား၊ တစ်ဦးတည်း ပိုင်ဖြစ်သော Sole Trader မျိုးလား၊ အစုစပ်လား၊ ထို့အတူ အစုစပ်လုပ်ငန်း ဖြစ်သည့်တိုင် Unlimited Liabilities ခေါ် အကန့်အသတ် မရှိ ပေးလျော်သည့် လုပ်ငန်းမျိုးလား၊ အကန့်အသတ်ဖြင့် ပေးလျော်သည့် Private Limited Liability လုပ်ငန်းမျိုးလား... စသည်ဖြင့် လုပ်ငန်း အမျိုးအစားကို ဖော်ပြရမည် ဖြစ်သည်။

၃။ ထုတ်လုပ်မည့် ကုန်စည် သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်မည့် ဝန်ဆောင်မှု အမျိုးအစားကို တိတိကျကျ ဖော်ပြပေးရန် လိုအပ်သည်။

၎။ ထိုသို့ ဖော်ပြပေးပြီး စားသုံးမည့်သူများ မည်သူတို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ် ရောင်းချမည် ဆိုသည့် အချက်ကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။ အကြောင်းမှာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့သည် ထုတ်လုပ်လိုက်သည့်တိုင် မည်သူတို့ ဝယ်ယူ စားသုံးကြမည်ဆိုသည့် အချက်ကိုလည်း Business Plan တွင် ဖော်ပြနိုင်ရမည် ဖြစ်သည်။

၅။ မိမိထုတ်လုပ်မည့် ကုန်စည်နှင့် ဝန်ဆောင်မှုအတွက် စားသုံးသူများသည် မည်သူများဖြစ်သည်။ မည်မျှရှိသည်ဟူသော ဈေးကွက်
်သုတေသန လုပ်ဆောင်ချက်များ လုပ်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း ဖော်ပြ
နိုင်ရမည် ဖြစ်သည်။ မိမိလုပ်ငန်းနှင့် တူညီသော လုပ်ငန်းစုများ မည်မျှရှိသည်။ သူတို့၏ အနာဂတ်ဈေးကွက် အလားအလာများကိုလည်း သုတေသနပြုပြီး တင်ပြနိုင်ရမည် ဖြစ်သည်။

၆။ လုပ်သားအင်အား စီမံခန့်ခွဲမှုအနေဖြင့် ဝန်ထမ်းမည်မျှ ခန့်မည်၊
မည်သည့်အဆင့် ဝန်ထမ်းမျိုး၊ လုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်နှင့် တာဝန်ခံ လုပ်ကိုင် ဆောင်ရွက်မှု အခြေအနေများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။ ခန့်ထားသော ဝန်ထမ်းဦးရေနှင့် တာဝန်အလိုက် ခွဲဝေချထားနိုင်မှုများကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။

၇။ ထုတ်လုပ်မည့် ကုန်ကျစရိတ်များနှင့် ပတ်သက်ပြီး စက်ပစ္စည်း ကိရိယာအတွက် ကုန်ကျမှု၊ ဆိုင်ခန်းခ၊ ပုံသေကုန်ကျစရိတ်များနှင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ခွဲခြား တင်ပြနိုင်ရမည် ဖြစ်သည်။

၈။ လုပ်ငန်းတည်နေရာသည် Business Plan တွင် အရေးကြီးသည်။ လုပ်ငန်းတည်နေရာတွင် ထုတ်လုပ်မည့် နေရာသည်လည်း အရေးပါသလို၊ ရောင်းချမည့် နေရာသည်လည်း Business Plan တွင် လွန်စွာအရေးပါသည်။

၉။ ခန့်မှန်းအမြတ် အနေဖြင့် မရှုံးမမြတ် အခြေအနေ Break even point သာမက၊ လုပ်ငန်းအနေဖြင့် မည်မျှ ထုတ်လုပ်မည်၊ တစ်ကြိမ် ထုတ်လုပ်ရောင်းချမှုရှိတိုင်း မည်မျှ အမြတ်အစွန်း ရရှိနိုင်သည့် အခြေ အနေများကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။

၁၀။ လုပ်ငန်းအတွက် လိုအပ်သော ငွေအရင်းအနှီးများကို တင်ပြပြီး ထိုအရင်းအနှီးများထဲမှ မည်မျှသော ပမာဏကို ဘဏ်မှ ရယူလိုပါ
ကြောင်းနှင့် လုပ်ငန်းအနေဖြင့် ငွေဝင်၊ ငွေထွက်မှု အခြေအနေ Cash Flow အားဖြင့် မည်မျှရှိနိုင်မည့် အခြေအနေများကို အသေးစိတ် တင်ပြရန် လိုအပ်သည်။ ပြီးပြည့်စုံသော Business Plan တစ်ခုသည် လုပ်ငန်း၏ ထုတ်ကုန်အမျိုးအစားပေါ် လိုက်ပြီး ကွဲပြားခြားနားလေ့ ရှိတတ်ပါသည်။

Credit: ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)


No comments: