Sunday, May 7, 2017

ကလေးနှင့် Baby walker

ကလေးလက်ရဲ့ အနုစိတ် လှုပ်ရှားမှုများ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကလေးရဲ့ အနုစိတ် လှုပ်ရှားမှုများတိုးတက်ခြင်းက နေ့စဉ် အခြေခံလိုအပ်ချက်များမှ အစ ပညာသင်ရာမှာ ခဲတံကိုင်ခြင်း, အနာဂတ်မှာ အသက်မွေးဝမ်းကျောင်းအမျိုးမျိုးပြုဖို့အထိ လွန်စွာ အရေးပါပါတယ်။

ကလေးတစ်ယောက် ထိုင်ခြင်း, ထခြင်း, လမ်းလျှောက်ခြင်းများကို ကြွက်သားကြီးများက အုပ်စုဖွဲ့ လှုပ်ရှားပေးသလို လက်နှစ်ဖက်မှာရှိတဲ့ ကြွက်သားသေးသေးလေးတွေက အနုစိတ် လှုပ်ရှားမှုများအတွက် အုပ်စုလိုက် တာဝန်ယူရပါတယ်။

ကျောင်းမသွားခင် ကလေးတစ်ယောက် အနုစိတ်လှုပ်ရှားမှုများ အဆင့်ဆင့် တိုးတက်လာပုံကို အောက်မှာ ရေးထားပေးပါတယ်။ ကလေးတစ်ယောက် ဘယ်အရွယ်မှာ ဘယ်လိုလုပ်ဆောင်နိုင်စွမ်းရှိတာကို မိဘက သိမှ ကလေး တိုးတက်အောင် လိုတဲ့ အကူအညီပေးနိုင်ပါမယ်။ တချို့ လုပ်ဆောင်ရည်များကို မိဘက သင်ပေးဖို့ လုပ်ပြဖို့ လိုပါတယ်။

၃ လ
-မအောင်မြင်ပေမယ့် ပစ္စည်းတွေကို လက်ရောက်ဖို့ကြိုးစားမယ်
-လက်ဖဝါး ၂ ဖက်သုံးပြီး အရာဝတ္ထုကို ဆုပ်ကိုင်ဖို့ကြိုးစားမယ်

၅ လ
-လက်ဖဝါး ၁ ဖက်နဲ့ အရာဝတ္ထုကို ဆုပ်ကိုင်မယ်

၆ လ
-ပစ္စည်းတစ်ခုက အလှမ်းမီတဲ့နေရာမှာဆို ရောက်အောင် လက်လှမ်းကြည့်မယ်

၆ လ မှ ၁၂ လ
*************
-ပစ္စည်းတစ်ခုကို လက်လှမ်းယူ, ဆုပ်ကိုင်ပြီး ပါးစပ်ထဲ ထည့်တတ်မယ်
-လက်ထဲရှိတဲ့ ပစ္စည်းကို ထိန်းပြီး လွှတ်ချတတ်မယ်
-ပစ္စည်းထည့်ပေးရင် လက်မနဲ့လက်ချောင်းများသုံးပြီး ကိုင်တတ်မယ်
-လက်မနဲ့ လက်ချောင်းများသုံးပြီး ပစ္စည်းကို ကိုယ့်ဟာကိုယ် ကောက်ကိုင်တတ်မယ်
-လက်တစ်ဖက်က ပစ္စည်းကို နောက်တစ်ဖက်ထဲ လွှဲပြောင်းတတ်မယ်
-အရုပ်တွေကို တမင် လွှတ်ချပြီး ပြန်ကောက်မယ်

၁ နှစ်မှ ၂ နှစ်
***********
-အိမ်ဆောက်တမ်းဆော့တဲ့ လေးထောင့်တုံးသေးသေးလေးတွေကို ၃ ထပ်ထိ ဆောက်နိုင်မယ်
-စာအုပ်ချပေးရင် တစ်ချိန်မှာ ၂ မျက်နှာ ၃ မျက်နှာကိုစုပြီး လှန်လှောမယ်
-ခဲတံပေးရင် လက်သီးဆုပ်နဲ့ကိုင်ပြီး လျှောက်ခြစ်မယ်
-တံခါးဘုကို လှည့်ဖို့ကြိုးစားမယ်
-အစာကို သူ့ဘာသူကိုင်ပြီး စားဖို့ကြိုးစားမယ်, အကူအညီတော့ လိုသေးတယ်
-ပါးစပ်ထဲ ဇွန်းထည့်စားဖို့ ကြိုးစားမယ်
-ခွက်ကိုင်ပြီး ရေသောက်တတ်ပြီ

၂ နှစ်မှ ၃ နှစ်
***********
-စာအုပ်ပေးရင် တစ်မျက်နှာစီ လှန်တတ်ပြီ
-ကပ်ကြေးပေးရင် ညှပ်ဟန်လုပ်ကြည့်မယ်
-ရောင်စုံခဲတံကို လက်သီးဆုပ်နဲ့ မဟုတ်ဘဲ လက်မနဲ့ လက်ညှိုးကြား ကိုင်ပြီး ခြယ်တတ်ပြီ
-လက်ရဲ့ အလုပ်တာဝန်အများစုကို တစ်ဖက်ထဲ သုံးပြီး လုပ်တတ်လာမယ်။ တနည်းအားဖြင့် ဗယ်သန် ညာသန် စကွဲပြားမယ်
-စက်ဝိုင်းပုံ, မျဉ်းကြောင်းများ တူအောင် ကြိုးစား ကူးဆွဲပေမယ့် မတူသေးဘူး
-ထမင်းစားဖို့လက်သုံးရာမှာ မိဘ အကူအညီမလိုတော့ပါ

၃ နှစ်မှ ၄ နှစ်
**********
-လေးထောင့်တုံးလေးတွေကို ၉ ဆင့်ထိ ထပ်တတ်ပြီ
-စက်ဝိုင်းနဲ့ မျဉ်းကြောင်းများကို တူအောင် ကူးဆွဲတတ်ပြီ
-ကြက်ခြေခတ်ပုံကို တူအောင်ကြိုးစားဆွဲမယ်
-ပုံသွင်းဆော့လို့ရတဲ့ ရွှံ့ စေးတို့ ဂျုံတို့နဲ့ ဘောလုံးလေးတွေ မြွေရုပ်လေးတွေ လုပ်တတ်ပြီ
-ပစ္စည်းမြဲအောင် ကိုင်ရာမှာ ညာသန်က ဗယ်လက် အကူအညီယူတတ်သလို ဗယ်သန်က ညာလက်အကူအညီ ယူဖို့သိပြီ
-စက္ကူကို ကပ်ကြေးနဲ့ ညှပ်တတ်ပြီ

၎ နှစ်မှ ၅ နှစ်
**********
-ကြက်ခြေခတ် စတုရန်းတို့ ကူးဆွဲတတ်ပြီ
-သင်ပေးမယ်ဆိုအနည်းဆုံး ၁ မှ ၅ ထိ ရေးတတ်ပါတယ်
-ကကြီး ခကွေး A B C D စသည်တို့ ရေးနည်း သင်ပေးရင် တတ်ပါပြီ
-ကလေး အမည် လွယ်မယ်ဆို ရေးနည်းသင်ပေးလို့ရပါပြီ
-ညာသန်လေးလား ဗယ်သန်လား လုံးဝကွဲပြားပါပြီ
-အဝတ်အစား ကိုယ်တိုင် ဝတ်တတ်ချွတ်တတ်ပြီ

*အပေါ်မှာရေးထားတာတွေ တတ်မြောက်ပြီးတဲ့နောက် ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ ကလေးအတွက် ဝမ်းမြောက်နိုင်ပါပြီ

*ကလေးတစ်ဦးက အသက်အပိုင်းအခြားတစ်ခုမှာ တိုးတက်သင့်တဲ့ စွမ်းရည် မရှိတာကို မိဘက သံသယရှိနိုင်မှ ဆရာဝန်နဲ့ ဆွေးနွေးပြီး ကလေးလိုအပ်တဲ့ အထူးအကူအညီ အချိန်မီ ပေးနိုင်ပါတယ်။

#နေနေမိုးဆွေ (Child Health Myanmar)
Reference- Kid Sense Child Development, South Australia

ကလေးနှင့် Baby walker
*********************

ပုံမှာပြထားသော ဘီးတပ်လှည်းလေးများကို Baby Walker ဟုခေါ်သည်။ အချို့က လမ်းလျှောက်ထိုင်ကွင်းဟု မြန်မာမှုပြုသည်။ Baby Walker များက

(၁) လမ်းလျှောက်မမြန်စေပါ။

လမ်းမလျှောက်တတ်သေးသော ကလေးများကို Baby Walker ထဲထည့်ပေးထားလျှင် လမ်းလျှောက်အတတ်မြန်သည်ဟု အချို့မိဘများထင်ကြသော်လည်း Baby Walker ကြောင့် ကလေး၏ ကိုယ်တိုင်လမ်းလျှောက်နိုင်စွမ်း ပိုနောက်ကျနိုင်သည်ဟု သုသေတနအချို့မှ တွေ့ရှိသည်။

(၂) စိတ်မချရပါ။

Baby Walker ထဲမှ ကလေးက ဘီးတပ်ထားသော လှည်း၏ အရှိန်ကို မထိန်းနိုင်၍ အိမ်ထောင်ပရိဘောဂများနှင့်တိုက်မိခြင်း၊ လှေကားပေါ်မှ လျှောကျခြင်း၊ အိမ်တံခါးဖွင့်ထားလျှင် အိမ်ပြင်ရောက်သွားခြင်းများ ဖြစ်တတ်ပါသည်။

(၃) အန္တရာယ်ရှိပါသည်။

Baby Walker ပေးသုံးခြင်းကြောင့် ဆေးရုံရောက်လာသော မတော်တဆထိခိုက်မှုအများစုမှာ ခေါင်းကွဲခြင်း၊ ခြေလက်အရိုးကျိုးခြင်းများဖြစ်ပါသည်။

Baby Walker အမြင့်ပေါ်မူတည်ပြီး ပုံမှန်တွင် မမှီသော ပစ္စည်းကို ကလေးက လက်လမ်းမှီသွား၍ အပူလောင်နိုင်ပါသည်။ အမြင့်တွင်တင်ထားသော လူကြီးဆေး၊ ပိုးသတ်ဆေးများ ယူဆော့ပြီး ပါးစပ်ထဲထည့်မိ၍ အဆိပ်သင့်ခဲ့ဖူးသော ကလေးများရှိပါသည်။

အကျဉ်းချုပ်ဆိုရလျှင် အန္တရာယ်ရှိပြီး စိတ်မချရသော Baby Walker များ ဝယ်သုံးမည့်အစား ဖျာတစ်ချပ်/ စောင်တစ်ထည်ခင်း၍ ကလေးကို ပေးဆော့သည်က ပိုစိတ်ချရပါလိမ့်မည်။

#နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Googles
Reference- Wikipedia, Better Health Victoria, Raising Children Network

ကလေးလမ်းလျှောက်တတ်ခြင်း
^^ ^^ ^^ ^^ ^^ ^^ ^^ ^^  ^^ ^^ ^^

ကလေးလမ်းလျှောက်တတ်ခြင်းသည်
ကြွက်သားသန်မာဖို့နှင့် ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ အဓိက ၂ ချက်ပေါ်မူတည်ပါသည်။ အမြင်အာရုံနှင့် အကြားအားရုံများကလည်း ကလေးလမ်းလျှောက်တတ်ဖို့ အရေးကြီးပါသည်။ ပုံမှန်တွင် ကလေးများက ၁၀ လမှ ၁၅ လအတွင်း လမ်းစလျှောက်သည်။ ကလေးကို လမ်းလျှောက်အောင် ကူညီနိုင်သော နည်းလမ်းများမှာ

(၁) ကြွက်သားသန်မာရန်

ပုံတွင်ပြထားသော ကလေးကစားခြံလေးများအတွင်း လမ်းမလျှောက်တတ်ခင်ကတည်းက လွတ်လပ်စွာ ပေးကစားပါ။ အရွယ်ပေါ်မူတည်ပြီး ကလေးက မှောက်မည်။ သူ့ကိုယ်သူ လှိမ့်မည်။ ထိုင်မည်။ တွားသွားမည်။ ထိုသို့လှုပ်ရှားရင်း ခြေထောက် ကြွက်သားများ သန်စွမ်းလာပါမည်။ ဝယ်ဖို့အဆင်မပြေလျှင် ကြမ်းပေါ်၊ ဖျာပေါ်ချပြီး သင့်လျော်သော အရုပ်များနှင့် ပေးကစားနိုင်ပါသည်။

မတ်တပ်ရပ်ချိန်တွင် လမ်းလျှောက်ဖို့ စူးစမ်းခွင့်ရအောင် အိမ်ရှင်းပြီး နေရာပေးပါ။ ကလေးက လက်တန်းနှင့် ပရိဘောဂပစ္စည်းများကို တွေ့ရာကိုင်လျှောက်လိမ့်မည်။

မတ်တပ်ရပ်ပြီး ခြေစလှမ်းချိန်တွင် နောက်က၊ ဘေးက လိုက်ထိန်းပေးပါ။ ကလေးက မိဘအနားမှာရှိ၍ စိတ်ချလုံခြုံခြင်းကို ခံစားရပြီး သူ့ကိုယ်သူယုံကြည်မှုတိုး၍ လမ်းလျှောက်ဖို့ကြိုးစားပါမည်။

(၂) ဟန်ချက်ထိန်းနိုင်ရန်

အောက်ပါကစားနည်းများက ကလေးဦးနှောက်ကို ဟန်ချက်ညီအောင်ဘယ်လိုထိန်းမလဲဆိုတာကို သင်ယူစေပါသည်။

(က) ကလေးကို ပက်လက်ချီပြီး ငြင်သာစွာ လွှဲရမ်းပေးခြင်း၊
(ခ) မတ်တပ်ချီပြီး ခြေထောက်ကလေးများကို ခုန်စေခြင်း၊
(ဂ) ရှေ့နောက် လွှဲသော လှုပ်ကုလားထိုင်များတွင် ပေးထိုင်ခြင်း၊
(ဃ) လုံခြုံစိတ်ချရသော ပုခက်ထဲထည့်ပြီး ညင်သာစွာ လွှဲပေးခြင်း

(၃) အန္တရာယ်မဖြစ်စေရန်

ကလေးလမ်းစလျှောက်ဖို့ကြိုးစားချိန်တွင် ကြမ်းပြင်ပေါ် ခလုတ်တိုက်နိုင်သော၊ ခြေချော်နိုင်သော ပစ္စည်းများရှင်းပါ။

လမ်းလျှောက်နောက်ကျစေသော Baby Walker မသုံးပါနှင့်။ အမေရိကန်၊ကနေဒါ၊ သြစတြေးလျနှင့် စင်္ကာပူအစရှိသောနိုင်ငံများ၏ ကျန်းမာရေးဌာနတိုင်း မသုံးဖို့ သတိပေးပါသည်။

#နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Googles
Reference- Learning to Walk by SingHealth, Child and Youth Health, South Australia Government

ပုံမှန်ပဲလား?????
••••••••••••••

လမ်းစလျှောက်ဖို့ ကြိုးစားသော ကလေးတွင်  ခြေထောက်ပုံစံ နှင့် လမ်းလျှောက်ဟန်များ ပုံမှန်မှ သွေဖယ်နိုင်သည်။ မိမိကလေး ခြေထောက်ကလေးများ ပုံမှန် ဟုတ်မဟုတ် သိလိုသော မိဘများကို ဗဟုသုတရစေရန် ရေးပါသည်။ အသက် အပိုင်းအခြားများ အကုန်သိစရာ မလိုပါ။ မိမိသိလိုသည့် ကလေး ခြေထောက်ပုံကို ရွေးဖတ် ရွေးမှတ်နိုင်ပါသည်။

လမ်းလျှောက်စတွင်

-ခြေချောင်းလေးများ အတွင်းဘက်သို့ ဝင်နေပုံပေါ်လျှင် အသက် ၂-၃ နှစ် အရွယ်တွင် ပြန်ထွက်လာမည်။ ပုံ ၁

-ခြေချောင်းလေးများ ကွေးပြီး ထပ်နေလျှင် အသက် ၄ နှစ်မတိုင်မီ ပြန်ကောင်းပါလိမ့်မည်။  ပုံ ၂

-ခြေထောက် ပြားသယောင်ရှိပြီး အခုံးပျောက်နေလျှင် အသက် ၆ နှစ်တွင် ခြေဖဝါး ခုံးလာပြီး ပုံမှန် ဖြစ်သွားမည်။  ပုံ ၃

-ခြေခွင်သယောင်ရှိသောကလေးသည် အသက် ၂နှစ်ကျော် ၃ နှစ်တွင် တည့်သွားပါလိမ့်မည်။ ပုံ ၎

-ဟန်ချက်ညီအောင် ခြေထောက်ကလေးများ ကားကားပြီး ဘဲသွားသလို လျှောက်တတ်သောကလေးသည် ဟန်ချက် ကောင်းကောင်းထိန်းနိုင်ချိန် အသက် ၂ နှစ်ကျော်လျှင် ပုံမှန်လျှောက်နိုင်မည်။ ပုံ ၅

-ဒူးနှစ်ဖက် အတွင်းဝင်ပြီး တိုက်လုနီးပါး ဖြစ်နေလျှင် အသက် ၆-၈ နှစ် တွင် ပျောက်သွားသင့်သည်။ ပုံ ၆

-ခြေဖျားလေးထောက်၍ လျှောက်တတ်သော ကလေးသည် အသက် ၃ နှစ်ကျော်လျှင် အကျင့်ပျောက်သွားလေ့ရှိသည်။ ပုံ ၇

အထက်တွင်ဖော်ပြထားသော အသက် အသီးသီးထက် ငယ်သေးလျှင် လမ်းလျှောက်ပုံ ချို့ယွင်းမှုကို စောင့်ကြည့်ပါ။ သတ်မှတ်ထားသော အသက်ထက် ကျော်လာပြီး ပုံမှန်မဟုတ်လျှင် တတ်ကျွမ်းသောဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

မှတ်ချက်- ခြေထောက်က တင်းပုတ် ပုံစံဖြစ်နေလျှင်, လမ်းလျှောက်ပုံ မူမမှန်ပဲ ခြေထောက်နာတယ် ပြောလျှင်, တစ်ဖက်ထဲမှာ ဖြစ်လျှင်, အရွယ်တူကလေးများထက် သိသိသာသာ အရပ်နိမ့်နေလျှင် ကလေး မည်သည့်အရွယ်ဖြစ်ဖြစ် တတ်ကျွမ်းသောဆရာဝန်နှင့်  မြန်မြန်ပြပါ။

#နေနေမိုးဆွေ- Child Health Myanmar Page
Photo credits: Google & RCH Australia

Credit: Child Health Myanmar Page

No comments: