Friday, April 14, 2017

Water Festival Mix Rice and Curry - မုန့်ကြာစေ့သာကူ - သုံးရောင်ခြယ်ကောက်ညှင်းလုံး

သင်္ကြန် ထမင်းပုံ ဟင်းပုံ  
(Water Festival Mix Rice and Curry)
.......................................


 သင်္ကြန်မှာရေဆော့ပြီး ဗိုက်ဆာဆာဖြစ်နေချိန် ခဏနားပြီး ရေထပ် မဆော့ခင်မှာ အခုလိုထမင်းပုံဟင်းပုံလေးဖြင့် ကပြာကရာနယ်ပြီး မြန်မြန် စားရတဲ့အရသာကို ပြန်လည် မျှဝေပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
- ကြက်ရိုးပြုတ်ရည် - ၂ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
- ကြက်သားမှုန့် - လက်ဖက်ဇွန်း ၂ ဇွန်းခွဲ
- ပူစီနံ - ၃ ပင်
 (အရွက်တြွေေခထားပါ။ နောက်ဆုံးမှထည့်ပါ)
- ခရမ်းသီး - ၂ လုံး  (အနေတော်အတုံးရှည်တွေလှီးထားပါ)
- ပဲသီး - ၂ စည်း (လက်၂ ဆစ်အပိုင်းလေးတွေပိုင်းထားပါ)
- ရုံးပတီသီး - ၈ချောင်း (တစ်လက်မခွဲလောက်ပိုင်းထားပါ)
- ငရုတ်သီးစိမ်း - ၁၀ တောင့် (ထက်ပိုင်းချိုးထည့်ပါ)
- မန်ကျည်းအနှစ်ရည် - စားပွဲဇွန်း ၁ ဇွန်းခွဲ
အုပ်စု(က)
- ကြက်သွန်ဖြူ - ၃ တက် (ထောင်းထားပါ)
- ကြက်သွန်နီ - ၃ လုံး (ထောင်းထားပါ)
- ချင်း - လက်မအရွယ် (ထောင်းထားပါ)
- နနွင်းမှုန့် - လက်ဖက်ဇွန်း တစ်ဝက်
- ဆီ - စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် - လက်ဖက်ဇွန်း ၁ ဇွန်းခွဲ
- ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
- ပျဉ်းတော်သိမ်ရွက် - ၁၀ ရွက်
အုပ်စု (ခ) ပဲပြုတ်ရန်
- ကုလားပဲ - ၁ ခွက်
- စပါးလင် - တစ်ဝက် ချောင်း (ဓားပြားရိုက်ပြီးထုံးထားပါ)
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ချင်း - လက်မအရွယ် (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ - ၂ တက် (ဓားပြားရိုက်ထားပါ)

ပဲပြုတ်နည်း (အုပ်စု ခ)
  ဇောက်နက်အိုးထဲသို့အုပ်စု (ခ) ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ပဲရေမြှုပ်တဲ့အထိထည့်ပြီး ပဲနူးအိတဲ့ အထိတည်ပါ။ ပဲများဆယ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
 ဒယ်အိုးထဲသို့ အုပ်စု(က) အားလုံးထည့်ပြီး ဆီသတ် ပါ။ အားလုံးနွမ်းပြီး အရောင်လှလာလျှင် အိုးအကြီးထဲ ထည့်ပါ။ ပူစီနံကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့် ပြီး နှံ့အောင်မွှေပါ။ မီးကို ပုံမှန်ထားပါ။ ရေထပ်ရောပါ။ ပွက် ပွက်ဆူအောင်တည်ပါ။ ပဲရောပါ နှံ့အောင်သေချာ မွှေပေး ပါ။ ထည့်ထားသော ရေအနည်းငယ်ခန်းလာလျှင် ဆား မြည်းပါလိုတာ ထပ်ဖြည့်ပါ။ မီးဖိုပေါ်မှ မချခင်ပူစီနံရွက်များ အုပ်ပါ။ ပူပူလေးစားသုံးလျှင် ပိုသင့်တော်ပါတယ်။

ထမင်းပုံဖြင့်တွဲစားရန် ငရုတ်သီးထောင်း
ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း - လက်တစ်ဆုပ် (အညြာွေခပြီး ပါးပါးလှီးထားပါ)
- ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၂ ဇွန်းခွဲ
- ငါးပိစိမ်းစား - စားပွဲဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ - ၂ တက်
- ဆား - အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
 ငရုတ်ဆုံထဲ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ငရုတ်သီးညက်အောင်ထောင်းပါ။

ထမင်းပုံဟင်းပုံစားနည်း
 ဖက်ပေါ်ထမင်းပုံပြီး ပဲဟင်းဆမ်းပါ၊ ငါးပိထောင်းပုံပါ၊ ကိုယ်နှစ်သက်ရာ ငါးခြောက်ဖုတ်ဖြင့် တွဲဖက်သုံးဆောင်နိုင် ပါတယ်။
...............................
Syi Lwin
Foods Garden

မုန့်ကြာစေ့သာကူ
.....................


မမီးမုန့်ကြာစေ့က မုန့်ကြာစေ့နဲ့တော့မတူ။ လက်အနေထားကြောင့်လားမသိ လုံးဝိုင်းနေအောင်လုံးလို့မရ။ အဲလိုလွန်းပုံလေးတွေပဲ ထွက်လာတယ်။ အဲဒီလိုလိတ်ရတာ မမီး အတွက် မြန်လည်းမြန်တယ် ၂ ချက်လောက် လက်ဖဝါးနှစ်ခုကြားထဲမှာ မွှေ့လိုက်ရုံပဲ၊ ဝိုင်းဝိုင်းရအောင်လုံးနိုင်သူများက ရိုးရာပုံစံလေးရအောင်လုံးကြပါရှင်။

ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် - ၁၀ဝ ဂရမ်
- ထိုင်းဆန်မှုန့်  - ၂၅ ဂရမ်
- သကြား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သာကူ  - ၄၀ ဂရမ်
- သကြားညို  - ၅၀ ဂရမ်
- ဆား  - အနည်းငယ်
- ရေ  - ၁၈၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်
၁။ သာကူကို ရေ ၁ နာရီစိမ်ပြီး ရေစစ်ထားပါ။
၂။ ရေနွေးအိုးတည်ပါ။ ဆူပွက်လာတဲ့အထိတည်ထားပါ။
၃။ ဇလုံကြီးတစ်ခုထဲမှာ အမှုန့်တွေထည့်၊  ဆားနဲ့ သကြားထည့်ပြီးရောနယ်ပါ။ ရေဆူကို ဇွန်းနဲ့ နည်းနည်းချင်းခတ် ပြီး ထည့်နယ်ပါ။ ခဏနှပ်ထားပြီး အေးသွားတဲ့အခါ ထပ်နယ်ပါ။
၎။ မုန့်သားကို  အချောင်းရှည်လေးများရအောင်လိတ်ပါ။ အစသေးသေးများဖြတ်ယူပြီး အလုံးသေးသေးလုံးပါ။ ရေပွက်ပွက်ဆူတွင် ထည့်ပြုတ်ပါ။
၅။ အပေါ်တက်လာတဲ့အခါ  စက္ကန့် ၃၀ - ၁ မိနစ်ခန် ဆက်ပြုတ်ပေးပြီးရင် အပေါက်ပါတဲ့ ဇွန်းကြီးကြီးနဲ့ဆယ်ပါ။ ရေအေးတွင်စိမ်ပါ။ မုန့်လုံးလေးများကုန်သည်အထိ ထပ်ထပ်ပြီးပြုတ်ပေးပါ။
၆။ မုန့်လုံးလေးများအေးသွားလျှင် အပေါက်ပါဇွန်းဖြင့် ဆယ်ခပ်ယူပြီး ဇလုံတစ်ခုတွင်ထည့်ထားပါ။
၇။ ရေဆူတွင် သာကူကျိုပါ။ မျက်စေ့ပျောက်လျှင်ဆယ်ပါ။ ရေအေးဖြင့်ဆေးပါ။
၈။ သကြားညို ၅၀ ဂရမ်ကို ရေ ၁၈၀ မီလီလီတာနဲ့ ကျိုပါ။ (ထန်လျက်နဲ့ကျိုသူများ မှိုက်ဖတ်များစစ်ထုတ်ရန် လို အပ်ပါသည်။) ဆူလာတဲ့အခါ သာကူနဲ့ မုန့်ကြာစေ့လေးများထည့်မွှေပါ။
၉။ အစပိုင်းတွင် မုန့်ရည်ကျဲနေတတ်ပါတယ်။ နာရီဝက်လောက်ကြာလို့ ခပ်နွေးနွေး အနေထားရောက်တဲ့အခါ နည်းနည်းပြန်ပျစ်သွားတတ်ပါတယ်။
............................
Meemeetofu

သုံးရောင်ခြယ်ကောက်ညှင်းလုံး
.......................................


အိမ်မှာတော့ သမီးအကြိုက်အရောင်လေးနဲ့ မုန့်လုပ်ဖြစ်တယ်။ ကလေးငယ်စားမှာမို့ အချိုတွေလျော့ဖို့စဉ်းစားရင်း မုန့်ကြာစေ့နဲ့ဆင်တူတဲ့ ဒီသုံးရောင် ချယ်ကောက်ညှင်းလုံးလေးတွေလုပ်ဖြစ်ပါတယ်။ မုန့်ကြာစေ့လိုပဲ ကောက်ညှင်းမှုန့် ကိုအသုံးပြုပြီး အုန်းသီးအစား အုန်းနို့ပျစ်ပျစ်လေးကိုသုံးထားတာပါ။ ထန်းလျက်ရည် ကိုတော့ ပျစ်ပျစ်လေးကျိုပြီး ပွဲပြင်တဲ့အခါမှ အပေါ်ကနေဆမ်းပေးပါ။ အရောင်ကိုတော့ ကလေးတွေ အန္တရာယ်ကင်းစေဖို့ သဘာဝကရတာတွေကိုပဲသုံးထားပါတယ်။

ကောက်ညှင်းအလုံးလေးတွေအတွက်
-ပန်းရောင်
၁။ ကောက်ညှင်းမှုန့်  - ခွက်တစ်ဝက်
၂။ စတော်ဘယ်ရီ ဆယ်လုံးလောက်ကို အညှာခြွေ ရေဆေးသန့်စင်ပြီး အတုံး လေးတွေတုံး ရေ 50 ml ထည့်ပြီး ဖျော်စက်ထဲကြိတ် အ၀တ်ပါးနဲ့စစ်ပြီးရတဲ့ ပန်းရောင်အရည်  လက်ဖက်ရည်ဇွန်း ၅ ဇွန်း (နယ်တဲ့အခါ အရည်လိုတယ် ထင် နည်းနည်းလေးထပ်ထည့်ပါ)
၃။ ဆားအနည်းငယ် (ဇွန်းအဖျားလောက်)
 ကောက်ညှင်းမှုန့်ကိုဆားထည့်ပြီး စတော်ဘယ်ရီပန်းရောင်အရည်လေးထည့်ပြီး နယ် အလုံးသေးလေးတွေလုံးထားပါ။

-အစိမ်း
၁။ ကောက်ညှင်းမှုန့်  - ခွက်တစ်ဝက်
၂။ ဆွမ်းမွှေးရွက် သုံးရွက်ကိုရေဆေးသန့်စင်ပြီး လက်တစ်ဆစ်စာလောက် ဖြတ် ရေ 50 ml ထည့်ပြီး ဖျော်စက်ထဲကြိတ် အ၀တ်ပါးနဲ့စစ်ပြီး ရတဲ့အစိမ်း ရောင်အရည်  လက်ဖက်ရည်ဇွန်း ၅ ဇွန်း (နယ်တဲ့အခါ အရည်လိုတယ်ထင် နည်းနည်းလေးထပ်ထည့်ပါ)
၃။ ဆားအနည်းငယ် (ဇွန်းအဖျားလောက်)
 ကောက်ညှင်းမှုန့်ကိုဆားထည့်ပြီး အစိမ်းရာင်အရည်လေးထည့်ပြီးနယ် အလုံးသေး လေးတွေလုံးထားပါ။

-အဖြူ
၁။ ကောက်ညှင်းမှုန့်  - ခွက်တစ်ဝက်
၂။ ရိုးရိုးရေ လက်ဖက်ရည်ဇွန်း ၅ ဇွန်း (နယ်တဲ့အခါ အရည်လိုတယ်ထင် နည်း နည်းလေးထပ်ထည့်ပါ)
၃။ ဆားအနည်းငယ် (ဇွန်းအဖျားလောက်)
 ကောက်ညှင်းမှုန့်ကို ဆားထည့်ပြီး ရေထည့်ပြီးနယ် အလုံးသေးလေးတွေ လုံးထားပါ။
** အလုံးလေးတွေလုံးနေစဉ်မှာ အိုးခပ်ကြီးကြီးနဲ့ ရေတစ်လီတာလောက် ကိုတည်ထားပါ။ ရေဆူလာပြီဆိုလုံးထားတဲ့ ရောင်စုံအလုံးလေးတွေကို ထည့်ပါ ရေပေါ်ပေါ် လာပြီဆို တစ်မိနစ်လောက်နေရင်ဆယ်ပြီး ရေအေးထဲ ငါးမိနစ်လောက်စိမ် ပြီးလျှင်ရေစစ်ထားပါ။

-အုန်းနို့အတွက်
 Coconut Cream  ဘူးကြီးတစ်ဝက်ကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီးဆူပွက်အောင်ကျိုပါ။ ( ကျွန်မက အုန်းနို့အပျစ်လိုချင်တာမို့ Cream သုံး လိုက်တာပါ ရိုးရိုးဟာကို အနည်းငယ် ပျစ်လာအောင်ကျိုလည်းရပါတယ်)

-ထန်းလျက်ရည်အတွက်
 မုန့်လုပ်ထန်းလျက်ကို ရေထည့်ပြီးကျို ထန်းလျက်အရည်ပျော်ပြီဆို အ၀တ် ပါးနဲ့ စစ်ပြီး မီးအေအေးနဲ့ ပျစ်ပျစ်လေးပြန်ကျိုပါ။
 မုန့်ပွဲပြင်တဲ့အခါ ကောက်ညှင်းလုံးလေးတွေထည့် အုန်းနို့ရည်ဆမ်းပြီး အပေါ်က ထန်းလျက်ရည်ပျစ်လေးအနည်းငယ်ဆမ်းပေးပါ။
 မုန့်ကြာစေ့လို ထန်းလျက်ရည်တွေအများကြီး အုန်းနို့အများကြီးမဟုတ်ဘဲ အနည်းငယ်စီပဲထည့်ရင် အချိုအရမ်းမလေးဘဲ ကလေးတွေအတွက်အဆင် ပြေမှာပါ။

** ဒါက ကောက်ညှင်းအလုံးလေးတွေမို့ နှစ်နှစ်အထက်လောက်ပဲ အဆင်ပြေ မှာပါ။ နှစ်နှစ်အောက်ကလေးတွေသေချာမ၀ါးတတ်တဲ့အခါ ကပ်နေတာ နင်တာတွေ ဖြစ်တတ်တာမို့ပါ။
** ကောက်ညှင်းကိုနယ်တဲ့အခါ ရေကိုတစ်ဇွန်းထည့်လိုက် နယ်လိုက်လုပ်ပါ။ ရေများ သွားတဲ့အခါ ကောက်ညှင်းပျော့သွားတတ်လို့ပါ။
.................
မေသူ

Credit:Food Magazine Myanmar

No comments: