Saturday, April 8, 2017

ရေကူးတဲ့အခါ


ရေကူးတဲ့အခါ ရေကူးကန်ထဲမှာ ရှိနေတဲ့ ဓာတုပစ္စည်းများကြောင့်ရော၊ သဘာဝ နေဒဏ်ကြောင့်ပါ အသားအရည်ကို ပျက်ဆီးစေတတ်သလို ဆံပင်များကိုလည်း ခြောက်သွေ့စေပြီး အခန့်မသင့်ပါက မျက်စိနဲ့ နားကိုပါ ပြဿနာပေးတတ်ပါတယ်။

ဒီလိုအဆင်မပြေတာတွေ ရှိတတ်ပေမယ့်လည်း ရေကူးခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေနိုင်တာကြောင့် လူတိုင်းအတွက် များစွာအကျိုးရှိလှတဲ့ အားကစားနည်းတစ်မျိုးလည်း ဖြစ်နေပါတယ်။

ဒါဆိုရင် ရေကူးခြင်းက ဖြစ်လာတတ်တဲ့ မကောင်းတဲ့အကျိုးဆက်များကို ဘယ်လို လျော့ချကာကွယ်ကြမလဲ ??

၁) ရေကူးကန်ထဲ မဆင်းခင် ရေချိုးပါ။

ရေကူးကန်ထဲက ရေမှာ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ရေကူးသူတိုင်း သိပြီးသားပါ။ ရေကူးကန်ထဲ မဆင်းခင် ရိုးရိုးရေနဲ့ ခန္ဓာကိုယ်နဲ့ ဆံပင်ကို စိုစွတ်စေခြင်းဖြင့် ဓာတုဓါတ်များ စုပ်ယူမှုကို လျော့ချနိုင်ပြီး ဓာတုပစ္စည်းများကြောင့် ဆံပင်နဲ့ အရေပြား ခြောက်သွေ့ပျက်စီးခြင်းကို လျော့နည်းစေနိုင်ပါတယ်။

၂) ရေကူးစဉ် ခေါင်းစွပ်၊ နားကြပ်နဲ့ မျက်မှန်များ အသုံးပြုပါ။

ရေကူးကန်ထဲက ပိုးသတ်တဲ့ ဓာတုပစ္စည်းတွေဟာ သင့်ရဲ့ ဆံနွယ်တွေကို အရောင်ပျက်စီးခြင်း၊ အဆီဓာတ်ခမ်းခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ရေကူးတဲ့အခါတိုင်းမှာ ခေါင်းစွပ်ကို ဝတ်ဆင်ပြီးမှ ရေကူးသင့်ပါတယ်။

ရေကူးတဲ့အခါ နားထဲကို ရေဝင်တာကနေ ကာကွယ်နိုင်ဖို့အတွက် နားကြပ်များလည်း တပ်ဆင်အသုံးပြုရပါမယ်။ နားကြပ် တပ်ဆင်ထားမှသာ နားထဲမှ ယားယံခြင်း၊ နားမှိုစွဲခြင်း၊ နားပြည်ယိုခြင်း၊ နားအူခြင်း အစရှိတာတွေကို စနစ်တကျ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဓာတုပစ္စည်းများ ပျော်ဝင်နေတဲ့ ရေဟာ မျက်စိကို ခြောက်သွေ့စေတာကြောင့် ရေကူးပြီးတဲ့အခါ မျက်လုံးများ ယားယံနီရဲလာတတတ်တာ ရေကူးသူတိုင်း ကြုံဖူးကြမှာပါ။ အဲဒီအပြင် အခန့်မသင့်လို့ ရေကူးကန်က သန့်ရှင်းမှု အားနည်းတဲ့အခါ၊ ဓာတုပစ္စည်းပါဝင်မှု များနေတဲ့အခါမျိုးမှာ ရေကူးမိရင် မျက်စိ ယောင်ယမ်းတာ၊ မျက်စိရောဂါများ ဖြစ်ပွားတာအထိပါ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် ရေကူးတဲ့အခါတိုင်းမှာ မျက်စိထဲ ရေဝင်တာကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်များ တပ်ဆင်အသုံးပြုရပါမယ်။

၃) ရေကူးပြီးတာနဲ့ ချက်ချင်း ရေသေချာချိုးပါ။

ရေကူးပြီးပြီ ဆိုတာနဲ့ ချက်ချင်း ရိုးရိုးရေနဲ့ ရေချိုးပါ။ ရေကူးကန်ရေထဲမှာ ပါဝင်တဲ့ ကလိုရင်းဓါတ်ဟာ တစ်ခါတစ်ရံမှာ အရေပြားကို ယားယံစေတတ်ပြီး အနံ့ဟာလည်း ခန္ဓာကိုယ်မှာ စွဲကျန်နေတတ်ပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့အတွက် ရိုးရိုးရေနဲ့ အနည်းဆုံး ၅ မိနစ်မှ ၁၀မိနစ်အထိ အချိန်ယူပြီး ခန္ဓာကိုယ်နဲ့ ဆံပင်များကို သေချာနှံ့စပ်စွာ ပြန်လည်ဆေးကြောရမှာ ဖြစ်ပါတယ်။  ရေခပ်နွေးနွေးနဲ့ ချိုးနိုင်ရင် ပိုအကျိုးရှိပါတယ် (အရမ်းပူတဲ့ ရေနွေးနဲ့တော့ မချိုးပါနဲ့၊ အရေပြားကို ပိုမိုယားယံစေတတ်ပါတယ်) ။ ရေချိုးပြီးတဲ့အခါမှာလည်း သန့်ရှင်းတဲ့ ရေချိုးခန်းသုံးပဝါနဲ့ တစ်ကိုယ်လုံး ခြောက်သွေ့တဲ့အထိ ဂရုစိုက်ပြီး သေချာသုတ်ရပါမယ်။

၎) အသားအရည် ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းများ ပုံမှန် အသုံးပြုပါ။

ရေကူးသူ မိန်းကလေးများသာမက ယောက်ျားလေးများလည်း သတိထားပြီး လိုအပ်တဲ့ Skin care product တွေ အသုံးပြုသင့်ပါတယ်၊ ရေကူးပြီး အရေပြားနဲ့ ဆံပင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အလှအပအတွက်သီးသန့် မဟုတ်ပဲ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးကိုပါ သက်ရောက်မှုရှိမှာ မို့လို့ပါ။

အမိုးအကာ မပါပဲ နေရောင်ခြည်အောက်မှာ ရေကူးမယ်ဆိုရင် အသားအရည် ညိုမည်းပျက်ဆီးခြင်းကို ကာကွယ်နိုင်ဖို့အတွက် ရေမကူးခင်မှာ Waterproof Sunscreen Lotion ကို မဖြစ်မနေ လိမ်းပြီးမှ ရေထဲကို ဆင်းသင့်ပါတယ်။ ရေထဲမှာ ကြာရှည်စွာနေမယ် ဆိုရင်တော့ နာရီဝက်/တစ်နာရီခြားတစ်ခါ Lotion ကို ပြန်လိမ်းပေးရမှာပါ။

ရေကူးပြီးသွားတဲ့အခါမှာလည်း ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုကြောင့် ခြောက်သွေ့ပျက်ဆီးသွားမယ့် အသားအရည်ကို ပြန်လည်အားဖြည့်ပေးနိုင်ဖို့အတွက် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် Moisturizing Lotion တစ်ခုခုကို အသုံးပြုပေးသင့်ပါတယ်။

ဆံသားများ ခြောက်သွေ့ကြမ်းတမ်းမှုကို ကာကွယ်နိုင်ဖို့အတွက်လည်း ခေါင်းလျှော်တဲ့အခါ Conditioner အသုံးပြုပြီး ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါမှာလည်း အုန်းဆီ၊ သံလွင်ဆီ အစရှိတဲ့ အဆီတစ်မျိုးမျိုး လိမ်းပေးသင့်ပါတယ်။ ရေကူးသူများအတွက် အထူးသင့်လျော်အောင် ဖော်စပ်ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းများလည်း အသုံးပြုနိုင်ပါတယ်။

~~~~~~~~~~

အားလုံးပဲ ရေကူးတဲ့အခါ ဖြစ်လာတတ်တဲ့ မကောင်းတဲ့အကျိုးဆက်တွေကို တတ်နိုင်သလောက် လျော့ချပြီး ပျော်ပျော်ကြီး ရေကူးနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ် :)


Credit:  ရေကူးခြင်းနှင့်သိမှတ်ဖွယ်ရာများ Page

No comments: