Saturday, April 15, 2017

နွေရာသီတွင် ကလေးများ မိတ်ထွက်ခြင်း

ပူလို့ ထွက်တဲ့ မိတ် စိတ်မပူကြနှင့်

"-"-"-"-"-"-"-"-"-"-"-"-"-"-"-


နွေရာသီရောက်လာတာနဲ့ မိတ်ထွက်ကြတဲ့ ကလေး အရေအတွက်ကလည်း အံ့မခန်း များပြားလာတယ်ထင်ပါ့။ ဘာလုပ်ရမှန်းမသိဘဲ စိတ်ပူနေကြရတဲ့ မိခင်တွေမှ တပုံတခေါင်း။ မေးခွန်းတွေလည်း တော်တော်လေးမေးကြလို့ ဒီ post လေးရေးဖြစ်သွားတယ်။

အခေါ်အဝေါ်

မိတ်ဖု၊ အပူဖုကို အင်္ဂလိပ်လိုတော့ miliaria (သို့) heat rash လို့ခေါ်ပါတယ်။

ဘာကြောင့်ဖြစ်

နာမည်က ရှင်းပြပြီး ဖြစ်ပါတယ်။ ပူလို့ အိုက်လို့ပါ။

ကလေးငယ်တွေမှာ တွေ့ရအများဆုံးပါ။ သုံးတဲ့အဝတ်က ရာသီဥတုနဲ့ မဆီလျော်လို့လည်း ပါတာပေါ့။ 'အိုက်တယ်၊ အင်္ကျီလဲပေးပါ မေမေ' လို့မှ မပြောတတ်သေးတာ။
အားကစားသိပ်လုပ်တဲ့ကလေး ဒါမှမဟုတ် ခုတင်ပေါ်ပဲ အမြဲလှဲနေတဲ့ကလေး တွေမှာလည်း အဖြစ်များပါတယ်။

ပိတ်နေတဲ့ ချွေးထွက်ပေါက်တွေကြောင့် အရေပြားအောက်မှာ ချွေးဖုလေးတွေ ဖြစ်လာပါတယ်။ ပိုဆိုးလာရင် အရေပြားပါ ရောင်ရမ်းလာပါတယ်။

ပူအိုက်ပြီး စိုထိုင်းဆ မြင့်တဲ့ရာသီမှာ ဖြစ်ပါတယ်။
အိုက်တဲ့ရာသီမှာ အေးသွားဖို့ ခန္ဓာကိုယ်က ထွက်ပေးတဲ့ချွေးက ငွေ့ရည်ပြန်ဖို့လိုပါတယ်။ စိုထိုင်းဆမြင့်နေရင် ငွေ့ရည်မပြန်နိုင်လို့ မအေးနိုင်၊ မအေးတော့ ချွေးကပိုထွက်၊ ချွေးပိုထွက်တော့ မိတ်ကပိုဆိုး။ ဒီလိုနဲ့ သံသရာ လည်ပါတော့တယ်။ ဒါကိုနားလည်ရင် ကုရမခက်ပါဘူး။ ဒီသံသရာကို ဖြတ်ရပါမယ်။

ဘယ်လိုသိမလဲ

သိသာပါတယ်။
ချွေးထွက်များတဲ့ နေရာတွေမှာ သူ့ကိုတွေ့ရမယ်။ ဥပမာ - လည်ပင်း၊ ချိုင်းကြား၊ ကျောကုန်း၊ တံတောင်ရှေ့၊ ဒူးနောက် စသည်ဖြင့်။

အစမှာ ဘောလ်ပင်ထိပ်အရွယ် အရည်ကြည်ချွေးဖု၊ နောက်ဆိုးလာရင် အနီရောင်စက်၊ သိပ်ဆိုးရင်တော့ အနီရောင်ပျဉ်ကွက်လို မြင်ရပါတယ်။

ကလေး အခံရခက်နေမှာလား

လူတိုင်းလည်း ဖြစ်ဖူးကြမယ်ထင်လို့ ဘယ်လိုခံစားရလဲ သိကြမယ်ထင်ပါတယ်။ ယားမယ်၊ စပ်မယ်လေ။ အန္တရာယ်မရှိပေမယ့် ကလေးလည်း ဘယ်ကြိုက်ပါ့မလဲ။

ဆေးညွှန်းလေးပေးပါ ဆရာ

ဖြစ်ရတဲ့ အကြောင်းရင်းကို သိနေပြီပဲ၊ ဒီအကြောင်းရင်းကို အရင် မဖယ်ရှားသင့်ဘူးလား။ ရောဂါတိုင်းကို ဆေးလိမ်း ဆေးသောက်ပေးမှ ပျောက်တယ်ဆိုတဲ့ idea က date အောက်သွားပါပြီ။

ပထမဦးဆုံးလုပ်ရမှာက အဝတ်အစား။ ရာသီဥတုနဲ့ သင့်တင့်လျှောက်ပတ်မှု ရှိရပါမယ်။ ပူအိုက်တဲ့ ရာသီမှာ ကလေးကို ချည်သားစစ်စစ် ချွေးစုပ်တဲ့ စွပ်ကျယ်ခပ်ပါးပါးလေးတွေ ချောင်ချောင်ချိချိ ဝတ်ပေး။ သိုးမွေး၊ နိုင်လွန်၊ တက်ထရွန်သားတွေတော့ လုံးဝမသုံးသင့်။

ချွေးထွက်တတ်တဲ့ နေရာတွေကို ဖြစ်နိုင်ရင် လေသလတ်အောင်ထား။ ချွေးထွက်လာရင် ရိုးရိုးရေသန့်သန့် ခပ်အေးအေးလေးနဲ့ (ရေခဲရေကိုမဆိုလို) မကြာခဏ ရေပတ်တိုက်။ အရမ်းပွတ်ပြီး ခြောက်အောင်သုတ်မည့်အစား မျက်နှာသုတ်နုလေးနဲ့ ဖိရုံလေးဖိပြီး လေနဲ့အခြောက်ခံ။

အဲယားကွန်းခန်း ရှိရင်တော့ ကောင်း၏။ အပူချိန်ကို ၂၅ ဒီဂရီမှာထား။ သိပ်မအေးလွန်းအောင်ပါ။ အဲယားကွန်းက အေးစေသလို စိုထိုင်းဆကိုလည်း လျှော့ချပေးလို့ ပြဿနာရဲ့ အရင်းမြစ်ကို ရှင်းပစ်ပေးသလိုမို့ အကျိုးအတော်ပေးပါတယ်။ အဲယားကွန်းမရှိလို့ မီးမရှိလို့လည်း စိတ်မကောင်းမဖြစ်ပါနဲ့။ အထက်ကပြောခဲ့တဲ့ အခြားလုပ်စရာတွေအများကြီး လုပ်လို့ရပါသေးတယ်။ အိမ်ကို လေဝင်လေထွက် ကောင်းအောင်ထားလည်း အဲယားကွန်းနီးပါး အကျိုးပေးပါတယ်။

ဘာဆေးမှ တကယ်မရှိဘူးလား

အထက်ကပြောသလိုအားလုံး လုပ်ပြီးလို့ နဲနဲသက်သာလာရင် ချွေးလည်းသိပ်မထွက်တော့ရင် ဘေဘီပေါင်ဒါလေးသုံး။ ဘယ်လိုလုပ်လုပ် ချွေးက အရမ်းထွက်တုန်းဆိုရင် အေးစေတဲ့လိုးရှင်းအရည်ကျဲကို (lotion) သုံးကြည့်။ အဆီပျစ် အသားလှလိမ်းဆေးများကိုတော့ လုံးဝ မသုံးရ။ ချွေးပေါက်တွေ ပိုပိတ်ကုန်မှာမို့ပါ။ အသားလှဆီက ဆောင်းရာသီအတွက်ပါ။ ဘယ်တံဆိပ်သုံးလို့တော့ မပြောသင့်လို့ မပြောတော့ပါ။

ဆရာဝန် ဘယ်အချိန်ပြသင့်

ဘယ်လိုလုပ်လုပ် မသက်သာဘဲ ကလေးကို နာကျင်နေစေမယ် (သို့) ပိုးဝင်ပြီး ပြည်တည်နေမယ်၊ အဖျားလည်းတက်နေပြီဆိုရင် ဆရာဝန်ပြဖို့လိုနေပါပြီ။ ပိုးသတ်ဆေးတို့၊ ဟော်မုန်းလိမ်းဆေးတို့ကို ဆရာဝန်က မပေးဘဲ လုံးဝမသုံးပါနဲ့။ ကလေးက ကိုယ့်ရဲ့ အစမ်းသပ်ခံ မဟုတ်ကြောင်းကို အမြဲတစေ သတိချပ်ပါ။

ဒါမှမဟုတ် မိတ်မှန်း ကိုယ်က မသေချာရင်လည်း ဆရာဝန်ပြသင့်ပါတယ်။ ဗိုင်းရပ်စ်၊ ဘတ်တီးရီးယား ပိုးတွေကြောင့် ဖြစ်တဲ့ အင်ပျဉ်တွေကလည်း မိတ်နဲ့ ဆင်တူရိုးမှား ဖြစ်တတ်လို့ပါ။

ဒီလောက်ဆို မိတ်ဖု အကြောင်း တော်တော်လေးနားလည်သဘောပေါက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ မဖြစ်တော့ဘူးလို့ ယုံကြည်ပါတယ်။

~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~

စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများရရှိကြ၍ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ။

photo credit to google image

ကျော်စန်းလွင်(Child Health Myanmar)

ကျွန်မကလေး ခုတလောနို့သိပ်မစို့လို့
*******************************
(ပူပြင်းတဲ့နွေရာသီမှာမိခင်နို့တိုက်ခြင်း)


ပူပြင်းတဲ့ရာသီမှာ ကလေးနို့စို့နည်းတတ်တယ်။ ဘာလို့လဲ။ ပတ်ဝန်းကျင် အပူဓာတ်က ကလေးများကို ပင်ပန်းစေသလို ကလေးကိုချီပြီး ထိုင်လျက်နို့တိုက်စဉ်မှာ အသားချင်းထိနေတဲ့အတွက် ကလေးပိုအိုက်နိုင်ပါတယ်။ ပူပြင်းလွန်း၍ စိတ်မအီမသာဖြစ်နေတဲ့ကလေးဟာ နို့စို့ချိန်မှာ ပိုပူမှာကြောက်ပြီး နို့မစို့ရင် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ရင် ကလေးက ပိုပြီး ကသိကအောင့်ဖြစ်ပါလိမ့်မယ်။ မကြာခဏ ငိုပါမယ်။

ရာသီဥတုပူလွန်းတဲ့အခါ မိခင်တွေမှာ စိုးရိမ်တတ်တာက ကလေးများရေငတ်နေမလား, နို့က လောက်ပါ့မလားဆိုတာတွေပါ။ ၆ လအောက်ကလေးက မိခင်နို့မှာပါတဲ့ ရေဓာတ်နဲ့ လုံလောက်ပါတယ်။ အစို့နည်းတဲ့ ကလေးကို နို့ အကြိမ်ရေ ပိုတိုက်ပါ။ ၆ လကျော်ကလေးကို နွေရာသီမှာ ရေရောနို့ပါပိုတိုက်ပါ။

မိခင်နို့တိုက်ချိန်မှာ ကလေးပူအိုက်တာ သက်သာအောင် ဘာတွေလုပ်ပေးလို့ရလဲ။

(၁) ကလေးကို တစ်နေ့ ၂ ခါ အနည်းဆုံး ရေချိုးပေးပါ။ သိပ်ပူတဲ့နေ့တွေမှာ ၃ ခါထိ ချိုးပေးနိုင်ပါတယ်။ ၁ ခါထက် ပိုချိုးသော်လည်း ချိုးတဲ့ အခေါက်တိုင်း ဆပ်ပြာမသုံးပါနှင့်။ အရေပြားမှ သဘာဝအဆီဓာတ်များကို ထိန်းသိမ်းထားရန် တစ်နေ့တစ်ခါပဲ ကလေး ဆပ်ပြာသုံးပါ။

(၂ ) ပန်ကာ အဲကွန်းရှိလို့ အဆင်ပြေရင် ဖွင့်ပါ။ ပန်ကာဖွင့်ရင် ကလေးရှိရာနဲ့ ဆန့်ကျင်ဘက်ကို ပန်ကာက မျက်နှာမူဖို့လိုပါတယ်။ ကလေးက လေကို တိုက်ရိုက်မရပေမယ့် ကလေးရှိတဲ့ အိမ်တွင်း အခန်းတွင်းမှာ လေလှည့်ပတ်မှု ရှိလို့ အပူငွေ့များ ပုံမှန် ထွက်သွားနိုင်ပါတယ်။

(၃) ပန်ကာ အဲကွန်း မရှိရင် အားမငယ်ပါနဲ့။ အောက်မှာ ရေးထားတာလေးတွေ လုပ်လို့ရပါတယ်။

(က) လဲလျောင်းပြီးတိုက်ပါ။ ဒါဆို ကလေးပါးစပ်နဲ့ မိခင်နို့နဲ့သာထိတွေ့ပြီး ကိုယ်ခန္ဓာနှစ်ခု အနည်းငယ် ခွာထားခြင်းဖြင့် အအိုက် သက်သာနိုင်ပါတယ်။

(ခ) ထိုင်တဲ့ ပုံစံမှာပဲ တိုက်ချင်ရင် ချည်သား ခေါင်းအုံးစွတ် (သို့) မျက်နှာသုတ်ပဝါ ပါးပါး (သို့) အနှီးစလေးကို ကလေး နဲ့ မိခင် ခန္ဓာနှစ်ခုကြား ညှပ်ထည့်ထားခြင်းဖြင့် အရေပြားနှစ်ခု အပူကူးမှုကို ကာကွယ်ပေးနိုင်ပါတယ်

(ဂ)  နို့မတိုက်ခင်တိုင်း ရေပတ်တိုက်ခြင်းဖြင့်  နို့တိုက်နေစဉ် ကလေး အရေပြားလေး အေးမြစေနိုင်ပါတယ်။

မှတ်ချက်- နွေရာသီမှာ ၆ လအောက်  နို့စို့ကလေးနှင့် ခရီးထွက်ရင် ခရီးတစ်လျောက်လုံး ၃ နာရီခြားနို့တိုက်ဖို့ မမေ့ပါနဲ့။ ကားစီးနေရင် ကလေးက အိပ်မောကျတတ်ပါတယ်။ ၃ နာရီပြည့်လို့ နို့တိုက်ဖို့ အချိန်ရောက်ရင် နှိုးပြီးတိုက်ပါ။

(*နို့ဗူးစို့ကလေးများလည်း ပူအိုက်လွန်းလျှင် စိတ်အလိုမကျ ဖြစ်တတ်သည်။ ကလေး ကိုယ်လေး အေးမြအောင် အပေါ်မှာ ရေးထားသော နည်းလမ်းများသုံးပါ။ )

ပူပြင်းသော နွေရာသီတိုင်း အိုက်စပ်နေသော ကလေးငယ်လေးများကို မိခင်နို့တိုက်ကျွေးခြင်း အဆင်ပြေကြစေရန် ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ (Child Health Myanmar)

Reference: Australia Breast Feeding Association

Credit: Child Health Myanmar´s Page

No comments: