Saturday, April 22, 2017

မြန်မာ-ဗမာ Myanmar-Burma နှင့် တိုင်းရင်းသား ပြဿနာ

မြန်မာ-ဗမာ Myanmar-Burma နှင့် တိုင်းရင်းသား ပြဿနာ



နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံစဉ်မှာ Burma ရော၊ Myanmar ပါ နှစ်မျိုးစလုံး အဆင်ပြေ သလို သုံးနှုန်းနိုင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ အတူ မြန်မာလား၊ ဗမာလား၊ Myanmar လား Burma လား အခေါ်အဝေါ် ပြသ၁နာဟာ ဆင်ခြင်သုံးသပ်စရာ တစ်ခု အဖြစ် ပြန်ဖြစ်လာပါတယ်။

မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာစုံ ရာစုနှစ်တွေချီ မှီတင်းနေထိုင်လာခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လက်ရှိနာမည်ဟာ ပြည်ထောင်စု အတွင်းက လူမျိုးစုစုံကို ဘယ်လောက် ကိုယ်စားပြုနိုင်ပါသလဲ။ ဒီတိုင်းပြည်နဲ့လူမျိုး အမည် ဝေါဟာရ ဇာစ်မြစ်များနဲ့ နောက်ဆက်တွဲ တိုင်းရင်းသား လူမျိုးစုပြသ၁နာ အကြောင်း ဆွေးနွေးချင်ပါတယ်။

နိုင်ငံရဲ့အမည်နာမမှာ နိုင်ငံရေးသဘောအရ အဓိက အလေးအနက်ထား စဉ်းစားရမယ့် အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ ပြည်တွင်းစစ် ပြသ၁နာနဲ့ သက်ဆိုင်နေပါတယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ်ညွှန်းဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ မူကွဲနှစ်မျိုးစလုံး၊မြန်မာ (Myanmar) နဲ့ ဗမာ (Burma) ဟာ နိုင်ငံမှာ ရှေးပဝေသဏီ ကတည်းက ဓားမဦးချ အခြေချနေထိုင်လာခဲ့တဲ့ မြန်မာမဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးရဲ့ ဖြစ်တည်တည်ရှိမှု (Idenity) ကို ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်ပါတယ်။ သမိုင်းကြောင်းကို အကျယ်တင်ပြပါမယ်။

လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင်ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Burma’နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ် တလျှောက်နဲ့ လက်ရှိအချိန်ထိ သတ်မှတ်ထားတဲ့ မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Myanmar’ နှစ်ခုစလုံးဟာ နိုင်ငံမှာ ရှိတဲ့ မြန်မာလူမျိုး တမျိုးတည်းကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် လူမျိုးကြီးဝါဒ (Chauvinism) ပုံဆောင်၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေ ပါတယ်။ ဒီသဘောဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ တကယ့် ပြည်ထောင်စုစနစ် ပီပီပြင်ပြင် တည်ဆောက်လိုရင် အလေးအနက်ထား စဉ်းစားရမယ့် အချက်တခုပါပဲ။

တကယ်တော့ မူကွဲနှစ်ခုစလုံးရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် ‘မြန်မာ’ ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လို့မှ ဆက်နွှယ်မှုမရှိခဲ့ဘူး။ ဗြိတိသျှ ကိုလိုနီ မဖြစ်ခင်အထိ လက်ရှိနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်နေတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူ ယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေ ရှိသော်ငြားလည်း တကယ့် သဘောအနေနဲ့က သီးသန့် ပဒေသရာဇ် မြို့ပြနိုင်ငံလေးများအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေခဲ့ကြတဲ့ အတွက် ‘မြန်မာနိုင်ငံ’ ဆိုတဲ့ အခေါ်ဟာ အခြားတိုင်းရင်းသား အားလုံးနဲ့ ပတ်သက်စရာ အကြောင်း လည်း မရှိပါဘူး။

ဥပမာ - ပဒေသရာဇ်ခေတ် တလျှောက် မြန်မာက အင်အားသာတဲ့ အချိန်မှာ မွန်နိုင်ငံ ဟာ မြန်မာနိုင်ငံ လက်အောက်မှာရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံ လက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်ပါတယ်။ နာမည်အားဖြင့်လည်း ပဒေသရာဇ်မြို့ပြနိုင်ငံ အမည်များဖြစ်တဲ့ ပုဂံ (Pagan)၊ အင်းဝ (Ava)၊ ဟံသာဝတီ ပဲခူး (Hanthawaddy Pegu) ဒီလို သီးခြားအဖြစ် ရှိခဲ့တယ်။

မြန်မာစကား အရေး/အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ ‘မြန်မာ’နဲ့ ‘ဗမာ’ ဆိုပြီး နှစ်မျိုးစလုံးရော ရောနေပါတယ်။ ယေဘုယျသဘောအရ ‘မြန်မာ’ကို အရေးမှာသုံးလေ့ရှိပြီး အပြောမှာတော့ ‘ဗမာ’လို့သုံးကြတယ်။ ဒါဟာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ ဘာသာစကားများမှာလည်း တွေ့နိုင်တဲ့ အရေးနဲ့အဖတ် အဓိပ္ပာယ်တူ စကားလုံးတချို့ကို 'ရေးတော့ အမှန်၊ ဖတ်တော့ အသံ’ ဆိုတဲ့ သဘောကွဲနေခြင်းပါ။ ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံ နယ်နိမိတ် အရှေ့ဘက်တောင်ပေါ်ဒေသမှ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုဝန်းကျင်မှာ ဝင်ခဲ့တယ်၊ ပုဂံမှာ အခြေပြုကြတယ်။

အသစ်ဝင်လာသူတွေကို မြေပြန့်မှာ ရှေးဦးရှိနေပြီးဖြစ်တဲ့ မွန်တွေက မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ခေါ်ခဲ့တယ်။ ဒီအချက်ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့ အထဲက ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာတွေ့နိုင် ပါတယ်။ ရှေးမြန်မာတွေ အလယ်ပိုင်းကို အခြေချနေထိုင်ပြီးနောက် ပျူ၊ မွန်တွေထံက တဆင့် အိန္ဒိယအက္ခရာကို အခြေခံတဲ့ စာပေကို မွေးစားယူ ရလာလို့ ကိုယ်တိုင် မှတ်တမ်းတွေ ရေးလာနိုင်ရာမှာလည်း လူမျိုးနာမည်ကို မွန်တွေခေါ်တဲ့ နာမည်အတိုင်း မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ပဲ သုံးခဲ့ပါတယ်။ ဒါကို လက်ရှိ ရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက (နာမည်အခေါ်နဲ့ သက်ဆိုင်တဲ့) ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုး ထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း မြန်မာဘာသာ စကားမှာ ရကောက်သံ ‘ရ (Ra )’ သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် ‘မရမာ/မိုင်းရ်မာ (Mirma/Mranma)’ ကနေ ‘မြမ္မာ/မြန်မာ (Myanmar)’ ဆိုပြီး လက်ရှိ သိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်း သွားခဲ့ပါတယ်။

ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယတို့ဆီကနေ ယဉ်ကျေးမှု၊ စာပေတင်သာမက ကိုးကွယ် ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ ‘ဗြဟ္မာ’ က ဆင်းသက်တဲ့ သဘော ‘ဗြဟ္မာ’ လူမျိုး၊ အဲဒီကတဆင့် ‘ဗမာ’ လူမျိုးဆိုပြီး လူမျိုးနာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာခဲ့ပါတယ်။ ဒီ ‘ဗမာ’ ဆိုတဲ့ လူမျိုးအခေါ်အသစ် ထပ်ပေါ် လာခြင်းက ဘာသာဗေဒ သဘော၊ အသံထွက်စနစ် ပြောင်းလဲ ပုံနဲ့ ဆက်စပ်ဟန်ရှိပါတယ်။ မည်သို့ဆိုစေ လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း ကျောက်စာ အထောက်အထား၊ သုတေသနများ အရ ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာခဲ့တဲ့ သမိုင်း မှတ်တမ်းရှိချိန် ကတည်းက ‘မြန်မာ’လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ ‘မြန်မာ’ က မူလ၊ ‘ဗမာ’ က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူး ဆိုတာကိုလည်း ထည့် စဉ်းစားရပါမယ်။ နောက်ပိုင်း အင်အားကြီးမားလာပြီး ပုဂံပဒေသရာဇ် နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက် နိုင်ငံတော်ကြီး ပထမ မြန်မာနိုင်ငံတော် ပေါ်လာ ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ကျောက်စာ မှတ်တမ်းများ မှာ နိုင်ငံကို ‘မြန်မာပြည်’ လို့ တိုက်ရိုက် တပ်ခေါ်တာကို နရပတိစည်သူ/ ဒုတိယစည်သူ (၁၁၆၅-၁၂၁၁)ရဲ့ မြေး၊ ဇေယျသိင်္ခခေါ် နန်းတောင်းများမင်း (ထီးလိုမင်းလိုမင်း) ရဲ့ သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ မှတ်တမ်း (ဖော်ပြထားသည့် ဓာတ်ပုံတွင်ရှု) မှာ အထင်အရှား တွေ့နိုင်တယ်။

နောက်ပိုင်း ခေတ်တွေမှာလည်း နိုင်ငံနာမည်ကို ဒီသဘောမျိုးပဲ ခေါ်ခဲ့ကြောင်း သမိုင်း အထောက်အထားတွေ ရှိပါတယ်။ ဥပမာ - ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း (၁၈၀၈ - ၁၈၇၈) က သူဟာ မြန်မာလူမျိုးတို့ရဲ့ ဘုရင်ဆိုပြီး ညွှန်းဆိုခဲ့တယ်။ ဒါပေမဲ့ မင်းတုန်းခေတ် မြန်မာကုန်းဘောင် အင်ပါယာဟာ မြန်မာလူမျိုး တမျိုးတည်းနေထိုင် တဲ့ နေရာများထက် ကျော်လွန်ပြီး ဖြစ်တဲ့အတွက် ဒီအခေါ်အဝေါ်ဟာ မြန်မာလူမျိုးကြီးဝါဒ သဘော ပဒေသရာဇ်အခေါ် သက်သက်သာ ဖြစ်ကြောင်း သတိပြုမိပါတယ်။

အဲဒီခေတ်အခြေအနေ၊ စနစ်နဲ့ အတွေးအခေါ်အရ နိုင်ငံနာမည်ကို လူအများစု အခြေပြု ‘မြန်မာ’ တပ်ခေါ်ခဲ့ခြင်းဟာ မျက်မှောက်ခေတ်လို တိုင်းရင်းသား လူမျိုးစုအားလုံး မူရင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေအတိုင်း သာတူညီမျှ ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ လုံးလုံး မသင့်လျော်တော့ပါ။

ဒါကြောင့် ဌာနေတိုင်းရင်းသား အားလုံး (မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့) နဲ့ နိုင်ငံခြားမှ လာရောက် အခြေချနေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်း ပါဝင်ခဲ့တဲ့ ကိုလိုနီကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းမှုခေတ်မှာ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ ရှေးသခင်ကြီးတွေရဲ့ ‘ဒို့ဗမာ အစည်းအရုံးကြီး’ က တနိုင်ငံလုံးမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ အမျိုးသားရေး စိတ်နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ ‘မြန်မာ’ နိုင်ငံမဟုတ်၊ ‘မြန်မာ’ တမျိုးတည်းမပိုင်၊ ‘မြန်မာ’ အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများပိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ‘ဗမာ’ နိုင်ငံ လို့ သာ ခေါ်ဆိုရမယ် ဆိုပြီး ‘ဒို့ဗမာအစည်းအရုံး ကြေညာစာတမ်း’ မှာ အတိအလင်း ရေးသား တိုက်တွန်းခဲ့ပါတယ်။

အဖွဲ့အမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော ‘ဒို့ဗမာအစည်းအရုံး’ လို့ သာ ပေးခဲ့ပြီး၊ ‘ဒို့မြန်မာ အစည်းအရုံး’ လို့ မခေါ်တွင်စေခဲ့ပါဘူး။ ဒါဟာ မြန်မာအပါဝင် အခြား လူမျိုးစုများ မှီတင်းနေထိုင်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံနာမည်ကို (သမိုင်း အထောက်အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်တဲ့) မြန်မာ လူမျိုးနာမည် အစ မူလဖြစ်တဲ့ ‘မြန်မာ’ ကို မသုံးဘဲ ဆင့်ပွားမူ ‘ဗမာ’ ကိုသာ ‘ဒို့ဗမာအစည်းအရုံးကြီး’ က သုံးဖို့ညွှန်းဆိုခဲ့ခြင်း၊ တကယ် သုံးခဲ့ခြင်းဟာ မြန်မာမဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း (အဲဒီခေတ် အခြေအနေအရ) ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရပါတယ်။ ‘ဒို့ဗမာ အစည်းအရုံး’ က မွေးထုတ် လိုက်တဲ့ သခင်ကြီးတွင် နိုင်ငံမှာ ပထမဆုံး အာဏာစရတဲ့ ဂျပန်ခေတ်မှာလည်း နိုင်ငံရဲ့ တရားဝင် နာမည်ဟာ ‘ဗမာနိုင်ငံတော်’ ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှကိုလိုနီဘဝက လွတ်မြောက်၊ အပြည့်အဝ လွတ်လပ်ရေးယူတဲ့ အချိန်မှာတော့ ‘ဒို့ဗမာအစည်းအရုံး’ ခေတ်က တည်ဆောက်ထားနိုင်ခဲ့တဲ့ မြန်မာနဲ့ အခြား လူမျိုးစု တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်၊ သာတူညီမျှ၊ ဥမကွဲသိုက်မပျက် စိတ်ဓာတ်နဲ့ အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ လူမျိုးရေး သူငယ်နာ မစင်မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်သွားခဲ့ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံရဲ့ အခြေခံအုတ်မြစ် ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၉၄၇ မှာကိုက ပြည်ထောင်စု စစ်စစ်မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘောနဲ့ အကြိုသဘော တူညီထားခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အပြည့်အဝ မဖော်ဆောင်နိုင်ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ်ခေတ်မှာ ကတည်းက အပြန်အလှန် အင်ပါယာချဲ့ထွင်မှုကြောင့် အရင်းတည် ခဲ့တဲ့ လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။

လွတ်လပ်ရေး ရရချင်းမှာ မြန်မာအများစုနဲ့ ဖွဲ့စည်းထားတဲ့အစိုးရနဲ့ တချို့လူမျိုးစုတွေနဲ့လည်း စတင် ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တယ်။ ဒီလို လွတ်လပ်ရေးခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး/ လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် ‘တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်’ ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့အခြား တိုင်းရင်းသားများအကြား နိုင်ငံရေး သဘောတူညီမှု အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒသဘောဆောင်တဲ့၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် ‘မြန်မာ’ ဟာလည်း ပြန်လည် အသက်ဝင် နိုင်ငံရဲ့ တရားဝင်ပြဋ္ဌာန်းခံ အမည်ဖြစ်လာပါတော့တယ်။

လွတ်လပ်တဲ့ နိုင်ငံရဲ့ခေတ်ဦး ပါလီမန်ဒီမိုကရေစီအစိုးရဟာ တိုင်းရင်းသားတွေကို အထိုက်အလျောက် နေရာပေးပါတယ်။ အခြေခံဥပဒေအရ နိုင်ငံ့အုပ်ချုပ်ရေးမှာ အာဏာမရှိတဲ့ သမ္မတရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးကို လေးစားတယ်လို့ ဆိုနိုင်ပေမယ့် အထက်မှာ ဆိုခဲ့သလို ရှုပ်ထွေးနေ တဲ့ မွေးကင်းစ တိုင်းပြည်မှာ ပြည်ထောင်စုစစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသားလူမျိုးစု ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် ခြယ်လှယ်လိုခြင်း၊ တိုင်းပြည်ရဲ့ အရင်းအမြစ်များကို မျှတစွာ မခွဲဝေခြင်း သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေတည်လာခဲ့တယ် ဆိုတာ သမိုင်းမှန် ပြန်လှန်လေ့လာနိုင် ပါတယ်။

တိုင်းပြည်ကို ချောက်ထဲ လုံးလုံးကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလ မှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစု ထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေးစိတ်ကို အလွဲသုံးစားလုပ်ကာ တမျိုး၊ တဘာသာ ဗဟိုပြု လူမျိုးကြီးဝါဒ သဘောတရားတွေကို စိတ်ကြိုက် ဖန်တီးထားတဲ့ စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထုဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းတော့တာပါပဲ။

ဒါကြောင့် တိုင်းရင်းသား ပြသ၁နာ ပိုမို အမြစ်တွယ် ဖြေရှင်းမရ ဖြစ်ခဲ့မှုနဲ့အတူ အကျိုးဆက် များစွာထဲက တခုကတော့ နိုင်ငံနဲ့ အများစုရှိတဲ့ လူမျိုးရဲ့နာမည်ဟာ မူရင်း အမှန်နဲ့ ပြောင်းပြန် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံကို ‘မြန်မာ’၊ လူမျိုးကို ‘ဗမာ’ ဆိုပြီး နိုင်ငံကို ‘မြန်မာ’ လူမျိုးသာ သီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုးနာမည်ကိုလည်း ဒုတိယ မူကွဲ ‘ဗမာ’ အဖြစ် သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီးဝါဒ ဇာတ်သွင်းခြင်း ခံခဲ့ရပါတယ်။ ဒါဟာ စစ်ဝါဒီတွေ လက်ရှိအချိန်အထိ မှားကြောင်း ဝန်မခံနိုင်သေးဘဲ မျိုးဆက်သစ်ကို ဆက်မှိုင်းတိုက် အယုံသွင်းထားတဲ့ နိုင်ငံနာမည်နဲ့ လူမျိုးနာမည် မြန်မာလို အခေါ်ရဲ့ သမိုင်းမှန်ပါပဲ။

နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို ‘Burma’ ကနေ ‘Myanmar’ လို့လည်း စစ်ဗိုလ်ချုပ်များပဲ ပြောင်းလဲခဲ့ပါတယ်။ ဒါကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာပါ။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြား အဖွဲ့တည်ထောင်မှုအကွဲ (ဗကသ/မကသ အကွဲ) ကို ပိုမို သပ်လျှိုသွေးထိုးလိုစိတ် တခုတည်းနဲ့ အာဏာရှင်ဟောင်း ဗိုလ်နေဝင်း အမွေခံ ဗိုလ်ခင်ညွန့်ဟာ ပညာရှင်တွေ ပါတဲ့ ကော်မရှင်တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့ပါတယ်။

အဲဒီကော်မရှင်က နိုင်ငံနာမည်ကို အင်္ဂလိပ်လို ‘Myanmar’လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် သုံးချက်ပေးခဲ့ပါတယ်။ ဒီထဲက မခိုင်လုံဆုံး အချက်ကတော့ မြန်မာလို နိုင်ငံနာမည် ‘မြန်မာ’ ဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လိုမှာလည်း မြန်မာ အသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံးပေါင်းတဲ့ ‘Myanmar’လို့သာ သုံးမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အထက်မှာ ဆွေးနွေးခဲ့သလို မြန်မာလို ‘မြန်မာ’ ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသား အားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့အတွက် အင်္ဂလိပ်လို ‘Myanmar’ ဟာလည်း တိုင်းရင်းသား အားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါဘူး။ အစဉ်အဆက် နိုင်ငံ နာမည်ကို ‘Burma’ လို့ပဲ သုံးစွဲလာခဲ့တယ်။ ဗမာနိုင်ငံသား အားလုံး ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အင်္ဂလိပ်လို ‘Burma’လို့ပဲ တပ်ခေါ်ခဲ့ပါတယ်။ ဥပမာ - တော်လှန်ရေး တပ်တွေရဲ့ အင်္ဂလိပ်အမည်ဟာ BIA, BDA ပါ၊ MIA, MDA မဟုတ်ပါ။ စစ်အစိုးရ တည်ထောင်ခဲ့တဲ့ ‘မဆလ’ ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ်အမည်ကို ‘BSPP’လို့သာ ‘Burma’ နာမည် သုံးခဲ့ပါတယ်။

နိုင်ငံနာမည် အင်္ဂလိပ်လို ‘Burma’ဖြစ်ခဲ့ရခြင်းဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့တယ်ဆိုတာ မှန်ပါတယ်။ စကားလုံးရဲ့ မူရင်းနဲ့ ရှေ့ကွင်းဆက် သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေကတည်းက ဖြစ်ပါတယ်။ အိန္ဒိယက လူမျိုးတွေ က မြန်မာ (ဗမာ)တွေကို ဗရမာ/ဗြဟ္မာ (စာကို ဘာရမီ) လို့ခေါ်ကြတယ်။ ဒါဟာ မြန်မာ (ဗမာ)တွေ ကိုယ့်ဘာသာညွှန်းဆိုတဲ့ စကား (စာပေမဟုတ်) ကို နိုင်ငံခြားသားတွေက သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာအယူအဆကို လက်ခံတဲ့ လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီ အိန္ဒိယ အခေါ်ကို ၁၆/၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ)တွေကို သူတို့ အသံထွက်နဲ့ဘာမင်နီယား (Birmania) လို့ခေါ်ခဲ့ပါတယ်။ ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက ၁၈ ရာစု လောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ)တွေ နေထိုင်တဲ့ နေရာဟာ ဗမာ/ဘားမား (Burma) ဖြစ်လာပါတော့တယ်။ မူလအင်္ဂလိပ်စာလုံးပေါင်းမှာ ‘Burma’ ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုးရှိခဲ့တယ်။ (ဥပမာ - Bermah, Birmah, Brama, Burmah။)၊

နောက်ပိုင်းကျမှ ‘Burma’ က အတည်ဖြစ်လာခဲ့ပြီး ကိုလိုနီဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံ နာမည်ဟာ ‘Burma’အဖြစ် တရားဝင် ရုံးသုံး အခေါ် ဖြစ်လာခဲ့ပါတယ်။ မြန်မာ လူမျိုးကိုတော့ ‘Burman’ လို့ သုံးပါတယ်။ ‘Burmese’ ဆိုရင် ဗမာပြည်က မြန်မာအပါအဝင် လူမျိုးစု အားလုံးလို့ ရည်ညွှန်းကြပါတယ်။ ဒါတွေကို ကိုလိုနီခေတ် အင်္ဂလိပ်လိုရေး ခေတ်ပြိုင် မှတ်တမ်းတွေ၊ ဝတ္ထုတွေ၊ အစိုးရ ပြန်တမ်းတွေမှာ တွေ့နိုင် ပါတယ်။ နိုင်ငံခြားသားတိုင်း က မြန်မာ (ဗမာ) လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ ‘ဗမာ’ ကို သူတို့လျှာနဲ့ နီးစပ်တဲ့ အသံထွက်နဲ့ခေါ်ဆိုမှာသာ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့မဖတ်တတ်တဲ့ စာပေ အရေးအသားမှာ အများစုသုံးတဲ့ ‘မြန်မာ’ ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမယ်။ ဒါကြောင့် လူမျိုးခြားအားလုံးက မြန်မာ (ဗမာ) တွေကို ခေါ်တဲ့ နေရာမှာ စကားသံ ‘ဗမာ’ ကိုပဲ အခြေပြု ခေါ်တတ်ကြပါတယ်။ ဥပမာ - ထိုင်းတွေက မြန်မာ (ဗမာ) တွေကို “ဖမာ” လို့ ခေါ် ပါတယ်။

နိုင်ငံ နာမည် ‘Burma’ ဖြစ်ခဲ့ခြင်းသဘောက ကိုလိုနီစဖြစ်ခဲ့တဲ့ အချိန်နဲ့လည်း သက်ဆိုင် ပါတယ်။ ကိုလိုနီစဖြစ်ချိန်မှာ ကုန်းဘောင် နိုင်ငံတော်ရဲ့ အာဏာဟာ မျက်မှောက်ခေတ် နိုင်ငံ နယ်နိမိတ်က နေရာအများစုလို့ ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်ပါတယ်။ ရခိုင်နဲ့ မွန်နိုင်ငံတွေက မြန်မာကုန်းဘောင်မင်း နိုင်ငံရဲ့ လက်အောက်ကို လုံးလုံးရောက်နေပြီ၊ ရှမ်း၊ ကရင်နီဒေသတွေကိုလည်း အာဏာစက်ရောက်နေပြီ။ ဒီအနေအထားမှာ ဗြိတိသျှအင်ပါယာနဲ့ မြန်မာကုန်ဘောင် ဘုရင်အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) ဖြစ်ခဲ့တယ်။

မြန်မာစစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ ကုန်းဘောင် အင်ပါယာအောက်မှာ အရင်သိမ်းပိုက်ထားတဲ့ နယ်မြေတချို့(ရခိုင်၊ တနင်္သာရီ) ကို စစ်နိုင်သူ အင်္ဂလိပ်ထံ လွှဲလိုက်ရတယ်။ နောက် ဒုတိယစစ် (၁၈၅၂) ဖြစ်တယ်။ ရှုံးလို့ အင်္ဂလိပ်ကို အောက်ပိုင်းဒေသ တခုလုံး ပေးလိုက်ရတယ်။ အင်္ဂလိပ်ကလည်း သူတို့နဲ့ စစ်တိုက် ခဲ့တဲ့ မြန်မာ (ဗမာ) ကုန်းဘောင်ဘုရင်တွေဆီက ရတဲ့အတွက် အဲဒီနယ်မြေတွေ အားလုံးကို အောက်ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးကာ ဗြိတိသျှ-အိန္ဒိယ အင်ပါယာအောက်ထဲ ထည့်အုပ်ချုပ်ခဲ့ပါတယ်။ နောက် တတိယစစ် (၁၈၈၅) ဖြစ်ပြီး အင်္ဂလိပ်က မြန်မာကုန်ဘောင်မင်း နန်းစိုက်ရာ နေရာအထိ သိမ်းပြီးတဲ့ အချိန်မှာတော့ ကုန်ဘောင်မင်းဆက် အာဏာစက် ရောက်ခဲ့တဲ့ လက်ရှိနိုင်ငံ နယ်နိမိတ် နေရာအများစုကို ဗမာနိုင်ငံ ‘Burma’လို့ သတ်မှတ်လိုက်ပါတော့တယ်။

ဒီနေရာမှာ သတိပြုရာမှာက ကုန်ဘောင်မင်းဆက် အာဏာ အပြည့်အဝ မသက်ရောက် ခဲ့တဲ့ နေရာတချို့ (ဥပမာ - ရှမ်းပြည်လို) ကို အင်္ဂလိပ်က တိုက်ရိုက်ကိုလိုနီအဖြစ် မသိမ်းပိုက်ဘဲ၊ အစောင့်အရှောက်ခံ နယ်မြေ အဖြစ် သတ်မှတ်ကာ ဒေသခံ ပဒေသရာဇ် စော်ဘွားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခဲ့ခြင်းပါ။ အင်္ဂလိပ်တွေ အနေနဲ့ သူတိုနဲ့ စစ်ဖြစ်ခဲ့ရတဲ့ မြန်မာ (ဗမာ) လူမျိုးတမျိုးတည်းသာ ဒီနိုင်ငံမှာ မနေထိုင်တဲ့ သဘောကို (ပိုသွေးကွဲစေချင်တဲ့အတွက် သုံးခဲ့တဲ့) Divide and Rule မတူကွဲပြားတဲ့ အုပ်ချုပ်ပုံစနစ်တွေ ကျင့်သုံးခဲ့ခြင်းက သက်သေပြုပါတယ်။ ဒါဟာ တနည်းအားဖြင့် အင်္ဂလိပ်တွေသုံးခဲ့တဲ့ ‘Burma’ ဟာ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ ညွှန်းဆိုသက်ရောက်တယ်လို့လည်း ဆိုနိုင်ပါတယ်။

‘မြန်မာ’ကို တိုက်ရိုက် အင်္ဂလိပ် စကားလုံးဖလှယ် သုံးထားတဲ့ ‘Myanmar’ ထက်တော့ ‘Burma’ က နိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်နေရတဲ့ အခြားမြန်မာ မဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုရာ ရောက်တယ်လို ကောက်ချက်ဆွဲရမှာ ဖြစ် တာမို့ နိုင်ငံ အမည်အမှန် ဖြစ်သင့်တာက မြန်မာကို တိုက်ရိုက် မယူတဲ့ ဗမာနိုင်ငံတော် (Burma) ပဲ ဖြစ်သင့်ပါတယ်။ ဒါဟာ တင်ပြခဲ့သလို သမိုင်းအထောက်အထား အချက်အလက်များ၊ ကိုလိုနီဖြစ်စဉ်သဘော၊ ဒို့ဗမာ အစည်းအရုံးကြီး ချမှတ်ခဲ့တဲ့ ပဒေသရာဇ်ခေတ် စနစ် မြန်မာလူမျိုးကြီးဝါဒ တိုက်ဖျက်စေလိုတဲ့ မူ အားလုံးနဲ့ ကိုက်ညီပါတယ်။

နောင်တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ အခြား လူမျိုးစုအသီးသီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့် ဖော်ဆောင် ခွင့်ရတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ် ဖော်ဆောင်နိုင်တဲ့ အချိန်ကျရင် ဖြစ်သင့်တဲ့ ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကိုလည်း ပြည်သူလူထုဆန္ဒ (အထူးသဖြင့် လူနည်းစု လူမျိုးစု တွေရဲ့ဆန္ဒ) သဘော တောင်းခံကာ ပညာရှင်များရဲ့ အကြံပြုချက်များနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့၊ သို့မဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် အမည်နာမဆိုတာ အပေါ်ယံသဘော သညာတွေသာ ဖြစ်တယ်ဆိုတာ မှန်ပေသိ ခုလောလောဆယ် တရားဝင်သုံးနေတဲ့ နဝတ စစ်အစိုးရမူ နိုင်ငံအမည် ‘မြန်မာ (Myanmar)’ ၊ လူအများစု လူမျိုးအမည် ‘ဗမာ (Bamar)’ဆိုတာဟာ ဘာသာဗေဒ၊ သမိုင်း အချက်အလက်များအရ မမှန်ပါဘူး။ မြန်မာလူမျိုးကြီးဝါဒကို အားပေးရာလည်းရောက်နေပြန်တယ်။ ပြည်တွင်းစစ်နဲ့ တိုင်းရင်းပြသ၁နာ မဖြေရှင်းနိုင်ခြင်းရဲ့ မူဝါဒပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် နောက်ခံ အကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခု ‘မြန်မာ (Myanmar) ဟေ့’ ဆိုပြီး ကြွေးကြော်နေကြခြင်းဟာ တဖက်က ကြည့်ရင် တိုင်းပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံကို ကိုယ်စားမပြုနိုင်ကြောင်း စာဖတ်သူ၊ အထူးသဖြင့် စစ်အစိုးရခေတ် မွေးဖွားကြီးပြင်းခဲ့တဲ့ သမိုင်းမှန်ကိုအစွဲကင်းကင်း စနစ်တကျ လေ့လာသင်ယူခွင့်မရခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များကို သိစေအပ်ပါတယ်။ ဒီမြန်မာ-ဗမာ နိုင်ငံအမည်ဟာ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေး ပြသ၁နာ တိုင်းရင်းသား လူမျိုးစု အချင်းချင်း သတ်ဖြတ်နေရတဲ့ ပဋိပက္ခနဲ့ဆက်စပ်နေတာကြောင့် အားလုံးအလေးထား ဆင်ခြင်သင့်ကြောင်းပါ ခင်ဗျား။

(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

(လက်ရှိ ဖြစ်ပေါ်နေတဲ့ သတင်းများနှင့် အတူ မြန်မာ-ဗမာ Myanmar-Burma အခေါ်အဝေါ် ပြသ၁နာ ပြန်လည် ဆွေးနွေးလာကြခြင်းကြောင့် စာရေးသူ၏ ၂၀၁၂ ဧရာဝတီ တွင်ဆွေးနွေးခဲ့သည့် ဆောင်းပါးကို ပြန်လည် တင်ဆက်ခြင်း ဖြစ်သည်။)

ငြိမ်းချမ်းအေး

The Ladies News

Ref:
• Hall, DGE, "Pre-Pagan Burma", (3rd Edition), (1960).
• Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004).
• Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
• Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010).
• Thant Myint-U, “The River of Lost Footsteps--Histories of Burma”, (2006).
• Thant Myint-U, “The Making of Modern Burma”, (2001).
• Ma Thanegi, “Defiled on the Ayeyarwaddy: One Woman's Mid-Life Travel Adventures on Myanmar's Great River”, (2011).
• တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂).

ဓာတ်ပုံ အညွန်း (၁) :

မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ပုဂံခေတ်ကျောက်စာမှတ်တမ်း၊ ဓာတ်ပုံ - ဆရာမ မသိင်္ဂီ စာအုပ် “Defiled on the Ayeyarwaddy: One Woman's Mid-Life Travel Adventures on Myanmar's Great River by Ma Thanegi”, (2011).

ဓာတ်ပုံ အညွှန်း (၂) : ဂျပန်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သောဗိုလ်မှူးဗထူးအမှတ်တရ ကျောက်စာ၊ အောင်ပန်းမြို့၊ ဓာတ်ပုံ - ရဲရင့်ကျော်


No comments: