Thursday, April 6, 2017

Introduction to Management နှင့် စီမံခန့်ခွဲမှုဆိုင်ရာဆန်းစစ်သုံးသပ်ခြင်း

#BBA မှာ သင်ခဲ့ရသမျှ (Introduction to Management)
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡


တကယ်တော့ စီမံခန့်ခွဲမှုပညာဟာ လူတိုင်းအတွက်အသုံးဝင် သလို နေရာတိုင်းမှာလည်း အသုံးချတတ်ရင် ချတတ်သလို အကျိုးရှိနေပါတယ်။ Definition အနေနဲ့ စီမံခန့်ခွဲတယ်ဆိုတာကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တချို့ကတော့ the art of getting things done by people. လူတွေကတဆင့် အလုပ်တွေပြီးမြောက်အောင် ရယူခြင်းအနုပညာလို့ပြောကြသလို တချို့က the achievement of objectives via the effective utilization of resources ဆိုပြီး သွင်းအားစုတွေဖြစ်တဲ့ ငွေကြေး၊ အရင်းအနှီး၊ စက်ပစ္စည်း၊ လူ၊ မြေယာ၊ တိုက်တာ အဆောက်အုံစတာတွေကို ထိထိရောက်ရောက်အသုံးချပြီး အရောက်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရယူခြင်းလို့ဆိုကြပြန်ပါတယ်။ ကျွန်တော့်အနေနဲ့ အကြိုက်ဆုံး အဓိပ္ပါယ်ဖွင့်ဆို ချက်ကိုပြောပါဆိုရင်တော့ attainment of organizational goals in an efficient and effective manner by planning, organizing, leading and controlling organizational resources. ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်သတ်မှတ်ချက်မှာ အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။

ပထမဆုံးအပိုင်းကတော့ the attainment of organizational goals ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။ အဖွဲ့အစည်းကြီးတစ်ခုလုံးဖြစ်ချင်တဲ့ရည်မှန်းချက် ပိုင်းတိုင်ကိုအရယူခြင်းဖြစ်ပါတယ်။ အဖွဲ့အစည်းဆိုတဲ့နေရာမှာ (၃) မျိုးဖြစ်နိုင်ပါတယ်။ ပုဂ္ဂလိကအဖွဲ့အစည်းတွေဖြစ်တဲ့ တစ်ဦးတည်ပိုင်လုပ်ငန်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းတွေပါဝင်တဲ့ private sector organization တွေရှိသလို စာတိုက်၊ကျောင်း၊ဆေးရုံစတဲ့ အစိုးရပိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ public sector organization တွေရှိနေပါသေးတယ်။ နောက်ဆုံးတစ်ခုကတော့ အကျိုးအမြတ်အတွက်မဟုတ်ဘဲဆောင်ရွက်တဲ့အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေဖြစ်တဲ့ voluntary or not for profit sector organization ပဲဖြစ်ပါတယ်။

ဘယ်လိုအဖွဲ့အစည်းမျိုးမှာမဆို ရပ်တည်ချက်၊ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ရှိကြစမြဲပါ။ စီမံခန့်ခွဲတယ်ဆိုတာ အဲလိုရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကို အရယူခြင်းဖြစ်တဲ့အကြောင်းပြောခဲ့ပြီးဖြစ်ပါတယ်။ Definition ပါ အပိုင်း (၁) ပိုင်းဖြစ်တဲ့ attainment of organizational goals ဆိုတဲ့အကြောင်းအရာမှာ မိမိကိုယ်တိုင်သော် လည်းကောင်း မိသားစုတစ်စု၊ လုပ်ငန်းတစ်ခု၊ နိုင်ငံတစ်ခုရဲ့ရည်မှန်းချက်တွေကို သော်လည်းကောင်း ပေါက်ရောက် အောင်မြင်အောင်လုပ်တာတွေဖြစ်ပါတယ်။

နောက်အပိုင်း (၂) ဖြစ်တဲ့ efficient and effective manner အကြောင်းဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လွယ်အောင် E (၂) လုံးလို့ခေါ်ပါတယ်။ Effective အကြောင်းစတင်ဆွေးနွေးရရင် အလုပ်တွေ၊ ရည်မှန်းချက်တွေပြီးအောင်လုပ်တဲ့နေရာမှာ ထိရောက်မှန်ကန်မှုရှိစေဖို့ အရေးကြီးတဲ့အကြောင်းဆိုလိုရင်းဖြစ်ပါတယ်။ ငယ်ငယ်တုန်းကခလေးတွေ လပတ်စာမေးပွဲတွေဖြေသလိုပေါ့ စာမေးပွဲတွေတော့ဖြေသွားတယ်။ ဖြေပြီးမေ့သွားတယ်။ တကယ်တော့ ပညာရေးရဲ့အနှစ်သာရက အခုဖြေ တော်ကြာမေ့ရမယ့် ဦးတည်ချက်မဟုတ်ပါဘူး။ ဒီလိုတွေဖြစ်ခဲ့ကြတော့ Effective မဖြစ်ကြတော့ဘဲ (၁၀) တန်းတွေအောင် တက္ကသိုလ်တွေတက် ဘွဲ့ရပြီး ဘွဲ့နဲ့ ထိုက်တန်တဲ့အရည်အချင်းမပြည့်မီတာတွေဖြစ်ကုန်တာပါပဲ။ အဲလိုပါပဲ လုပ်ငန်းတစ်ခုမှာလဲ မပြီးပြီးအောင်တော့လုပ်လိုက်တယ်။ ပြီးသွားတယ်တာရှိတာ မှားနေရင် Effective မဖြစ်ရင်အလကားပါပဲ။ ဒါကြောင့် Effective ဖြစ်ဖို့အရေးကြီးပါတယ်။

 နောက်ထပ် E (၁) လုံးဖြစ်တဲ့ Efficient ရဲ့ဆိုလိုရင်းကတော့ သွင်းအားစုတွေကို အနည်းဆုံးနဲ့အကျိုးရှိရှိအသုံးချတာပဲဖြစ်ပါတယ်။ လူများပြီး ပွဲမစည်တဲ့လုပ်ငန်းခွင်တွေရှိနေတတ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုးမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ဝန်ထမ်း Efficient Employees တွေမရှိလို့ဖြစ်ပါတယ်။ မြန်မာရာဇ၀င်မှာရှိပါတယ်။ စစ်သည်လေးသိန်းနဲ့ညီမျှတဲ့ စစ်သားလေးဦး ဖြစ်တဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီးတို့ဟာ Efficient Employees တွေဖြစ်ပါတယ်။ စစ်သည်လေးသိန်းသုံးမလား စစ်သားလေးဦးသုံးမလားဖြစ်လာ ပါတယ်။ ဒီလိုအခြေအနေမှာ စစ်သည်လေးသိန်းကို လစာနည်းနည်းနဲ့ အရေအတွက်များများသုံးမလား၊ ကျန်စစ်သားတို့ လေးဦးကို ခံစားခွင့်ကောင်းကောင်းနဲ့ လူနည်းနည်းပဲသုံးမလားဆိုတာဟာ Efficient ရဲ့ အဓိကမေးခွန်းပဲဖြစ်ပါတယ်။

လုပ်ငန်း (၂) ခုယှဉ်လာရင် ပထမလုပ်ငန်းက အလုပ်တစ်ခုကို ၀န်ထမ်း (၅) ဦးနဲ့လုပ်တာ (၁) လအတွင်းပြီးပြီး နောက်လုပ်ငန်းတစ်ခုက ပုံစံတူအလုပ်ကိုပဲ  ပုံစံတူအသုံးအဆောင်ပေးပြီး ၀န်ထမ်း (၅) ဦးနဲ့ လုပ်ပေမယ့် မပြီးဘူးဆိုရင် ပထမအလုပ်မှာရှိတဲ့ဝန်ထမ်းတွေဟာ Efficient Employees တွေဖြစ်ပါတယ်။
Management ရဲ့ Definition အရဆိုရင် သွင်းအားစုတွေကို အနည်းဆုံးနဲ့ထိရောက်မှုအရှိဆုံးအသုံးပြုပြီး ရည်မှန်းချက်ပန်းတိုင်တွေကို ရယူတာဖြစ်ပါတယ်။
ဒီနေရာမှာအဲလိုရယူဖို့အတွက် ဘာတွေလုပ်ရလဲဆိုရင် Management ပညာလေ့လာသူ တော်တော်များများသိကြတဲ့ Planning, Organizing, Leading, and Controlling (POLC) ဖြစ်ပါတယ်။

လုပ်ငန်းမှာရှိတဲ့သွင်းအားစုတွေကို အရင်တုန်းကတော့ မြေယာ၊ လုပ်သား၊ အရင်းအနီး (Land, Labour, Capital) လောက်ပဲသတ်မှတ်ခဲ့ကြပေမယ့် အခုနောက်ပိုင်းတော့ 8Ms ဆိုတဲ့ M (၈) လုံးနဲ့ အစားထိုးလာခဲ့ပါပြီ။ အဲဒီ M (၈) လုံးကတော့
1. Man
2. Money
3. Machine
4. Material
5. Market
6. Method
7. Management Information
8. Minute (Time) တို့ပဲဖြစ်ပါတယ်။

လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပေါက်ရောက်အောင်မြင်ဖို့အတွက် M (၈) လုံးကို ခွဲဝေအသုံးချရေးနဲ့ပတ်သက်ပြီး အစီအစဉ်တွေရေးဆွဲတဲ့ Planning လုပ်ရတာတွေရှိသလို၊ စုစည်းဆောင်ရွက်အကောင်အထည်ဖေါ်တဲ့ Organizing တွေလုပ်ရပါတယ်။ စီမံခန့်ခွဲတဲ့နေရာမှာ ခေါင်းဆောင်မှုပေးတယ်ဆိုတဲ့ Leading ကလည်းအရေးကြီးပါတယ်။ ယနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေရဲ့အောင်မြင်မှုဟာ ခေါင်းဆောင်ကောင်းတွေရဲ့ ခေါင်းဆောင်နိုင်မှုစွမ်းရည်အပေါ်မှာလည်းအများကြီး မူတည်နေတာကို စာဖတ်သူတို့အားလုံးအသိဖြစ်မယ်လို့ယုံကြည်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ချမှတ်ခဲ့တဲ့ရည်မှန်းချက်တွေပေါက်မြောက်အောင်မြင် အောင်လုပ်တဲ့နေရာမှာ တိန်းစောင်းတာတွေရှိခဲ့ရင် ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်တာတွေ လုပ်နိုင်အောင် ပြန်လည်ထိန်းချုပ်ဆောင်ရွက်တဲ့ Controlling ဟာအရေးကြီးပါတယ်။

အနှစ်ချုပ်အနေနဲ့ စီမံခန့်ခွဲတယ်ဆိုတာ အလုပ်တွေ၊ ရည်မှန်းချက်တွေကို ထိရောက်မှန်ကန်မှုရှိရှိရယူဖို့အတွက် သွင်းအားစုတွေကိုအကောင်းဆုံးခွဲဝေ အသုံးချရင်း Management Functions တွေဖြစ်တဲ့ POLC လုပ်တာကိုဆိုလိုရင်း ပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)
#BBA မှာသင်ခဲ့ရသမျှ

#BBA မှာ သင်ခဲ့ရသမျှ (စီမံခန့်ခွဲမှုဆိုင်ရာဆန်းစစ်သုံးသပ်ခြင်း)
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡
လုပ်ငန်းတစ်ခုဟာ ဈေးကွက်ထဲကပြိုင်ဘက်နဲ့ ယှဉ်ပြိုင်နိုင်ဖို့၊ လုပ်ငန်းရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ပေါက်ရောက်အောင်မြင်ဖို့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ရပါတယ်။ မဟာဗျူဟာတစ်ခုချမှတ်တော့မယ်ဆိုရင် အရင်ဆုံးဆန်းစစ်မှုတွေ လုပ်ရပါတယ်။ ဆန်းစစ်မှုတွေလုပ်တဲ့နေရာမှာ (၂) ပိုင်းပါဝင်နေပြီး အတွင်းပိုင်း ဆန်းစစ်တဲ့ Internal Scanning နဲ့ အပြင်ပိုင်း ဆန်းစစ်တဲ့ External Scanning ဆိုပြီးဖြစ်ပါတယ်။ Internal Scanning လုပ်တဲ့နေရာမှာ အဓိကအားဖြင့် အပိုင်း (၅) ပိုင်းကို စစ်ဆေးဖို့လိုအပ်ပါတယ်။

အဲဒါတွေကတော့
1. စီမံခန့်ခွဲမှုဆိုင်ရာဆန်းစစ်သုံးသပ်ခြင်း
2. ဈေးကွက်ရှာဖွေထူထောင်မှုဆိုင်ရာဆန်းစစ်သုံးသပ်ခြင်း
3. ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်သုံးသပ်ခြင်း
4. ထုတ်လုပ်မှုဆိုင်ရာ ဆန်းစစ်သုံးသပ်ခြင်း နဲ့
5. သုတေသနနဲ့ဖွံ့ဖြိုးမှုဆိုင်ရာဆန်းစစ်သုံးသပ်ခြင်းတွေဖြစ်ပါတယ်။

(၁) စီမံခန့်ခွဲမှုဆိုင်ရာဆန်းစစ်ခြင်း
စီမံခန့်ခွဲမှုဆိုင်ရာဆန်းစစ်ခြင်းပြုလုပ်တဲ့နေရာမှာ အများအားဖြင့် (၅) ခုလောက်ကို ဆန်းစစ်ဖို့လိုအပ်ပါတယ်။
(က) အစီအစဉ်ရေးဆွဲခြင်း

• လုပ်ငန်းမှာရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိရဲ့လား?

• ယှဉ်ပြိုင်မှုတွေအတွက် လုပ်ငန်းတစ်ခုလုံးဆိုင်ရာ မဟာဗျူဟာ Strategy တွေရှိရဲ့လား?

• PESTLE Analysis လို့ခေါ်တဲ့ Political (နိုင်ငံရေး)၊ Economical (စီးပွားရေး)၊ Social (လူမှုရေး)၊ Technological (နည်းပညာ)၊ Legal (ဥပဒေ)၊ Environmental (ပတ်ဝန်းကျင်) ဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာခဲ့ရင် ရင်ဆိုင်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုကြိုတင်စီစဉ်ထားတာတွေရှိရဲ့လား?

• ဈေးကွက်ထဲမှာရှိနေတဲ့ပြိုင်ဘက်တွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေအပေါ်မှာရော ဆန်းစစ်မှုတွေရှိရဲ့လား?

• လုပ်ငန်းအတွက် အဓိကအရေးပါတဲ့ စားသုံးသူ (Customers) တွေ၊ ကုန်ကြမ်းတင်သွင်းသူ (Suppliers) တွေ၊ ကုန်ပစ္စည်းဖြန့်ဖြူးသူ (Distributors) တွေ၊ မြှီရှင် (Creditors) တွေ၊ ရှယ်ယာဝင် (Shareholders) တွေ၊ ၀န်ထမ်းတွေ (Employees) တွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ စောင့်ကြည့်မျှော်မှန်းထားတာ တွေရှိရဲ့လား?

• ထိရောက်တဲ့ရသုံးမှန်းခြေ (Budget) လုပ်ငန်းစဉ်တွေအတွက် ကြိုတင်ဆောင်ရွက် ထားတာတွေရှိရဲ့လား?

• တိကျမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက် မဟာဗျူဟာမြောက်စီမံ ခန့်ခွဲမှု Strategic Management နည်းလမ်းတွေကိုအသုံးပြုရဲ့လား?

• စနစ်တကျရေးဆွဲထားတဲ့ လုပ်ငန်းရဲ့ Mission Statement ရှိရဲ့လား?

• အရေးပေါ်အကြောင်းအရာတွေအတွက် ကြိုတင်စီစဉ်ထားတဲ့ Emergency Plan တွေရှိရဲ့လား?

• ရေးဆွဲချမှတ်ထားတဲ့ ပန်းတိုင်အပေါ်မှာ အခြေခံပြီးတော့ လုပ်ငန်းရဲ့သွင်းအားစုတွေကိုခွဲဝေအသုံးချရဲ့လား?

• လုပ်ငန်းကြီးအပေါ်မှာရှင်းလင်းပြတ်သားမှုရှိရှိထောက်ပံ့နိုင်တဲ့မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေရှိရဲ့လား?

လေးစားစွာဖြင့်

ပိုင်စိုး (Management)
#BBA မှာသင်ခဲ့ရသမျှ

Credit:  ဆရာပိုင်စိုးရဲ့ FB Page

No comments: