==================
'မမကိုယ်တိုင်က'သီချင်းသည် အချိန်ကာလအားဖြင့် နှစ်ပေါင်းလေးဆယ်ကျော် ကြာခဲ့ပြီ ဖြစ်သည်။သို့နှင့်တိုင် အဆိုပါ သီချင်းသည် အိုဟောင်းဆွေးမြေ့မသွားဘဲ သင်္ကြန်ချိန်ခါ ရောက်တိုင်း ရေးပန်းစားနေဆဲပင်။ အနုပညာတစ်ခု၏ စစ်မှန်သည့်မှတ်ကျောက်ကို အချိန်ကာလနှင့် တိုင်းကြ သည်။ နေရာဒေသ နယ်နမိတ်ကို ကျော်လွှားခြင်း ရှိ၊ မရှိနှင့် စံထိုးတတ်ကြသည်။ ၀မ်းနည်းဖွယ် ကောင်းသည်မှာ “မမကိုင်တိုင်က”သီချင်း သီဆိုရေးသားသူ မူလပိုင်ရှင်မှာ မုံရွာသားတစ်ဦးဖြစ် ကြောင်း ခေတ်လူအများစုအပါအ၀င် သင်္ကြန်သီချင်း ချစ်တတ်သူမအများစု သတိထားမှု နည်းနေ သည့် အချက်ပင်ဖြစ်ပါသည်။ သူက ဦးအုန်းမင်းဖြစ်ပါသည်။ ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ရှိလာသည့်တိုင် သူဖန်တီးလိုက်သည့် 'မမကိုယ်တိုင်က'သီချင်းမှာမူ သေဆုံးသွားခြင်း မရှိဘဲဆက်လက်ရှင်သန်နေဆဲ ဖြစ်နေပါသည်။
ဒါက အနုပညာ၏ တန်းတစ်ခုဖြစ်သည်ဟု ဆိုရပါမည်။
“မမကိုယ်တိုင်က” သီချင်းကို နာမည်ကျော် တေးသံရှငိ သုမောင်လည်း သီဆိုခဲ့သည်။ သင်္ကြန်မင်းသားကြီး ဇော်ဝမ်းလည်း သီဆိုဖူးသည်။ နောက်ပိုင်းမျိုးဆက် အကယ်ဒမီ ရန်အောင် အကယ်ဒမီ စိုးသူမှသည် ရော့ခ်ဂီတသမားဟု ပြောနိုင်သည့် ရင်ဂို အထိပါ သီဆိုခဲ့ကြသည်။
သည်လိုနှင့် “မမကိုယ်တိုင်က” သီချင်းသည် သင်္ကြန်ဝိညာဉ်အဖြစ် မြန်မာပြည်အနှံ့ ပျံသန်း နေသည်မှာ နှစ်ပရိစ္ဆေဒေ ကြာညောင်းလာခဲ့သည် အထိပင်။ သီချင်းမှာ ယင်းကဲ့သို့ ဂန္တဝင်ဆန်လှ သလို ရေးစပ်သီဆိုဖြစ်ခဲ့သည့်အကြောင်းအရင်းနှင့် သီချင်း၏ ရာဇဝင်ကလည်း ခမ်းနားလွန်းလှ ပါသည်။
၁၉၇၄-၇၅ မန္တလေး၏ အတာတန်ခူး ညတစ်ညတွင် ဖြစ်သည်။နေရာကား မန္တလေးမြို့ရှိ တစ်ခု သော ဘုန်းကြီးကျောင်းဝင်းမှာ--။ထိုအချိန်က အသက်သုံးဆယ်အရွယ်ရှိ လူရွယ်တစ်ဦး၏ စိတ်ထဲ တွင် မခံချိမခံသာ ရှိနေသည်။ထိုညက လေရူးတွေ တိုက်ချင်လည်း တိုက်နေလိမ့်မည်။ ပိတောက်ပန်း ရနံ့များ မွှေးအီနေချင်လည်း နေလိမ့်မည်။သို့တည်းမဟုတ် သင်္ကြန်မိုးလေးများ ဖွဲဖွဲသဲသဲ ကျချင်လည်း ကျနေလိမ့်မည်။လူရွယ်စိတ်ထဲတွင် အပြင်ပန်း ပတ်ဝန်းကျင်ထက် တစ်ခုခုကို သည်းသည်းမည်းမည်း စဉ်းစားနေမိသည်။မနေ့က အဖြစ်အပျက်က သူ့ခေါင်းထဲက ထုတ်၍မရပေ။ သူတို့သင်္ကြန်ကားမှာ ဒေါ့ဂျစ်ကား။သူတို့ “ရွှေစွန်ညှိ” သင်္ကြန်အလှပြယဉ်ကား နဂါးဒေါ်ဦး၏ မဏ္ဍပ်သို့ ဖျော်ဖြေချိန်တိုင်း အလှအပ ကပျိုဖြူတို့မှ ပြန်လည်ဧည့်မခံဘဲ ကလေးတွေနှင့်သာ ကပြဖျော်ဖြေသည်ကို မခံနိုင် လောက်အောင် ခံစားနေရသည်။ထိုမခံချင်စိတ်နှင့် တေးသွားတစ်ပုဒ်ကို ညတွင်းချင်း တစ်ထိုင်တည်း အပြီး ရေးလိုက်သည်။
''ေ ရွှ စွ န် ညို ပျံ ကာ ဝဲ မြူး မြူး ကြွ ကြွ ..
စ ည် တို သံ ညံ မ ဆဲ နှ စ် ဦး တ န် ခူး လ..
အ တာ ပွဲ မှာ ဆုံေ တွ့ ကြ
မိုးေ ကာ င်း က င် မှာ ကြ ယ် နဲ့ လ
က မ္ဘာေ မြ တ ခွ င် မှာေ မာ င် နဲ့  နှ မ
ေ န နဲ ့ လ ေ ရႊ နဲ့ မြ
ေ ပြာ မ ကု န် ရှု မ ဝ
ေ ခ် ာ ေ ခ် ာ ေ ခ် ာ ေ မ ာ ေ မ ာ လွ လွ ပ ပ
က က မ မ ကို ယ် တို င် က
(အ တ ာ ဦ း မွ ာ ဆံု ေ တြ ႔ ၾက
ေ မ ့ မ ရ နို င် ဘူး ဗျ
ဒီ လို ချိ န် ခါေ တွ့ ကြ ရ
မု န်း ပါ ဘူး တဲ့ ဗျ ) ၂
မြူး မြူး ကြွ ကြွ ထူး ထူး ပ ပေ တး သံ လှ လှ
ထူး ထူး ပ ပ မြူး မြူး ကြွ ကြွေ တး သံ လှ လှ
က ချ င် တို င်း က
က ေ လ း ေ တြ ပဲြ မ ထု တ္ ရ
က ေ လ း ေ တြ ပဲြ မ ထု တ္ ရ
ေ မ ာ င္ ေ မ ာ င် ဆို ရ င် မ မ က
ေ မာ င်ေ လး ဆို ရ င် မ မ က
က က မ မ ကို ယ် တို င် က။"
ဘုန်းကြီးကျောင်းဝင်းအတွင်း တထိုင်တည်းစပ်ဆိုလိုက်သည် သီချင်းတစ်ပုဒ်သည် အနုပညာ ယုံကြည်ချက် နှင့် ရိုးဂုဏ်ကို အထင်းသားတွေ့နေရပြီး ယင်းမှသည် ယနေ့အချိန်ထိ သင်္ကြန်ရင်ခွင် ခိုဝင်နေသည်မှာ ဆန်းတော့ မဆန်းလှ..။ရေးစပ်သီကုံးပြီး နောက်တစ်ညမှာပင် နဂါးဒေါ်ဦးမဏ္ဍပ်သို့ သွားရောက်ဖျော်ဖြေရာ ဒေါ်ဦးကိုယ်တိုင်ပင် တေးရေးသီချင်းရေးသူ မတ်တပ်ရပ်ပြပါဟုတောင်းလိုက် သည့် အဖြစ်က မှတ်မှတ်ရရ ဖြစ်ခဲ့ရသည်။ထိုအချိန်မှစ၍ မုံရွာမြို့က မုရွာသားတို့၏ ရွှေစွန်ညှိ အလှပြ ယာဉ်ကားသည် မန္တလေးသင်္ကြန်သို့ နှစ်စဉ် သွားရောက်ဖျော်ဖြေခဲ့ရသည်။ ဒါသည်ပင် ဥိီးအုန်းမင်း ရေးသားခဲ့သည့် သီချင်း၏ ရာဇဝင်ပင် ဖြစ်သည်။
သို့သော် “မမကိုယ်တိုင်က ” သီချင်း ပရိသတ်ဆီ ရောက်လာချိန်မှာတော့ အနုပညာဖန်တီးမှု အပိုင်း ပြသနာစလာပါသည်။မူပိုင်ခွင့်အရေးက ပြတ်ပြတ်သားသား မရှိလှသည့်အချိန်ကာလာ ဖြစ်သည့်အလျှောက် ဦးအုန်းမင်း ရေးစပ်သီဆိုသော ရင်တွင်းဖြစ် သီချင်းမှာ “စန္ဒယားအောင်ကြီး” ဆိုသူ၏ လုယုခြင်းကို ခံခဲ့ရသေးသည်။မမကိုယ်တိုင်က သီချင်းအပါအဝင် သီချင်းအပုဒ်ပေါင်းများစွာ ရေးဆိုခဲ့သည့် ဦးအုန်းမင်းကို ၁၉၄၅ခုနှစ်တွင် မွေးဖွားခဲ့သည်။မွေးချင်း မောင်နှမလေးဦးတွင် သား အကြီးဆုံး ဖြစ်ပြီး အနုပညာတွင် လက်ဦးဆရာမှာ ဦးလေးခန့် ဖြစ်သည်။မိုးပုလဲ ဦးဌေးမောင် ထံတွင် လည်း ဂီတပညာများကို ဆည်းပူးလေ့လာခဲ့သည်။ဦးအုန်းမင်း၏ သီချင်းများထဲတွင်'ထူးမြူးလတန်ခူး' သီချင်းမှာလည်း ထင်ရှားကျော်ကြားသည်။ယင်းသို့ သီချင်းအပုဒ်ပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သော် လည်း ဦးအုန်းမင်းမှာ မိမိကိုယ်မိမိ အညတြဟုသာ ယူဆခဲ့သည်။
ထိုကြောင့် မမကိုယ်တိုင်က၏ သီချင်းမူပိုင်ခွင့်တွင် သူ၏မိတ်ဆွေများက အားတက်သရော ရှိလှ သော်လည်း သူကမူ ခပ်အေးအေးသာ တုန့်ပြန်ခဲ့သည်။
``မလုပ်ပါနဲ့ဗျာ။ကျွန်တော်က ငမွဲပါ။ မြန်မာ့အသံကိုရောက်ဖို့ မလွယ်ဘူး။မပြောပါနဲ့ဗျာ"ဟုသာ သူ့မိတ်ဆွေများကို တားမြစ်ခဲ့သည်။သည်လိုနှင့် အဆိုတော် ရုပ်ရှင်မင်သား သုမောင် သီဆိုပြီး ရုပ်သံမှ ထုတ်လွှင့်ခဲ့သော အချိန်တွင် မမကိုယ်တိုင်က သီချင်း ရေးစပ်သီကုံးသူမှာ စန္ဒယား အောင်ကြီးဟု အမည်တွင်သွားခဲ့သည်။
ထိုအချိန်ထိုအခါများဆီက စန္ဒယားအောင်ကြီးမှာ အစိုးရဌာနများ၌ ရာထူးကြီးကြီး ရယူထား၍ မူပိုင်ခွင့်အရေးတွင် အဟန့်အတားများစွာ ပေါ်ခဲ့ရသည်။သို့သော် ချင်းတွင်းကျော်စွာလှိုင်၊ အေးမင်း (မန်းတက္ကသိုလ်)တို့က အနုပညာကြေးမုံတွင် မမကိုယ်တိုင်က၏ အကြောင်းကို ဆောင်းပါးများစွာ ရေးသားခဲ့ကြသည်။တစ်ဖက်တွင်လည်း ရှေ့နေရှေ့ရပ်များနှင့် တားမြစ်စာ ထုတ်ခဲ့ကြသည်။ မိတ်ဆွေအပေါင်းတို့ကလည်း နည်းမျိုးစုံဖြင့် ဦးအုန်းမင်းသီချင်း ပြန်ရယူရန် ကြိုးစားပေးခဲ့ကြသည်။ ဒါ့အပြင်နဂါး ဒေါ်ဦးမှလည်း ယင်းမူပိုင်ခွင့် ပြဿနာတွင် ဦးအုန်းမင်းဘက်မှ ရပ်ခံပေးခဲ့သည်ဟုလည်း သုံးသပ်ပြောဆိုကြပါသည်။ဤတွင်မှ သီချင်းရေးစပ်ပြီး လေးငါးနှစ်အကြာတွင် ဦးအုန်းမင်း သူဖန်တီးလိုက်သော သီချင်းကို ပြန်လည် ပိုင်ဆိုင်ခွင့်ရလိုက်သည်။
အရပ်အမောင်း အသင့်အတင့်၊ လူပုံပိန်သွယ်သွယ် ဦးအုန်းမင်းမှာ အမြဲလိုလို နုတ်ခမ်းတွင် အပြုံး တပ်ဆင်ထားသည်။ နေကာမျက်မှန် နှစ်သက်ပြီး သူတစ်ပါးကို အားနာတတ်သည်။သီချင်းရေးရုံမက ရွှေအိနြေ္ဒဇာတ်လည်း ထူထောင်ခဲ့ဖူးသည်။သူ့တည်ထောင်သည့် ရွှေအိနြေ္ဒမှာ အနုပညာအရ အင်မ တန်အောင်မြင်လှသော်လည်း စီးပွားရေးအရသူ့အတွက် ဘာတစ်ခုမှလက်ဆုပ်လက်ကိုင်မကျန်ခဲ့ပေ။ အနုပညာအရာတွင် ပါရမီမြောက်သော်လည်း စီးပွားရေးအရာတွင် ချိုတဲ့ခဲ့သည်။ သူကိုယ်တိုင် အနု ပညာကိုသာ ဘဝတစ်လျှောက်လုံး ရူးသွပ်အချိန်ပေးခဲ့ပြီး မိသားစုအတွက်ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အိမ် တစ်လုံးကိုမျှ မဖန်တီးနိုင်ခဲ့ပေ။
ထိုအချိန်၊ထိုအခါက စီမံကိန်းသီချင်းများ ရေးသားလျှင် နေစရာဝင်းများတောင်းပါကပေးအပ်သည် များ ရှိသော်လည်း သူက မတောင်းဆိုခဲ့ပါချေ။မမကိုယ်တိုင်က သီချင်းများအတွက် တေးရေး ဥာဏ်ပူ ဇော်ခ အတော်များများသည်လည်း သူကွယ်လွန်ပြီးမှသာ ရရှိခဲ့သည်။ရရှိသည့် ငွေရေးကြေးရေး ပမာဏများထက် ဤကဲ့သို့ အရေးတယူ အသိအမှတ်ပြု ခံရသည်ကို သူ့မိသားစုများက ကျေနပ်ကြည် နူးနေကြသည်။ချင်းတွင်းကျော်စွာလှိုင်ကမူ မမကိုယ်တိုင်က သီချင်းအတွက် အနုပညာခံစားခွင့်အဖြစ် ဦးအုန်းမင်းကွယ်လွန်ပြီး ၁၉၉၀ခုနှစ် တစ်ဝိုက်တွင် ဇနီးထံဖြစ်သူထံ ကျပ်တစ်သိန်းတစ်သောင်း လွှဲခဲ့ ဖူးသည်ဟု ဆိုသည်။
ထို့အပြင် နောက်ပိုင်းကာလများတွင်လည်း မြို့မအသင်းကြီးက ဦးကိုကိုလွင်မှတဆင့် နှစ်စဉ်နီးပါး အနုပညာကြေးများ သူ့မိသားစုများ ရရှိခဲ့ကြသည်။မမကိုယ်တိုင်က သီချင်း၏ ရာဇဝင်ကခမ်းနား လှသလို၊ သီချင်း၏ မူပိုင်ခွင့် ပြဿနာမှာလည်း လွမ်းဖို့ ကြေကွဲဖို့ ကောင်းလှသည်။ ထိုနည်းတူစွာ သီချင်းမွေးဖွားရာနောက်ခံ ပတ်ဝန်းကျင် မုံရွာသင်္ကြန်မှာလည်း ပြောစမှတ်ပြုလောက်အောင်ကြီး ကျယ်လှသည်။သိခွင့်ကြုံခွင့်ရသူ မုံရွာသားများ အဆိုအရ ၁၉၆၀ခုနှစ်မှ ၁၉၈၈ခုနှစ် အတွင်း မုံရွာ သင်္ကြန်မှာ အစည်ကားဆုံး၊ အခမ်းနားဆုံး၊ အနုပညာအဆန်ဆုံး ဖြစ်သည်ဟု တညီတညွှတ်တည်း မှတ်ချက်ပြုကြသည်။
မြန်မာတို့၏ ရိုးရာ အမွေအနှစ် မဟာသင်္ကြန်ကို နှောင်းပိုင်း လေ့လာသူများက အမျိုးအစား နှစ်ရပ် သရုပ်ခွဲပြကြသညပထမ အမျိုးအစားမှာ ရေသဘင်၊ရေကစားပွဲသက်သက် ဖြစ်သည်။ထိုရေကစားပွဲ သည် ဖျော်ဖြေရေး ပျော်ပွဲရွှင်ပွဲ သက်သက်ဟု ယူဆကြသည်။အခြား အနှစ်သာရများ ကိန်းအောင်း ပါဝင်ခြင်း မရှိပေ။ဒုတိယတစ်ခုမှာ အတာညတန်ခူးတွင် အတီး၊ အမှုတ်တေးသံသာများဖြင့် ဖျော်ဖြေ ကပြကြခြင်း ဖြစ်သည်။ထိုအမျိုးအစားတွင် ပျော်ပွဲရွှင်ပွဲထက် အနုပညာယဉ်ကျေးမူကို အလေးပေး သည်။
၁၉၈၈ခုနှစ် မတိုင်မီ မုံရွာသင်္ကြန်က အနုပညာယဉ်ကျေးမူ ကဲသည့် ပွဲတော်တစ်ခု ဖြစ်ခဲ့ပေသည်။
ပန်းချီ၊ ပန်းပု၊ ဂီတများနှင့် ထုံသင်းပျံ့သော ညများ ဖြစ်ခဲ့ရသည်။'သွဲ့ပြောင်းပြောင်း ညှင်းသွဲ့သွဲ့ သင်္ကြန်" ဟုဆိုရမည်။ထိုစဉ်က အကမဏ္ဍပ်များတွင် ဘုရားကြီးရပ်ကွက်မှ ယမင်းရွှေစင်၊ ပိတောက် ရွှေဝါ၊ စံပယ်ဖြူ၊လှကေသီနှင့် ကျောက်ရိုင်းတို့က နာမည်ကြီးသည်။ရုံးကြီးရပ်ကွက်၌ မိုးစန္ဒာရှိသည်။ ဒေါနခြံရပ်ကွက်၌ အနည်းဆုံးအဏ္ဍပ် သုံးခု ခန့် ရှိသည်။သာစည်လမ်းတလျှောက်တွင်လည်း ဖြူနီညှိဝါ၊ ရွှေဝတ်မှုန်တို့က အပြိုင်အဆိုင် ကပြဖျော်ဖြေကြသည်။ အောင်မင်္ဂလာရပ်ကွက်မှာ ကြော့ထိပ်ထားက နေရာယူထားသည်။ယခုအခေါ် အေးသာယာ(အုန်းခြံ)ရပ်တွင် ပိတောက်သိင်္ဂီ ရှိသည်။ ပေ ၈၀လမ်းတွင်လည်း မဏ္ဍပ်များက ရှိသေးသည်။ထိုမဏ္ဍပ်များက ပုဂ္ဂလိကများနှင့် ကိုယ့်စရိတ်ကိုယ်စိုက်၍ တည်ထောင်ထားသည်။ထိုသည်နှင့်အပြိုင် အစိုးရပိုင် ဗဟိုမဏ္ဍပ်က နှစ်စဉ်တိုင်း ရှိနေသည်။
ထိုအခါက သင်္ကြန်သံချပ်အဖွဲ့များကလည်း ခေတ်စားသည်။ ကြာရုပ်၊ ရွက်ပုန်းသီး၊ တိုက်ကြက်၊ ရုပ်စိမ်း၊ လေလွင့်သတို့သားနှင့်ကျောက်ကျော စသည့် အဖွဲ့များ ..။အလှပြသင်္ကြန်ကားများကလည်း အစီအရီ ရှိလှသည်။ နော်ချင်းထပ်၍ နွဲ့တတ်သူ၊ အပယ်ခံငုဝါ၊ ရွှေစွန်ညှိ၊ နွေဥသြ၊ နွေတေးသစ္စာရှင်၊ လက်ပံနီနှင့် ထီးမပါသော ဥသြဌက် စသည့် သင်္ကြန်ရိုးရာ ကားများ--။
ထို့အပြင် ခေတ်ပေါ်ဂီတ သင်္ကြန်ကားများကလည်း ရှိသေးသည်။ထိုအထဲတွင် ပိတော်ရိုင်း၊ လှိုင်း|ငွေဇာလှိုင်း၊ ကျောက်ရိုင်း၊ ဗေလုဝ|ဆန်းဖလားဝါး|တေးလိပ်ပြာ|ကုမုဒြာနှင့်ဗေလုဝ စသည့် ခေတ်ပေါ်ဂီတကားများ။ကျောက်ရိုင်းဆိုလျှင် ၁၉၈၆-၈၇ခုနှစ်တွင် ဗဟိုမဏ္ဍပ်၌မြို့တော်သိန်းအောင် ဆိုင်းအဖွဲ့နှင့် ပူးတွဲဧည့်ခံခဲ့သည်။ရိုးရာနှင့် ခေတ်ပေါ်ဂီတာ နှစ်ခု၏ ဟာမိုနီဖြစ်မူကို လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ပြသတီးခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ယနေ့ခေတ်ယနေ့အခါသမယတွင် နိုင်ငံတစ်နိုင်၏ အင်အားကို စစ်ရေး၊ စီးပွားရေး အင်အားတို့နှင့် အကဲဖြတ်မူ ခေတ်ကုန်သွားခဲ့ပြီ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ကမ္ဘာ့အလယ်ဝင့်ထည်ဖို့ဆိုလျှင် ထိုနိုင်ငံ၏ပညာရေး၊ယဉ်ကျေးမူ အဘယ် မျှထိ ဖန်တီးနိုင်စွမ်း ရှိ၊ မရှိ စသည့် အချက်များနှင့်လည်း ချိန်ထိုးကြည့်လာကြသည်။
နိုင်ငံတစ်နိုင်ငံ၏ အနုပညာယဉ်ကျေးမူသည် ထိုနိုင်ငံ၏ ပါဝါပင် ဖြစ်သည်။ထိုမျှမက ယနေ့ခေတ် လို နည်းပညာနှင့် ဂလိုဘယ်လိုက်ဇေးရှင်းအားကောင်းလာပြီး သယ်ယူပို့ဆောင်ရေးတစ်ခေတ်ဆန်း ချိန် မျိုး၌ မိမိနိုင်ငံကသာ အနုပညာကိုယ်ခံအားအား မကောင်းပါက တိုင်းတပါးတို့၏ ယဉ်ကျေးမူက လွှမ်းမိုးသွားလိမ့်မည်။ထိုသို့သော အနုပညာယဉ်ကျေးမူ အားကောင်းဖို့ အသွေးအသက်တမျှ အရေး ကြီးလှသည့် အခါသမမျိုးတွင်မှ မုံရွာသင်္ကြန် အနုပညာ ယဉ်ကျေးမူက နေဝင်ချိန် ရောက်ခဲ့ရသည်။
၁၉၈၈အရေးအခင်းကြီး နောက်ပိုင်းတွင် စစ်အုပ်ချုပ်ရေးနှင့် ကြုံခဲ့ရပြီး မုံရွာထွက် အနုပညာ ထုတ်ကုန်များ ခြောက်ခမ်းသွားခဲ့ရသည်။မုံရွာ သင်္ကြန်ယဉ်ကျေးမူ၏ နိဂုံးကာလများပင်ဖြစ်သည်။
ဤသို့ အနုပညာယဉ်ကျေးမူ တိမ်ကောလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ရေကစား ပျော်ပွဲ ရွှင်ပွဲက အရှိန်ရသည်။ အကျိုးဆက်အဖြစ် စိတ်လွတ်ကိုယ်လွတ် သောက်စားမူ မြင့်တက် လာသည်။ ရန်ပွဲများ၊ အသက်သေဆုံးမူများ ပိုများလာခဲ့သည်။ယခင် အနုပညာယဉ်ကျေးမူ အားကောင်းသည့် ချိန်ခါမျိုးတွင် ညဘက် တီးမှုတ်ဖျော်ဖြေစရာ ရှိသည့်အတွက် သင်္ကြန်ညနေခင်းများ၌ လူငယ်များ ကိုယ်တိုင် ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့ကြသည်။ယနေ့ဖြစ်ပျက် မြင်တွေ့နေရသည့် ရာဇဝတ်မူများ၊ အဓမ္မမူများ စသည်တို့မှာ အနုပညာအားပျော့လာမူနှင့် တနည်းတဖုံ ဆက်စက်လေမည်လားဟု တွေးဆစရာ များလည်း ရှိလာပါသည်။
ဆရာကြီး မောင်ခင်မင်(ဓနုဖြူ )က ယခုလို ဆိုပါသည်။"ပညာရှာဖို့ တံခါးကြီးနှစ်ပေါက် ရှိတယ်။ ဒီနှစ်ပေါက်ကို မျှမျှတတ အသုံးချတတ်ဖို့ လိုပါတယ်။ဒါက ဘာလဲဆိုရင် အသိပညာရရာရကြောင်း သိစရာ၊မှတ်စရာကို ဦးနှောက်တံခါးကတဆင့် အသိပညာ ရှာတာမျိုး ဖြစ်ပါတယ်။တစ်ဖက်ကတော့ နှလုံးသားတံခါးကိုဖွင့်ပြီး ရင်ထဲနှလုံးထဲကို စိတ်ကောင်းစေတနာကောင်းတွေ ဝင်နိုင်အောင် ရှိပြီးသား ဆိုရင်လည်း နိုးကြားလာအောင် လုပ်ဖို့ ဖြစ်ပါတယ်။ပတ်ဝန်းကျင်ကို မေတ္တာစေတနာ ကရုဏာထားဖို့ လိုပါတယ်။အမှား အမှန်ကို ဆင်ခြင်တုံတရားတွေနဲ့ ခွဲခြားတတ်ဖို့ လိုပါတယ်။စိတ်ကောင်း နှလုံး ကောင်း နိုးကြားဖို့က အနုပညာမြောက်တဲ့ ရသပါတဲ့ စာကောင်းပေကောင်းတွေ ဖတ်ဖို့ လိုပါ တယ်" …။
ဆရာ နေဝင်းမြင့်ကတော့ "စာပေဆိုတာ ဥပမာ တစ်ခု ပေးလိုက်တာပါ။အနုပညာဆိုတာထဲမှာ စာပေ၊ဂီတ၊ ပန်းပု၊ ပန်းချီ စတဲ့ နယ်ပယ်ကြီး တစ်ခုလုံးပါတာပေါ့"ဟု ဆရာကြီး၏ စကားကို ထပ်မံ ဖြည့်စွက်ပါသည်။ယနေ့အစိုးရအနေဖြင့် ထိုထောက်ပြချက်များကို အလေးအနက်စဉ်းစားခန်းဝင်ကြည့် သင့်ပါသည်။
'မမကိုယ်တိုင်က'သီချင်းပိုင်ရှင် ဦးအုန်းမင်းသည် ၁၉၈၇ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ မုံရွာ ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။သူကွယ်လွန်သွားသည့်တိုင် သူဖန်တီးထားခဲ့သည့် သီချင်းမှာ ဆိုနေရဆဲ တီးနေရဆဲ ဖြစ်ပါသည်။ဧပရယ်နွေနေကား ပူုပြင်းလွန်းလှသည်။
မိုးရိပ် မိုးဟန်များ ကောင်းကင်ယံထက်တွင် မြင်နေရသော်လည်း မိုးရေမိုးပေါက်များက တစ်စက် လေးမျှ ရွာချမလာသေးပါ။ပိတောက်ပင်ယံထက်၌ ပိတောက်ဖူးများက ခဲနေအောင် ဖူးနေကြသည်။ သူတို့ သင်္ကြန်လက်ဆေးမိုးကို မျှော်လင့်နေကြသည်။သည်နှစ် မုံရွာသင်္ကြန်တွင် မြို့သူမြိုသား အပေါင်း တို့ အတာရေဖြင့် ငြိမ်းအေးနိုင်ကြပါစေသတည်း ။ငြိမ်းချမ်းရေး သင်္ကေတ ပိတောက်ပန်း တို့လည်း ဖူးပွင့် ဝေဆာနိုင်ကြပါစေသတည်း။ နောက်ထပ် နောက်ထပ် ဦးအုန်းမင်းလို ဂီတပါရမီ သန်သူများကိုလည်း မြို့မုံရွာမှ မွေးထုတ်ပေးနိုင်ပါစေသတည်း။
'မမကိုယ်တိုင်က'ဆောင်းပါး ဖြစ်မြောက်ရန်အတွက်
ပုံနှင်တကွ သိလိုသမျှကို စိတ်ရှည်လက်ရှည် အချိန်ပေး ကူညီ ဖြေပေးခဲ့သည့် ဆရာဦးတင်အေး(ကျောက်ရိုင်း)
ဆရာချင်းတွင်းကျော်စွာလှိုင်
ဦးအုန်းမင်း၏ မိသားစုတို့ကို အထူးပင် ကျေးဇူးတင်ပါသည်။
နိုင်စိုး
#မုံရွာဂေဇက်
Credit: Monywa Gazette
No comments:
Post a Comment