Monday, March 21, 2016

နေလောင်ကာကရင်မ်ရွေးချယ်နည်းလမ်းညွှန်



နွေရောက်ပါပြီ။နေရောင်ထဲမှာ ပါလာတဲ့ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး၊ အရေပြားဆဲလ်တွေကိုတိုက်ခိုက်ပါတော့တယ်။ ဒါကြောင့်တနေ့တခြားသိသိသာသာ ပူနွေးလာတဲ့ကမ္ဘာကြီးအတွက်သင့် အသားအရေကိုခရမ်းလွန်ရောင်ခြည် အန္တရာယ်မှကာကွယ်ထားဖို့လိုအပ်ပါတယ်။

UV rays ဆိုတာ…

ခရမ်းလွန်ရောင်ခြည် လို့ ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA နှင့် UVB ဆိုပြီး ၂-မျိုးရှိပါတယ်။

(၁) UVA က “အိုမင်း ရင့် ရော်ခြင်း” ကိုဖြစ်စေတဲ့အပြင်၊ အရေပြားအောက်ခြေရှိ collagen ကို ပျက်စီးစေကာ အသားအရေ အဖတ်လန်ခြင်း၊ ခြောက် သွေ့ ခြင်းနှင့် အရွယ်မတိုင်မှီ အရေပြားအိုမင်းခြင်းကိုဖြစ်စေပါတယ်။

(၂) UVB က “နေလောင်ခြင်း” ကိုဖြစ်စေတာကြောင့် ဖြစ် နိုင်ရင် နံက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀နာရီအတွင်း နေပူဒဏ်မခံရင် အကောင်းဆုံးပါဘဲ။

ခရမ်းလွန်ရောင်ခြည်ဒဏ် သက်သာစေဖို့ နေပူထဲထွက်တဲ့အခါမှာ

(က) ချည်သားအ၀တ်အထည် ချောင်ချောင်ပွပွတွေကိုသာ ၀တ်ဆင်ပါ။

(ခ) အရောင် ဖျော့ဖျော့လေးတွေ ရွေးဝတ်ပါ။

(ဂ) ဦးထုပ်-ထီး ဆောင်းပါ။ (UV ကာကွယ်တဲ့ ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါတယ်)

(ဃ) မျက်စိအမြင်အာရုံ တစ်ခုလုံးကို ဖုံးအုပ်ပေးနိုင်တဲ့ နေကာမျက်မှန်ကြီးကြီးတပ်ပါ။

(င) နေပူခံကရင်မ် တွေလိမ်းပေးပါ။

(စ) ရာဘာဖိနပ်တွေမစီးပါနဲ့ ။

Sunscreen ဆိုတာ …

Sunscreen ဆိုတာနေလောင်ဒဏ်ကာကွယ်ပေးတဲ့ကရင်မ်တစ်မျိုးပါ။အကယ်၍ Sunscreenကရင်မ်ကိုကြိုတင်လိမ်းထားတဲ့အခါ၊ထိုကရင်မ်ကခရမ်းလွန်ရောင်ခြည်တွေ အရေပြားထဲသို့ ဝင်မလာအောင် ဆီးကြိုစုပ် ယူပြီးတော့၊ ပြင်ပသို့ ပြန်ကန်တိုက်ထုတ်ပေးတဲ့အတွက်အသားအရေပေါ်မလိုလားအပ်တဲ့အမဲစက်ပြောက်တွေ၊အရေပြားတွန့်ခြင်းတွေဖြစ်မလာစေတော့ပါဘူး။ Sunscreen ကရင်မ်ကိုမိတ်ကပ်အောက်ခံ အဖြစ် သုံးနိုင်ပါတယ်။ သို့သော် အလှကုန်ဈေးကွက်ထဲမှာရောင်းနေတဲ့ Sunscreen အများစုဟာ UVBကိုကာကွယ်ရန်အတွက်သာအဓိကထားထုတ်လုပ်လေ့ရှိတာကြောင့်၊ပစ္စည်းဝယ်တဲ့အခါဗူးခွံပေါ်မှာ‘ PA + ’ စာတန်းပါ တဲ့ အမျိုးအစားကိုရွေးဝယ်ခြင်းဖြင့်UVA နှင့် UVB ၂-မျိုးစလုံးကိုကာကွယ်ပေးပါလိမ့်မယ်။

SPF နံပါတ်တွေဆိုတာ…

UVB ကြောင့် အသားအရေပျက်စီးခြင်းကိုကာကွယ်ပေးနိုင်တဲ့ နေလောင်ကာကရင်မ်၏ စွမ်းဆောင်နိုင်မှုအဆင့်အတန်းကို Sun Protection Factor(SPF) နံပါတ်တွေဖြင့်စံညွှန်းထား သတ်မှတ်လေ့ရှိပါတယ်။ ဥပမာအားဖြင့်…SPF 50 ကိုလိမ်းထားတဲ့သူဟာ နေလောင် ကရင်မ်လုံးဝမလိမ်းတဲ့သူထက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အဆ ၅၀ ကာကွယ်ရာရောက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် SPF ပမာဏများ တဲ့ နေလောင်ကာ ကရင်မ်လိမ်းထားနိုင်လေအသားအရေကိုပိုမိုကာကွယ်နိုင်လေပါဘဲ။

UVA ပါဝင်မှုဆိုတာ…

အလှကုန်ပစ္စည်းတွေအတွက် UVA ကို PA လို့နာမ်စားသုံးစွဲခေါ်ဝေါ်လေ့ရှိပါတယ်။ UVA အကွာအကွယ်ပါဝင်နှုန်းအနည်းအများပမာဏကိုတော့ကရင်မ်ဗူးခွံတွေပေါ်မှာPA+ (သို့) PA++ (သို့) PA+++ စသည်ဖြင့်ဖော်ပြလေ့ရှိပါတယ်။ “ + ” ပါ ၀င်မှုများလေနေရောင်ခြည်ကြောင့်အသားအရေအိုမင်းမှုကိုပိုမိုကာကွယ်နိုင်လေပါဘဲ။

နေလောင်ကာကရင်မ်ရွေးချယ်နည်

နေလောင်ကာကရင်မ်တွေကိုအိမ်ပြင်သို့မထွက်ခင်အနည်းဆုံးမိနစ်၂၀ခန့်အလိုကြိုလိမ်းထားပေးရပါမယ်။

(က) မွေးရာပါအသားမည်းသူများအတွက

အသားမည်းသူတွေမှာသဘာဝတရားကြီးရဲ့လက်ဆောင်အဖြစ်၊အသားအရောင်ဖျော့သူတွေထက်အသားအရေဖွဲ့စည်းကြံ့ခိုင်မှုသိပ်သည်းဆပိုရှိနေကြပါတယ်။ဒါကြောင့်SPF 10 PA+ (သို့) SPF 15 PA+ လောက်သာသုံးပေးနိုင်ပါတယ်။

(ခ) ရုံးတက်ကျောင်းတက်သူများအတွက်

များသောအားဖြင့်ရုံးတက်ကျောင်းတက်သူများဟာနေပူထဲတစ်နေကုန်မထွက်ကြရပါဘူး။ရုံးသွားကျောင်းပြန်အချိန်လောက်သာနေပူထဲထွက်ရပြီး၊ကျန်တဲ့အချိန်တွေမှာနေရိပ်ထဲ(သို့မဟုတ်)air con အအေးခန်းထဲနေရသူ များဖြစ်တာကြောင့်ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုရာနှုန်းပြည့်မခံရ၍ SPF 24 PA++ (သို့) SPF 30 PA+ အမျိုးအစားကရင်မ်ကိုနေ့စဉ်လိမ်းပေးရုံနဲ့လုံလောက်ပါပြီ

(ဂ) နေ့စဉ်နေပူထဲမကြာခဏထွက်နေရသူများအတွက်

ခရမ်းလွန်ရောင်ခြည်သင့်ခံရသူဖြစ်တာကြောင့်၊မျက်နှာအစခြေဖျားအဆုံးနေလောင်ကာကရမ်လိမ်းပေးထားသင့်ပါတယ်။ထိုသူများအတွက်အသင့်တော်ဆုံးကရင်မ်များမှာ SPF30 PA++ (သို့) SPF 50 PA+++ တို့ဖြစ်ပါတယ်။

(ဃ) အလည်အပတ်ဈေးဝယ်ထွက်သူများအတွက်

အလည်အပတ်ဈေးဝယ်ထွက်သူတွေ၊ဘုရားသွားကျောင်းတက်သူတွေက နေရိပ်ထဲဝင်လိုက်၊ နေပူပူအောက်ရောက်လိုက်ဖြစ်တာကြောင့်ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့်မခံ ရသော်ငြား၊ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးနိုင်တာမို့မပေါ့ဆသင့်ပါဘူး။ အိမ်ပြင်မထွက်ခင်ကတည်းက SPF 30 PA++ ကိုကြိုလိမ်းသွားပါ။

(င) အားကစားလိုက်စားသူများအတွက်

ဥပမာနေပူပူအောက်စက်ဘီးစီးသူများ၊တာဝေးအပြေးသမားများ၊တောင်တက်သူများဟာခရမ်းလွန်ရောင်ခြည်ကိုအပြည့်အ၀ခံစားရတဲ့အပြင်ချွေးထွက်လွန်သူများဖြစ်တာကြောင့်မိမိအသားအရေကိုကောင်းစွာမစောင့်ရှောက်နိုင်ပါကအရေပြားပျက်စီးတတ်ပါတယ်။ ကံမကောင်းသူများအတွက်အရေပြားကင်ဆာအထိဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်နေလောင်ကာကရင်မ်ကိုလိမ်းလေ့လိမ်းထမရှိတဲ့နားရွက်အနောက်ဖက်ကိုလည်းချန်မထားသင့်ပါဘူး။နေရောင်ခြည်နှင့်ထိတွေ့မှုအများဆုံးနေရာဖြစ်တဲ့နှာခေါင်းနှင့်လက်မောင်းအပေါ်ဖက်ပိုင်းတွေကိုကရင်မ်ပို၍လိမ်းပေးပါ။အိမ်မှထွက်ခင် SPF50 PA+++ ကိုတစ်ကိုယ်လုံးလိမ်းပေးရုံသာမက၊ ကရင်မ်ဗူးကိုမိမိနှင့်အတူတပါတည်းဆောင်ထားပြီး နေပူထဲထွက်ရှိမှုကြာချိန်ပေါ်မူတည်၍ ၂-နာရီ၃-နာရီခြားတစ်ကြိမ် ကရင်မ်ထပ်မံလိမ်းပေးပါ။ (လှေလှော် ရွက်တိုက်သူများ၊ရေကူးသူများက water proof sunscreen SPF50 PA+++ ကိုရွေးချယ်သုံးစွဲပါ)

(စ) အပမ်းဖြေကမ်းခြေထွက်လည်သူများအတွက်

နေလောင်ဒဏ်အပြင်၊ရေလောင်ဒဏ်ပါခံစားရတာကြောင့်ရေစိုခံနေရောင်ခြည်ကာကရင်မ်အမျိုးအစားဖြစ်တဲ့(water proof sunscreen) ကိုသာရွေးချယ်ပေးပါ။SPF50 PA+++ ကိုသုံးပါ။ ထို့ထက်ပမာဏ များတဲ့ နေလောင်ကာကရင်မ်ကိုသုံးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ (မဟာသင်္ကြန် ရေကစားသူများ ကျားမအားလုံး သုံးစွဲသင့်တဲ့ နေလောင်ကာအမျိုးအစားဖြစ်ပါတယ်)

အလှအပမြတ်နိုးသူတိုင်းလှသထက်ပို၍လှနိုင်ကြပါစေရှင်။

ပေါက်ပေါက် (Yangon Times Journal, 12-11)

No comments: