Tuesday, March 22, 2016

ကံကောင်းခြင်း လက်ဆောင်



ငယ်ငယ်တုန်းက အဘွားပြောပြခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲက စာသားတစ်ခုကို ကျွန်တော် မှတ်မိနေတယ်။
“ပေါင်းမြက်တွေကြားမှာပေါက်နေတဲ့ ကံကောင်းခြင်းအပင်ဆီက ၄ရွက်ဆိုင် အရွက်မျိုး ၃ ပင်ဆက်တိုက်တွေ့ပြီးရင် ကိုယ်နဲ့ပထမဆုံး တွေ့ဆုံရတဲ့လူဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်”
ကျွန်တော် ဒီအသက်အရွယ်ရောက်တဲ့အထိ အဲဒီစကားကို လေးလေးနက်နက် ယုံကြည်ခဲ့တယ်။ 

ကျွန်တော်အထက်တန်းတုန်းက ကျောင်းမှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ဈေးရောင်းပွဲကျင်းပခဲ့တယ်။ ကျောင်းဝင်းထဲလာရောက်လည်ပတ်ကြတဲ့ ဖြူနီညိုပြာ လှပျိုဖြူတွေက ကျွန်တော်တို့ “ဘုန်းကြီးကျောင်း” (အမျိုးသားကျောင်း) ကို ရောင်စုံဆေးတွေ ပိုခြယ်သပေးခဲ့တယ်။ ကျွန်တော်လည်း အဲဒီပွဲမှာ ပါဝင်ခဲ့တယ်။

လက်ဖက်ရည်တစ်ခွက်မှာပြီး သစ်ပင်အောက်မှာထိုင်ရင်း လာရောက်လည်ပတ်သူတွေကို ကျွန်တော်ငေးကြည့်နေမိတယ်။ သူတို့ကိုငေးရင်း ရုတ်တရက် ကျွန်တော်ရယ်ချင်စိတ်ပေါက်လာတယ်။ ဒီလူတွေ အားနေကြတာလား မသိဘူး၊ ဈေးရောင်းပွဲကို တကူးတကလာပြီး စားရခက်တဲ့ အစားအစာတွေ ၀ယ်စားကြတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေ လာဝယ်ကြတယ်။ ဒါပေမဲ့ မဆိုးပါဘူး... တခြားကျောင်းက လာလည်တဲ့ ကျောင်းသူချောချောလေးတွေကို ငေးကြည့်ရမယ်ဆိုရင် စားမကောင်းတဲ့ အစားလည်းဝယ်စားကြမှာပဲ....

“ရော့... နင့်အတွက် ချိုချဉ်”

ရုတ်တရက် ကျွန်တော့်အနားက အသံငယ်လေးတစ်ခုကို ကြားလိုက်တယ်။ ဘေးဘီကို ကျွန်တော်လှည့်ကြည့်လိုက်တော့ အသားဖြူဆွတ်ဆွတ်၊ မည်းနက်နေတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်မြင်ကွင်းထဲဝင်လာခဲ့တယ်။
“နင့်အတွက် ချိုချဉ်” ကျွန်တော့်ဆီက ဘာတုန့်ပြန့်ချက်မရတော့ ချိုချဉ်ကို ထပ်ကမ်းလာပြန်တယ်။

“ဘာဖြစ်လို့ ငါ့ကို ချိုချဉ်ကျွေးတာလဲ”
“ဒါမှ အဲဒီ ချဉ်ချဉ်အပင်လေးတွေကို နင် မနုတ်မှာပေါ့”
ကျွန်တော့်ကို တစောင်းကြည့်ပြီး နှစ်လိုစွာရယ်ရင်း သူပြောတယ်။ သူ့ခေါင်းပေါ်က ကျစ်ဆံမြီးနှစ်ချောင်းက ဟိုဒီ ယိမ်းနွဲ့လို့...
“ချဉ်ချဉ်အပင်လေးတွေ..ဟုတ်လား”
ကျွန်တော့်လက်ထဲ အမှတ်တမဲ့ဆုပ်ကိုင်ထားတဲ့ ပေါင်းမြက်တွေကို ကြည့်လိုက်မိတယ်။

“ဒါတွေကို ပြောတာလား”
“အင်း” ခေါင်းသွက်သွက်ညိတ်နေတဲ့ သူ့ ဘယ်ဖက်နားရွက်အောက်က မှဲ့နက်လေးတစ်လုံးကို ကျွန်တော်သတိထားလိုက်မိတယ်။ မှဲ့က ထင်ထင်ရှားရှားပါပဲ။
“ဘာဖြစ်လို့ ချဉ်ချဉ်အပင်လို့ခေါ်တာလဲ” ကျွန်တော် စိတ်ဝင်တစား မေးလိုက်တယ်။
“ချဉ်ချဉ်အပင်ဆိုတာ ချဉ်ချဉ်အပင်ပေါ့”

ကျွန်တော့်မေးခွန်းက သူ့ကိုခက်ခဲစေခဲ့သလား မသိ.. မျက်မှောင်ကြုတ်ပြီး မတိကျတဲ့အဖြေကို သူဖြေတယ်။ အဲဒီအချိန်မှာ အဝေးက နာမည်ခေါ်သံတစ်ခု လွင့်လာတယ်။ ကျွန်တော်သေချာ နားမထောင်လိုက်မိခင်မှာ သူထွက်ပြေးသွားခဲ့တယ်။
စက္ကန့်ပိုင်းလောက် ကျွန်တော် ငေးငိုင်သွားခဲ့တယ်။ တဒင်္ဂတွေ့ဆုံမှုက လေကြောင့် မလွင့်ပြယ်သေးတဲ့တိမ်လေးလို ခဏပဲ လှပခဲ့ရတယ်။ သူထွက်ပြေးသွားတော့ လေကြောင့်လွင့်ပြယ်သွားတဲ့ တိမ်လို ကျွန်တော့်ရင်မှာ ဟာတာတာကြီး ကျန်ခဲ့တယ်။
ကျွန်တော် အဓိပ္ပာယ်မဲ့ အသံထွက်ရယ်လိုက်မိတယ်။ လက်ကို ဖြန့်ကြည့်လိုက်တော့ “ချဉ်ချဉ်အပင်” ဆိုတဲ့ အရွက်တွေကြားမှာ ကောင်မလေးရဲ့ အရိပ်က လာထင်ဟပ်တယ်။ ချိုချဉ်ကို ကမ်းပေးနေတဲ့ သူ့ပုံစံ၊ အပြစ်ကင်းတဲ့ အပြုံးမျက်နှာ၊ ကျစ်ဆံမြီးလေး နှစ်ချောင်း၊ ပြီးတော့ နားရွက်အောက်က မှဲ့နက်လေးတစ်လုံး... ကျွန်တော်ခေါင်းရမ်းပြီး စိတ်ကိုထိန်းချုပ်လိုက်တယ်။ လက်ထဲက အရွက်တွေကို ကြည့်လိုက်တယ်။ ရုတ်တရက် ကျွန်တော် အံ့သြသွားတယ်။ ၃ရွက်ဆိုင် အပင်တွေထဲမှာ ထူးထူးခြားခြား ၄ရွက်ဆိုင် အပင်တစ်ပင်ကို ကျွန်တော်တွေ့လိုက်တယ်။ ဒါ လူတွေပြောတဲ့ “ကံကောင်းခြင်းအပင်” ဆိုတာပဲလား... ငယ်ငယ်တုန်းက အဘွားပြောပြခဲ့ဖူးတဲ့ ပုံပြင်ကို ကျွန်တော် ပြန်မှတ်မိလာတယ်။

လက်ထဲ ကျန်နေတဲ့ အပင်တွေထဲက ၄ရွက်ဆိုင်အပင်တွေ ၃ပင်ဆက်တိုက် တွေ့လိုတွေ့ငြား ကျွန်တော် အလျင်အမြန် ထပ်ရှာကြည့်လိုက်တယ်။ ကျွန်တော် ကံကောင်းတာပဲလား..ဒါမှမဟုတ် ဒီအပင်ကပဲ ထူးခြားတာလား.. တစ်ပင်၊ နှစ်ပင်..... သုံးပင်ဆက်တိုက် ကံကောင်းခြင်းအပင်တွေကို ကျွန်တော်ရလိုက်တယ်။ အံ့သြတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။
အပင်တွေကို ရှာနေရင်းက ကျွန်တော်ခေါင်းမော့ပြီး လူအုပ်ကြားထဲ အကြည့်ရောက်သွားတယ်။ အခုနားက ကောင်မလေး ကျွန်တော့်မျက်စိရှေ့ ရောက်လာပြန်တယ်။ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ချိုချဉ်တစ်လုံး ကမ်းပေးပြန်တယ်။

“ ရော့.. နင့်အတွက် ချိုချဉ်”

ကျွန်တော်လှမ်းမယူခင် လက်ထဲကို သူကထိုးထည့်ပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကောင်းခြင်းအပင်သုံးပင်ကိုင်ထားတဲ့ လက်ထဲဖြစ်တယ်။ အံ့သြခြင်းနဲ့အတူ ကျွန်တော် ဘာမှမတုန့်ပြန်နိုင်ခင် သူဟာ အမျိုးသမီးတစ်ဦးရဲ့လက်ကိုဆွဲပြီး လူအုပ်ကြားထဲ ပျောက်ကွယ်သွားတယ်။ တကယ်ပဲ သူဟာ ကျွန်တော်ရဲ့ဖူးစာရှင်ဖြစ်မလား..။ သူ့နောက်ကို အပြေးလိုက်သွားဖို့ စဉ်းစားမိပေမဲ့ နေရာမှာတင်ရပ်ကျန်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ပေါက်ထွက်သွားတဲ့ သူ့အရိပ်ကိုပဲ ကျွန်တော် မြင်ယောင်နေမိတယ်။ တကယ်လို့ ပုံပြင်ထဲကစကားမှန်ခဲ့မယ်ဆိုရင် သူနဲ့ကျွန်တော် ထပ်ဆုံနိုင်သေးတယ် မဟုတ်ပါလား...

နောက်တော့ အဲဒီအပင်သုံးပင်ကို စာအုပ်ကြားမှာညှပ်တဲ့ bookmark အဖြစ်လုပ်လိုက်ပြီး အထက်တန်း၊ တက္ကသိုလ်ပြီးတဲ့အထိ ကျွန်တော်နဲ့အတူ ရှိနေခဲ့သလို နိုင်ငံခြားကျောင်းသွားတက်တဲ့အထိ ကျွန်တော် ယူဆောင်ခဲ့မိတယ်။

တကယ်တော့ ကံကောင်းခြင်းအပင်ရဲ့အဆိုတွေကို ကျွန်တော်လုံးဝကြီးယုံတာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ ကျွန်တော်ရည်းစားတွေထားခဲ့တယ်။ အကျင့်စရိုက်မတူလို့၊ အရမ်း မချစ်လို့ လမ်းခွဲခဲ့ကြတာချည်းပဲ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အစွဲလေးတော့ ရှိနေခဲ့တယ်။ အဲဒီစိတ်အစွဲကြောင့် မိန်းကလေးတစ်ယောက်ကို ကျွန်တော် နှစ်နှစ်ကာကာ မချစ်ခဲ့မိဘူး။ ကံကောင်းခြင်းအပင်နဲ့ လုပ်ထားတဲ့ bookmarkကို သူတို့ထက် ကျွန်တော်ပိုမြတ်နိုးခဲ့တယ်လို့ ကောင်မလေးတွေက ကျွန်တော်ကို အပြစ်ဆိုကြတယ်။ အဘွားပြောပြခဲ့ဖူးတဲ့ ပုံပြင်ကို ကျွန်တော်မုန်းနေမိတယ်။ အဲဒီပုံပြင်ရဲ့အစွဲကြောင့် ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေ မောပန်းနေရတာလားလို့ တစ်ခါတလေ ကျွန်တော်တွေဝေမိတယ်။ တွေဝေလိုက်၊ မုန်းတီးလိုက်ဖြစ်ခဲ့ပေမဲ့ bookmarkလေးကို ကျွန်တော် မြတ်မြတ်နိုးနိုးသိမ်းထားခဲ့တယ်။

ကျောင်းပြီးတော့ နိုင်ငံခြားမှာ ကျွန်တော်ကျောင်းဆက်တက်ခဲ့တယ်။ နိုင်ငံခြားမှာကျောင်းတက်ဖို့ ကြိုးစားခဲ့တာက ပထမအချက် ကျွန်တော့်ရှေ့ရေးအတွက်၊ ဒုတိယအချက် ကျောင်းပြီးရင်လက်ထပ်မယ်လို့ တဖွဖွပူဆာနေတဲ့ရည်းစားကို ရှောင်ဖို့အတွက်ဖြစ်တယ်။ ကျွန်တော့်လို ဘာမှမပြည်စုံသေးတဲ့ကောင်က အိမ်ထောင်တစ်ခုကို ဘယ်တာဝန်ယူနိုင်ပါဦးမလဲ။ နောက်ပြီး ကျွန်တော်စိတ်ကို ငယ်ငယ်တုန်းက ကံကောင်းခြင်းအပင်တွေနဲ့တွေ့ခဲ့တဲ့ကောင်မလေးရဲ့အရိပ်တွေ စိုးမိုးနေတုန်းပဲလို့ ထင်တယ်။

ကျွန်တော်နိုင်ငံခြားထွက်ပြီး တစ်နှစ်မကြာပါဘူး ကျွန်တော့်ကို လက်ထပ်မယ်လို့ပူဆာခဲ့တဲ့ ကျွန်တော့်ရည်းစားအိမ်ထောင်ပြုသွားတယ်။ ကျွန်တော့်ကို နောင်တရလားဆိုတော့ ရင်ဘတ်နည်းနည်း အောင့်တာကလွဲရင် သူပျော်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ရှောင်ပြေးခဲ့သူက ကျွန်တော်ဖြစ်ခဲ့တယ်လေ...
အမေရိကားမှာ ကျွန်တော်သုံးနှစ်ကြာသွားတယ်။ ချီကာဂိုတက္ကသိုလ်မှာ ကျွန်တော် ဘွဲ့လွန်တက်ခဲ့တယ်။ အမေရိကားရောက်ပြီး ဒုတိယနှစ် ကျောင်းပိတ်ရက်မှာ တောင်အမေရိကားကိုသွားလည်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကျောင်းမပိတ်ခင်ကတည်းက ကျွန်တော့်ကို အိမ်ပြန်ဖို့ ကြိုမှာထားတဲ့ မေမေကြောင့် ကျွန်တော် ထိုင်ဝမ်ပြန်ဖြစ်ခဲ့တယ်။

နေ့နဲ့ည ပြောင်းပြန်ဖြစ်နေတဲ့ နိုင်ငံတွေကြောင့် ထိုင်ဝမ်ပြန်ရောက်စ ကျွန်တော် နေသားမကျခဲ့ဘူး။ ဒါကို ကြည့်မရတဲ့ ဖေဖေက သူ့ကျောင်းမှာ လုပ်အားပေးဖို့ ကျွန်တော်ကိုခိုင်းတော့တယ်။ ဘာမှ့လုပ်စရာမရှိတာထက်စာရင် ကျောင်းဝင်းထဲမှာအချိန်ဖြုန်းရတာ ကျွန်တော်အဖို့ အပျင်းပြေပါပဲ။ နောက်ပြီး အထက်တန်းကျောင်းသား ဘ၀ကို စားမြုံပြန်လို့ ရသေးတယ်မဟုတ်လား....
အလုပ်မရှိတဲ့တစ်နေ့ “သစ်ခွပန်းပြပွဲ” ကို ကျွန်တော်ရောက်သွားခဲ့တယ်။ အနွေးဓာတ်ပေးပြီးစိုက်ထားတဲ့ သစ်ခွပန်းတွေကြားမှာ ကျွန်တော် ငေးမောရောက်နေခဲ့မိတယ်။ သစ်ခွအကြောင်းကို ကျွန်တော်အရမ်းကြီး နားမလည်ပေမဲ့ သင်းပျံ့ပျံ့ပန်းရနံ့တွေက စိတ်ကိုပေါ့ပါးစေခဲ့တယ်။ ပန်းအများစုက စိုက်ပျိုးရေးကျောင်းသားတွေရဲ့ ပြုစုပျိုးထောင်မှုဖြစ်ပြီး ဒီပြပွဲမှာ သူတို့ပျိုးထောင်ခဲ့တဲ့ပန်းတွေကို လာရောက်ပြသခြင်းဖြစ်တယ်။

လှပတဲ့ပန်းတွေကြားမှာ ခန္ဓာကိုယ်ခပ်ပါးပါးနဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့လိုက်မိတယ်။ သူပုံစံက လူတိုင်းနှစ်သက်တဲ့ သစ်ခွတစ်ပွင့်လိုပုံစံမျိုး ချစ်စရာကောင်းနေတယ်။ အင်္ကျီအဖြူ၊ စကပ်အနက်နဲ့ တက္ကသိုလ်ဝင်တန်း ဖတ်စာအုပ်တစ်အုပ်ကိုရင်မှာပိတ်ပြီး သစ်ခွတွေကို သူငေးကြည့်နေတယ်။ ကျွန်တော် သူ့ရှေ့က ဖြတ်ပြီး နောက်ပြန်လှည့်ကြည့်တဲ့အထိ သူကျွန်တော့်ကို သတိမထားမိသေးဘူး။ ငေးရင်းလျှောက်ရင်း သစ်ခွပန်းပဲ သူငေးစိုက်ကြည့်နေတယ်။

သူ့ရှေ့ကိုရောက်လိုက် သူ့နောက်မှာ တမင်ရပ်လိုက်နဲ့ အဲဒီကောင်မလေးကို ကျွန်တော်လိုက်ကြည့်နေမိတယ်။ တအောင့်ကြာတော့ သူ့နောက်မှာ ကျွန်တော်ရပ်နေတာကို သတိပြုမိသွားတယ်ထင်ပါရဲ့ ကျွန်တော့်ကို လမ်းဖယ်ပေးတယ်။ အနားကဖြတ်လာရင်း သူ့ကိုအနီးကပ်လေး မသိမသာ ကျွန်တော်ထပ်ကြည့်လိုက်ပြန်တယ်။ ဖြူဖွေးတဲ့နားရွက် အောက်နားလေးမှာ မည်းနက်နေတဲ့ မှဲ့တစ်လုံးကို ထင်ထင်ရှားရှား ကျွန်တော်တွေ့လိုက်မိတယ်။ လွန်ခဲ့တဲ့ (၁ဝ)နှစ်တုန်းက ကျွန်တော်တွေ့ခဲ့မိတဲ့ မှဲ့နက်လေး ... သူလား .. တကယ်ပဲ သူလား.. အံ့သြခြင်းနဲ့အတူ ကျွန်တော့်စိတ်တွေ လှုပ်ရှားနေမိတယ်။

“သစ်ခွတွေကို နှစ်သက်တာလား” စကားမရှိ စကားရှာပြီး လမ်းကြောင်းခင်းလိုက်တဲ့ ကျွန်တော့်အမေးကို သူခေါင်းခါပြတယ်။
“ကျွန်တော်လည်း သစ်ခွအကြောင်းသိပ်နားလည်တာ မဟုတ်ဘူး” ရှိုးတိုးရှန်တန့်ဖြစ်သွားတဲ့ ကျွန်တော်အပြောကြောင့် သွားပေါ်အောင် သူပြုံးတယ်။

“အင်း.. မိန်းကလေးဆိုတာ ပြုံးမှပိုလှတာ။ ဒီကျောင်းကလား”
ကျွန်တော့်အမေးကို သူပြုံးပြီးခေါင်းညိတ်ပြတယ်။

“ကျွန်တော် အရင်က အမျိုးသားကျောင်းမှာတက်ခဲ့တာ.. ကျွန်တော်တစ်သက်မှာ ဝမ်းအနည်းဆုံးက ဒီအမျိုးသမီးကျောင်းက ကောင်မလေးနဲ့ ရည်းစားမဖြစ်ခဲ့ဖူးတာပဲ”
ရောက်တတ်ရာရာ ကိုယ့်ကိုယ်ကိုဘာပြောနေမှန်းမသိတဲ့ စကားကြောင့် ကျွန်တော့်ကို တစ်ချက်စူးစိုက်ကြည့်ပြီး ပြုံးနေတဲ့အပြုံးကို သူရုတ်သိမ်းလို့ ကျွန်တော်ရှေ့က သူလှည့်ထွက်သွားတယ်။
“ဆောရီးပဲ.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်နောက်ချင်လို့ အမှတ်တမဲ့ ပြောလိုက်မိတာပါ”
“ရှင် ပေါက်ကရပဲ”
“အဲဒီလိုလဲ မဟုတ်ရဘူး။ ခင်ဗျား မျက်နှာတင်းနေလို့ ကျွန်တော် အကြောလျှော့ပေးတာပါ”
“ဒါဆိုလဲ ကျေးဇူးပဲ” သူပြုံးပြန်တယ်။
“ကျွန်တော်တို့ သူငယ်ချင်းလုပ်လို့ရမလား”
“ရှင် တော်တော် အသက်ကြီးပြီပဲ”
ကျွန်တော့်ပုံကို သူအကဲခတ်စပြုပြီထင်ပါတယ်။
“အလွန်ဆုံးကြီး ၁ဝနှစ်ပေါ့ဗျာ”
“တကယ်...”
“ဟုတ်ပါတယ်။ ကျွန်တော် ++++ နှစ်ဖွားပါ”
“ရှင် ကြည့်ရတာ လက်ရှိအသက်ထက် နုနေတယ်”
“အဟား.. အသက်ကြီးပေမဲ့ အချိန်စီးတယ်ဆိုတာ ဒါမျိုးပေါ့ မဟုတ်ဘူးလား”
ကျွန်တော့်အပြောကို သူဘာပေါက်သွားတယ်မသိ ကျွန်တော့်ရှေ့က ချာကနဲ လှည့်ထွက်သွားတယ်။
“နေပါအုန်း.. ဒါ ကျွန်တော်ရဲ့ လိပ်စာကတ်ပါ။ ခင်ဗျားကို ခင်မင်ချင်တာကလွဲရင် ကျွန်တော့်မှာ ဘာအကြံအစည်မှာ မရှိပါဘူး”

လိပ်စာကတ်ကို သူလှမ်းယူပြီး လှည့်ထွက်သွားတယ်။ သေးငယ်တဲ့ လိပ်စာကတ်တစ်ခုက ကျွန်တော်တို့ရဲ့ ခင်မင်မှု ပေါင်းကူးတံတားလေး ဖြစ်နိုင်မလား၊ ဘယ်မိန်းကလေးကများ သူနဲ့မရင်းနှီးတဲ့ သူစိမ်းယောက်ျားကို ဖုန်းဆက်မလဲ၊ စိုးရိမ်စိတ်တွေက လွန်ခဲ့တဲ့ ၁၈နှစ်အရွယ် ကျောင်းသားတစ်ယောက်ရဲ့ ရင်ထဲ တိုးဝင်ခဲ့သလိုမျိုး ကျွန်တော်ပြန်ခံစားမိခဲ့တယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်ကလို ကျွန်တော့်အပါးက သူပျောက်ကွယ်သွားပြန်တယ်။

စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့ပြီးနေရာကနေ ကျွန်တော်လှည့်ထွက်လိုက်တယ်ဆိုရင်ပဲ မြေပေါ်မှာကျနေတဲ့ ကျောင်းသားကတ်တစ်ကတ်ကို တွေ့လိုက်မိတယ်။ ကျွန်တော် ကောက်ပြီးကြည့်လိုက်တော့... “ဟာ..” ကျွန်တော်ရဲ့ ဝမ်းသာမှုကို ဘာစကားလုံးနဲ့ ဖော်ပြရမယ်မှန်း မသိဘူး။ ပျောက်သွားတဲ့ အဖိုးတန်ပစ္စည်းတစ်ခုကို ပြန်ရှာတွေ့တဲ့ ခံစားမှုမျိုးပေါ့။ ယုံနိုင်စရာမရှိအောင် ရုပ်ရှင်ဆန်လွန်းနေတယ်။ ကံတရားရဲ့ လှည့်ကွက်ပဲလား။ ဒါမှမဟုတ် ကံကောင်းခြင်းအပင်ဆီက လွင့်လာတဲ့ ကံကောင်းခြင်းတွေပဲလား၊ ပျော်လွန်းလို့ ကလေးတစ်ယောက်လို ကျွန်တော်အသံထွက်အော်ရယ်လိုက်မိတယ်။

အဲဒီညနေမှာ အဖေ့ရုံးခန်းထဲဝင်ပြီး သူရဲ့ဖုန်းနံပတ်နဲ့ ကိုယ်ရေးအကျဉ်းတချို့ကို ကျွန်တော်မှတ်ယူလိုက်တယ်။ ဒီလို ခိုးကြောင်ခိုးဝှက်အလုပ်ကမကောင်းမှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူနဲ့ ထပ်ပြန်ဆုံနိုင်ဖို့ ဒီတစ်နည်းပဲရှိခဲ့တယ်။ ကျောင်းသားကတ်ပြန်ပေးဖို့ သူ့နံပါတ်ကို ကျွန်တော်လှည့်လိုက်တယ်။

“ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ဖုန်းနံပါတ်ကို သိနေရတာလဲ”
လေသံက သိပ်မနှစ်မြိုတဲ့ပုံစံနဲ့ သူတအံ့တသြမေးတယ်။ ကျွန်တော် အမှန်အတိုင်း ပြောပြလိုက်ပါတယ်။
“စိတ်မပူပါနဲ့.. ကျွန်တော် ဘယ်လိုအကြံအစည်မှမရှိပါဘူး”
“ခစ်..ခစ် ” ကျွန်တော်ရှင်းပြတာကိုနားထောင်ပြီး သူရယ်တယ်။
“ကျွန်မ စိတ်မပူပါဘူး။ ကျွန်မတို့ မချမ်းသာဘူး။ နာမည်မကြီးဘူး။ ဘာစိတ်ပူစရာ လိုလို့လဲ..”
“ထားပါတော့.. ဒါနဲ့ ဒီတစ်ပတ် အားလား... ဟို တစ်မျိုးတော့ မထင်နဲ့ဗျာ.. ကျွန်တော် ကျောင်းသားကတ်လေး ပြန်ပေးချင်လို့ပါ”
သူ့ဆီက သံသယတိမ်မည်းတွေမများလာခင် ကျွန်တော် ကပျာကယာ ရှင်းပြလိုက်တယ်။
“ကျွန်မ မနက်ဖြန် ညနေအားတယ်။ နေရာတစ်ခု ချိန်းလိုက်ပါ”
“ဘယ်အချိန်ကျောင်းဆင်းမှာလဲ.. ဖြစ်နိုင်ရင် ကျွန်တော် ကျောင်းအထိ လာကြိုချင်တယ်”
“ဟို.. မလိုပါဘူး” သူလျှင်မြန်စွာ ငြင်းဆန်တယ်။ ဆက်ပြီး “လူတွေ အာရုံစိုက်အောင် ကျွန်မ မလုပ်ချင်ဘူး။ ကျောင်းသားကတ်လေး ပြန်ယူတာပဲ။ အိမ်ပြန်ပြီး ကျွန်မစာကြည့်ရဦးမယ်”
“အော်.. ဟုတ်ကဲ့” သူ့ရဲ့ငြင်းဆန်မှုကို ကျွန်တော် စိတ်ပျက်လက်ပျက် ထောက်ခံလိုက်တယ်။
“မနက်ဖြန် ၅ နာရီခွဲ အဆင်ပြေလား”
“ဟုတ်ကဲ့.. ပြေပါတယ်”
“ဒါဆို မနက်ဖြန် တွေ့ကြမယ်”
ကျွန်တော်နှုတ်ဆက်မယ်ကြံကာရှိသေး တစ်ဖက်မှ ဖုန်းခွပ်ခနဲ့ချသံကို ကြားလိုက်ရတယ်။ ကျွန်တော့်ရဲ့ဖုန်းကို အရင်ချတဲ့ ကောင်မလေး ကျွန်တော့်ဘ၀မှာ မရှိခဲ့ဖူးသေးဘူး။

နောက်တစ်နေ့ ၅နာရီတောင်မထိုးသေးဘူး ချိန်းထားတဲ့နေရာကို ကျွန်တော်ရောက်နှင့်နေတယ်။ တကယ်ဆို အချိန်စောပြီး ကျွန်တော်ရောက်လာစရာ မလိုဘူး။ ဒါပေမဲ့ ကျွန်တော်ကျေနပ်တယ်။ ချိန်းထားတဲ့အချိန်နီးကပ်လေ ကျွန်တော့်စိတ်တွေ လှုပ်ရှားပြီး ပျော်ရွှင်လေဖြစ်တယ်။ အဲဒီပျော်ရွှင်မှုတွေက တဖြည်းဖြည်းစုပုံပြီး ဧရာမနှင်းလုံးကြီးအဖြင့် ပြောင်းသွားတဲ့နှင်းစက်လေးလို ကျွန်တော်ကို ၀ါးမြိုခဲ့တယ်။
၅နာရီခွဲ... အချိန်တိကျစွာ ကျွန်တော့်ရှေ့ကို သူရောက်လာခဲ့တယ်။

“ဘာငေးနေတာလဲ”
“ဟို.. ဘာ.. ဘာမှ မငေးပါဘူး” ရုတ်တရက် ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။
ကျွန်တော့်စကားကို သူပြုံးလိုက်တယ်။ လွန်ခဲ့တဲ့ ၁၀ကျော်က ကောင်မလေးတစ်ယောက်ရဲ့ အပြုံးကို ကျွန်တော်ပြန်မြင်မိတယ်။
“ကျွန်တော်နောက်တစ်ပတ် ချီကာဂိုပြန်ရတော့မယ်”
“ချီကာဂို... အော်.. အမေရိကားမှာ ကျောင်းတက်နေတာလား”
“ဟုတ်တယ်... ကျောင်းသားအိုတစ်ယောက်ဆိုပါတော့”
“ဒါကတော့ ရှင့်ကိုယ်ရှင် ညွှန်းတာနော်” ပြောပြီး သူပြုံးလိုက်ပြန်တယ်။
အပြစ်ကင်းစင်တဲ့ သူ့အပြုံးကို ကြာရှည်ကြည့်နိုင်ဖို့ ဖြစ်နိုင်ရင် အချိန်တွေကို ခဏလောက် ရပ်တန့်ထားချင်မိတယ်။
“ဒါနဲ့ “ချဉ်ချဉ်ပင်” တွေကိုသိလား”
သူဟာ တစ်ချိန်တုန်းက ကလေးမဖြစ်မှန်း ရာခိုင်နှုန်းပြည့် ကျွန်တော်ယုံကြည်ထားပေမဲ့ ပိုသေချာအောင် ကျွန်တော် မေးလိုက်မိတယ်။
“သိတယ်လေ အဲဒီအပင်လေးတွေကို”
“ဘာဖြစ်လို့ “ချဉ်ချဉ်အပင်” လို့ ခေါ်ရတာလဲ” ကျွန်တော် စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က အဖြေမရခဲ့တဲ့အမေးကို ကျွန်တော်ထပ်မေးလိုက်တယ်။
“ချဉ်ချဉ်ပင်ဆိုတာ ချဉ်ချဉ်ပင်ပဲပေါ့” နားမလည်စွာနဲ့ ကျွန်တော့်ကို ကြည့်ပြီး သူဖြေပြန်တယ်။
“ဒါ ဘာအဖြေလဲကွာ” တစ်ဆင့်တိုးပြီး ကျွန်တော် မသိမသာ မေးလိုက်မိပြန်တယ်။
“အဟီး.. မသိဘူးလေ။ အဲဒီအပင်ကို စားဖူးလား.. အရသာက ချဉ်နေလို့ ချဉ်ချဉ်အပင်လို့ ခေါ်လိုက်တာ။ ဒါနဲ့ နေပါဦး။ ရှင်က ဘယ်လိုလုပ်ပြီး “ချဉ်ချဉ်အပင်” ကို သိရတာလဲ”
“ကောင်မလေးတစ်ယောက် ပြောပြဖူးလို့ပါ”
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အဖြစ်ကို သူပြန်မှတ်မိမယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ ကလေးသာသာ အဲဒီအရွယ်တုန်းက အဖြစ်ကို သူမှတ်မိမယ်လို့လဲ မထင်ခဲ့ဘူး။
“အော်... ဟုတ်လား”
“ဘယ်က ကောင်မလေးလဲလို့ ကျွန်တော့်ကို မမေးဘူးလား”
“မမေးချင်ပါဘူး။ ဒါရှင့်ရဲ့ ကိုယ်ရေးကိုယ်တာပဲ။ ကျွန်မကို သိစေချင်ရင် ကျွန်မ မမေးလည်း ရှင်ပြောပြမှာပေါ့ မဟုတ်ဘူးလား”
“အသက်ငယ်ငယ်လေးနဲ့ အလိုက်သိတတ်တယ်နော်”
မျက်လုံးဝိုင်းလေးနဲ့ ချစ်စရာသူ့ကို ကျွန်တော်စနောက်မိပြန်တယ်။

“အော်.. ဟိုလေ.. နိုင်ငံခြားကပို့တဲ့စာကို ကျွန်မတစ်ခါမှမရဖူးလို့ ရှင် ချီကာဂိုပြန်ရောက်ရင် ကျွန်မဆီစာရေးလို့ရမလား”
“ဟာ... သိပ်ရတာပေါ့။ ဒါပေမယ့် ကျွန်တော့်ဆီ စာပြန်ရေးရမယ်နော်”
ကျွန်တော်မတောင်းဆိုခင် ခွင့်ပြုစကားကမ်းလာတဲ့ သူ့ကို အလောတကြီး ကျွန်တော်ပြန်ဖြေလိုက်တယ်။

“ရေးမှာပါ.. ဒါပေမယ့် ကျွန်မက တက္ကသိုလ်ဝင်တန်း ဖြေမှာဆိုတော့ စာပြန်နောက်ကျရင် ခွင့်လွှတ်ပါနော်။ အော်.. ကျွန်မပြန်သင့်ပြီ” ပြောပြောဆိုဆို လက်ကနာရီကို ကြည့်ပြီး ၁၂နာရီမထိုးခင်မှာ အိမ်ပြန်ရောက်ရမယ့် စင်ဒရဲလားလို့ ကပျာကယာ သူထွက်သွားခဲ့တယ်။

ထွက်ခွာသွားတဲ့သူ့ကို မျက်စိတစ်ဆုံးကြည့်ရင်း ကျွန်တော့်အပါးက သူပျောက်ကွယ်သွားတာ ဒီတစ်ခါဆို လေးကြိမ်မြောက်ခဲ့ပါပြီ။ ဒီတစ်ခါတော့ တိမ်တွေလို ခြေရာမထင်အောင် သူပျောက်ကွယ် သွားနိုင်တော့မှာ မဟုတ်ပါဘူး။ ဝိုင်းစက်တဲ့မျက်လုံးတစ်စုံနဲ့ ကြည်လင်တဲ့ သူအပြုံးတွေက ကျွန်တော့်ရင်ဘတ်မှာ နေရာအများကြီး ယူခဲ့ပြန်တယ်။

ဝမ်းသာအားရနဲ့ လက်သီးကို ကျွန်တော်တင်းတင်းလေး ဆုပ်လိုက်မိတယ်။ “ဟာ... ကျောင်းသားကတ် ပြန်မပေးရသေးပါလား” သူ့နောက်ကို အပြေးလိုက်ဖို့ ကြံရွယ်နေတဲ့ခြေလှမ်းက ကျွန်တော့်ဖက် ပြန်လှည့်လာတဲ့ သူ့ကြောင့် ပုံမှန်ဖြစ်သွားခဲ့တယ်။
“ဘာဖြစ်တာလဲ” ကျွန်တော် မသိဟန်ဆောင်ပြီး မေးလိုက်မိတယ်။
ရှက်ပြုံးလေးနဲ့ ကျွန်တော့်လက်ထဲက ကျောင်းသားကတ်ကို ထိုးပြနေတဲ့ သူ့ရုပ်ပုံက အပြစ်ကင်းတဲ့ရှက်သွေးတွေနဲ့ ကျွန်တော့်ကို တဒင်္ဂမူးယစ်သွားစေခဲ့တယ်။

“ကျောင်းသားကတ်ပြန်လာယူတာ” ငေးစိုက်ကြည့်မိတဲ့ ကျွန်တော့်အကြည့်ကြောင့် သူ့ပါးက ပန်းရောင်ပိုသမ်းသွားတယ်။
“ပြန်မပေးဘူးဆိုရင်လည်း ရှင်ပဲ သိမ်းထားလိုက်တော့.. ကျွန်မလည်း အထက်တန်းနောက်ဆုံးနှစ် ရောက်နေပြီပဲ.. နောက်နှစ်တွေ သုံးဖြစ်တော့မှာ မဟုတ်ဘူး” မျက်စိကလယ်ကလယ်နဲ့ ပြောပြီး ကျွန်တော်ဘာမှ ပြန်မပြောနိုင်ခင်မှာ သူထွက်ပြေးသွားပြန်တယ်။
ချီကာဂိုပြန်ရောက်ရောက်ချင်း သူ့ဆီကို Lake Michigan ပါတဲ့ ပို့စ်ကတ်တစ်ကတ် ကျွန်တော်ပို့ဖြစ်ခဲ့တယ်။ 

သူ့ရဲ့ပြန်စာကြာလိမ့်မယ်လို့ ထင်ခဲ့တဲ့ ကျွန်တော့်အတွက် တစ်ပတ်အကြာမှာပဲ ရီဂျစ်စတာလုပ်ထားတဲ့ သူ့ပြန်စာကို ရခဲ့တယ်။
ဒီလိုနဲ့ပဲ တစ်မြေဆီ ဝေးကွာနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အပြန်အလှန် ပေးပို့ကြတဲ့စာတွေ တစ်စခန်းစခဲ့တယ်။ တစ်ခါတလေ သူ့ဆီကို ကျွန်တော်ဖုန်းဆက်ဖြစ်တယ်။ ဒါပေမယ့် နေ့ညပြောင်းပြန်ဖြစ်နေတဲ့ အချိန်တွေရယ်၊ တက္ကသိုလ်ဝင်တန်းအတွက် စာတွေလုပ်နေရတဲ့ သူ့ကို စိတ်အနှောင့်အယှက် မပေးချင်တာရယ်၊ Master's thesis နဲ့ PhD ဖြေဆိုဖို့အတွက် ကျွန်တော်အချိန်တွေ ပေးခဲ့ရတာရယ်ကြောင့် သိပ်မဆက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် သူ့ကို သတိရတဲ့အချိန်တိုင်း သူ့ရဲ့ ကျောင်းသားကတ်နဲ့ ကံကောင်းခြင်းအပင်နဲ့ လုပ်ထားတဲ့ bookmark လေးကို ကျွန်တော် ထုတ်ထုတ်ကြည့်နေမိတတ်တယ်။
နှစ်ဝက်လောက်ကြာတော့ အစိုးရတက္ကသိုလ်တစ်ခုမှာ သူနှစ်သက်တဲ့ အင်္ဂလိပ်မေဂျာ အထူးပြုကို တက်ရောက်နေပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ရတယ်။ စတိတ်ကျောင်းကနေ လွတ်လပ်တဲ့ တက္ကသိုလ်မြေကို ရောက်လာတဲ့သူ့ကို ကျွန်တော်စိတ်ပူမိတယ်။ ပထမနှစ်ဆိုတော့ အတန်းကြီး ကျောင်းသားတွေရဲ့စိတ်ဝင်စားတာကို ခံနေရမလား..

နွေရာသီကျောင်းပိတ်မှာ ကျွန်တော် ထိုင်ဝမ်မပြန်ဖြစ်ခဲ့ဘူး။ လော့အိန်ဂ်ျလိစ် နဲ့ ဆန်ဖရန်စစ္စကို စတဲ့ အမေရိကတိုက် အနောက်ဖက်ကို တစ်လလောက် ကျွန်တော်ခြေဆန့်နေမိတယ်။ နောက်ဆုံး Seattleမြို့မှတစ်ဆင့် ချီကာဂိုကို ကျွန်တော်ပြန်ခဲ့တယ်။ နိုင်ငံခြားကစာတွေ လက်ခံချင်တယ်ဆိုတဲ့ သူ့အတွက် ရောက်ခဲ့တဲ့ဒေသတိုင်းကနေ ရှုခင်းကတ်လေးတွေ ကျွန်တော်ပို့ဖြစ်ခဲ့တယ်။ ချီကာဂိုမှာ ကျွန်တော်နဲ့ အတူနေတဲ့ ညီမအရင်းထက် သူ့ကို ကျွန်တော် ပိုဂရုစိုက်ခဲ့မိတယ်။
ဖုန်းတတန် စာတတန်နဲ့ပဲ ဆက်သွယ်နေတဲ့ ကျွန်တော့်ကို ညီမလေးက အားမရဘူး။ အရင်သူ့ကို ပိုးပန်းခဲ့တဲ့ ကောင်လေးတွေရဲ့ ပိုးပန်းနည်းတွေ ကျွန်တော့်ကိုပြောပြပြီး ကျွန်တော့်ရင်ထဲမှာ ခံစားနေတာတွေ ကျွန်တော်ချစ်တဲ့ကောင်မလေးကို ထုတ်ဖော်ပြောပြဖို့ အကြံပေးတယ်။ ညီမလေးရဲ့အကြံကို ကျွန်တော်ပြုံးပြီး ခေါင်းခါငြင်းလိုက်တယ်။ စိတ်ထဲမှာလည်း “သူဟာ ငါ့အတွက်ဆိုရင် ငါနဲ့ရှောင်လွဲစရာ အကြောင်းမရှိဘူး။ သူဟာ ငါ့အတွက်မဟုတ်ဘူးဆိုရင် ငါဘယ်လိုကြိုးစားကြိုးစား ရမှာမဟုတ်ဘူး” လို့ ယုံကြည်နေမိတယ်။

မကြာခင်မှာပဲ ကျွန်တော် PhD ဖြေဖို့ အရည်အချင်းမီတဲ့ အကြောင်းကြားစာ ရခဲ့တယ်။ ဒီသတင်းကို အိမ်ကလူတွေထက် သူ့ကို ကျွန်တော် အရင်အကြောင်းကြားခဲ့တယ်။ ဝမ်းသာတဲ့ စိတ်ကြောင့် နေ့နဲ့ည ပြောင်းပြန်ဖြစ်နေတဲ့အချိန်ကို မေ့ပြီး သူ့ဆီကို ကျွန်တော်ဖုန်းဆက်လိုက်မိတယ်။ စစချင်းမှာ အိပ်ချင်မူးတူးနဲ့ ကျွန်တော်ဘာပြောမှန်း သူသဘောမပေါက်ခဲ့ဘူး။ ကျွန်တော် အထပ်ထပ်ရှင်းပြမှ အိပ်မက်က လန့်နိုးလာသူတစ်ယောက်လို ဝမ်းသာအားရ ထအော်တော့တယ်။ သူ့အခန်းဖော်ကို အားတုန့်အားနာ တောင်းပန်နေသံကို ဖုန်းတစ်ဖက်က ကျွန်တော်အတိုင်းသား ကြားနေရတယ်။

“ဘာလက်ဆောင်ယူမလဲ.. လက်ဆောင်တစ်ခုခုနဲ့ ဂုဏ်ပြုချင်တယ်”
“ဘာပေးနိုင်လို့လဲ” သူ့ကို ကျွန်တော်ပြန်မေးလိုက်တယ်။ တကယ်တော့ ကျွန်တော်လိုချင်တာက အခုအချိန်မှာ ကျွန်တော့်အနားမှာ သူရှိနေဖို့နဲ့ ၁၂ရာသီပတ်လုံး ပျော်ရွှင်ကြည်နူးမှုတွေကို ကျွန်တော်နဲ့အတူ မျှဝေနိုင်ဖို့ပါပဲ။
“ဟို.. ကျွန်မတတ်နိုင်တာလေးနဲ့ လုပ်ပေးချင်တာပေါ့”
“တကယ်လား၊ ပါတီလေးတစ်ခု လုပ်ချင်တယ်။ ကျွန်တော့်အတွက်ရည်စူးတဲ့ ပါတီလေးတစ်ခု” ကျွန်တော်တို့နှစ်ယောက်အတွက် ပါတီလို့ စိတ်ထဲမှာ ကျွန်တော်တောင်းဆိုနေမိတယ်။
“ဟာ...ဒါက ရှင်ပြန်လာမှ လုပ်လို့ရမှာလေ။ ဒါနဲ့ ရှင်ဘယ်တော့ပြန်လာမှာလဲ။ ကျောင်းပိတ်ရက်တောင် နီးပြီပဲ” ကျွန်တော့်အပြန်ကို စောင့်မျှော်နေမယ့် လေသံမျိုးနဲ့ သူကဆိုတယ်။
“ဒီနှစ်မပြန်ဖြစ်ဘူးထင်တယ်။ ကျွန်တော် သြစတြေးလျဖက် သွားမလို့”
“ဟင်း... မပြန်ဖြစ်ဘူးလား။ ထိုင်ဝမ်မပြန်တာ ၁နှစ်ရှိနေပြီနော်”
“ကျွန်တော်သြစတြေးလျရောက်ရင် ပို့စကတ်လေးတွေ ပို့ပေးအုန်းမယ်။ နောက်ပြီး.....”
“နေဦး.. နေဦး... ပို့စကတ်နဲ့ တစ်ခြားလက်ဆောင်တွေကို ကျွန်မမက်မောတာ မဟုတ်ဘူး။ ဒီတစ်နှစ်အတွင်း ရှင့်ဆီက လက်ဆောင်တွေ ကျွန်မအများကြီးရခဲ့ပြီ။ ပါတီလုပ်ဖို့ ဒီတစ်နှစ်တော့ ရှင့်ကို ပြန်လာစေချင်တယ်။ ဒီအချိန်မှာ ရှင့်အတွက် ကျွန်မပြန်ပြီး ကျေးဇူးဆပ်နိုင်တာ ဒါပဲရှိသေးတယ်”
“ကျေးဇူးဆပ်တာ မဆပ်တာတွေ မလိုပါဘူး။ အဲလိုစိတ်လေးရှိတာကိုပဲ ကျေးဇူးတင်ပါတယ်”
“ကျွန်မစိတ်ထဲမှာ အားနာတာကို ရှင်နားလည်စေချင်တယ်....”
“အိုကေ.. အိုကေ... ပါတီလုပ်ဖို့ကို ရက်တွေအချိန်တွေ သတ်မှတ်မနေတော့ဘူး။ ဖုန်းထဲကနေလည်း ပါတီလုပ်လို့ ရသားပဲ မဟုတ်လား။ လာ.. ကျွန်တော်တို့ ပါတီပွဲစကြရအောင်”

ပြောမကုန်တဲ့စကားပေါင်းများစွာနဲ့ ကျွန်တော်တို့ကြားက သံယောဇဉ်ကို တင်းတင်းချည်နှောင်ခဲ့ကြတယ်။ လူချင်းတွေ့ဖြစ်ခဲ့ရင်လည်း ဒီလိုပျော်ရွှင်မှုလေးတွေနဲ့ သူ့ကိုဘဝလမ်းတစ်လျှောက် ကျွန်တော်တွဲခေါ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့အထိ မရောက်ခဲ့ပါဘူး။ ထိုင်ဝမ်မပြန်ဖြစ်တဲ့ ၂နှစ်အတွင်း ဖုန်းတစ်ဖက်က သူ့စကားသံတစ်ချို့က ကျွန်တော့်စိတ်ကူးအိပ်မက်တွေကို တစ်စဆီ လွှင့်ပျောက်စေခဲ့တယ်။

အိမ်မပြန်ဖြစ်တဲ့ ၂နှစ်အတွင်း သူ့ကို ကျွန်တော်လွမ်းမိတယ်။ အားလပ်တဲ့တစ်ရက် သူ့ဆီ ကျွန်တော်ဖုန်းဆက်ဖြစ်ခဲ့တယ်။ “ကိုကိုကြီး”ဆိုတဲ့ အားရဝမ်းသာ သူ့ခေါ်သံကြားတော့ ကျွန်တော်တို့ နှစ်ယောက်ကြား အဆက်အသွယ် တဖြည်းဖြည်းကျဲလာတာကို နောင်တရလိုက်မိတယ်။ ရှေ့ဆက်ပြီး သူပြောလာတဲ့ စကားတွေက ကျွန်တော့်ကို ငရဲပြည်ထက် ပိုနက်တဲ့ ချောက်ထဲတွန်းချလိုက်သလိုပါပဲ...

“ကိုကိုကြီး.. ကျွန်မမှာ ချစ်သူရှိနေပြီ”

အဲဒီစကားက ကျွန်တော် ဦးနှောက်တစ်ခုလုံးကို ဗလာဖြစ်သွားစေတယ်။ နွေခေါင်ခေါင်မှာ မိုးကြိုးတွေပစ်နေတယ်။ တခဏလေးမှာ စာခြောက်ရုပ်တစ်ရုပ်လို့ ခန္ဓာသာရှိပြီး ဝိညာဉ်ကင်းမဲ့သွားသလို ကျွန်တော်ခံစားမိတယ်။

ကျွန်တော်မခူးရက် မချွေရက်ဘဲ ၂နှစ်ကျော်ကြာ အရိပ်တစ်ကြည့်ကြည့်နဲ့ မြတ်နိုးခဲ့တဲ့ ပန်းလေးတစ်ပွင့် တစ်ခြားသူဦးအောင် ခူးသွားခဲ့ပြီ... ဘယ်လိုအရည်အချင်းတွေနဲ့ ဒီလိုလက်ဦးသွားရသလဲ။ ဘဝတစ်ခုကို ဗျောင်းဆန်စေတဲ့ အဲဒီဖုန်းကို ဘယ်လိုချလိုက်မှန်း ကျွန်တော်မမှတ်မိလိုက်ဘူး။ နေ့ရက်တွေ ဘယ်လိုဖြတ်သန်းခဲ့သလဲ ကျွန်တော်သေချာမသိလိုက်ဘူး။ လူမှန်းမသိ၊ သူမှန်းမသိအောင် ကျွန်တော့်နေ့ရက်တွေ ဂြိုလ်မွှေသွားခဲ့တယ်။

ကျွန်တော် စိတ်တွေ ပြန်ထိန်းချုပ်နိုင်ချိန်မှာ တစ်လကျော်သွားခဲ့ပြီ။ သူငယ်ချင်းတွေက အဲဒီတစ်လအတွင်း ကျွန်တော်ဟာ အခွံသာကျန်ခဲ့တဲ့ ကမာကောင်လို၊ ခန္ဓာမရှိတဲ့ ဝိညာဉ်လို ညသန်းခေါင်မှာ လျှောက်သွားနေတယ်လို့ ဆိုပါတယ်။ Michigan ကန်စပ်မှာ တစ်ညလုံး သွားထိုင်နေပြီး မိုးလင်းပေါက်မှလေးသွဲ့တဲ့ ခန္ဓာကိုယ်ကို ထမ်းပြန်လာတယ်လို့ဆိုပါတယ်။ ကျွန်တော်သာ ဒီလိုသာ ရှေ့ဆက်သွားနေမယ်ဆိုရင် ဆေးရုံပို့ဖို့ သူတို့စီစဉ်ထားပြီးတဲ့ အကြောင်းလည်း ပြောကြတယ်။

တကယ်ဆို ကျွန်တော်အဲဒီလို လူမှန်းမသိ၊ သူမှန်းမသိအောင် နစ်ဝင်ချင်ခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာ ကံကောင်းခြင်းအပင်နဲ့ လုပ်ထားတဲ့ ကျွန်တော် bookmark လေး ပျောက်သွားခဲ့တယ်။ အခန်းဖော်ကိုမေးတော့ အခန်းဖော်က တစ်ညမှာ ကျွန်တော် မူးမူးရူးရူးနဲ့ Michigan ကန်ဘေးကိုသွားခဲ့တယ်။ မူးရူးနေတဲ့ ကျွန်တော့်ကို စိတ်မချလို့ ကျွန်တော့်နောက် သူတိတ်တိတ်လေး လိုက်ပါခဲ့တယ်လို့ ဆိုတယ်။ ရေပြင်ဖက်ကို မျက်နှာမူပြီး ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ထုနှက်ပြီး အသံကုန်အော်ဟစ်ခဲ့ပါသတဲ့။ ပြီး လက်ထဲကစာအုပ်တစ်အုပ်ကို ဆုတ်ဖြဲပြီး ကန်ထဲပစ်လိုက်တာကို တွေ့လိုက်တယ်လို့ဆိုတယ်။

အခန်းဖော်စကားဆုံးတာနဲ့ ကျွန်တော်အဆောင်ကနေ ကမူးကရူး ပြေးထွက်လာခဲ့တယ်။ အခန်းဖော်နဲ့ သူငယ်ချင်းတွေကပါ လန့်ဖျပ်ပြီး ကျွန်တော့်နောက်ကို အတင်းပြေးလိုက်လာခဲ့တယ်။ ကန်ဘေးရောက်တော့ အေးစက်နေတဲ့ရေကို မမူဘဲ ကန်ထဲဆင်းပြီး bookmark ကို တွေ့လိုတွေ့ငြား အရူးတစ်ယောက်လို ကျွန်တော်လိုက်ရှာမိတယ်။ အခန်းဖော်နဲ့ သူငယ်ချင်းတွေက ကျွန်တော်သေကြောင်းကြံတယ်အထင်နဲ့ ရေထဲဆင်းပြီး ကျွန်တော့်ကို ဆွဲခေါ်ကြတယ်။ သူတို့လက်တွေကို တွန်းဆုတ်ရင်း အသက်ထက် တန်ဖိုးရှိတဲ့ bookmark ကို ကျွန်တော်အသည်းအသန် လိုက်ရှာမိတယ်။ အဲဒီ bookmark လေးသာ မရှိခဲ့ရင် သူနဲ့ ကျွန်တော့်ကြားမှာ ရှိခဲ့တဲ့ အမှတ်တရတွေက တိမ်တွေ၊ အခိုးအငွေ့တွေလို လွှင့်ပျောက်သွားနိုင်တယ်လေ...

ရေထဲငုပ်လိုက် ပေါ်လိုက်နဲ့ အော်ဟစ်နေတဲ့ ကျွန်တော့်ကို ကျန်လူတွေကပါ ဆင်းပြီး ဝိုင်းဆွဲကြတယ်။ ရုန်းရင်းဆန်ရင်း အော်ဟစ်ငိုယိုနေတဲ့ကျွန်တော့်ကို ကမ်းပေါ်ဆွဲတင်ကြတယ်။ မျက်ရည်နဲ့ ရေတွေက ဖြူဖပ်နေတဲ့ ကျွန်တော့်မျက်နှာမှာ ရွဲရွဲစိုနေလို့နေတယ်။ ရင်ထဲက နာကျင်မှုတွေကို ဘာနဲ့မှ နှိုင်းပြမရနိုင်ခဲ့ဘူး။
ကမ်းပေါ်ရောက်ပြီး ခဏအကြာမှာ ကျွန်တော်မေ့မျောသွားခဲ့တယ်။ ဆေးရုံတက်နေတဲ့ အတောအတွင်း စိတ်ပညာဆရာဝန်က ကျွန်တော့်ကို မကြာခဏ လာဆွေးနွေးတယ်။ သတင်းကြားပြီး လိုက်လာတဲ့ကျွန်တော့် ညီမက ငိုယိုပြီး ကျွန်တော့်ကို ဆူတယ်။ ကျွန်တော် ဘာမှမဖြစ်တဲ့အကြောင်း၊ ထိုင်ဝမ်က မိသားစုတွေကို ဖုန်းဆက်ပြီး မပြောဖို့ ညီမကို ကျွန်တော်မှာလိုက်တယ်။ အဓိကက ကျွန်တော့်မှာ ဒီလိုညံ့ဖျင်းတဲ့ အပြုအမူနဲ့ လုပ်ရပ်တွေရှိကြောင်း “သူ့” ကိုပေးမသိစေချင်လို့ပါပဲ။

တစ်လလောက် အချိန်ယူကုသလိုက်မှ ကျွန်တော်ရင်ထဲက အနာတွေ နေသာထိုင်သွားရှိသွားခဲ့တယ်။ အခွံသာကျန်ခဲ့တဲ့ ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်အသစ် ထပ်ဖြည့်နိုင်ခဲ့ပေမယ့် လစ်ဟသွားတဲ့ နှလုံးသားနေရာမှာတော့ ဘာနဲ့မှ အစားထိုး ဖြည့်ဆည်းလို့ မရနိုင်ခဲ့ဘူး။ အနာရောဂါဖြစ်ရင် ဆရာဝန်နဲ့ ကုလို့ရပေမယ့် ကိုယ်မြတ်နိုးတဲ့ အရာတစ်ခု ဆုံးရှုံးတဲ့အသည်းကွဲဝေဒနာကိုတော့ ဘယ်ဆရာဝန်ကမှ ကုမပေးနိုင်ခဲ့ဘူး။

စိတ်ဓာတ်တစ်ခု ပကတိ ပြန်ကောင်းလာနိုင်ဖို့ အချိန်ယူကုစားရမယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ သူ့ကိုလွမ်းဆွတ်မယ့် စိတ်အာရုံကို စာအုပ်နဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ စမ်းသပ်လေ့လာမှုဖက် ကျွန်တော်ပြောင်းလိုက်တယ်။ ကျွန်တော်စိတ်ပြောင်းအောင် သူငယ်ချင်းတွေက မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် ကျွန်တော့်ရင်မခုန်တတ်ခဲ့တော့ဘူး။
ကျောင်းပြီးတော့ ပရော်ဖက်ဆာက ကျွန်တော့်ကို ထိုင်ဝမ်မပြန်ခိုင်းသေးဘဲ သူ့ဆီမှာ လက်ထောက်အကူလုပ်ဖို့ တောင်းဆိုသေးတယ်။ ဒါပေမယ့် ကျောင်းပြီးတာနဲ့ အဖေ့ကျောင်းမှာ စာဝင်သင်ဖို့ ခေါင်းညိတ်ထားလို့ အမေရိကားမှာဆက်နေမယ့် ကိစ္စကို ကျွန်တော်ငြင်းဆန်ခဲ့တယ်။ နောက်ပြီး ကျွန်တော်ရင်ဘတ်တစ်နေရာမှာ အသဲနှလုံးရဲ့ အော်ညည်းသံကို ကျွန်တော်ကြားနေခဲ့တယ်။

“သူကြီးပြင်းခဲ့ နေရပ်ကိုပဲ ကျွန်တော်ပြန်မယ်”

အဆက်အသွယ်တွေပြတ်ခဲ့လို့ ကျွန်တော်ကို သူမေ့သွားပြီလို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်စာတမ်းတင်ဖို့ တစ်ညအလိုမှာ စာတမ်းပြုစုနေတဲ့ ကျွန်တော့်ဆီ သူဖုန်းဆက်ခဲ့တယ်။ တစ်နှစ်ကျော်ကြာခဲ့ပေမယ့် ကျွန်တော်ရင်မှာ သူကိန်းအောင်းနေတုန်းပါပဲ။ သူ့အသံကို ကြားတာနဲ့ ရင်ထဲက ဒဏ်ရာဟောင်းက နာကျင်လာပြန်တယ်။ ဒါပေမယ့် ကျွန်တော်ဖုန်းမချခဲ့မိဘူး။ ရေနစ်နေသူတစ်ယောက်လို ကောက်ရိုးဖျားလေးပေမယ့် ကျွန်တော်လက်မလွှတ်ချင်ခဲ့ဘူး။

“ကိုကိုကြီး... ဖုန်းမဆက်ဖြစ်တာ ကြာပြီနော်” ရင်းနှီးနေသေးတဲ့ သူ့အသံက ကျွန်တော်စိတ်ကို ပျော့သွားစေခဲ့တယ်။
“ဘယ်လိုလုပ်ပြီး ဖုန်းဆက်ဖို့ သတိရတာလဲ... ချစ်သူရနေလို့ မေ့သွားပြီထင်နေတာ”
ဘာမှမဖြစ်ခဲ့တဲ့ ပုံစံနဲ့ စကားကို ခပ်ပေါ့ပေါ့လေး ကျွန်တော်ပြန်ပြောလိုက်တယ်။ ရင်ထဲက အနာကိုတော့ ဘယ်သူမြင်နိုင်ပါမလဲလေ...

“ကျွန်မ... ကျွန်မ... ကျွန်မ...” ငိုသံနဲ့ ပြောလာတဲ့ သူ့အသံကြောင့် ကျွန်တော့်ခပ်ပေါ့ပေါ့စိတ်တွေ တင်းမခံနိုင်ခဲ့ဘူး။
“ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ၊ ဘယ်သူအနိုင်ကျင့်တာလဲ ကိုကိုကြီးကိုပြော.. မငိုနဲ့.. မငိုနဲ့လေ”
စိုးရိမ်စိတ်နဲ့ ဖုန်းတစ်ဖက်မှာ ကျွန်တော်ပျာယာခတ်နေခဲ့တယ်။

“သူ.. သူ .. ကျွန်မကို ထားသွားခဲ့ပြီ ကိုကိုကြီး”
အရင်က အခက်ခဲမှန်သမျှကို ကိုယ်တိုင်ဖြေရှင်းပြီး ဖုန်းဆက်ရင်မဖွင့်တတ်သူက အခုချိန်မှာ အကူအညီမဲ့စွာ ကျွန်တော့်ကို ငိုယိုပြီး ရင်ဖွင့်နေခဲ့ပြီ။ ဒီအချစ်ကြောင့် သူယုံကြည်မှုတွေ သုညဖြစ်သွားခဲ့ရတယ် ထင်ပါရဲ့....
“မငိုပါနဲ့တော့... ကိုကိုကြီးကို ဖြစ်သမျှတွေ အရင်ပြောပြ ဟုတ်ပြီလား”
ရှိုက်ကြီးတစ်ငင်ငိုနေတဲ့ သူငိုသံကို နားထောင်ပြီး လွန်ခဲ့တဲ့တစ်နှစ်က အရူးတစ်ယောက်လို အော်ငိုခဲ့မိတဲ့ ကျွန်တော့်အဖြစ်ကို မြင်ယောင်လာမိတယ်။ အချိန်တွေ ကြာခဲ့ပြီဆိုပေမယ့် ကျွန်တော် ရင်ဘတ်တစ်နေရာမှာ အသာလေးထိလိုက်ရုံနဲ့ ကွဲကြေသွားနိုင်မဲ့ နာကျင်မှုတွေက အရာထင်ကျန်ရစ်နေတုန်းပါပဲ။ သူ့ကို အဲဒီလို ခံရခက်တဲ့ဝေဒနာမျိုး မခံစားစေချင်လို့ အတတ်နိုင်ဆုံး သူ့ကို ကျွန်တော်နှစ်သိမ့်ခဲ့တယ်။
သူ့ပြောပြချက်အရ သူတို့ချစ်သူနှစ်ယောက်ကြားမှာ တတိယလူ ဝင်လာရာက စခဲ့တယ်လို့ဆိုတယ်။ အချစ်မှာ ရွေးချယ်မှုတွေ ရှိလာပြီဆိုရင် ခံစားရတဲ့လူက နှစ်ယောက်မကခဲ့ဘူးလေ...
“ကျွန်မ ဘယ်လိုလုပ်ရမလဲဟင်”

အားကိုးတစ်ကြီးမေးလာတဲ့ သူ့ကို ကျွန်တော် ဘာပြန်ဖြေရမှန်း မသိဖြစ်ခဲ့တယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ။ ကျွန်တော် ခံစားရတုန်းက မတည်မငြိမ်တဲ့ စိတ်တွေနဲ့ အရူးမီးဝိုင်းသလို့ ဖြစ်ခဲ့သူတစ်ယောက်က ဘယ်လိုလုပ်လမ်းညွှန်ပြနိုင်မလဲ။ အခုချိန်မှာ ကျွန်တော့်အပါးကို သူပြန်ရောက်လာလို့ ဝမ်းသာရမလား။ ငိုနေတဲ့ သူ့ကိုကြည့်ပြီး သနားရမလား။ ကျွန်တော့်စိတ်တွေ မတင်မကျဖြစ်နေခဲ့တယ်။ တကယ်ဆို ကျွန်တော့်ရင်ခွင်ထဲ သူ့ကိုထည့်ပြီး ချော့သိပ်ချင်နေခဲ့မိတာပါ...

အဲဒီညက သူရယ်မောအောင် ကျွန်တော်အတတ်နိုင်ဆုံး နှစ်သိမ့်ခဲ့လို့ စာတမ်းအပြီးရေးရမယ်ဆိုတာကို ကျွန်တော်မေ့သွားခဲ့တယ်။ အချိန်ငါးနာရီကျော်ကြာ ငိုလို့ဝမှ ဖုန်းမချဘဲအိပ်ပျော်သွားတဲ့ သူ့ကို ဖုန်းတစ်ဖက်က ကျွန်တော်အော်နိုးလို့ မရနိုင်ခဲ့ဘူး။ အဲဒီညက ကျွန်တော့်ရင်ထဲ ဂယက်လေးတစ်ခု အဖျားခတ်သွားခဲ့တယ်။ ကျွန်တော် ပျော်ရမှာလား.. စိတ်မကောင်းဖြစ်ရမှာလား။ ဘာပဲဖြစ်ဖြစ် တစ်နှစ်ကျော်ကြာ ကြိုးပြတ်သွားတဲ့ စွန်လေးတစ်ကောင်က ကျွန်တော့်ဆီ ပြန်ရောက်လာခဲ့ပြီပဲလေ...

ကံမကောင်းစွာနဲ့ စာတမ်းတင်ဖို့ အချိန်နောက်ကျခဲ့လို့ ဘွဲ့မရဘဲ အမေရိကားမှာ ကျွန်တော် တစ်နှစ်ထပ်နေရပြန်တယ်။ ပရော်ဖက်ဆာက ကျွန်တော်မပြန်ဖြစ်တာကို ပျော်နေခဲ့တယ်။ ကျောင်းမဖွင့်ခင် နွေရာသီကျောင်းပိတ်ရက်မှာ ထိုင်ဝမ်တစ်ခေါက်ပြန်ပြီး သူနဲ့တွေ့ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ bookmark လေးပျောက်သွားခဲ့လို့ပဲလား။ စာနဲ့ ဓာတ်ပုံတွေက အပြင်မှာလို အသက်မဝင်နိုင်လို့ပဲလား။ ဇာတ်သိမ်းတဲ့အထိ သူနဲ့ကျွန်တော် မဆုံဖြစ်ခဲ့ရင်တောင် သူ့ကို ကျွန်တော်မြင်ချင်သေးတယ်။ သူ့ကြောင့်ဖြစ်လာမယ့် နာကျင်မှုတွေကို ကျွန်တော်ခံစားချင်သေးတယ်လေ....


ဆုံကြမယ့်နေရာနဲ့ အချိန်ကို ဖုန်းထဲမှာ ကျွန်တော်တို့ ချိန်းလိုက်ကြတယ်။ တွေ့ကြမယ့်မနက်မှာ ချိန်းထားတဲ့နေရာကို အရင်တစ်ခါလိုပဲ နာရီဝက်စောပြီး ကျွန်တော်ရောက်နေခဲ့တယ်။ ဒီတစ်ခေါက် ပုံပြင်ထဲကလို နှင်းဆီပန်းကိုဖျက်ဆီးမယ့် စုန်းမဟာ ကျွန်တော် မဟုတ်တော့ဘူး။ နှင်းဆီပန်းကို အကာအကွယ်ပေးမယ့် မင်းသားဖြစ်သွားခဲ့ပြီ...

“ကိုကိုကြီး”

ခါးအထိရှည်လျှားနက်မှောင်တဲ့ဆံပင်နဲ့ ဂါဝန်အဖြူရောင်ဝတ်ထားတဲ့ ချစ်စရာ့ကောင်မလေးတစ်ယောက် ကျွန်တော်ရှေ့ကို ရောက်လာပြီး ပြုံးပြနှုတ်ဆက်တယ်။

“ဝါး... တော်တော်လှလာပါလား.. ကြည့်စမ်း... မှတ်တောင်မမှတ်မိဘူး”

မတွေ့ဖြစ်တဲ့ သုံးနှစ်အတွင်းမှာ သူအပျိုးဖားဖားကြီး ဖြစ်လာခဲ့တယ်။ အချိန်ရဲ့တိုက်စားခြင်းကိုခံရတဲ့ ကျွန်တော်ကတော့ အိုစာသွားတဲ့အပြင် ရင်ထဲမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေခဲ့တယ်။

“ဟုတ်လား ”

ယောကျာ်းလေးတွေရဲ့ ချီးမွမ်းစကားမှာ သိပ်ကျင့်သားမရသေးတဲ့ အသံနဲ့ သူ့ပါးပြင်နှစ်ဖက် ရှက်သွေးဖြာသွားခဲ့တယ်။

အကောင်အထည်မပေါ်တဲ့ အိပ်မက်စိတ်ကူးတွေကိုမက်ရင်း ကုန်ဆုံးသွားခဲ့တဲ့ နွေရာသီ ၃နှစ်ကို ကျွန်တော်နှာမြောလိုက်မိတယ်။ အခွံတွေချွတ်ပြီး လှပတဲ့လိပ်ပြာလေးဖြစ်လာတဲ့ဖြစ်စဉ်မှာ ကျွန်တော်အနားမှာ ရှိမနေခဲ့ဘူး။ ဆိုင်တစ်ဆိုင်ရဲ့ ပြတင်းပေါက်ဘေးမှာ ကျွန်တော်တို့ နေရာယူလိုက်ကြတယ်။ လက်ဖက်ရည်တွေ ကိုယ်စီမှာပြီး ကျွန်တော်တို့ စကားဆက်ကြပြန်တယ်။

“ကိုကိုကြီး ပိန်သွားတယ်နော်”

ဂရုစိုက်တဲ့ စကားသံလေးနဲ့ သူကဆိုတယ်။ လေးနှစ်သာကျော်ခဲ့ပေမယ့် ကျွန်တော်ဟာ သူ့အသံ၊ သူ့စကားလုံးတွေကြားမှာ ကျရှုံးနေသေးတဲ့ စစ်သူကြီးတစ်ဦးဖြစ်ခဲ့တယ်။

“ဟုတ်လား” မေးစေ့ကိုစမ်းကြည့်ရင်း ကျွန်တော်သူ့ကို ပြန်မေးလိုက်တယ်။ တကယ်ပဲ အရင်ကထူထည်းတဲ့မေးစေ့က ခုတော့ အနည်းငယ် ပါးလျနေပါပြီ။

“နိုင်ငံခြားမှာ အစားအသောက်ဆင်းရဲလို့လားဟင်.. ကြည့်စမ်း အသားတွေတောင် မရှိတော့ဘူး”

လက်ကမ်းပြီး ကျွန်တော့်ပါးကို လှမ်းကိုင်လာတဲ့ သူရဲ့လက်ကြောင့် ကျွန်တော် ရင်ခုန်သွားခဲ့မိတယ်။ လှုပ်ရှားနေတဲ့စိတ်ကို ရှက်ရယ်နဲ့ ဖုံးထားလိုက်မိတယ်။ သူ့ရဲ့ ဂရုစိုက်မှုကို ကျွန်တော်နှစ်လိုစွာခံယူမိခဲ့တယ်။

“အစစ အရာရာ အဆင်ပြေလား”

“အင်း.. ဒီလိုပါပဲ ကိုကိုကြီး.. ပြေပါတယ်”

လဲ့သွားတဲ့ သူမျက်လုံးထဲကမျက်ရည်တွေကို ကျွန်တော်တွေ့လိုက်မိတယ်။

“ခံစားချက်တွေ နဂိုအတိုင်း ပြန်မဖြစ်သေးဘူး မဟုတ်လား။ စိတ်မပူပါနဲ့ အသက်အရွယ်တွေ နုပျိုသေးတယ်။ ကောင်းတဲ့ အခွင့်အရေးတွေ အများကြီးရှိလာနိုင်သေးတယ်”

ရေငုံနှုတ်ပိတ်ပြီး ခေါင်းညိတ်ပြနေတဲ့ သူ့ကို လက်နဲ့အသာလေးပုပ်ပြီး အားပေးလိုက်တယ်။

“အချစ်ဆိုတဲ့အရာကို ကျွန်မ မထိတို့ရဲ့တော့ဘူး ကိုကိုကြီး.. အရမ်းခါးသက်လွန်းတယ်”

မျက်ရည်ဥလေးတွေခိုသီနေတဲ့ မျက်လုံးနဲ့ ခေါင်းမော့ပြီး ကျွန်တော့်ကို သူဝင့်ကြည့်တယ်။

“မြွေတစ်ခါကိုက်ခံဖူးတာနဲ့ မြက်တွေ၊ ကျိုးတွေကို ကြောက်သွားပြီလား”

“အင်း..”

ပါးပြင်ပေါ် လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေနဲ့ သူမချိပြုံးလေး ပြုံးလိုက်တယ်။

“အဲလိုလဲ မဟုတ်သေးပါဘူး.. တကယ့်အချစ်စစ်၊ အချစ်မှန်တွေနဲ့ ချစ်ပြီး စောင့်နေသူလည်းရှိမှာပေါ့”

ကျွန်တော့်အတွက် ကိုယ်တိုင်လမ်းကြောင်းခင်းလိုက်မိတဲ့ စကားလား။ ကျွန်တော်သူ့ကို ဂရုစိုက်တယ်၊ မြတ်နိုးတယ်၊ ရင်ထဲမှာ နှစ်နှစ်ကာကာ ချစ်နေတယ်ဆိုတာကို သူမသိခဲ့ဘူးလား...

ကျွန်တော်တို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော့်အနာဂတ်ရဲ့ ရည်မှန်းချက်တွေကို အပြင်မှာ ပြောဖြစ်သလို သူ့နဲ့အတူ ပျော်ရွှင်တဲ့ ဘဝလေးတစ်ခု တည်ဆောက်ဖို့ကိုလည်း စိတ်ထဲမှာ ပြောဖြစ်ခဲ့တယ်။ ကျွန်တော့်ရင်ထဲကအဖြစ်ကို သူ့ဆီက အနည်းငယ်ရိပ်မိတဲ့ တုန့်ပြန်မှုလေးသာရခဲ့မယ်ဆိုရင် ကျွန်တော်ရဲ့ အိပ်မက်တွေ ပိုလှခဲ့မှာသေချာတယ်။ သူ့ကိုတစ်သက်လုံး ချစ်မြတ်နိုးချင်တဲ့ဆန္ဒက ကျွန်တော့်ရင်မှာ မကုန်နိုင်မခမ်းနိုင်ခဲ့ဘူး။ သူကလည်း တုံ့နှေးလွန်းတယ်။ ကျွန်တော့်မျက်ဝန်းထဲမှာ သူရဲ့ လှုပ်ရှားမှုတိုင်းကို ထည့်သွင်းထားတယ်ဆိုတာ မသိခဲ့ဘူးလား..

အဲဒီနှစ် နွေရာသီမှာ ကျွန်တော်ထိုင်ဝမ်မှာ တစ်လကြာသွားခဲ့တယ်။ တစ်လလုံးလုံး သူ့အနားမှာ ကျွန်တော်ရှိနေခဲ့တယ်။ ချီကာဂိုပြန်ရောက်ပြီးနောက် ကနေဒါမှာ အစည်းအဝေးတစ်ခု သွားတက်ဖြစ်ခဲ့တယ်။ အတူနေခဲ့တဲ့ တစ်လအချိန်တွင်းမှာ သူ့ကို ကျွန်တော်ပိုချစ်ခဲ့မိတယ်။ သူ့ကို လက်မလွှတ်အောင် နေ့တိုင်း အီးမေးလ်ပို့တယ်။ စာပုံမှန် ပို့တယ်။ အရင်ကထက် ဖုန်းဆက်တာ ပိုစိပ်လာခဲ့တယ်။ ဒါတောင် ကျွန်တော့်ရဲ့ စိတ်ကိုသူမဖတ်တတ်သေးဘူး။ “ကိုကိုကြီး.. ကိုကိုကြီးနဲ့ ခေါ်တုန်းပါပဲ”....

ကျွန်တော် ၃၂နှစ် မွေးနေ့မတိုင်းခင်တစ်ပတ်မှာ သူ့ဆီက စိမ်းပြာရောင် မာဖလာတစ်ထည် ကျွန်တော်လက်ဆောင်ရခဲ့တယ်။ ကျွန်တော့်အကြိုက် အရောင်လေးမို့ သူ့ရဲ့ဂရုစိုက်မှုကို ကျွန်တော်ခံစားမိတယ်။ နောက်ပြီး သူကိုယ်တိုင်လုပ်ထားတဲ့ မွေးနေ့ကတ်လေးတစ်ခု၊ ကတ်ပေါ်မှာ ကျွန်တော့်ပုံစံ ချစ်စရာ့ ကာတွန်းပုံလေးတစ်ပုံ .. ပုံကိုကြည့်ပြီး ကျွန်တော်ရယ်မိခဲ့တယ်။ အဲဒီနေ့တစ်နေ့လုံး ကျွန်တော်ရင့်ထဲမှာ အပျော်ဒီရေတွေ အရှိန်မြင့်မြင့် တက်ခဲ့တယ်။ တစ်ချောင်းချင်း၊ တစ်ပင်ချင်းထိုးထားတဲ့ သူ့ရဲ့နွေးထွေးမှုလေးတွေကို ခံယူချင်လို့ လက်ဆောင်မာဖလာလေးကို ကျွန်တော်အမြဲပတ်ထားမိခဲ့တယ်။

ဒီဇင်ဘာ ၂၄ရက်နေ့ ကျွန်တော့်မွေးနေ့မှာ မရည်ရွယ်ဘဲ သူ့ဆီ ကျွန်တော်ဖုန်းဆက်ဖြစ်ခဲ့တယ်။ ပြောစရာစကားတွေ အဆင်သင့် မစဉ်းစားမိလို့ မွေးနေ့အတွက် သူ့ကို သီချင်းအရင်ဆိုပြဖို့ ကျွန်တော်တောင်းဆိုခဲ့တယ်။ “Somewhere Out There” ဆိုတဲ့ သီချင်းကို သူဆိုခဲ့တယ်။ သီချင်းထဲက အကြောင်းအရာတွေက ကျွန်တော်တို့ လက်ရှိအခြေအနေ အတိုင်းပါပဲ။

သူ့သီချင်းပြီးတော့ မိနစ်အနည်းငယ်လောက် ကျွန်တော်တိတ်ဆိတ်သွားမိတယ်

“သိလား.. ကျွန်တော်လေ ကိုယ့်ထက် အသက်တော်တော် ငယ်တဲ့ ချစ်သူတစ်ယောက်ထားချင်တယ်”

“ဘာလို့လဲ.. အဲတာ မျိုးဆက်ကြားကွာဟမှု ရှိနိုင်တယ်နော်”

“လက်ထပ်ပြီးရင် နှစ်ကိုယ်တူကမ္ဘာလေးမှာ အကြာကြီးခံစားချင်လို့ပေါ့”

“အင်း... ဒါကြောင့် လူတွေကပြောတယ်။ မိန်းကလေးတွေ နုပျိုလေ တန်ဖိုးကြီးလေတဲ့”

ကျွန်တော့်စကားကို သူလှောင်ပြောတာလား.. ဒါမှမဟုတ် စကားလမ်းလွဲတာလား..

“အဲလိုလဲ မဟုတ်သေးဘူး။ တကယ်လို့ ကျွန်တော်နဲ့အသက်တူတဲ့ မိန်းကလေးနဲ့လက်ထပ်ရင် ဒီလိုအသက်အရွယ်မျိုးမှာ ကလေးယူမလား.. မယူဘူးလားဆိုတာကို စဉ်းစားရတော့မယ်။ ဒီလိုဆိုရင် အဲဒီမိန်းမကို ကျွန်တော်ဘယ်လိုချစ်ရမလဲ၊ ကျွန်တော့်အချစ်ကို သူက လိုလိုလားလား လက်ခံပါတော့မလား” ကျွန်တော်တကယ်ပဲ သူ့ကို တစ်သက်လုံး ချစ်ချင်တယ်။ အပူအပင်မဲ့စွာနဲ့ ဘဝတစ်ခုလုံးကို သူနဲ့အတူ ဖြတ်ကျော်သွားချင်မိတယ်။

“ကိုကိုကြီးကြည့်ရတာ တုံးအအလေးပဲ.. ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်”

“ကျွန်တော့်ရဲ့ သတိုးသမီးလုပ်ဖို့ တစ်ခါမှ မစဉ်းစားမိဘူးလားဟင်” ကျွန်တော်အရဲစွန့်ပြီး နိမိတ်ပေးကြည့်လိုက်တယ်။

“ဘာပြောလိုက်တာလဲ.. ကျွန်မသေချာ မကြားလိုက်ဘူး”

“အဟား.. ဘာမှမဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော့်မွေးနေ့လေ မွေးနေ့သီချင်းလေးဆိုပါဦး”

“ကောင်းပြီလေ.. အဟမ်း.. Happy Birthday to you.. Happy Birthday to you... ”

လည်ချောင်းကိုရှင်းပြီး မွေးနေ့သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သူဆိုတော့တယ်။ ဖုန်းတစ်ဖက်က ကျွန်တော်ငြိမ်ငြိမ်လေး နားထောင်နေမိသလို တိတ်တိတ်လေး တွေးနေမိတယ်။ အခုနားက နိမိတ်ကို ဖြည်လိုက်ရင် ကောင်းမလား၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလောနေမိတယ်။ နောက်နှစ်ဝက်ဆို သူကျောင်းပြီးတော့မယ်။ ရိုးရှင်းတဲ့ကျောင်းပတ်ဝန်းကျင်ကို ခွာပြီး အရောင်အသွေးစုံတဲ့ ပြင်ပလောကကို သွားထိတွေ့ရတော့မယ်။ အဲဒီအချိန်ကျရင် သူ့ရဲ့ရိုးသားမှုတွေနဲ့ ချစ်စရာ့ရုပ်ရည်ကိုသတိထားမယ့် လူတွေ ပိုများလာတော့မယ်။ ကျွန်တော့်အတွက် ပြိုင်ဖက်တွေလည်း ပိုများလာတော့မယ်။ မီးလိုလောင်မြိုက်တဲ့ ခံစားမှုမျိုးကို ကျွန်တော် နောက်တစ်ကြိမ် ခံစားနိုင်ပါ့ဦးမလား.. အတိတ်နဲ့အတူ ရင်ထဲမှာ နာကျင်လာပြန်တယ်....

“ဟို... ” ပြောမယ့်စကားတွေက ပါးစပ်ဖျားမှာတင် ရပ်တန့်သွားပြန်တယ်။

“ဘာလဲဟင်.. ဒီနေ့ ကိုကိုကြီးတစ်မျိုးပဲ။ စကားပြောရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကျွန်မသေချာမကြားဘူးသိလား.. ဘာလဲ ကျွန်မအသံ တော်တော်ဆိုးနေလို့လား ဟင်”

“မဟုတ်ဘူး.. မဟုတ်ဘူး... အသံကောင်းပါတယ်။ ကျွန်တော်အရမ်းပျော်မိတယ်.. တကယ်ပါ”

“မကြောက်ပါနဲ့ ကျွန်မက ပိန်ပိန်သေးသေးလေးပါ။ ကိုကိုကြီး ထိခိုက်အောင် ဘာမှမကြံစည်ပါဘူး.. ဟင်း.. ဟင်း.. ဟင်း”

သူ့စိတ်ဆိုးမှာ ကြောက်လို့ အလျှင်စလို တောင်းပန်တဲ့ ကျွန်တော့်ကို ကောက်ကျစ်တဲ့ မြေခွေးရယ်သံမျိုးနဲ့ သူပြန်နောက်တယ်။ ကျွန်တော် ချစ်လိုက်ရတာ.....

“ကိုကိုကြီး .. ကျွန်မပို့လိုက်တဲ့ မွေးနေ့လက်ဆောင် ရပြီလားဟင်”

မွေးနေ့လက်ဆောင် ရပြီးကတည်းက အပျော်လွန်နေတဲ့ကျွန်တော် သူ့ကို ကျေးဇူးတင်ကြောင်း ပြောဖို့ မေ့သွားခဲ့တယ်။ သူသာမမေးခဲ့ရင် အပျော်နွံထဲမှာပဲ ကျွန်တော်နစ်ဝင်နေပြီး သူ့ကိုကျေးဇူးတင်ဖို့ မေ့နေမှာ သေချာသေးတယ်။

“ရပြီ.. ရပြီ... အရင်ပတ်က ရလိုက်တယ်။ ဆောရီးနော်.. ကျေးဇူးတင်တယ်ပြောဖို့မေ့သွားတယ်”

“ကိစ္စမရှိပါဘူး.. အဲဒီလက်ဆောင်တွေကို ပစ်လိုက်ရင် ကျွန်မပင်ပန်းရကျိုး မနပ်မှာဘဲ စိုးရိမ်နေတာ”

“အချိန်တော်တော်ပေးလိုက်ရတယ် မဟုတ်လား” ကုလားထိုင်နောက်မှာ ချိတ်ထားတဲ့မာဖလာကို ယူပြီး ကျွန်တော်သေချာထပ်ကြည့်လိုက်မိတယ်။ မတူတဲ့ဒီဇိုင်းလေးတွေနဲ့ ချည်သားနူးနူးညံ့ညံ့လေးတွေက ကျွန်တော့်ရင်ကို ပိုနွေးထွေးသွားစေခဲ့တယ်။

“အင်း... တစ်ပတ်နဲ့ အပြီးထိုးလိုက်တာ... အခန်းဖော်ကတောင် အသဲအသန် ကြိုးစားနေတဲ့ ကျွန်မကိုကြည့်ပြီး လှောင်သေးတယ်။ ကိုကိုကြီး ကြိုက်လားဟင်”

“ကြိုက်တယ်.. အရမ်းကြိုက်တယ်။ အပြင်ထွက်တိုင်း ပတ်သွားတယ်။ လှလို့တဲ့ ဘယ်မှာဝယ်လဲလို့ သူငယ်ချင်းတွေကတောင် မေးနေကြတယ်။ အရောင်လည်း ကြိုက်တယ်။ ပင်ပင်ပန်းပန်းနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်ကို ကျွန်တော်မကြိုက်ဘဲ နေပါ့မလားဗျာ”

“ဒီလောက်တောင်ပဲလား” ကျေနပ်သံနဲ့ သူကဆိုတယ်။

“သိလား.. ကိုကိုကြီး ကြိုက်တတ်တဲ့အရောင်ကို လိုက်ရှာရတာ နေရာအနှံ့ပဲ။ တွေ့မယ့်တွေ့တော့လည်း ဂရိသိုးမွေးတဲ့ မိုက်တယ်နော်။ ခက်ခက်ခဲခဲရှာထားရတာကို ကိုကိုကြီး မကြိုက်ရဲရင် မကြိုက်ကြည့်လေ... ကျွန်မအလွတ်မပေးဘူးနော်”

သူ့စကားတွေ ကြားမှာပဲ ကျွန်တော် ထပ်မံကျရှုံးသွားပြန်တယ်။ ကျွန်တော်အပေါ် သူခံစားတတ်ခဲ့ပြီလား၊ အရူးတစ်ယောက်လိုချစ်နေတဲ့ ကျွန်တော်အချစ်ကို ရိပ်မိခဲ့ပြီလားလို့ အဲဒီအဖြစ်နောက်ပိုင်း ကျွန်တော် မကြာခဏတွေးမိတယ်။ တွေးလေလေ မရေရာမှုတွေက များလေလေပါပဲ။ ရှေ့ကို နောက်ထပ်တစ်လှမ်း ဘယ်လိုဆက်တိုးရမလဲ.. ကျွန်တော်ကြောင့် သူမထိတ်လန့်သွားစေချင်ခဲ့ဘူး။

သူဟာ လေပါ။ နုပျိုတဲ့လေပါ။ အချစ်တစ်စုံနဲ့ ဟင်းလင်ပြင်မှာ လွတ်လွတ်လပ်လပ် ပျံဝဲနိုင်တယ်။ ကျွန်တော်ဟာ မြေကြီးပါ။ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာပဲ ရပ်စောင့်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူး !

ရှေ့လဆိုရင် သူ ၂၂နှစ်ပြည့်ပါပြီ။ ကျွန်တော် လှုပ်ရှားသင့်ပြီ။ အဲဒီလိုနဲ့ ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တစ်ခုကို ဘယ်လိုတောင်းရမယ်ဆိုတဲ့ စီမံကိန်းက ကျွန်တော့်အတွက် အခက်ဆုံးပုစ္ဆာဖြစ်ခဲ့တယ် ထူးခြားတဲ့၊ သစ်လွင်တဲ့နည်းရအောင် ရိုမန်တစ်ဖြစ်မယ့် စာအုပ်တွေကို ကျွန်တော်သည်းသည်းမည်းမည်း ရှာဖတ်တော့တယ်။ ဒါပေမယ့် အရာမမြောက်ခဲ့ဘူး။ စာအုပ်ထဲက အကြောင်းအရာတွေက တိုက်ရိုက်ဆန်လွန်းနေတယ်။ ဒဲ့တိုးသွားပြောရင် ကျွန်တော့်ကြောင့် သူလန့်သွားမှာလဲ စိုးရိမ်မိတယ်။ ၁နှစ်.. ၂နှစ်... နောက် ၅နှစ်.. ကျွန်တော် အဲဒီလိုနဲ့ပဲ ကျိတ်မှိတ်စောင့်ရတော့မလား..

အကြံထုတ်လို့မရတဲ့နောက်ဆုံး ညီမကို ဖွင့်ပြောပြီး အကူအညီတောင်းရတော့တယ်။ ညီမက ဝမ်းသာအားရပါပဲ။ ကျွန်တော်ထက် စိတ်ပိုလှုပ်ရှားပြီး နည်းမျိုးစုံ ရှာကြံပေးခဲ့တယ်။ ညီမကိုကြည့်ပြီး “အိုးကမပူ စလောင်းကပူ” ဆိုတဲ့ စကားပုံကို ကျွန်တော် ဆက်စပ်တွေးမိလိုက်တယ်။ နောက်ဆုံးမှာ အကောင်းဆုံး အကြံတစ်ခုနဲ့ မြို့ထဲကျွန်တော်ထွက်လာခဲ့တယ်။

ယာဉ်အတွင်းအလာ ပိတ်ဆို့မှုများတဲ့ အမေရိကားနိုင်ငံထဲမှာ ချီကာဂိုလည်း တစ်မြို့အပါအဝင်ဖြစ်တယ်။ လမ်းတွေရဲ့ ဝဲယာမှာ ဆိုင်ကြီးဆိုင်ငယ်တွေနဲ့ ပြည့်ကျပ်နေတယ်။ ကားကိုညင်သာစွာမောင်းရင်း ဘေးဘီကို ကျွန်တော်လိုက်ကြည့်မိတယ်။ ရုတ်တရက် ကျွန်တော့်မျက်စိရှေ့မှာ လက်ဝတ်ရတနာရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့လိုက်မိတယ်။ ဒီဇိုင်းဆန်းဆန်း အပြင်အဆင်နဲ့ သေးငယ်လှပတဲ့ ဆိုင်းပုဒ်က ကျွန်တော့်ကို ဆွဲခေါ်နေသလိုပါပဲ။

ကားရပ်ပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ နှာခေါင်းထဲ ခပ်သင်းသင်းထိုးဝင်လာတဲ့ Lavender ပန်းရနံ့ကြောင့် သူ့ရယ်သံနဲ့ သူ့ကိုယ်နံ့လေးကို ကျွန်တော် သတိရလိုက်မိတယ်။ မှန်ဗီရိုထဲက ဆွဲကြိုးလေးတွေကို ကျွန်တော်လိုက်ကြည့်မိတယ်။ လက်ရာလေးတွေ တော်တော်ကောင်းပေမယ့် “သူ့” အရိပ်က အနားမှာ ရှိမနေခဲ့ဘူး။ အကောင်းဆုံးလို့ထင်တဲ့ ဆွဲကြိုးတစ်ကုံးတွေ တစ်ကုံးပြီး တစ်ကုံးရွေးနေခဲ့မိတယ်။ ကျွန်တော် အကောင်းဆုံးကိုပဲယူမယ်။ ဟိုတစ်ခု၊ ဒီတစ်ခုနဲ့ မရေမရာဖြစ်နေချိန်မှာ ဆိုင်ရှင်က နောက်ထပ်ဘီရိုတစ်ခုကနေ ဆွဲကြိုးလေးတစ်ကုံး ထုတ်ပြတယ်။ ဒီတစ်ကုံးပဲ.. ဟုတ်တယ် ဒီတစ်ကုံးပဲ။ ရိုးရှင်းတဲ့ ဂရိုဒီဇိုင်းနဲ့ ရေစက်သဏ္ဍာန် ဆွဲသီးလေးတစ်လုံး.. သူနဲ့ အလွန်လိုက်ဖက်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

ဆွဲကြိုးလေးကိုဝယ်ပြီး အပြန်မှာ ပန်းဆိုင်တစ်ဆိုင်ကို ကျွန်တော်ဖြတ်လာမိတယ်။ အမျိုးအစား စုံလင်တဲ့ ရောင်စုံပန်းတွေတွေ့တော့ သူ့ကို သတိရလိုက်မိပြန်တယ်။ သူ့ကို ပန်းတစ်ပွင့်တစ်ခက်မှ ကျွန်တော်လက်ဆောင် မပေးဖူးသေးပါလား၊ သူ့အံ့သြဝမ်းသာသွားအောင် ကျွန်တော် မလုပ်သင့်ဘူးလား၊ ခရမ်းရောင်နှင်းဆီ ၉၉ပွင့်ကို ကျွန်တော်ဝယ်လိုက်တယ်။ လေကြောင်းနဲ့ ထိုင်ဝမ်ကို ပို့ပေးဖို့ ဆိုင်ရှင်ကို တစ်ဆက်တည်းမှာလိုက်တယ်။ ကုန်ကျစရိတ်တွေကို ကျွန်တော်မမှုခဲ့ဘူး။ သူ့ကြောင့်ရူးသွပ်နေတဲ့ ကျွန်တော့်ကို ဘယ်သူမဆို ကိုယ်ချင်းစာလိမ့်မယ်လို့ ယုံကြည်မိတယ်။

ကျွန်တော်ဟာ အပျော်ထဲမှာ နှစ်မြုပ်နေသူ တစ်ယောက်ပါ။ ဟုတ်ပါတယ်.. အခုချိန်မှာ ကျွန်တော်ဟာ ပျော်ရွှင်ခြင်းကို လိုက်ရှာနေသူဖြစ်ခဲ့တယ်။

သူ့မွေးနေ့မှာ ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ရင်အစုံက လှိုက်ဖိုလို့နေတယ်။ မျှော်လင့်နေသလို ထိခိုက်ခံစားရမှာလည်း စိုးနေခဲ့တယ်။ အသက် ၃ဝကျော်ဆိုပေမယ့် ကျွန်တော့်နှလုံးသားက ကလေးငယ်တစ်ယောက်လိုပါပဲ...

“ကျွန်တော်ပို့လိုက်တဲ့ လက်ဆောင်ရပြီလားဟင်”

“အင်း.. ရပြီ... လက်ခံသင့်မသင့် ကျွန်မစဉ်းစားနေတယ်။ တန်ဖိုးကြီးလွန်းတယ် ကိုကိုကြီး”

“မ.. မငြင်းလိုက်နဲ့နော်.. ဒါ..ဒါဟာ နိမိတ်တစ်ခုကို ပြတာ” ထစ်ထစ်အအ စကားတွေက လှုပ်ရှားနေတဲ့ ကျွန်တော့်စိတ်ကို ဖော်ညွှန်းနေသလိုပဲ..

“ဘာနိမိတ်လဲ”

ဘုရားရေ... သူတည်ငြိမ်လှချည်လား..

“ဟိုဟာလေ... တကယ်ပဲ မသိဘူးလား”
သူနည်းနည်းလေးမှ မရိပ်မိဘူးဆိုတာ ကျွန်တော်မယုံဘူး။

“ပြောမှ သိမှာပေါ့ ကိုကိုကြီး”

ဖုန်းတစ်ဖက်မှာ ကျွန်တော်နေမသိ ထိုင်မသာ.. ခပ်တိုးတိုးလေး ရယ်ရင်း “ကျွန်တော် တစ်ခုတောင်းဆိုချင်လို့”

“ဘာကိစ္စလဲ ပြောလေ.. ကျွန်မစဉ်းစားပေးမယ်” သူအသံက ရေလို ပျော့ပျောင်းနေတယ်။

“ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ။ ကျွန်တော်ဒီနှစ်မှာ PhD ယူလို့ရပြီ။ ထိုင်ဝမ်ပြန်ပြီး ကျောင်းဆရာလုပ်မယ်။ ရှေ့ရေးအတွက် စိတ်မပူရတော့ဘူး။ ဟိုအရင်က ပြောခဲ့ဖူးတဲ့ ကျွန်တော့် အိပ်မက်စိတ်ကူးကို မှတ်မိသေးလား.. အဲဒီအိပ်မက်ကို ကျွန်တော် အကောင်အထည်ဖော်လို့ ရနေပြီ။ ဒါပေမယ့် ဇာတ်လိုက်မင်းသမီး လိုနေတယ်။ ကျွန်တော့်ရဲ့ ဇာတ်လိုက်မင်းသမီးလေး လုပ်ပါနော်”

“ဒီစကား အရမ်းရိုးတာပဲ။ ကျွန်မ မလိုချင်ဘူး။ နောက်တစ်နည်း ပြောင်းပါ”
နောက်ပြောင်တတ်တဲ့ သူ့အကျင့်ကို မဖျောက်သေးဘူး။

“ကောင်းပြီ.. ကောင်းပြီ။ ကျွန်တော်နောက်တစ်နည်းသုံးမယ်။ ကျွန်တော်တို့ သိတာ ၅နှစ်ရှိတော့မယ်။ ဒီအတိုင်းဆက်နေသွားလို့ မဖြစ်တော့ဘူး”

“ဒီအတိုင်း ဆက်မနေချင်ရင် ဘယ်လိုလုပ်မလဲ” ရယ်ကျဲကျဲနဲ့ သူနောက်ပြန်တယ်။

“ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ။ ရှိသမျှအချစ်နဲ့ ကျွန်တော်ချစ်ပါရစေ။ ကြင်နာပါရစေ။ ကျွန်တော့် ခံစားချက်ကို နည်းနည်းလေးမှ မရိပ်ခဲ့မိဘူးလားဟင်”

တာပေါက်သွားတဲ့ ရေတွေလို ကျွန်တော့်စကားတွေ တရဟော ထွက်ကျလာတော့တယ်။

“ကျွန်မ.. ကျွန်မကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ ထင်လို့ပါ”

“ညီမလေးလိုသာ သဘောထားခဲ့မယ်ဆိုရင် ကျွန်တော်စာတမ်းတွေ နောက်ကျအောင် ထင်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုလိုလည်း ဂရုစိုက်ခဲ့မှာ မဟုတ်ဘူး”

သူ့ဖက်က စကားသံလေး တိတ်ဆိတ်သွားခဲ့တယ်။

“ကျွန်မကြောင့် စာတမ်းတင်တာ နောက်ကျသွားတယ်”

“အင်း... မနှစ်က ချစ်သူနဲ့ကွဲသွားပြီလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာကို မှတ်မိသေးလား.. အဲဒီနေ့က ကျွန်တော်စာတမ်းတင်တဲ့နေ့ပဲ” ကျွန်တော် ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်တယ်။ ကျွန်တော့်ကြောင့် အားနာမှုတွေ သူ့မှာ မရှိစေချင်ခဲ့ဘူး။

“ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲဟင်” ဆို့နင့်တဲ့ အသံနဲ့ သူမေးပြန်တယ်။

“ဘာမှတော့ မဟုတ်ပါဘူး။ အရမ်းဝမ်းနည်းတာကို ကြည့်ပြီး သနားသွားလို့ပါ။ ကျွန်တော့်ကို လက်ထပ်ခွင့်ပြုမလား၊ မပြုဘူးလား၊ အဖြေကို ကျွန်တော်စောင့်နေတာ စိတ်လှုပ်ရှားလိုက်တာ... ကျွန်တော့်ကို လက်မခံမှာစိုးတယ်”

သူငိုနေခဲ့တယ်။

“ပြန်လာခဲ့ပါ ကိုကိုကြီး.. ကျွန်မအနားကို ပြန်လာခဲ့ပါ။ ကျွန်မတို့ အရမ်းဝေးလွန်းနေတယ်။ ပြန်လာခဲ့.. ပြန်လာခဲ့ပါ”

ကျွန်တော့်မျက်ဝန်းထဲမှာ ခိုနေတဲ့မျက်ရည်တွေ မျက်ခမ်းကိုကျော်ပြီး စီးဆင်းသွားခဲ့တယ်။

“အင်း.. ပြန်ခဲ့မယ်။ ကိုကိုကြီး ချက်ချင်းပြန်ခဲ့မယ်။ ပြန်ရောက်တာနဲ့ ချက်ချင်းလာတောင်းမယ်.. စောင့်နေ.. ကိုကိုကြီးအပြန်ကို စောင့်နေပါနော်”

“အင်း.. ကျွန်မကို ပြန်လာပြီး တောင်းမယ့်နေ့ကို စောင့်နေမယ် ကိုကိုကြီး”

ကောင်းကင်ဘုံတစ်နေရာမှာ အိပ်စက်အနားယူနေတဲ့ အဘွားလည်း ပျော်ရွှင်သွားမယ်လို့ ကျွန်တော်ယုံကြည်မိတယ်။

“ပေါင်းမြက်တွေကြားမှာ ပေါက်နေတဲ့ ကံကောင်းခြင်းအပင်ဆီက ၄ရွက်ဆိုင် အရွက်မျိုး ၃ ပင် ဆက်တိုက်တွေ့ပြီးရင် ကိုယ်နဲ့ပထမဆုံးတွေ့ဆုံရတဲ့လူဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်”

၁၅နှစ်အကြာမှာ ကျွန်တော့်သတိုးသမီးကို ကျွန်တော်ရလိုက်တယ်။

-------------
ကံကောင်းခြင်းအပင်ဆီက မျိုးစေ့လေးတစ်စေ့ ကြွေကျလာတယ်။
မင်းနဲ့ အနီးစပ်ဆုံး နေရာမှာ အဲဒီမျိုးစေ့ကိုကျဲခဲ့တယ်။
ကံကောင်းခြင်းတွေနဲ့ မင်းနီးစပ်နိုင်ပါစေ။

ကံကောင်းခြင်းအပင်ဆီက အရွက်တစ်ရွက် ကြွေကျလာတယ်။
လေညှင်းနဲ့အတူ ဟိုဒီဝဲပျံလို့
ပြန့်ကျဲနေတဲ့ မျှော်လင့်ချက်တွေကို တစ်ရွက်စီ ကောက်ယူလိုက်တယ်။
ဆုပ်ကိုင်ထားတဲ့ ရွက်ကြွေတွေနဲ့ တောင်းဆုပြုပါတယ်။
ကံကောင်းခြင်းတွေကို မင်း ပိုင်ဆိုင်နိုင်ပါစေ.....

*** ဖတ်မိတဲ့ တရုတ်ဝတ္ထတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။
မူရင်းလင့် ရှာမတွေ့တော့ပါ...

နိုင်းနိုင်းစနေ (Wednesday, May 28, 2008)

No comments: