Sunday, March 27, 2016

ဝက်သားဟင်းလေးချက် - သက်သက်လွတ် ပဲကုလားဟင်း - ငှက်ပျောဖူးချဉ် - ပုစွန်ခြောက် ငံပြာရည်ကြော်အစပ်



နွေရာသီရောက်လာပြီဆိုတော့ ရာသီဥတုကပူပြင်းတာကြောင့် အနေအထိုင် အစားအသောက်တွေကို ဂရုစိုက်ကြရတာ ခါတိုင်းရာသီတွေ ထက်ပိုမယ်ထင်ပါတယ်။ အိမ်ရှင်မတွေ အိမ်ရှင်ထီးတွေကတော့ မိသားစုစားသောက်မယ့်အစားအစာတွေချက်ပြုတ်ကြတဲ့အခါ သန့်ရှင်းဖို့ ရာသီအလိုက်ဖြစ်တတ်တဲ့ ရောဂါမျိုးလေးတွေမဖြစ်စေဖို့ လျှာအလိုလိုက်ပြီး ကျန်းမာရေးနဲ့မညီမဖြစ်ဖို့ စဉ်းစားတွေးပြီး ချက်ကြရပါတယ်။
အခု ကျနော်နေထိုင်ရာ မန္တလေးဘက်ကနယ်တွေမှာ ချက်စားတတ်တဲ့ဟင်းအတွဲအစပ်တွေကို ကူးယူဝေငှလိုက်ပါတယ်။ ၀က်သားဟင်းဆီပြန်ဆိုရင် အီတတ်တော့ အဖန် အချဉ်အရသာနှောပြီး ဟင်းလေးချက်အသွင်ဖန်တီးမယ်၊ ကုလားပဲဟင်းအစား ပဲစင်းငုံနဲ့ အသီးအရွက်အချို့ရောစပ်ကာ အရည်သောက်ချက်မယ်၊ မချိုမချဉ် အရံအနေနဲ့ ငှက်ပျောဖူးချဉ်လေးသုပ်စားမယ်၊ ပြီးတော့ကာ အငံအရသာအတွက် ပုစွန်ခြောက်ကဲသော ငံပြာရည်ကြော်အစပ်လေးကြော်မယ်။ မကောင်းဘူးလား။

..........................................
ဝက်သားဟင်းလေးချက် (မန္တလေး)
......................................................

မန္တလေးနယ်ဘက်ကအလှူတွေမှာဝက်သားဟင်းလေးချက်ဟာအလှူပွဲတွေမှာကျွေးလေကျွေးထရှိတဲ့နာမည်ကြီးဟင်းလျာတစ်မျိုးဖြစ်ပါတယ်။အရောင်အဆင်းကတော့သရက်သီးခြောက်၊ဆီးဖြူသီးခြောက်၊ဖန်ခါးသီးခြောက်တို့ထည့်ထားတာမို့ခပ်မည်းမည်းဖြစ်နေပါတယ်နော်။အရသာကတော့ချဉ်ချဉ်ဖန်ဖန်လေးနဲ့စားလို့အလွန်ကောင်းပါတယ်။ဗိုက်ဆာဆာနဲ့ထမင်းပူပူပေါ်မှာပုံစားလိုက်ရရင်ဖြင့်တစ်ပွဲနဲ့လည်းမရပ်နိုင်နှစ်ပွဲနဲ့လည်းမရပ်နိုင်မယ့်ဟင်းအမယ်တစ်မျိုးပါ။ဒီနည်းလေးကိုတော့ကိုထက်အစ်မဝမ်းကွဲကျွန်မရဲ့ယောက်းမကြီးမန္တလာသူစစ်စစ်ကနည်းရော၊ချက်စရာအမယ်အခြောက်အခြမ်းတွေရောတကူးတကပို့ပေးလိုက်ပြီးကူညီပေးခဲ့တာပါ။အတိုင်းအတာတွေကိုလဲသူတို့ပေးတဲ့အတိုင်းပဲရေးပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
.....................
• ဝက်သား - ၁ပိဿာ
• ဆီ - ၃ဝကျပ်သား
• သရက်သီးခြောက် - ၅ကျပ်သား
• သစ်ကြံပိုး (သို့) ကရဝေးအမှုန့် - ၅ကျပ်သား
• ဆီးဖြူသီး - ၂ကျပ်ခွဲသား
• ဖန်ခါးသီး - ၁မတ်သား
• မက်လင်ခြောက် (ပရဆေးဆိုင်မှာရနိုင်) - ၅မတ်သား
• မရမ်းသီးခြောက် - ၅မတ်သား
• မဆလာ - ၂ဇွန်း (အချိုစားဇွန်း)
• ငါးပိ (ရေဖျော်ထား) - ၁ဝသား
• အရသာမှုန့် - ၅ကျပ်သား
• ဆား - အနည်းငယ်
• ကြက်သွန်နီ - ၁ဝသား
• ချင်း/ကြက်သွန်ဖြူ - ၅ကျပ်သားစီ


ချက်ပြုတ်နည်း
....................
၁။ဝက်သားကိုငါးကျပ်သားတုံးလောက်ဦးစွာတုံးပြီးနနွင်း၊ဆား၊အရသာမှုန့်တို့ဖြင့်သမအောင်နယ်ထားပါ။
၂။ဆီပူမှာထည့်ကာဝက်သားအပေါ်ယံတောင့်တင်းလာသည်အထိကျော်ပြီးစစ်ထားပါ။အေးလာလျှင်အသေးတုံးလေးများပြန်တုံးပေးထားပါ။
၃။သရက်သီး၊ဆီးဖြူသီး၊မရမ်းသီးခြောက်များကိုတစ်ရည်ပြုတ်ပြီးစစ်ကာညက်အောင်ထောင်းထားပါ။
၎။ကြက်သွန်နီ၊ဖြူ၊ချင်းစသည်တို့ကိုထောင်းထားပြီးဆီသတ်ကာသရက်သီး၊ဆီးဖြူ၊မရမ်းထောင်းထားတာများထည့်မွှေပါ။ကျန်အဆာပလာများပါထည့်ချက်ပေးပါ။မွှေးပြီးကျက်လာရင်ဝက်သားကျော်ရောမွှေပြီးနူးလာသည်အထိရေအနည်းငယ်စီထည့်ကာတည်ပေးပါ။
၅။အသားနူးပြီဆိုရင်အပေါ့အငန်မြည်းပြီးဖိုပေါ်ကချလို့ရပါပြီ။
၆။ဒါကတော့မန္တလေးနယ်ဘက်ကအလှူများကဝက်သားဟင်းချက်နည်းလေးပါ။

..............................
HtetFamily's Creation
www.htetfamily.com

သက်သက်လွတ် ပဲကုလားဟင်း
ပါဝင်ပစ္စည်းများ
ပဲစင်းငုံ - ၁၀ ကျပ်သား
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
ဒန့်သလွန်သီး - ၄ တောင့်
ကြက်သွန်ဖြူ/နီ - ၂လုံး
မုန်လာဥဖြူ - ၁၀ ကျပ်သား
အာလူး - ၁၅ ကျပ်သား
ဘူးသီး - တစ်စိပ်
ပဲသီး (ပဲတောင့်ရှည်) - ၁၅ ကျပ်သား
ဂေါ်ရခါးသီး - ၁ လုံး
မန်ကျည်းမှည့် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ပျဉ်းတော်သိမ် (ဆီသတ်ရွက်) - အနည်းငယ်

ချက်ပြုတ်နည်း
ပဲစင်းငုံကို ရေဆေးပြီး ရေစိမ်ထားလိုက်ပါ။ ပြီးလျှင် နူးသွားအောင် ပေါင်းအိုးနှင့်ပေါင်းပြီး သတ်သတ်ဖယ်ထားပါ။ အထက် ပါအသီးအနှံများကို အခွံနွှာ၍ သင်ထားပါ။
ပထမဆုံး အိုးထဲသို့ ဆီထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီး ခွဲခြမ်းထည့်ပါ။ အရောင် လေးရဲပြီး အနံ့လေးမွှေးလာရင် အိုးထဲက ခဏဖယ်ထားပါ။ အိုးထဲမှာ ဆီသတ်ပြီး ကျန်တဲ့ထဲကို ပြုတ်ထားတဲ့ ပဲကိုထည့်ပါ။ အရင်ဆုံး မာပြီးမကျက်နိုင်မဲ့ မုန်လာဥဖြူ၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ အာလူးနဲ့ ခရမ်းသီးများကိုထည့်ပါ။ ပြီးလျှင် ရေ နည်းနည်းထည့်ပြီး အုပ်ထားပါ။ နူးလောက်ပြီဆိုလျှင် နူးလွယ်တဲ့ ပဲသီး၊ ဂေါ်ဖီ၊ရုံးပတေသီး၊ ဘူးသီးများကို ထည့်ပြီး၊ မန်ကျည်းရည်ထည့်ပါ။ ပြီးလျှင် သတ်သတ်ဖယ်ထားသော ကြက်သွန်နှစ်များကို ထည့်အုပ်ပါ။ ချခါနီးမှာ မဆလာ၊ ငရုတ်သီးတောင့်ရှည့်၊ ဟင်းခတ်မှုန့်များထည့်၍ အပေါ့အငန် မြည်းပြီးသုံးဆောင်နိုင်ပါပြီ။
ချစ်သုဝေ

ပုစွန်ခြောက် ငံပြာရည်ကြော်အစပ်
..........................................
ပုစွန်ခြောက် ငံပြာရည်ကြော်နည်းကတော့ ရိုးရိုးမြင်နေကျ စားဘူးနေကျလေးဖြစ်မှာပါ။ ကြော်နည်းတွေလည်းဆင်တူလေးတွေဖြစ် ကြမှာပါ။ စည်ကတော့ စည်ကြော်စားတဲ့နည်းလေးကိုအားလုံးပြန်လည်မျှဝေချင်ပါတယ်။
ပါဝင်ပစ္စည်း
................
. ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၅ ဇွန်း
. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
. ငံပြာရည် - စားပွဲဇွန်း ၃ ဇွန်းခွဲ
. ကြက်သွန်ဖြူ - ၈ တက် (ထောင်းထားပါ)
. ကြက်သွန်နီ - ၅ လုံး (ပါးပါးလှီးထားပါ)
. ငရုတ်သီးခွဲကြမ်း - စားပွဲဇွန်း ၁ဝ ဇွန်း
. ပဲဆီ - ၁ ခွက် (လိုသလောက်၊ ဟင်းချက်ရန်တိုင်းသောခွက်)
. ဆား - အနည်းငယ်
. ကြက်သွန်ဖြူအကွင်းကြော် - စားပွဲဇွန်း ၅ ဇွန်း (ကြော်ပြီးမှ ဖြူးရန်)
. ကြက်သွန်နီအကြွတ်ကြော် - စားပွဲဇွန်း ၃ ဇွန်း (ကြော်ပြီးမှ ဖြူးရန်)

ပြုလုပ်နည်း
..................
၁။ မကပ်သောအကြော်ဒယ်အိုးထဲမှာဆီပူအောင်တည်ပါ။
၂။ ဆီပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်ဖြူ/နီထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူ/နီ နွမ်းလာလျှင် ငံပြာရည်ထည့်ပါ။ အနံ့မွှေးလာလျှင် ငရုတ်သီးခွဲကြမ်းနှင့် ပုစွန်ခြောက်မှုန့်ထည့်ပြီးကြော်ပါ။ ဆီနည်းလျှင် ထပ်ထည့်ပါ။
၃။ အပေါ့အငန်မြည်းပြီးလိုတာထပ်ဖြည့်ပါ။ မီးပိတ်ပြီးမီးဖိုပေါ်ကချခါနည်းမှ ကြက်သွန်ဖြူအကွင်းကြော်၊ ကြက်သွန်နီအကြိတ်ကြော်တို့ ရောမွှေပါ။ တို့စရာစုံလင်စွာနဲ့ တွဲဖက်စားမယ်ဆိုလျှင် ထမင်းမြိန်စေတာအမှန်ပါ။
မှတ်ချက် - အငန်မစားနိုင်သူများအတွက် ငါးခြောက်မှုန့် (သို့) ပုစွန်ခြောက်သုံးပြီးငံပြာရည်လုံးဝမထည့်ဘဲအသားမှုန့်နှင့် အတူကြော် အစားထိုးအသုံးပြုနိုင်ပါတယ်။ ကိုယ့်စိတ်တိုင်းကျ ပါဝင်ပစ္စည်းများကိုအတိုးအလျော့လုပ်ပြီးကြော်လည်းအရသာအသစ် တီထွင်နိုင်ပါတယ်။
.................................
HtetFamily's Creation

ငှက်ပျောဖူးချဉ်
……………………………..


လိုအပ်တာတွေကတော့
♦   ငှက်ပျောဖူး   –   ၁ဖူး
♦   စောင်းလျားသီး   –   ၂လုံး
♦   ဆား   –   အနည်းငယ်
ရွာမှာတော့ငှက်ပျောဖူးချဉ်လုပ်တဲ့အခါဖီးကြမ်းငှက်ပျောဖူးပဲသုံးကြပါတယ်။ဖီးကြမ်းမရရင်တော့ရခိုင်ငှက်ပျောဖူးကိုသုံးနိုင်ပါတယ်။ (ကျွန်တော်တို့ရွာမှာရခိုင်ငှက်ပျောသီးကိုပျေသီးလို့ခေါ်ပါတယ်)
ပြုလုပ်ပုံ
……………
၁။    ပထမဦးဆုံးငှက်ပျောဖူးရဲ့အကြမ်းဖတ်များကိုခွာပြီးသန့်ရှင်းအောင်ဆေးထားပါ။ငှက်ပျောဖူးချဉ်လုပ်တဲ့အခါအကြမ်းဖက်ကိုပဲသုံးပါ။
၂။   ပြီးရင်သန့်ရှင်းထားတဲ့ငှက်ပျောဖူးအကြမ်းဖက်များကိုပါးပါးလှီးပြီးဇလုံကြီးတစ်လုံးတွင်ထည့်ပြီးဆားဖြင့်နယ်ပြီးအရည်ညှစ်ပစ်ပါ။
၃။   ပြီးလျှင်စောင်းလျားသီးကိုအတုံးသေးသေးတုံးပြီးအရည်ညှစ်ပြီးသားငှက်ပျောဖူးအဖတ်များနှင့်ရောနယ်ပြီးတစ်ညသိပ်ထားပါ။
၎။   နောက်ရက်တွင်ငှက်ပျောဖူးချဉ်ကအဆင်သင့်ဖြစ်ပြီးစားသုံးနိုင်ပါပြီ။
ရွာအလှူပွဲတွေမှာဆိုရင်တော့ငှက်ပျောဖူးချဉ်ကိုပဲတီချဉ်၊ပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ဆီအနည်းငယ်ထည့်သုပ်ပြီးဝက်သားဟင်းဆီပြန်၊ပဲကြီးနှပ်၊ငါးပိချက်၊ငရုတ်သီးကြော်၊မှန်ရောင်ဟင်းချိုတို့နှင့်တွဲဖက်ကျွေးလေ့ရှိပါတယ်။ဒီဟင်းအတွဲလေးတွေကတော့ရွာဓလေ့အလှူဟင်းလေးတွေပါပဲ။ 
♦   မြင့်ဦးသာ  ♦

(ပုံမှန်အားဖြင့်တော့ ဟင်းလေးချက်နဲ့ဆိုရင် ကုလားပဲနှပ်၊ ငါးခြောက်နှပ်ဆီပြန်တွေပေါင်းစပ်ချက်ပြုပ်တတ်ပါတယ်။ ကျနော်ကတော့ ရာသီပြင်းတော့ အခန့်မသင့်ရင် ၀မ်းပျက်မှာစိုးလို့ အထက်ပါအတိုင်းတွဲစပ်ချက်ပြုတ်လိုက်တာပါ။ သက်ဆိုင်ရာချက်ပြုတ်ပြသူနာမည် များကိုထည့်ထားပါတယ်။)

No comments: