Tuesday, March 15, 2016

ကူးစက်မြန် ဦးနှောက်အမြှေးရောင်ရောဂါ



 ကူးစက်မြန် ဦးနှောက်အမြှေးရောင်ရောဂါ အကြောင်း သိကောင်းစရာ

ကူးစက်မြန် ဦးနှောက်အမြှေးရောင် ရောဂါဟာ Neisseia Meningitis ရောဂါပိုးကြောင့်ဖြစ် တာပါ။
ရောဂါပျိုးရက် နှစ်ရက် မှ ၁၁ ရက်အထိ ပျမ်းမျှ သုံးရက်မှ လေးရက် အထိ ကြာမြင့်တယ်။

ကူးစက်ပျံ့နှံ့ပုံအရ ရောဂါရှိသူချောင်းဆိုး ခြင်း၊ နှာချေခြင်းကနေ တိုက်ရိုက်ကူးစက်နိုင်တယ်။ ရောဂါရှိသူရဲ့ချွဲ၊သလိပ်၊ ခန္ဓာကိုယ် ကထွက် တဲ့ အရည်၊ အသုံးအဆောင်ပစ္စည်း တွေကို ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါ တယ်။

ရောဂါလက္ခဏာတွေကတော့  အဖျား ကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ဇက် တောင့်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အရေပြား မှာ သွေးခြည်ဥများထွက်ခြင်း၊ အန်ခြင်း၊ မှိန်းခြင်း၊ သတိ လစ်ခြင်း၊တက်ခြင်းနဲ့သွေးလန့် ခြင်းတို့ဖြစ်တတ်ပါတယ်။ ငယ်ထိပ်မပိတ် သေးတဲ့ တစ်နှစ် အောက်ကလေးတွေမှာငယ် ထိပ်ဖောင်းခြင်းနဲ့တင်းခြင်းတို့   ဖြစ်စေနိုင် တယ်။

ကူးစက်မြန် ဦးနှောက်အမြှေးရောင်ရောဂါ  ပြန့်ပွားမှုနဲ့ အသက်ဆုံးရှုံးမှုကို ကာကွယ်နိုင် ဖို့ ရောဂါရှိပြီဆိုတာ သိတာနဲ့တစ်ပြိုင် နက်နီးစပ် ရာကျန်းမာရေး ဌာနမှာ ဆေးကုသမှု ခံယူဖို့လို အပ် တယ်။

ထိရောက်သေချာတဲ့ ကုသမှုဖြစ်ဖို့  ကျွမ်းကျင်တဲ့ဆရာဝန်နဲ့  တိုင်ပင်ဆွေးနွေးပြသဖို့ လိုအပ် တယ်။

ကြိုတင် ကာကွယ်ခြင်းကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊ နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ဖုံးအုပ်ခြင်း၊ တံတွေး၊ သလိပ်ကို    စည်းကမ်းမဲ့ထွေးခြင်းကနေ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားသူ  ဒါမှမဟုတ်  ရောဂါ ရှိတယ်လို့   သံသယရှိသူတွေနဲ့ဆုံတဲ့အခါ ရောဂါကူး စက်ခြင်းမရှိစေဖို့နှာခေါင်းနဲ့ပါးစပ် ဖုံးအုပ်ထား တဲ့  မျက်နှာ ဖုံးအကာအကွယ်နဲ့ တခြားအ ကာအ ကွယ်ပစ္စည်းတွေသုံးရမယ်။

ပွဲလမ်းသဘင်၊ လူစည်ကားတဲ့နေရာနဲ့ ဖုန်ထူ ထပ်တဲ့နေရာတွေကို သွားလာခြင်းမှ ရှောင် ကြဉ် ရမယ်။

ကူးစက်မြန်ဦးနှောက်အမြှေးရောင် ရောဂါ ပြုစုကုသသူနဲ့ လူနာစောင့်တွေအနေ နဲ့  ဆေးကြို တင်သောက်ထားဖို့လိုပါမယ်။

စီဖရန် ၅ဝဝ မီလီဂရမ်နှစ်လုံး နှစ်ကြိမ် သောက်သုံးဖို့လိုပြီး လူနာပြုစုချိန် နှာခေါင်း စည်း၊ ပါးစပ်စည်း၊ လက်အိတ် နဲ့ ခြေအိတ် ဝတ်ဆင် ထားဖို့ လိုပါတယ်။

စနစ်တကျ ဆေးကြော သန့်ရှင်းပြီးမှသာ အပြင်ထွက်သင့်ပြီးလူနာရဲ့စားကြွင်းစားကျန်တွေကို စနစ်တကျ စွန့်ပစ်ဖို့လိုအပ်ပါတယ်။လူနာကို သီးခြားခွဲ ထားပြီး စနစ်တကျ ဆေးကု သမှုခံ ယူဖို့လိုပါတယ်။

ဆေးကုသမှုနှောင့်နှေးရင် သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ အစုလိုက် ဖြစ်ပွား တတ်လို့ သေချာဂရုစိုက်ဖို့လိုပါတယ်။    ။

 ဒေါက်တာလွင်သန့် (ဆေး-၂)

Neisseria meningitides ဦးနှောက်အမြှေးရောင် ကူးစက်ရောဂါ 


ခုတလော သတင်းတွေလည်းထွက်တယ်။ ကျန်းမာရေးဦးစီးဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားတဲ့ ကူးစက်မြန် ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ။ အဲဒီရောဂါကို Meningococcal disease လို့လည်းခေါ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့တွဲပြီး Neisseria meningitidis လို့လည်းခေါ်ပါတယ်။ ပိုးအမျိုးအစားခွဲတွေ ရှိတယ်။ A, B, C, W နဲ့ Y ဖြစ်တယ်။

ရောဂါရှိနေသူနဲ့ ထိတွေ့မှုကနေ ကူးစက်စေနိုင်တယ်။ အတူနေတာနဲ့ ဖက်ရမ်းနမ်းတာလည်းပါတယ်။ တံတွေး၊ သွားရည်ကနေ ကူးစက်တယ်။ ရောဂါဖြစ်စေနိုင်တဲ့ ပိုးဟာ လူတွေရဲ့နှာခေါင်းနဲ့ အာခေါင်နောက်နားမှာ ၁-၁ဝ% လောက်မှာရှိနေတယ်။ အဲလိုလူတွေက ရောဂါမဖြစ်ပေမယ့် ရောဂါသယ်ဆောင်ပေးနေသူတွေဖြစ်ကြတယ်။ တုပ်ကွေးလောက်တော့ ကူးစက်တာမများပါ။

ရောဂါကူးစက်လာရင် ဖျားမယ်။ ခေါင်းကိုက်မယ်။ လည်ပင်းတင်းတောင့်နေမယ်။ ပျို့အန်နိုင်တယ်။ အလင်းရောင် မကြည့်ချင်ဖြစ်နိုင်တယ်။ စိတ်မကြည်လင်ပဲ ရောထွေးနေမယ်။ အာရုံကြောတုန့်ပြန်မှု အားနည်းနေမယ်။ ကလေးက ငိုမယ်။ စိတ်တိုနေမယ်။ ပိုးကသွေးထဲရောက်နိုင်တယ်။ အဲတာဆိုရင် မောပန်းမယ်။ အန်မယ်။ ခြေလက်တွေ အေးစက်နေမယ်။ ကိုက်ခဲနာနေမယ်။ အသက်ရှူမြန်မယ်။ ဝမ်းလျှောမယ်။ အရေပြားမှာ အနီဖြစ်ဖြစ် ခပ်ပြာပြာဖြစ်ဖြစ် အစက် အကွက်ပေါ်မယ်။ သေဆုံးတဲ့အထိဆိုးနိုင်တယ်။ သေတာလည်းမြန်တယ်။

Meningitis vaccine ကာကွယ်ဆေးရှိတယ်။ လိုအပ်ရင် ၅ နှစ်မှာတခါထပ်ထိုးရတယ်။ (မက်ကာ) သွားသူတွေဆိုရင် ၃ နှစ်တခါထပ်ထိုးသင့်တယ်။ ကလေးတွေ (၉ လသား) ကို MenHibRix® ကာကွယ်ဆေးထိုးပေးမယ်။ ဆေးထိုးပြီးနောက် ၇-၁ဝ ရက်လောက်နေမှသာ ကာကွယ်မှုကောင်းမယ်။

ကာကွယ်ဆေး ၃ မျိုးရှိတယ်။
MPSV4 ကာကွယ်ဆေးကို အသက် ၂ နှစ်ကနေ ၅၅ နှစ်အထိထိုးစေတယ်။ အသက်ကြီးသူတွေ (၅၅ နှစ်အထက်) Meningococcal conjugate vaccine (MCV4) ဆေးကပိုသင့်တယ်။ ပိုး ၄ မျိုးကနေ ကာကွယ်ပေးမယ်။ ကလေး ၁၁ နှစ်ကနေ ၁၈ နှစ်အထိကိုထိုးတယ်။ နောက် ၅ နှစ်နေတခါထပ်ထိုးတယ်။ HIV ရှိနေရင် နောက် ၂ လနေတော့ တလုံး ထပ်ထိုးတယ်။

၂ဝ၁၂ ကစပြီး FDA ကနေအသိအမှတ်ပြုတဲ့ ၂ မျိုးတွဲကာကွယ်ဆေးရှိတယ်။ Menhibrix ကာကွယ်ဆေးဟာ serogroups C နဲ့ Y တို့ကနေဖြစ်စေနိုင်တဲ့ Neisseria meningitides ဦးနှောက်မြှေးရောင်ရောဂါ နဲ့ Haemophilus influenzae type b (Hib) (ဟီမိုးဖီးလပ်စ်) တုပ်ကွေးရောဂါတွေကို ကာကွယ်မယ်။ ကလေးတွေ အသက် ၆ ပါတ်ကနေ ၁၈ လအထိကို ထိုးပေးတယ်။ ၂ဝ၁၄ မှာစသုံးတဲ့ Trumenba ကာကွယ်ဆေးကနေ serogroup B ကိုကာကွယ်တယ်။ အသက် ၁ဝ နှစ်ကနေ ၂၅ နှစ်အထိထိုးတယ်။ ကာကွယ်ဆေးဟာ ၈၅% ကနေ ၁ဝဝ% အထိ ၂ နှစ်အနည်းဆုံး ကာကွယ်မယ်။

ကုသမှု
ဆေးရုံတင်ရမယ်။ ချက်ချင်းပိုးသေဆေးပေးမယ်။ ထိုးဆေးတလုံးတည်းထိုးပေးမယ်။ cefotaxime နဲ့ ceftriaxone ဖြစ်တယ်။ ခါးရိုးထဲကအရည် CSF ကိုစစ်ဆေးလို့တွေ့ရင် ဆေးပိုလိုမယ်။

လက်ကိုမကြာမကြာဆေးကြောပါ။ Hand sanitizer (60% alcohol) လက်ဆေးရည်သုံးတာကောင်းတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစက်ကိုလက်နဲ့မထိလေ ကောင်းလေဖြစ်တယ်။ ချောင်းဆိုး၊ နှာချေရင် တစ်ရှူးသုံးပါ။ နေမကောင်းတဲ့သူနား မသွားပါနဲ့။ ရေပိုသောက်ပါ။ နားနေပါ။ လူစုလူဝေးရှိရာ မသွားပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆

No comments: