Friday, December 5, 2014

သတင်းစာ၏ အယ်ဒီတာ့အာဘော် အချို့



ဒုဿီလများ ကင်းဝေးရေး

သာသနာတော်၏ အသက်သည် “ဝိနည်း” ဖြစ်ကြောင်း၊ ရဟန်းတော်များသည် ဝိနည်းတရားတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းဘဲ ဆယ်ပါးသီလကို စောင့်ထိန်းရုံမျှဖြင့် သင်္ကန်းဝတ်ပြီး နေသော်လည်း ဘုရားရှင် အဆုံးအမ သြဝါဒခံများ မဟုတ်သောကြောင့် သာသနာပ ရသေ့ပရိဗိုဇ်များသာ ဖြစ်ကြောင်း “ဝိနယော နာမ သာသနဿ အာယု” ဟု ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ပာယ်မှာ “ဝိနည်းတရားတော်သည် သာသနာတော်၏ အသက်” ဟူ၍ ဖြစ်သည်။

ဆိုရှယ်ကွန်ရက်များ ထွန်းကားလာသည့်ခေတ်တွင် Facebook ကဲ့သို့သော အွန်လိုင်းပေါ်တွင် ရဟန်းဝတ်ရုံ ဝတ်ပြီး ပေါက်ကရ လုပ်နေကြသည့် ပုံများ မကြာခဏ တွေ့မြင်နေရသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဖြစ်စေ၊ သာသနာတော်ကို ညှိုးနွမ်းစေလိုသောကြောင့် လုပ်သည်ဖြစ်စေ လက်တွေ့ သာသနာတော်တွင် ပရိဗိုဇ်တွေ မည်မျှများနေသနည်း ဆိုခြင်းအား ပြန်လည်ဆန်းစစ်ရန် လိုပေသည်။

သာသနာတော်တွင် ဝိနည်းသိက္ခာပုဒ်များကို ပညတ်ရခြင်းသည် သာသနာတော် အရှည်တည်ရေးအတွက် ဖြစ်သည်။ ဝိနည်းကို ပြဋ္ဌာန်းရခြင်းသည် ဒုဿီလ ရဟန်းများကို နှိမ်နင်းရန် ဖြစ်ပါသည်။ ဒုဿီလ ရဟန်းများကြောင်း သံဃာတော် အစစ်အမှန်များ စိတ်ဆင်းရဲပြီး စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။ ဗုဒ္ဓက ဝိနည်းကို ပြဋ္ဌာန်းခဲ့ခြင်းသည် ကြည်ညိုသူကို ပိုပြီး ကြည်ညိုစေရန်နှင့် မကြည်ညိုသေးသော သူများကိုလည်း ကြည်ညိုနိုင်စေရန် ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် “ရဟန်းဆိုသည်မှာ အလွန်ကျင့်နိုင်ခဲသော သိက္ခာပုဒ်များကို စောင့်ထိန်းကြရသည့် မြင့်မြတ်သူများ ဖြစ်ကြပါလား” ဟု ယုံကြည်သူတို့ စိတ်ထဲတွင် ကြည်နူးစိတ်များ ဝင်လာစေရန်လည်း ဝိနည်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

သာသနာတော် အတွင်းသို့ ဝင်ရောက်လာသည့် ရဟန်းများသည် အနေအစား ချောင်သောကြောင့် ဝင်နေသည်ဆိုသည့် သဘောတရားများ ထွန်းကားလာလျှင်၊ ဝိနည်းတော်အတိုင်း မကျင့်ကြံနိုင်သော သူများကို ရဟန်းအဖြစ် လက်ခံထားလျှင် ဒုဿီလ ရဟန်းများ ပေါများလာမည်သာ ဖြစ်သည်။ ရဟန်းသည် ရဟန်းအလုပ် ရဟန်းအကျင့်ကို ကျင့်မှသာလျှင် ရဟန်းစစ်စစ်များ အဖြစ် ကိုးကွယ်လိုသူများ၏ စိတ်ကို ကြည်လင်စေနိုင်မည် ဖြစ်သည်။

နိုင်ငံရေးတွင်လည်း ဝင်ပြီးလှုပ်၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် အဟောအပြောများနှင့် ဝင်ရှုပ်၊ လူတို့ ကျင့်သလိုကျင့်၊ လူတွေ ပြောသလိုပြော၊ လူတွေ နေသလိုနေ၊ လူတွေကြားထဲ လူနှင့် ခွဲမရသော ရဟန်းတု ရဟန်းယောင် ဒုဿီလများ ရှိနေခြင်းကြောင့် ဝါဝါမြင်တိုင်း ဦးတင်ချင်သည့် သူများမှာလည်း စိတ်ဆင်းရဲရသည်။

ခေတ်က ပြောင်းလဲနေသည်။ မြန်မာနိုင်ငံတွင် ၉၀ ရာခိုင်နှုန်းခန့် ဗုဒ္ဓဘာသာ ဖြစ်နေခြင်းသည် အစဉ်အလာ ကောင်းခဲ့သော သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်သူများကြောင့် ဖြစ်သည်။ နိုင်ငံတကာတွင် ဘာသာတရားများ အားပြိုင်နေချိန်၌ ကိုးကွယ်မှုကို သံသယ ဖြစ်စေခြင်းက အဆိုးဘက်သို့သာ တိမ်းစောင်းသွားစေနိုင်သည်။ လက်ရှိ အနေအထားက ဘာသာတရားအပေါ် သံသယဖြင့် ပစ်ပယ်ခြင်းများလည်း ရှိနေသည်။ ဘာသာတရားကို ကိုးကွယ်ခြင်းထက် မကိုးကွယ်ခြင်းက ပိုကောင်းဦးမည်ဆိုသည့် စိတ်မျိုး ဝင်လာနိုင်သော အနေအထားများကို ဒုဿီလများက ပြုလုပ်နေကြသည်။ ဘာသာတရားသည် လူသားကို လည်းကောင်း၊ နိုင်ငံကိုလည်းကောင်း ထိန်းကျောင်းပြုပြင်ရာတွင် အရေးပါသည်ဟု လက်ခံပြီး အဓွန့်ရှည်စေလိုလျှင် ဒုဿီလများကို တိုက်ဖျက်ခြင်းဖြင့်သာ ကုစား၍ ရနိုင်မည်ထင်သည်။

အယ်ဒီတာ (၃-၁၂-၂၀၁၄)

---------------------------
Editorial, The Voice Daily Vol-2/No-201 (#voiceeditorial)

အမှန်တကယ် အကောင်အထည်ဖော်ရန်လိုသော ခြစားမှုတိုက်ဖျက်ရေး

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ဒီဇင်ဘာ ၃ ရက်တွင် နှစ်စဉ်ထုတ်ပြန်နေကျ အကျင့်ပျက်ခြစားမှုအညွှန်းကိန်း (CPI) ကို ထုတ်ပြန်ခဲ့သည်။ ယင်းအဖွဲ့သည် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်နေခြင်းဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့များ၊ လုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူတို့၏ နေ့စဉ်ဘ၀များပါဝင်သော ကမ္ဘာကြီး၌ အကျင့်ပျက်ခြစားမှုများကင်းစင်ရေး ဖြစ်သည်။ အဆိုပါအဖွဲ့သည် တစ်ကမ္ဘာလုံး၌ ဌာနခွဲပေါင်း ၁၀၀ ကျော်ရှိပြီး ဘာလင်မြို့တွင် အပြည်ပြည်ဆိုင်ရာအတွင်းရေးမှူးချုပ်ရုံး ရှိသည်။

သင်ကြားရေးကိရိယာ မစုံမလင်နှင့်ကျောင်းများ၊ ဆေးဝါးအတုများနှင့် ငွေကသာအဆုံးအဖြတ်ပေးသော ရွေးကောက်ပွဲများ အစရှိသည်တို့သည် အများပြည်သူနှင့်ဆိုင်သော ကဏ္ဍများ၌ ခြစားမှု၏ အကျိုးဆက်အချို့မျှသာ ရှိသေးသည်။ ခြစားမှုဆိုးရွားသောနိုင်ငံများတွင် နိုင်ငံ၏ အရင်းအမြစ်များကို ခိုးယူကြရုံမျှမက လာဘ်ပေးလာဘ်ယူမှုများနှင့် လက်သိပ်ထိုးဆက်ဆံရေးများ ထွန်းကားလှသည်။ အဆိုပါ အကျင့်ပျက်ခြစားမှုများက တရားမျှတမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို အကြီးအကျယ်ထိခိုက်စေပြီး အစိုးရများနှင့် ခေါင်းဆောင်များအပေါ် လူထုယုံကြည်မှုကို ဖျက်ဆီးပစ်သည်။

ကမ္ဘာတစ်ဝန်းလုံးမှ ကျွမ်းကျင်ပညာရှင်များ၏ ထင်မြင်ချက်ပေါ်အခြေခံလျက် အကျင့်ပျက်ခြစားမှုအညွှန်းကိန်းကို ကမ္ဘာတစ်ဝန်းလုံးရှိ အများပြည်သူနှင့်ဆိုင်သော ကဏ္ဍများ၌ ခြစားမှုများအားတိုင်းတာရန် အသုံးပြုနိုင်သည်။ ယခုနှစ်ထုတ်ပြန်လိုက်သော အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနှင့်အတူ အဆင့် ၁၅၆ ၌ ရှိနေသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် အဆိုးရွားဆုံးအဆင့်ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရလည်း အောက်ခြေနားသို့ ရောက်နေသည်။

“အောက်ခြေနားမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ခြစားမှုကို အမြစ်ပြတ်တိုက်ဖျက်ရေးနည်းလမ်းတွေ ကျင့်သုံးဖို့လိုအပ်နေပါတယ်။ အညွှန်းကိန်းရဲ့ ထိပ်ပိုင်းမှာရှိတဲ့နိုင်ငံတွေကလည်း အကျင့်ပျက်ခြစားမှုအလေ့အထတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေထံ တင်ပို့မှုမရှိစေရေး သေချာအောင်လုပ်ဖို့လိုပါတယ်”ဟု Transparency International အဖွဲ့၏ ဥက္ကဋ္ဌ ဟိုဆေးယူဂတ်ဇ်က ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားခြင်းသည် နိုင်ငံအားလုံးနှင့်ဆိုင်သော ပြဿနာဖြစ်သည်။ အညွှန်းကိန်း၌ အောက်နားသို့ ရောက်နေခြင်းသည် အကျင့်ပျက်ခြစားမှုများ ကြီးထွားလျက်ရှိကြောင်း၊ ယင်းကဲ့သို့ ခြစားမှုများကို အပြစ်ပေးအရေးယူမှု နည်းပါးလျက်ရှိကြောင်း နှင့် အများပြည်သူနှင့်ဆိုင်သော အင်စတီကျူးရှင်းများသည် နိုင်ငံသားတို့၏ လိုအပ်ချက်ကို ဂရုစိုက်တုံ့ပြန်မှုမရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က စတင်အာဏာတည်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ငွေကြေးများစွာအသုံးပြုခဲ့သော်လည်း ယခုအထိ အမှန်တကယ် အရေးယူခဲ့သည့် အမှုသည် သုံးမှုသာရှိသေးကြောင်း သိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ကော်မရှင်ပေါ်လာပြီးမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် ပို၍ပင် အားနည်းသွားသည်ဟု ဆိုနိုင်သည်။ ယခုဥပဒေမတိုင်ခင်က ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေရှိခဲ့သော်လည်း မဆလ ခေတ်တစ်လျှောက်လုံး ယင်းဥပဒေကို အမှန်တကယ် အဂတိလိုက်စားမှုတိုက်ဖျက်ရန်ထက် နိုင်ငံရေးအရ ဖြုတ်-ထုတ်-သတ် လုပ်ရန်၌သာ အသုံးပြုခဲ့ကြောင်း တွေ့ရသည်။

ထို့ကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် လူကြားကောင်းရုံဥပဒေများ၊ ကော်မရှင်များဖြင့် ဟန်ပြလုပ်နေခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

No comments: