'အမှားကြာ၊
အမှန်ဖြစ်'တဲ့။ စကားပုံရှိတယ်။ အမှားတွေကြာတိုင်းသာ အမှန်ဖြစ်ကုန်ရင် အမှန်တရားတွေ
ပျောက်ကွယ်ကုန်တော့မှာပေါ့။ အမှားတွေ ဘယ်လောက်ကြာပါစေ အမှန်မဖြစ်ပါစေနဲ့။
''ချစ်သားရာဟုလာ
မှားမှန်းသိလျက် မမှန်သောစကားကိုပြောရန် ဝန်မလေးသူတွင် သူတော်ကောင်း တရားသည် ဆိတ်သုဉ်း၏။
မှားမှန်းသိလျက် မမှန်သောစကားကိုဆိုရန် မကြောက်သောသူသည် သူမလုပ်ရဲ မကိုင်ရဲသော အကုသိုလ်မကောင်းမှုဟူသည်
မရှိတော့ပေ။ ထို့အတွက်ကြောင့် ချစ်သား ရာဟုလာ ရယ်မော နောက်ပြောင်သည့်သဘောနှင့်ပင် မုသားကိုမဆိုမိရန်
သင်သည် ကြိုးပမ်းအားထုတ်အပ်၏'' (ဗုဒ္ဓ)
အမှားကို
အမှန်ထင်လက်ခံထားသူသည် အသက်ရှင်နေသော်လည်း သေသူနှင့်တူ၏။ အမှန်ကို သံ သယမရှိ ဆုပ်ကိုင်နိုင်သူသည်
လူသေသော်လည်း ရှင်သူနှင့်တူ၏။ အမှားအမှန်ကို မဝေခွဲနိုင်သောသူသည် မေ့မြောနေသူနှင့်တူ၏။
အမှားကို အမှန်ထင်သွားသော သင်ခန်းစာယူစရာ ပုံပြင်ကလေးတစ်ခုရှိ၏။
တစ်ခါက
ပုဏ္ဏားအိုကြီးတစ်ယောက်ဟာ အရပ်တစ်ပါးကနေ ဆိတ်တစ်ကောင်ကို ထမ်းပြီး ယူဆောင်လာ သတဲ့။ ဒါကို
အရက်သမားလေးယောက်က အဝေးကနေလှမ်းကြည့်ပြီး ပုဏ္ဏားကြီးထမ်းလာတဲ့ဆိတ်ကို အမြည်း လုပ်ချင်တာနဲ့
အချင်းချင်းတိုင်ပင်ကြသတဲ့။
''ပုဏ္ဏားအိုကြီးထမ်းလာတဲ့ဆိတ်ကို
တို့တစ်တွေဝိုင်းပြီး ခွေးကြီးလို့ ယုတ္တိရှိရှိနဲ့ပြောကြစို့။ ပုဏ္ဏားကြီးက ဆိတ်ကိုခွေးထင်ပြီး
စွန့်ပစ်ထားခဲ့မှ တို့တစ်တွေ ဆိတ်ကိုဖမ်းယူသတ်ဖြတ် ပြီး ချက်ပြုတ်စားသောက်ကြစို့''လို့
တိုင်ပင်ကြပြီး လူစုခွဲကာ တစ်နေရာစီက စောင့်ဆိုင်းနေကြသတဲ့။
ပုဏ္ဏားကြီး
ဆိတ်ကိုထမ်းပြီးလာခဲ့တာ ပထမလူညာအရက်သမားဆီ ရောက်လာတော့တယ်။ ဒီတော့ ပထမလူညာအရက်သမားက
ပုဏ္ဏားကြီး ဘယ်ကခွေးကိုထမ်းလာတာလဲလို့ ဆီးမေးသတဲ့။ ဒီတော့ ပုဏ္ဏား ကြီးက ဟာ. . ဘယ်ကခွေးရမှာလဲ
ဆိတ်ပါဗျလို့ပြောပြီး ဆက်လျှောက်ခဲ့သတဲ့။
တစ်ခါ
ဒုတိယလူညာအရက် သမားဆီ ပုဏ္ဏားကြီးရောက်လာပြန်တော့လည်း ဒုတိယလူညာအရက်သမားက ဟိုး... ပုဏ္ဏားကြီး၊
ခင်ဗျား ထမ်းလာတဲ့ ခွေးကြီးကတယ်ဝပါလား၊ ဘယ်ကထမ်းလာခဲ့တာတုံးလို့ ဆီးမေးပြန်တယ်။ ဒီတော့
ပုဏ္ဏားကြီး က ဘာ..လာပြန်ပြီတစ်ယောက်၊ ဆိတ်ပါဗျ၊ ဘယ်ကခွေးရမှာလဲ ခင်ဗျား သေသေချာချာကြည့်ပြောစမ်းပါ
လို့ပြောပြီး ဆက်လျှောက်ခဲ့ပြန်သတဲ့။ ဒီလိုနဲ့ ပုဏ္ဏားကြီးဟာ ဆက်လျှောက်လာရင်း တတိယလူညာအရက်
သမားဆီ ရောက်ခဲ့ပြန်တော့တယ်။
တတိယလူညာအရက်သမားဆီကလည်း
ဦးလေးကြီး နေပူကျဲကျဲထဲ ခွေး ကြီးထမ်းလို့ပါလား ပင်ပန်းလိုက်တာဗျာ၊ ဘယ်ကထမ်းလာတာတုံးလို့
ပြောလိုက်ပြန်ပါသတဲ့။ ဒီတော့ ပုဏ္ဏား ကြီး နည်းနည်းစဉ်းစားသွားတယ်။ အင်း ..ပထမလူတစ်ယောက်နဲ့တွေ့တုန်းကလည်း
ငါထမ်းလာတာ ခွေး လို့ပြောတယ်။ ဒုတိယလူနဲ့တွေ့တော့လည်း ခွေးကြီးပါလို့ပြောနေပြန်ပြီ။
ဧကန္တ ငါထမ်းလာတာ ဆိတ်မှဟုတ် ရဲ့လား။ ငါမျက်စိများ မှားလာလေရော့သလား၊ ခွေးများဖြစ်နေမလား...လို့
ပုဏ္ဏားကြီး သံသယစိတ်တွေ ဝင်လာပါတော့တယ်။
သံသယဆိုတာ
ဘဝကို အသေသတ်သောစိတ်လို့ တင်စားနိုင်ပါတယ်၊။
သူငယ်ချင်း၊
မိတ်ဆွေ၊ ချစ်သူ၊ မိသားစု၊ ဆရာနှင့်တပည့် အမုန်းပွား ယုံကြည်မှုကင်းမဲ့စေတာသည် ဒီ သံသယကနေစတာပါပဲ။
သံသယထားတတ်သူဟာ ကိုယ့်ရဲ့မပြည့်စုံခြင်းကို ဖော်ပြရာရောက်သလို ကိုယ်က မပြည့်စုံတော့
သူတစ်ပါးကိုလည်း မယုံကြည်တော့ပေ။
ပညာပြည့်ဝသူတွေမှာတော့
သံသယကို မမွေးမြူတော့ ပေ။
ဒီလိုနဲ့
စတုတ္ထလူညာအရက်သမားဆီ ရောက်ပြန်တော့ အလို...ပုဏ္ဏားကြီး ခွေးကြီးထမ်းလို့ ဘယ်လမ်း ကို
သွားမှာတုံး။ ဘာမှအသုံးမဝင်တဲ့ခွေးကြီးထမ်းပြီး ဒီလောက်ဝေးတဲ့ခရီးမှာ မပင်ပန်းဘူးလားဗျာ။
ခင်ဗျား မှာ ချွေးတွေကလည်းပြန်လို့။ မြင်ရသူတောင် စိတ်မချမ်းသာပါလားဗျာ စသည်ဖြင့် ပုဏ္ဏားကြီးယုံအောင်
ယုတ္တိရှိရှိနဲ့ ဆီးပြီးပြောပြန်သတဲ့။
ဒီတော့
ပုဏ္ဏားကြီးကလည်း အင်း၊ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါဟာ အသက် ကလည်းကြီးပြီ၊ မျက်စိကလည်းမှုန်ဆိုတော့၊
ငါထမ်းလာခဲ့မိတာ ခွေးကြီးဖြစ်နေမှာပါလေလို့တွေးပြီး ဆိတ် ကို တော်ရာမှာ စွန့်ပစ်ထားခဲ့ပါတော့သတဲ့။
ဒီတော့မှ
လူညာလေးယောက်လည်း ဆိတ်ကို ဖမ်းပြီးသတ်ကာ ချက်ပြုတ်ပြီး ထန်းရည်၊ အရက်နဲ့မြည်းကြ၊ စားကြသောက်ကြတော့သတဲ့။
ဤပုံပြင်ဥပမာလေးကို
ဖော်ပြရခြင်းသည် ယနေ့ခေတ်လည်း ဤသို့ပင် လူတချို့သည် ဆိတ်ကိုခွေးပါလို့ ညာစားကြသော လူညာတွေနှင့်
အကွက်ချ ကြိုတင်ကြံစည်ပြီး ညာဝါးစားတတ်ကြသော လူညာတွေများစွာရှိ ပေသည်။ လမ်းမှားတွင်
စမ်းတဝါးဝါး လျှောက်နေကြသောသူတွေ တစ်ပုံတစ်ပင်ရှိနေပါသည်။
အညာခံကြရ
ဦးမည့်သူတွေနှင့် ဆက်လက်လိမ်ညာကြဦးမည့်သူတွေ၊ ဤလောကတွင် မြောက်မြားစွာရှိနေပေဦးမည်။
''ကောင်းသောအလုပ်ဖြစ်စေ၊
မကောင်းသောအလုပ်ဖြစ်စေ၊ ကြာကြာလုပ်လျှင် စွဲသွားတတ်သည်။ ထို့ ကြောင့် ကောင်းသော၊ အကျိုးရှိသောအလုပ်ကိုသာ
ကြာကြာလုပ်သင့်သည်။
ဆေးလိပ်၊
ကွမ်း၊ အရက်တို့ကို မသုံးစွဲရမနေနိုင်အောင် စွဲသွားခြင်းသည် နှစ်ပေါင်းများစွာ ကြာကြာလုပ်
ခဲ့သောကြောင့်ဖြစ်သည်။ အမှားကို အကြာကြီးလက်ခံမ ထားပါနဲ့။ စွဲသွားတတ်သည်။ အမှန်တရားကိုသာ
စွဲသွားအောင် ကြာကြာဆုပ်ကိုင်ထားပါ။ အမှားတွေကြာသွားရင် အမှန်ဟု ထင်ကုန်ကြလိမ့်မည်။
လက်ခံ မထားပါနှင့်''။
အထက်ပါပုံပြင်ထဲက
ပုဏ္ဏားကြီးကဲ့သို့သောသူတွေအတွက် ဗုဒ္ဓဟောကြားခဲ့သော ကာလာမသုတ်လင်္ကာ အနှစ်ချုပ်ကို တင်ပြပါရစေ။
''ဘာသာဝါဒ၊
မတူကြ၍ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့် ဆင်းရဲဒုက္ခ၊ ရောက်ကြကုန်၏။
ဆူဆူဗုဒ္ဓ၊
ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
စေ့စုံဥာဏ်ဖြင့်၊
မျှော်ထောက်ချင့်ကာ၊ တစ်ဆင့်ကြားသိ၊ မိရိုးဖလာ၊ ကောလာဟလ၊ ကျမ်းစာမျှနှင့် ကြံဆနည်းမီ၊
ဆီလျော်သုံးသပ် ယူခြင်းထပ်၍၊ ယုံအပ်သူပဲ၊ ဆရာစွဲဖြင့် လွှဲပုံစိတ်ချ၊ မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ၊
ကိုယ်ပိုင်ဥာဏ်ဖြင့် မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊
မျိုးကာလာမ၊
ဟောညွှန်ပြ ဝါဒအယူ စစ်တမ်းပေ''
(အရှင်ဇနကာဘိဝံသ)
Written by -
အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)
Credit to - www.facebook.com/YangonMediaGroup
No comments:
Post a Comment