Wednesday, December 17, 2014

နာကျင်ခါးသက်သည့် အတိတ်မှ ချိုမြိန်လှပသော အနာဂတ်များဆီသို့



 "အစက ထုတ်မပြောဘူးလို့နေခဲ့ပေမယ့် ကျွန်မ နာကျင်ခဲ့တာတွေ အကုန်ပြောတော့မယ်လို့ အခု ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ ယောက်ျား အိပ်ခ်ျအိုင်ဗီနဲ့ ဆုံးပြီး သုံးရက်အကြာမှာ အိပ်ခ်ျအိုင်ဗီ ရှိနေတဲ့ ကျွန်မအမေ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့တယ်လေ" လို့ မရတနာ (အမည်လွှဲ) က ခပ်လှမ်းလှမ်းက ပြတင်းပေါက်ကို လှမ်းကြည့်ရင်း စကားတွေကို တစ်လုံးချင်း အားယူပြောလိုက်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် အိပ်ခ်ျအိုင်ဗီရှိနေပြီလို့ သိသွားတဲ့ မရတနာက ဖခင်၊ မိခင်နဲ့ ခင်ပွန်းသည်ပါ အိပ်ခ်ျအိုင်ဗီရှိနေမှန်းသိတဲ့အခါ ကြုံတွေ့ရတဲ့ မိသားစုအခြေအနေကို ပြောပြနေပါတယ်။ သားမက် ဖြစ်သူ သေဆုံးချိန်မှာတော့ အိပ်ခ်ျအိုင်ဗီကို အကြောက်ကြီးကြောက်သွားတဲ့ မရတနာရဲ့ မိခင်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး အိပ်ခ်ျအိုင်ဗီ ရှိနေတဲ့ ခင်ပွန်းနဲ့ သားသမီး ခုနစ်ယောက်ကို ထားပစ်ခဲ့တာပါ။

ဆီးချိုရောဂါ ခံစားနေရတဲ့ဖခင် ခြေတစ်ဖက်ဖြတ်တဲ့အချိန်မှာ သွင်းတဲ့ သွေးကနေတစ်ဆင့် အိပ်ခ်ျအိုင်ဗီ ကူးလာပြီး ဖခင်ဆီတစ်ဆင့် မိခင်ပါ ကူးစက်တယ်လို့ မရတနာက သံသယ ရှိနေခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ အိပ်ခ်ျအိုင်ဗီရှိနေတဲ့ ခင်ပွန်းနဲ့ မိခင် သေဆုံးချိန်၊ ရောဂါသည် ဖခင်၊ မောင်နှမငယ် ခြောက်ယောက်နဲ့ သမီးငယ်လေးအတွက် အသက်ဆက်ရှင်ရမယ်လို့ အားတင်း ထားခဲ့ပေမယ့် သူအလုပ်လုပ်တဲ့ ရွှေဆိုင်ပိုင်ရှင်က မရတနာမှာ အိပ်ခ်ျအိုင်ဗီ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ နှစ်လစာပေးပြီး အလုပ်ထုတ်ပစ်ခဲ့တာပါ။

"ယောက်ျား အိပ်ခ်ျအိုင်ဗီရှိပြီး ဆုံးမှန်းလည်းသိရော သူတို့ ကျွန်မကို သွေးစစ်ခိုင်းတယ်။ နောက် နှစ်လစာပေးပြီး အလုပ်ထုတ်ပစ်ခဲ့သလို တခြားရွှေဆိုင်တွေမှာ မလုပ်ဖို့နဲ့ တကယ်လို့ သွားလုပ်ခဲ့ရင် ကျွန်မမှာ အိပ်ခ်ျအိုင်ဗီ ရှိကြောင်း လိုက်ပြောမယ်လို့ သတိပေးခဲ့တယ်" လို့ မရတနာ က နာကျင်စွာ ပြုံးရင်း ပြောပါတယ်။

UNAIDS ရဲ့ စစ်တမ်းထုတ်ပြန်ချက် တစ်ခုအရ ၂၀၁၂ အကုန်မှာ ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ လူပေါင်း ၃၅ ဒသမ ၃ သန်းဟာ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်နေကြသူတွေဖြစ်ပြီး အသက် ၁၅ နှစ်နှင့် အထက်မှာ အိပ်ခ်ျအိုင်ဗီ ပျံ့နှံ့မှု သုညဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အာရှတိုက်မှာ အိပ်ခ်ျအိုင်ဗီ ကူးစက်မှုဒဏ် အပြင်းထန်ဆုံးခံစားနေရတဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ၂၀၁၃ ခုနှစ်မှာ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူဦးရေ (ခန့်မှန်း) ၁၈၅,၀၀၀ ရှိနေပါတယ်။ ၂၀၁၃ တစ်နှစ်ထဲမှာ အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရသူ ၆,၄၀၀ ခန့် ရှိနေကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အိပ်ခ်ျအိုင်ဗီကူးစက်မှု ကျရောက်လွယ်တဲ့ ဦးတည်အုပ်စုတွေကို မူးယစ်ဆေးဝါးထိုးသွင်း သုံးစွဲသူများ၊ အမျိုးသားချင်း လိင်ဆက်ဆံသူများနဲ့ အမျိုးသမီး လိင်အလုပ်သမတွေလို့ ဖော်ပြထားပေမယ့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာမ မည်သူမဆို အိပ်ခ်ျအိုင်ဗီရှိသူနဲ့ လိင်ဆက်ဆံမိလျှင်၊ သွေးသွင်းခံရလျှင်၊ တက်တူး၊ မူးယစ်ဆေးဝါး၊ ဒါမှမဟုတ် အရည်ပြားကိုဖောက်ပြီး သွေးထွက်စေတဲ့ အပ်ကို အတူတူ သုံးမိလျှင် အိပ်ခ်ျအိုင်ဗီ
ကူးစက်ခံရနိုင်ပါတယ်။


အိပ်ခ်ျအိုင်ဗီ ပညာပေးအသိနည်းပါးမှုရဲ့ အကျိုးဆက်ကတော့ လူသားချင်းခွဲခြားဆက်ဆံခံရတာ ဖြစ်ပြီး အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေရဲ့ အသက်ရှင်ဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးတွေကို ခြိမ်းခြောက်နေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုခွဲခြားခံရမှုတွေကို ငြင်းဆိုတိုက်ဖျက်ပြီး ကျန်းမာရေးအသိ ဖြန့်ဝေနိုင်ဖို့ ရွှေဆိုင်ကနေ အလုပ်ပြုတ်ခဲ့ရတဲ့ မရတနာတစ်ယောက် ခုချိန်မှာတော့ ရတနာ့မေတ္တာ အိပ်ခ်ျအိုင်ဗီလျှော့ချရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့မှာ နေသားတကျ အလုပ်ရနေပါပြီ။ သူ့ရဲ့တာဝန်က ဘ၀တူ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေကို ကျန်းမာရေး အသိပညာဖြန့်ဝေဖို့နဲ့ အိပ်ခ်ျအိုင်ဗီ ပိုးထိန်းဆေး (အေအာရ်ဗီ) မှန်မှန်သောက်ဖို့အပြင် လူမှုရေးအခက်အခဲတွေကိုပါ အချိန်ပေးနားထောင် ပေးရတာဖြစ်ပြီး ကျန်းမာရေးအသိ အားနည်းလို့ ဆုံးပါးခဲ့ရတဲ့ သူ့မိခင်လိုလူတွေ လျော့စေချင်တဲ့ သူ့ဆန္ဒနဲ့ ထပ်တူကျနေပါတယ်။
"အိပ်ခ်ျအိုင်ဗီရှိမှန်း သိလိုက်တာနဲ့ အမေက အရမ်းရှက်၊ အရမ်း ကြောက်သွားတာ။ ကျွန်မကလွဲပြီး ဘယ်သူ့ကိုမှ ပေးမသိခဲ့ဘူး။ သားအမိနှစ်ယောက်တည်း ကြိတ်ပြီး စိတ်မချမ်းသာဖြစ်နေကြတာ အဖေနဲ့ ကျွန်မယောက်ျားတောင် မသိခဲ့ပါဘူး"လို့ မရတနာက ပြောပါတယ်။

အမေနဲ့ ယောက်ျား ဆုံးပါးပြီးနောက်မှာ ပေါင်မှာ အကြိတ်ကြီးတစ်လုံး ပေါက်လာပြီး အိပ်ခ်ျအိုင်ဗီရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ တီဘီရောဂါ စရခဲ့ပြီး နောက်မှာတော့ မရတနာတစ်ယောက် အိပ်ရာထဲ လဲခဲ့သလို သူ့မိသားစုကိုတော့ သူနေထိုင်ရာ တစ်ရပ်ကွက်လုံးက မျက်နှာချင်းမဆိုင်ရဲတဲ့အထိ အိပ်ခ်ျအိုင်ဗီကူးစက်မှာ ကြောက်နေခဲ့ကြပါတယ်တဲ့။
"ကျွန်မ သေမလိုဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့အချိန်မှာ အိမ်က မောင်လေးတွေ ညီမလေးတွေ ဘယ်သူမှ ရပ်ကွက်ထဲ ခေါင်းမဖော်ဝံ့ကြဘူး။ အရမ်းရှက်စရာ၊ ကြောက်စရာကောင်းတယ်လို့ သူတို့ထင်နေခဲ့ကြတယ်" လို့ မရတနာ က ပြောပါတယ်။

နောက်ဆုံးမှာတော့ သူငယ်ချင်းတချို့ရဲ့ အားပေးမှုနဲ့အတူ အိပ်ခ်ျအိုင်ဗီ ပိုးထိန်းဆေးလို့ အရပ်သိကြတဲ့ အေအာရ်ဗီဆေးအကြောင်း သိလာရပြီး ဆေးအခမဲ့ ထုတ်ယူနိုင်တဲ့ ရတနာ့မေတ္တာဆေးခန်းနဲ့ ချိတ်ဆက်ပြီး ပုံမှန်ကျန်းမာတဲ့ အခြေအနေကို ပြန်ရယူနိုင်ခဲ့ပါတယ်။

ပတ်ဝန်းကျင်နဲ့ အလုပ်ရှင်တို့ရဲ့ ခွဲခြားမှုတွေကို ခံခဲ့ရတဲ့ မရတနာ တစ်ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ အိပ်ခ်ျအိုင်ဗီ ရှိတာနဲ့ မသေနိုင်ဘူးဆိုတာ ပြဖို့နဲ့ ဘ၀တူတွေကို အားပေးဖို့ ခေါင်းပြန် ထူလာခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်း မိသားစုရဲ့ အားငယ်နေတဲ့ စိတ်နဲ့ အရိုးစွဲနေတဲ့ ခွဲခြားမှုအတွေးနဲ့ သူ့ပတ်ဝန်းကျင်က ထွက်ခွာခဲ့ပြီး ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ရတနာ့မေတ္တာလူမှုအဖွဲ့မှာ အလုပ်ပြန်လည်လျှောက်ထားခဲ့ပြီး "ဥက္ကဋ္ဌကြီးက ကျွန်မကို အလုပ်ခန့်လိုက်ပြီလို့ ပြောတဲ့အချိန်မှာ ကျွန်မ အရမ်းကို ၀မ်းသာခဲ့ရပါတယ်" လို့ မရတနာ က ပီတိမျက်ရည်တွေနဲ့ ပြောပြပါတယ်။ အိပ်ခ်ျအိုင်ဗီကို ရှက်စရာ၊ ကြောက်စရာလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့အတွေးကတော့ ခုချိန်ထိ မပြောင်းလဲသေးတာမို့ အိမ်တိုင်ရာရောက် လိုက်အားပေး၊ ဆေးတိုက်ရတဲ့ မရတနာတို့ အတွက်လည်း အခက်အခဲတွေ တစ်ပုံကြီး ရှိနေဆဲပါပဲ။

အိမ်လိပ်စာ အမှားပေးခဲ့လို့ တစ်နေ့လုံး အိမ်ရှာရင်း ရွာလည်ခဲ့တာတွေ၊ မိသားစုကို ပေးမသိတဲ့ သူတွေကြောင့် အိမ်ကနေ မောင်းထုတ်ခံရတာတွေနဲ့ အမျိုးသားတွေကို အားပေးစကားပြောတဲ့ အခါ နောက်မိန်းမလို့ပါ အထင်ခံရတဲ့အထိ သူကြုံတွေ့ခဲ့တာတွေကို ပြောပါတယ်။

"သူတို့နဲ့ အိမ်ထဲမှာ စကားပြောနေတုန်း ဧည့်သည်တစ်ယောက်လောက် ၀င်လာတာနဲ့ ဆေးတွေ စာအုပ်တွေကို ခပ်မြန်မြန်ကောက်သိမ်းပြီး စကားလမ်းကြောင်းတွေပြောင်း၊ သူငယ်ချင်းလို ဟန်ဆောင်ရတာတော့ ခဏခဏပါပဲ"လို့ မရတနာက ပြောပြီး "သူတို့ ဘာတွေခံစားနေရတယ် ဆိုတာ ကျွန်မလည်း ဘ၀တူဆိုတော့ ခံစားခဲ့ဖူးလို့ သိတယ်၊ အဲဒီတော့ သူတို့ကို အရင်းနှီးဆုံး အားပေးနိုင်တယ်"လို့ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေကို ခွဲခြားမှုတွေ ရှိနေသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးနေတုန်းပဲဆိုတဲ့ မရတနာရဲ့ စကားလုံးတွေကိုတော့ နိုင်ငံတကာ အိပ်ခ်ျအိုင်ဗီပညာပေးကွန်ရက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသားချင်းစုံမက်သူ တာရာ (အမည်လွှဲ)က အပြည့်အ၀ ထောက်ခံထားပါတယ်။
မြန်မာတိုင်း(မ်) - နာကျင်ခါးသက်သည့် အတိတ်မှ ချိုမြိန်လှပသော အနာဂတ်များဆီသို့ 

မွန်ပြည်နယ်တွင် HIV/AIDS ဝေဒနာရှင် ပိုများလာ၍ ART ဆေးတိုးမြှင့် ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်း
  မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်း အောင်ကမွန်ပြည်နယ်တွင် HIV/AIDS ရောဂါဝေဒနာရှင်များ ပိုမိုများပြားလာ၍ ART ဆေးပေးဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ရန်လို အပ်ပါကြောင်း ပြောသည်။ AIDS ရောဂါဝေဒနာရှင်များအား ART ဆေးဝါးများ ပိုမိုမြှင့်တင်ဖြန့်ဝေနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်တွင် မော်လမြိုင် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ကျင်းပသည်။

HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာသန့်ဇင်မင်းက မွန်ပြည်နယ်တွင် AIDS ရောဂါဝေဒနာရှင်များအား ART ဆေးဝါး တိုက်ကျွေးသည့် ဌာနခွဲများအဖြစ် မော်လမြိုင်၊ သထုံနှင့်ရေးမြို့နယ်များတွင် ဖွင့်လှစ်ထားပါကြောင်း၊ ART ဆေးကို AFXB, IOM, Consortium စသည့် INGO အဖွဲ့အစည်းများက ကူညီ ပါကြောင်း၊ ရောဂါဝေဒနာရှင်များ သွားလာမှုလွယ်ကူစေ ရေးအတွက် သံဖြူဇရပ်၊ ကျိုက်ထိုနှင့် ချောင်းဆုံမြို့နယ်များတွင် ၂ဝ၁၅ ခုနှစ်အတွင်း ART ဆေပေးဌာနခွဲများ ဖွင့် လှစ်ရန် စီစဉ်လျက်ရှိကြောင်း၊ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြော သည်။
အစည်းအဝေးသို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးဝင်း HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့ေ ခါင်းဆောင် ဒေါက်တာသန့် ဇင်မင်း၊ ကျိုက်ထို၊ သထုံ၊ မော်လ မြိုင်၊ ရေး၊ ချောင်းဆုံ၊ သံဖြူဇရပ် မြို့နယ်များမှ မြို့နယ်ကျန်းမာရေး ဦးစီးမှူးများ၊ သူနာပြု ဆရာမ ကြီးများ၊ INGO အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ထူးထူး(မော်လမြိုင်) - ရန်ကုန်၊ ဒီဇင်ဘာ ၆
ပေါ်ပြူလာ - မွန်ပြည်နယ်တွင် HIV/AIDS ဝေဒနာရှင် ပိုများလာ၍ ART ဆေးတိုးမြှင့် ဖြန့်ဖြူးနိုင်ရေးညှိနှိုင်း 

ခုခံအားကျဆင်းမှုရောဂါ အသိပညာပေးရာတွင် ဘ၀တူချင်း ပါဝင်ကူညီမှုများ ပြုလုပ်လာ
  ခုခံအား ကျဆင်းမှုရောဂါ ကူးစက်ခံရနိုင်မှု မြင့်မားသည့် လိင်လုပ်သားများကို ရောဂါကာကွယ်ရေး အသိပညာပေးရာတွင် ဘ၀တူများက ပါဝင်ကူညီပေးခြင်းသည် ထိရောက်သော နည်းလမ်းတခု ဖြစ်လာကြောင်း သတင်းရရှိသည်။
အကူအညီ လိုအပ်နေသည့် အမျိုးသမီး လိင်အလုပ်သမများ၊ လိင်တူ ဆက်ဆံသူ အမျိုးသားများ (MSM) အတွက် ၄င်းတို့နှင့် ဘဝ တူများကို ဝန်ထမ်းအဖြစ် ခန့်အပ်၍ ပါဝင်ဆောင်ရွက်စေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ခုခံအား ကျဆင်းမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Targeted Outreach Program (TOP) က ပြောသည်။

“သူတို့ အချင်းချင်းကျတော့ တခွန်း ပြောလိုက်တာနဲ့ ဘာကို ဆိုလိုသလဲဆိုတာ ချက်ချင်းသိတယ်။ တချို့ကိစ္စတွေမှာ ဆိုရင် ပြန် တုံ့ ပြန်တာ ပိုမြန်တယ်။ အစီအစဉ်တွေ လုပ်ရတာ ပိုမြန်တယ်။ သူတို့ အချင်းချင်းလည်း နားလည်မှု ပိုရှိတယ်” ဟု TOP ၏ ပြော ရေး ဆိုခွင့်ရှိသူ ဒေါက်တာ ဆောင်းဦးဇာနည် က ပြောသည်။

ဘဝတူချင်း ချဉ်းကပ်၍ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆွေးနွေးအကြံပေးရာတွင် နားလည်မှု အလွယ်တကူ ရှိသည့်အတွက် တုံ့ပြန်မှု ပိုမိုမြန်ဆန်ပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် ထိရောက်မှု ပိုရှိလာကြောင်း၊ သာမန် လူအများစုက ထိုကဲ့သို့ ဝန်ဆောင်မှုများကို လုပ်ကိုင်ရာတွင် နားလည်မှု အပြည့်အဝ မပေးနိုင်သဖြင့် ကြီးမားသည့် အခက်အခဲတခု ဖြစ်နေရကြောင်း TOP က ပြောဆိုသည်။

နှစ်သိမ့် ဆွေးနွေး ပညာပေးရာတွင်လည်း ဘဝတူချင်း ဖြစ်သည့်အတွက် ဖိအားမဖြစ်စေဘဲ စိတ်လွတ်လပ်မှု ပိုမိုရရှိစေနိုင်သည့်အပြင် ဝန်ဆောင်မှုများ ရရှိခံစားရသူတို့၏ အခက်အခဲများအား မည်သို့ကူညီရမည်ကို ဝန်ထမ်းများက အလွယ်တကူ သိရှိနိုင်သည့် အားသာချက်များ ရှိကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ဘဝတူများက ဆွေးနွေး အကြံပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကျောက်ပန်းတောင်း မြို့တွင် ခုခံ အား ကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများကို လိင်တူဆက်ဆံသူ အမျိုးသားများအတွက် ဦးတည် လုပ်ကိုင်နေသည့် မီးအိမ်ရှင်လေးများအဖွဲ့မှ ဦးဌေးလွင်ဦးက “MSM တွေ ဖြစ်နေတော့ နေရာတကာကို သွားပြီး ဆွေးနွေး ပေးဖို့ကျတော့ တခါတလေ နည်းနည်းလေး စိတ်အားငယ်တာတွေ ရှိတတ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဌေးလွင်ဦးက ဆက်လက်ပြီး ခုခံအား ကျဆင်းမှု ရောဂါ ပျံ့ပွားမှုနှုန်းကို လျှော့ချနိုင်ရန် လူငယ်အများစုအတွင်း ပညာပေးရေး လုပ်ငန်းများသည် အဓိကအဖြစ် လိုအပ်ကြောင်းနှင့် ဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်ခင်က ဆွေးနွေး ပညာပေးခြင်းသည်  ပိုမို ထိ ရောက်သော နည်းလမ်းဖြစ်သည်ဟုလည်း ပြောဆိုသည်။

ခုခံအားကျဆင်းမှု ရောဂါ ခံစားနေရသူ တဦးဖြစ်သူ ကိုလင်းက“ဒ်ီအသိုင်းအဝိုင်းမှာ HIV/AIDS နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပိုပြီး တော့ တိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် ရောဂါ မရအောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိလာတဲ့အတွက် လွန်ခဲ့တဲ့ ၄၊ ၅၊ ၆ နှစ်လောက်က MSM အသိုင်းအဝိုင်းတွေ ကြားထဲမှာရှိတဲ့ ကူးစက်မှုနှုန်းဟာ အောက်ကို ကျသွားခဲ့တယ်”ဟု ပြောပြသည်။
TOP က ရောဂါကာကွယ်ရေးအတွက် ဦးတည်ဆောင်ရွက်ရမည့် သူများနှင့် ဘဝတူများကို ဝန်ထမ်းအဖြစ် ခန့်ထားခြင်းအားဖြင့် ရော ဂါ ခံစားနေရသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာပြီး ပတ်ဝန်းကျင်၏ အပစ်ပယ်ခံဘဝဖြင့် ဘဝကို အဆုံး သတ်ရသူများ လျော့သွားစေနိုင်ကြောင်းလည်း TOP ၏ ဝန်ဆောင်မှုကို ရယူနေသူ ကိုလင်းက ဆက်လက် ပြောဆိုသည်။

ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသည့် လိင်အလုပ်သမ တဦးဖြစ်သူ အသက် ၃၂ နှစ် အရွယ် မဆွေ ကလည်း“အရင်တုန်းကဆို ကျမက ငါ့ခန္ဓာကိုယ် ငါပိုင်တယ်။ ငါပိုင်တဲ့ အရာနဲ့ ငါ ပိုက်ဆံရှာတာ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဆိုပြီး လူတွေကို ခဏခဏ ပြောဖူးတယ်။ အခုကျတော့ ငါ့ကို ဘယ်သူမှလည်း ဂရုမစိုက်ပါလား ဆိုပြီး စိတ်ဓာတ် တအားကျတယ်၊ ပိုက်ဆံလည်း မရှာနိုင်တော့ ဘူး”ဟု ပြောသည်။

ထိုခုခံအား ကျဆင်းမှုရောဂါ ကုသရေး လုပ်ငန်းစဉ်များအပြင် မိသားစုအတွင်း ဆွေးနွေးပညာပေးမှု စီမံခြင်း၊ မျိုးဆက်ပွား ကျန်းမာ ရေး အကြောင်း တိုင်ပင် ဆွေးနွေးပေးခြင်း၊ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးပေးခြင်း၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ စစ်ဆေး ကုသပေးခြင်းနှင့် တီဘီရောဂါ စစ်ဆေးကုသပေးခြင်း တို့ကိုလည်း TOP က တိုးချဲ့ ဆောက်ရွက်လျက် ရှိကြောင်း သိရ သည်။

မြန်မာ တနိုင်ငံလုံးတွင် TOP စင်တာ ၁၇ ခု ရှိပြီး ယင်းစင်တာများကို ရန်ကုန်၊ မန္တလေးနှင့် တနိုင်ငံလုံးရှိ မြို့ကြီး များတွင် ဖွင့်လှစ် ထားသည်ဟုလည်း ဆိုသည်။

TOP က မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် ဝေဒနာရှင်ပေါင်း ၁၇၀၀၀ ဦးအား ခုခံအား ကျဆင်းမှုရောဂါ စစ်ဆေး ကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ဆ အထိ တိုးတက်လာခဲ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံ၏ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး အမျိုးသား စီမံချက် (National AIDS Program- NAP) သည် ၂၀၁၅ ခုနှစ်မှ စတင်၍ TOP အား ART ဆေးများကို တိုက်ရိုက် ဖြန့်ဖြူးခွင့် ပေးမည်ဖြစ်ကြောင်း ဒေါက်တာ ဆောင်းဦးဇာနည် က ပြောပြသည်။

မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှုရောဂါ အမျိုးသား စီမံချက် (National AIDS Program) ၏ ၂၀၁၂ ခုနှစ် စစ်တမ်းများအရ အမျိုးသမီး လိင်လုပ်သား ၇.၁ ရာခိုင်နှုန်းခန့်နှင့် လိင်တူဆက်ဆံသူ အမျိုးသားများ၏ ၈.၉ ရာခိုင်နှုန်းခန့်သည် HIV ရောဂါပိုး ကူးစက်ခံနေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ခုခံအား ကျဆင်းမှုရောဂါ ကူးစက်ခံရသည့် ဝေဒနာရှင်ပေါင်း ၁၈၉၀၀၀ ခန့် ရှိကြောင်း ၂၀၁၃ ခုနှစ် အတွက် UNAIDS ၏ ၂၀၁၄ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ချက်တခုတွင် ဖော်ပြထားသည်။

သို့သော် စစ်တမ်း ကောက်မရနိုင်သူများနှင့်ဒေသများ ရှိသေးသည့်အတွက် ယင်း အရေအတွက်ထက် ပိုများနိုင်ကြောင်း ကျွမ်းကျင် သူများက ပြောသည်။

ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသော လိင်အလုပ်သမ၏ အမည်နှင့် လိင်တူ ဆက်ဆံသူ အမျိုးသား၏ အမည်ကို လွှဲပြောင်း ရေးသားထားပါသည်။

ဧရာဝတီ - ခုခံအားကျဆင်းမှုရောဂါ အသိပညာပေးရာတွင် ဘ၀တူချင်း ပါဝင်ကူညီမှုများ ပြုလုပ်လာ

No comments: