Thursday, December 18, 2014

တဖြည်းဖြည်းစား နာ့ဗ်ကြောများ ရောဂါ အယ်လ်ဇိုင်းမား




Alzheimer's disease (အယ်လ်ဇိုင်းမားရောဂါ)
ဟာ ယခုခေတ်ကမ္ဘာမှာတွင်ကျယ်လာတဲ့ ရော ဂါတစ်ခုပါ။

ငွေကြေးချမ်းသာတဲ့နိုင်ငံကြီးတွေမှာတော့ Alzheimer ကိုလူသိများနေပေမယ့် စာရေးသူတို့နေ ထိုင်ရာပတ်ဝန်းကျင်မှာတော့ ဒီရောဂါအကြောင်း လူ သိနည်းသေးတယ်လို့ဆိုရမှာပါ။

သာမန်အားဖြင့်တော့ အဘိုး၊ အဘွားတွေ သူငယ်ပြန်လို့ပါဆိုတာကို စာရေးသူတို့ ပတ်ဝန်းကျင် မှာ ကြားရတတ်ပါတယ်။ တချို့လည်း ပုံမှန်အမူအကျင့် တွေ လုံးဝပြောင်းလဲသွားရုံမက မိမိဘယ်သူမှန်းမသိ၊ သားမသိ၊ သမီးမသိ ဆိုတာလောက် အထိ ဖြစ်သွားကြတာ တွေလည်း ရှိပါတယ်။ အဲလိုဖြစ်သွားတာကို လူအများ က သူငယ်ပြန်တာလို့ လွယ်လွယ်ခေါ်ကြပေမယ့် ဖြစ် နိုင်ခြေရှိတဲ့ရောဂါများထဲမှာ စာရေးသူတို့ ထည့်သွင်းစဉ်း စားသင့်တာကတော့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါဟာ နေ့ချင်း ညချင်း ကောက်ဖြစ်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်း နဲ့အာရုံကြောဆဲလ်လေးတွေ ပျက်စီး ယိုယွင်းလာရာက နေ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ထိခိုက် လာတာကြောင့်ဖြစ်လာတာပါ။ ဒါကြောင့်လည်း သူ့ရဲ့ ဖြစ်ပွားနှုန်းဟာ အသက်ကြီးလာတာနဲ့ အာရုံကြောဆဲလ် တွေပျက်စီးမှု ပိုများလာခြင်းနှင့် ဆက်စပ်ပြီး ပိုမိုတိုးမြင့် လာတာကိုတွေ့ရပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ဟုတ်မဟုတ်ကိုတော့ အကြမ်းဖျင်းအားဖြင့် လက္ခဏာအုပ်စုသုံး စုနဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။ ပထမအုပ်စုမှာတော့ Cognitive function ဆိုတဲ့ဦးနှောက်ရဲ့မှတ်ဥာဏ်ပိုင်း ဆိုင်ရာ လုပ်ဆောင်မှုပိုင်းတွေ ကျဆင်းလာတာဖြစ်ပါတယ်။ Cognitive function ကို ထိခိုက်လာတဲ့အခါမှာ သတိ လွန်ကဲစွာမေ့တတ်လာခြင်း၊ ပြောနေကျ ဘာသာစကား ပိုင်းဆိုင်ရာတွေ အဆင်ပြေချောမွေ့စွာ မပြောနိုင်တော့ ခြင်းနဲ့ ပုံမှန်ဆက်စပ်တွေးခေါ်စီစဉ်နိုင်မှု (Higher level planning and intellectual co-ordination skills) တွေမရှိတော့ခြင်း စသည်တို့ ဖြစ်လာတတ်ပါတယ်။

နောက်လက္ခဏာအုပ်စုအနေနဲ့ကတော့ အ ထက်မှာဖော်ပြထားသော မှတ်သားမှုပိုင်းဆိုင်ရာ Cognitive function ပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်း (Psychiatric)နှင့်အမူအကျင့် (Behavior) ပိုင်းဆိုင်ရာတို့ ကို ထိခိုက်ခြင်းဖြစ်ပါတယ်။ ထိုသို့စိတ်ပိုင်းနှင့်အမူအ ကျင့်ထိခိုက်လာခြင်းဟာ မိသားစုဝင်များအနေနဲ့သတိ ထားမိနိုင်ဖို့လည်း ခဲယဉ်းတတ်ပါတယ်။

စိတ်ရောဂါဖြစ် နေပြီလို့ထင်နိုင်စရာလက္ခဏာများဖြစ်ပါတယ်။ [ ဥပမာ အားဖြင့် လူနာဟာစိတ်ဓာတ်ကျလာမယ် (Depression)၊ စိတ်ကယောင်ကတန်းတွေ ဖြစ်တတ်လာမယ်၊ (Hallucinations)၊ အရင်ကထက်လည်း ပိုပြီးစိတ်တိုတတ်လာ ပါမယ်(Agitation)]

နောက်ဆုံးရောဂါလက္ခဏာသုံးခုမြောက် အုပ်စုမှာတော့ နေ့စဉ်ပုံမှန် လုပ်ဆောင်နိုင်မှုစွမ်းရည် (Activities of daily living) တွေ ကျဆင်းလာခြင်းကို တွေ့ရတတ်ပါတယ်။

နေ့စဉ် ပုံမှန်လုပ်ငန်းဆောင်တာ များလို့ဆိုရာမှာ စာရေးသူတို့ ပုံမှန်အမှုကိစ္စများဖြစ် တဲ့ အဝတ်လဲတာ၊ ကားမောင်းတာ၊ ဈေးဝယ်ထွက်တာ၊ အစားစားတာတို့ ပါဝင်ပါတယ်။ အယ်လ်ဇိုင်းမားရော ဂါသည်များအတွက်တော့ ထိုကဲ့သို့လူကောင်းများအ နေနဲ့ဘာမှမဟုတ်ဘဲ လုပ်နိုင်တဲ့စားတာ၊ သောက်တာ၊ အဝတ်လဲတာကအစ ကူညီပေးမယ့်သူလိုအပ်လာပါ တယ်။ သူကိုယ်တိုင်မလုပ်တတ်တော့တာ၊ မလုပ်နိုင်တော့ တာကို တွေ့ရတတ်ပါတယ်။

ဒီလိုအယ်လ်ဇိုင်းမားလက္ခဏာတွေများလို့ စာဖတ်သူတို့ စိတ်ရှုပ်သွားလောက်ပါတယ်။ ဒါပေမဲ့ ထပ်ပြီး မရှုပ်အောင်ပြောရရင် အယ်လ်ဇိုင်းမားရောဂါမှာ စာရေးသူတို့ကနဦးအဖြစ်တွေ့ရမှာကတော့ မှတ်ဥာဏ်၊ မှတ်သားမှုပိုင်းဆိုင်ရာ Cognitive function ထိခိုက် တာပါပဲ။ ဒါပေမဲ့လည်း အသက်ကြီးလို့ အများနည်းတူ ပုံမှန်မေ့တတ်တာလောက်နဲ့တော့ မတူတတ်ဘူးပေါ့။

ဆေးပညာအနေနဲ့ကတော့ လိုအပ်သောစစ် ဆေးမှုတွေထဲကတစ်ခုဖြစ်တဲ့ အမှတ်ပေးစနစ်လေးနဲ့ တိုက်ကြည့်တယ်ဆိုရင်ပဲ အကြမ်းဖျင်းလေးသိပြီး ကုသ ရေးမှာ အထောက်အကူပြုနိုင်ပါတယ်။ နမူနာအနေနဲ့ ပြောရရင် Mini-Mental State Examination (MMSE) လို့ခေါ်ပါတယ်။ နာမည်မေးခြင်း၊ စာဖတ်ခိုင်းပြီး စာမှ ညွှန်ကြားချက်အတိုင်း လူနာအားလိုက် လုပ်စေခြင်း၊ ရက်စွဲမေးခြင်း စသည်တို့ပါဝင်တဲ့ လွယ်ကူသော အမှတ် ပေးစနစ် မေးခွန်းလေးတွေပဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စာရေးသူတို့မေးနိုင်စရာ ရှိတာကတော့ ကျွန်မအဘွားမှာ ဒီရောဂါဖြစ်ခဲ့တယ် ဆိုပါစို့။ ကျွန်မအမေမှာ ရောဆက်ဖြစ်မှာလားဆိုတာ ပါပဲ။

အယ်လ်ဇိုင်းမားဟာ ကူးစက်ရောဂါတော့ မဟုတ် ပေမယ့် ကံမကောင်းစွာနဲ့ မျိုးရိုးလိုက်တတ်ပါတယ်။

မိသားစု တစ်ခုအတွင်းမှ မိသားစုဝင်အဖေ၊ အမေ၊ ညီအစ် ကို၊ မောင်နှမများ (First Degree Relatives) တစ်ဦး ဦးမှာ အယ်လ်ဇိုင်းမားဖြစ်တယ်ဆိုရင်တော့ မိမိမှာလည်း ဖြစ်နိုင်ခြေ Risk ၂ဝမှ၂၅ ရာခိုင်နှုန်းခန့်ရှိတတ်တယ် လို့ဆိုထားပါတယ်။

ဒီလိုမျိုးရိုးရှိသူများမှာဆိုရင်တော့ အသက်မကြီးခင် ၄ဝ၊ ၅ဝလောက်မှာပဲ လက္ခဏာတွေ စပြလာတတ်ပါတယ်။ ဒါပေမဲ့ မျိုးရိုးမရှိတတ်တဲ့သူတွေ လည်း ဒီရောဂါက နေလွတ်ငြိမ်းချမ်းသာခွင့်လုံးဝပါ တယ်လို့လည်း မဆိုနိုင်ပြန်ပါဘူး။

အယ်လ်ဇိုင်းမားဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်လာပြီဖြစ်တဲ့အတွက် သာ မန်လူမှာလည်း အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်လုပ် ဆောင်မှုများထိခိုက်တဲ့ dementia ဖြစ်နိုင်ခြေဟာ ၁ဝ မှ၁၂ရာခိုင်နှုန်းခန့်ရှိနိုင်ပါသေးတယ်။

အဲဒီလိုစာရေးသူတို့အားလုံးကို ခြောက်လှန့် နေတဲ့အယ်လ်ဇိုင်းမားရောဂါကြီးကို ဘာဆေးတွေနဲ့ဘယ် လိုကုကြရသလဲဆိုတာကလည်း ခေါင်းရှုပ်စရာဖြစ်လာ ပြန်ပါတယ်။ အယ်လ်ဇိုင်းမားကိုသူငယ်ပြန်တယ်။ အပ မှီတယ်ဆိုပြီး ရမ်းကုနဲ့ကုလို့မသက်သာပါဘူး။ ဆေးမြီး တိုနဲ့လည်းမပျောက်ပါဘူး။ နားလည်တတ်ကျွမ်းတဲ့သက် ဆိုင်ရာဆရာဝန်ကြီးများနဲ့ စိတ်ရှည်ရှည် တိုင်ပင်ကုသ မှသာ ရောဂါကိုပိုမဆိုးနိုင်အောင်ထိန်းထားနိုင်မှာဖြစ် ပါတယ်။

အယ်လ်ဇိုင်းမားရောဂါကိုကုသရာမှာ အဓိ ကသုံးလေ့ရှိပြီး အသိအမှတ်ရ သုံးခွင့်ပြုခံထားရတဲ့ဆေး အုပ်စုများကတော့ Cholinesterase inhibitors အုပ်စု ဝင်များဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ ရောဂါအရမ်း မဆိုးခင်မှာသာ ပိုမို ထိရောက်မှု ရှိနိုင်ပေမယ့် တခြားဆေး တွေထက် လူနာတွေနဲ့ပိုမိုသင့်တော်လို့ တွင်တွင်ကျယ် ကျယ်သုံးကြတာကိုတွေ့ရမှာပါ။

နောက်ထပ် Glutamatergic Partial Antagonist (Memantine) အုပ်စုဝင် ဆေးကတော့ ပိုမိုပြင်းထန်တဲ့အယ်လ်ဇိုင်းမားမှာသုံးကြပြီး Memory loss မှတ်ဥာဏ်ပျောက်ဆုံးလာမှုကို အထိုက်အလျောက် လျော့နည်းလာစေတယ်လို့ ဆိုထား ကြပါတယ်။

ဆေးအုပ်စုနှစ်မျိုးဟာ အလုပ်လုပ်ပုံ Mechanism ချင်းလည်း မတူညီကြပါဘူး။ ဒီဆေးတွေဟာ ကုသမှုပိုင်းမှာထိရောက်နိုင်ပေမယ့် ဘေးထွက်ဆိုးကျိုး များရှိတဲ့အတွက် ကောင်းကျိုး၊ ဆိုးကျိုးကိုချိန်ဆပြီးတော့ သုံးစွဲကြခြင်းဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိ ကျကျသောက်သုံးရန်လည်း အထူး လိုအပ်ပါတယ်။

တ ခြားအယ်လ်ဇိုင်းမားကြောင့်ဖြစ်လာတဲ့စိတ်ဓာတ်ကျခြင်း၊ စိတ်ဆတ်ခြင်း စသည်တို့ကိုလည်း သက်ဆိုင်ရာ ဆေးများ ထပ်မံပေးခြင်းဖြင့်သာ ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ စာရေးသူတို့အတွက် လက်ရှိဆေးတွေဟာ အယ်လ်ဇိုင်းမားကိုပျောက်စေနိုင် စွမ်းမရှိသေးပါဘူး။ ဖြစ်လာတဲ့လက္ခဏာ၊ symptom ကိုပဲကုတဲ့အတွက် symptomatic treatment လို့ပဲ ခေါ်ရမှာပါ။

အနောက်တိုင်းမှာ အယ်လ်ဇိုင်းမားရောဂါ ကို symptom မျှမက ပိုမို ထိရောက်စွာကုနိုင်ဖို့အတွက် တီထွင်ထားတဲ့ဆေးများ (Disease- modifying treatments) ကတော့ လက်ရှိနိုင်ငံခြားဆေးရုံများမှာ စမ်း သပ်ကြည့်နေဆဲ
ဖြစ်လို့ အယ်လ်ဇိုင်းမားရောဂါအတွက် မျှော်လင့်ချက်တော့ ပိုရှိလာပြီလို့ ဆိုနိုင်ပါတယ်။

ကုသရေးပိုင်းကို ဆွေးနွေးပြီးတဲ့ နောက် စာရေးသူတို့နောက်ဆုံးအနေနဲ့ စဉ်းစားရမှာကတော့ အဲဒီအယ်လ်ဇိုင်း မားရောဂါကို ကာကွယ်လို့ရပါသလား။

ရောဂါတစ်ခုလို့ပြောလိုက်ရင် စာရေးသူ တို့အားလုံးစိတ်ဝင်စားမိမှာကတော့ ဒီ ရောဂါမဖြစ်အောင် ဘယ်လိုဆင်ခြင်လို့ ရမလဲဆိုတဲ့အချက်လို့ ထင်ပါတယ်။ ဒါ ကြောင့် ဆက်လက်ပြီး ဆောင်ရန်၊ ရှောင် ရန်လေးတွေကိုကြည့်ကြည့်ရအောင်။
အယ်လ်ဇိုင်းမားဟာ အခြားသော နာတာရှည်ရောဂါများဖြစ်တဲ့ သွေးတိုး၊ ဆီးချိုတို့လို တစ်ခုသောအကြောင်းအရာကြောင့်သာဖြစ်လာရခြင်းမဟုတ်တာ ကြောင့် ဒီအကြောင်းကြောင့်ဖြစ်တာ၊ ဒါကိုမလုပ်နဲ့ဆိုပြီး ရိုးရှင်းစွာပြောလို့မရ ပါဘူး။ အသက်၊ မျိုးရိုး၊ ပတ်ဝန်းကျင်၊ လူ နေမှုစရိုက်နှင့် ရှိရင်းစွဲရောဂါများ စသည် တို့နှင့်အားလုံးဆက်စပ်နေပါတယ်။ ဒါကြောင့် ပြုပြင်ရ ခက်ခဲတဲ့ မျိုးရိုးဗီဇနဲ့ တားဆီးလို့မရတဲ့ အသက်ကြီးလာ ခြင်းမှလွဲရင် တခြားသော ဆင်ခြင်နိုင်တဲ့ factors များ ကို အယ်လ်ဇိုင်းမားကိုကာကွယ်ရာမှာ ထည့်သွင်းစဉ်း စားရပါမယ်။

လေ့လာတွေ့ရှိချက်များအရ နှလုံးရောဂါရှိ သူတွေဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်မှုပိုများ တယ်လို့ဆိုထားကြပါတယ်။

ဥပမာအားဖြင့် နှလုံးသွေး ကြောကျဉ်းရောဂါကိုပိုဖြစ်စေနိုင်တဲ့ သွေးတိုးခြင်း၊ ဆီး ချို၊သွေးချိုရောဂါရှိခြင်း၊ သွေးတွင်းအဆီဓာတ် cholesterol များ များပြားနေခြင်း၊ အဝလွန်ခြင်း အစရှိသည်တို့ဟာ အယ်လ်ဇိုင်းမားရောဂါရဲ့ risk ကိုပိုမိုမြင့်တက်စေပါတယ်။

ဒါကြောင့် ကာကွယ်ရေးပိုင်းဆိုင်ရာမှာ အ ထက်ပါရောဂါများအပါအဝင် မည်သည့်ဆက်စပ်မှုရှိ နိုင်မည့် နာတာရှည်ရောဂါများကိုမဆို ရှိပြီးသားဆိုလျှင် လည်း ထိရောက်စွာကုသခြင်းဖြင့်သော်လည်းကောင်း၊ မရှိသေးလျှင်လည်း မဖြစ်လာလေအောင် အတတ်နိုင် ဆုံးကာကွယ်ထားရပါမယ်။ အဲဒီအခါမှာ မိမိရဲ့ ရှိရင်းစွဲ ရောဂါတွေကို ဂရုစိုက်ဆေးကုသပေးခြင်းအပြင် စာရေး သူတို့ အားလုံးအတွက် lifestyle modifications ခေါ် နေထိုင်စားသောက်မှုစရိုက်ကို ပြုပြင်ပြောင်းလဲပေးခြင်း ဟာ အရေးကြီးတဲ့အခန်းမှ ပါဝင်လာပါတယ်။

နှလုံးသွေး ကြောများကျန်းမာစေဖို့နဲ့ သွေးလည်ပတ်မှုအားကောင်း ပြီး ဦးနှောက်သို့ သွေးလျှောက်ခြင်းကောင်းမွန်စေဖို့အ တွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် သကြားဓာတ်နဲ့ saturated fat တွေကို လွန်ကဲစွာစားသုံးမှုကို တတ်နိုင်သ လောက်ရှောင်ကြဉ်ပြီး အသီးအရွက်များ၊ အသီးအနှံများ ကို ပိုမိုဖြည့်တင်းစားသုံးပေးရပါမယ်။Olive oil ခေါ် သံလွင်ဆီကိုလည်း အစားအစာများချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုသင့်သလို ပဲအမျိုးမျိုး၊ ငါးအမျိုးမျိုး တို့ကို ပိုမိုစားသုံးပေးသင့်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အဲဒီ Mediterranean diet ခေါ်တဲ့ စားသောက်မှုပုံစံ ဟာ အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ကုသရာမှာ အကျိုး ရှိနိုင်တယ်လို့ဆိုထားပါကြောင်း ပြန်လည်မျှဝေပြီး စာရေး သူရဲ့ဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

References : Burns and Lliffe. Alzheimer's disease. BMJ 338:b158, 2009,Yiannopoulou and Papageorgiou. Current and future treatments for Alzheimer's disease. Ther Adv Neurol Disord 6[1] 19-33, 2013,www.alzheimers.org.uk,Bird T.D. Alzheimer disease overview. GeneReviews® 
[Internet]. 1993-2014.

Credit to https://www.facebook.com/yangonmediagroup 

No comments: