Thursday, December 25, 2014

ဝက်သားမရမ်းပြားချက်၊ဘူးညွန့်ဟင်းချို၊ငါးပိသုပ် (သို့မဟုတ်) ငရုတ်သီးသုပ်နှင့် ပိန္နဲသီးဟင်းချက်



ရခိုင်ဟင်းလျာတွေအတော်များများကို စားကြည့်လိုက်မယ်ဆိုရင် ဟင်းချက်ဆီထည့်သွင်းအသုံးပြုတာ အလွန်နည်းပါးပါတယ်။ ဒီတော့ ဆီကိုတမင်လျော့စားစရာမလိုဘူးပေါ့နော်။ ထူးခြားချက်က စိမ်းစားငါးပိကို အနည်းနဲ့အများထည့်ချက်တတ်ကြတာပါပဲ။

အခု ၀က်သားမရမ်းပြားဟင်းလျာကတော့ အညာမှာ သရက်သီးခြောက်တို့ ဆီးဖြူသီးခြောက်တို့ ခရမ်းသီးခြောက်တို့ရောနှောချက်တဲ့ ဟင်းလျာမျိုးဖြစ်ပါတယ်။ ဘူးညွန့်ဟင်းချိုကတော့ ကြက်ရိုးကြိုက်သူများကတော့ ကြက်ရိုးပြုတ်ရည်အရသာမျိုးပါမယ် မကြိုက်ရင်တော့ ပုစွန်ခြောက်ကိုထောင်းပြီး ဟင်းရည်ထဲထည့်မှာဆိုတော့ ဘူးညွန့်ဗလာသက်သက်အရသာမျိုးမဟုတ်ဘူးဆိုရမယ်။ ငါးပိသုပ်လို့လည်း ခေါ်နိုင်သလို ငရုတ်သီးနိုင်းခြင်းကို မီးကင်ပြီးသုပ်မှာဆိုတော့ ငရုတ်သီးသုပ် စပ်စပ်လေးပေါ့။ ပိန္နဲသီး မနုမရင့်မှာ သရက်သီးစိမ်းလေးပါ ထည့်ချက်မှာဆိုတော့ အရသာလေးတစ်မျိုးထွက်မယ့် ပိန္နဲသီးဟင်းလေးကလည်း ဟင်းရံတစ်ခွက်ဖြစ်စေမှာပါ။

ကဲသူငယ်ချင်းတို့ရေ အရသာရှိလှတဲ့ မြန်မာပြည်က တိုင်းရင်းသားဟင်းလျာတွေကို ချက်ပြုတ်စားကြည့်ရအောင်။ 

ဝက်သားမရမ်းပြားဟင်းလျာ
ပါဝင်သည့်ပစ္စည်းများ
ဝက်သားသုံးထပ်သား ၂၀ကျပ်သား၊ ၀က်သားပေါင်သား ၃၀ကျပ်သား၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၅ဥ၊ ဟင်းခတ်မှုန့် (သို့) သကြား၊နနွင်း လိုသလောက်၊ မရမ်းပြား ၁၀ပြားခန့်၊ စိမ်းစားငါးပိ ဆီးဖြူသီးခန့်၊ ဆီ ၂ ကျပ်သား။

ပြင်ဆင်ချက်ပြုတ်နည်း
ဝက်သားကို ရေဆေး၍ အနေတော် တုံးထားပြီး ဆား နနွင်းမှုန့် ဟင်းခတ်မှုန့်ထည့်ပြီး နာနာနယ်ထားပါ။
ကြက်သွန်ဖြူ၊နီ၊ချင်း တစ်ပုံစီ ထောင်းပြီး ပုံထားပါ။

ဆီ ၂ကျပ်သားနှင့် ဒယ်အိုးတည်ပါ။ ဆီကျက်လျှင် ချင်း၊ကြက်သွန်ဖြူ၊နီထည့်ပြီး ဆီသတ်ပါ။ ဆီကျက်ပါက ၀က်သားထည့်ချက်ပါ။
စိမ်းစားငါးပိ ဆီးဖြူသီးခန့် ထည့်ပါ။ ရေနည်းနည်းထည့်ပါ။ ၀က်သားနူးခါနီး အချိန်တွင် မရမ်းပြားကို ရေဆေးထည့်ပါ။ မရမ်းပြားအချဉ် ဓာတ်များ ၀က်သားထဲဝင်အောင် ဆယ်မိနစ်ခန့် ၀က်သားအိုးဆက်တည်ပါ။ ဘူးရွက်ဟင်းချိုနှင့် အလွန်လိုက်ဖက်ပါသည်။

ဘူးညွန့်ဟင်းချို
ပါဝင်သည့်ပစ္စည်းများ
ဘူးညွန့် လတ်လတ်ထွားထွား ၆ညွှန့်ခန့်၊ ကြက်သွန်ဖြု ၂ ဥ၊ စိမ်းစားငါးပိ (ရခိုင်) ဆီးဖြူသီးခန့်၊ ပုစွန်ခြောက် ၁၅ကောင် (သို့မဟုတ်) ကြက်သား(ရိုး) ၅ကျပ်သား၊ နံနံပင်  ၂ ပင်၊ ဆူးပုပ်ညွန့် ၃ ညွန့်။

ပြင်ဆင်ချက်ပြုတ်နည်း
ပုစွန်ခြောက်ကို ညက်အောင်ထောင်းပါ။ ပုစွန်ခြောက်မှုန့်ကို ရေနို့ဆီ ၃လုံးခန့်ထည့်ပြီး ရေဆူအိုးတည်ပါ။ ငါးပိထည့်ပါ။

ဘူးညွန့်ကို အရိုးအရွက်သီးခြားဆီနွှင်ပြီး ရေဆေးထားပါ။ ဟင်းရည်အိုး ကျိုက်ကျိုက်ဆူလာလျှင် ဆား၊ဟင်းခတ်မှုန့်ထည့်ပါ။

ပြီးလျှင် ဘူးရိုးကို အရင်ထည့်ပါ။ ဘူးရိုးနူးချိန်တွင် ဘူးရွက်ထည့်ပါ။ အဖုံးခဏ အုပ်ထားပါ။ ၃ မိနစ်ခန့်ရှိလျှင် အဖုံးဖွင့်လိုက်ပါ။

အပေါ့အငန်မြည်းပါ။ အပေါ့အငန်အနေတော်လျှင် ဆူးပုပ်ရွက်နှင့် နံနံပင်ခပ်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူထည့်ပါ။ ငရုတ်သီး ဆားထောင်းနှင့် လိုက်ဖက်ပါသည်။

ငရုတ်သီးအကင်သုပ်
ပါဝင်သည့်ပစ္စည်းများ
ငရုတ်သီးခြောက် အရှည်တောင့် ၁၅တောင့်၊ ငါးပိ ကွမ်းသီးလုံး၊ ဆား၊ဟင်းခတ်မှုန့် သင့်ရုံ၊ ကြက်သွန်နီ ဥကြီး ၅ဥ၊ ရှောက်သီး ၁ခြမ်း၊ သံပရာသီး ၁လုံး သို့မဟုတ် မရမ်းပြား ၆ပြားခန့်။

ပြင်ဆင်ချက်ပြုတ်နည်း
မှိုကင်းစင်သော ငရုတ်သီးရှည်တောင့်ကို ၀ါးသီတံနှင့် သီ၍ မီးကင်ပါ။ ငရုတ်သီးကြွပ်ရွလာလျှင် မီးဖိုပေါ်မှ ချပါ။

စိမ်းစားငါးပိကို ဆား၊ဟင်းခတ်မှုန့် ရောနယ်ပြီး ကင်ပါ။ စိမ်းစားငါးပိကင် ငရုတ်သီးလှော်တောင့်ကို ရောနယ်ပါ။

ကြက်သွန်နီဥ ပါးပါးလှီးထည့်ပါ။ ဆား၊ဟင်းခတ်မှုန့် လိုသလို မြည်းထည့်ပါ။ ရှောက်ရည် (သို့) သံပရာရည် ညှစ်ထည့်ပါ။
အပေါ့အငန်မြည်းပါ။ မျှစ်ချက်ပူပူနှင့် လိုက်ဖက်ပါသည်။

*ရှောက်သီးမထည့်က ငရုတ်သီးနယ်စကပင် မရမ်းပြားထည့်ပါ။

ပိန္နဲသီးဟင်း
ပါဝင်သည့်ပစ္စည်းများ
ပိန္နဲသီးမနုမရင့် အခွံနွာပြီးသား ၁ပိဿာ၊ စိမ်းစားငါးပိ ၂ ကျပ်သား၊ ဆား အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ သရက်သီးစိမ်း လိုသလောက်၊ ငရုတ်သီးစိမ်း ၅တောင့်၊ ဆူးပုပ်ရွက် ၅ညွန့်၊ ဆီ ၂ကျပ်ခွဲသား။ (သရက်သီးစိမ်းအစား မန်ကျည်းမှည့် ၂ကျပ်သား သုံးနိုင်ပါသည်။)

ပြင်ဆင်ချက်ပြုတ်နည်း
ပိန္နဲသီးကို အနေတော်အတုံးလေးများ တုံးပြီးရေဆေးပါ။ ဒါန်အိုးထဲ ပိန္နဲသီးထည့်၍ ပိန္နဲသီးတစ်ဝက်ခန့်ရေထည့်ပြီး မီးဖိုပေါ်တင်ပါ။ ဆား စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဟင်းခတ်မှုန့် ကွမ်းသီးလုံးခန့်ထည့်ပါ။ ဆီ ၂ကျပ်ခွဲသားထည့်ပြီး အဖုံးအုပ်ပြီးချက်ပါ။

ရေခန်းလျှင် ရေနို့ဆီ ၁ဘူးခန့်ထပ်ထည့်ပါ။ သရက်သီးစိမ်းကို အခွံနွှာပြီး ပါးပါးလှီးထည့်ပါ။ (ငရုတ်သီးစိမ်းကြိုက်က ထည့်ချက်ပါ)

ပိန္နဲသီးနူးအိလာလျှင် အပေါ့အငန်မြည်းပါ။ အရသာ အနေတော်ဖြစ်ပါက ရေဆေးထားသော ဆူးပုပ်ရွက် ခပ်လိုက်ပါ။ အဖုံးအုပ်ပြီး ၅မိနစ်ခန့်ဆိုလျှင် စားသုံးရန်အသင့် ပိန္နဲသီးဟင်းကို ရရှိပါမည်။

Credit to မဦးခင်စော - ရခိုင်မြန်မာဆီလွတ်ဟင်းလျာများ စာအုပ်

No comments: