Wednesday, December 10, 2014

HIV/AIDS ကူးစက်ခံရသူများ လျှို့ဝှက် သွေးစစ်ပေးမှု အတွက် အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်



HIV/AIDS ရောဂါပိုး ကူးစက်ခံရ သူများအတွက် လျှို့ဝှက်သွေး စစ်ပေးမှုများ ပြုလုပ်ပေးနေ သော်လည်း လာရောက် စစ်ဆေးခံသူ နည်း ပါးသောကြောင့် အသိပညာပေးလှုပ်ရှားမှုများစွာ လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု HIV/AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင် ရွက်နေသည့် ဘားနက်အင်စတီကျုမှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖုန်းမြင့်ဝင်းက ပြောသည်။

၎င်းက ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၊ UMFCCI ရှိ ခန်းမတွင် ပြုလုပ်သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဂုဏ်ပြုအခမ်းအနားအပြီးတွင် မဇ္ဈိ၏ မေးမြန်းမှုကို ဖြေကြားခြင်းဖြစ်သည်။
လျှို့ဝှက် သွေးစစ်ပေးမှုကို ၂၀၁၄ ခုနှစ် မေလအတွင်းက စတင် ဆောင်ရွက်ပေးနေသော်လည်း လာရောက် စစ်ဆေးမှု ခံယူသူမှာ နည်းပါးနေသည် ဟု ဒေါက်တာ ဖုန်းမြင့်ဝင်းက ဆိုသည်။

၎င်းက “လာရောက်စစ်ဆေးမှုခံယူသူက တကယ်ဖြစ်နိုင်တဲ့ အရေအတွက်ထက် ကျွန်တော်ထင်တယ် ၂၀ ရာခိုင်နှုန်း မကျော်ဘူး။ ဒီတော့ အသိပညာပေး လှုပ်ရှားမှုများစွာ လုပ်ပေးဖို့ လိုနေသေးပါတယ်။” ဟု ဆိုသည်။
လျို့ဝှက်သွေး စစ်ပေးခြင်း ဆိုသည်မှာ သွေးစစ်ပြီးထွက် ရှိလာသော အဖြေကို လျှို့ဝှက်ပေးထားခြင်း ဖြစ်ပြီး UNAIDS ၏ ၂၀၁၃  စစ်တမ်းများ အရ မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုနှုန်းသည် သာမန်ပြည်သူများကြား အသက် ၁၅ မှ ၄၉ နှစ်ကြားတွင် ၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ အဓိက ဦးတည်အုပ်စု သုံးခုဖြစ်သည့် မူးယစ်ဆေးသုံးစွဲသူများတွင် ၁၈ ရာခိုင်နှုန်း၊ လိင်တူချစ်သူများတွင် ၁၀ ရာခိုင်နှုန်း၊ လိင်လုပ်သားများတွင်  ရှစ်ရာခိုင်နှုန်း အထိကူးစက်မှုရှိနေသော်လည်း လာရောက် စစ်ဆေးမှု နည်းပါးနေခြင်းဖြစ်သည်။
ဒေါက်တာ ဖုန်းမြင့်ဝင်းက “HIV/AIDS လျော့ကျဖို့ ကွန်ဒုံးသုံးရမယ်ဆိုတာတော့ သိတဲ့ သူများတယ်။ သွေးစစ်တာက တောတော်နည်းတယ်။ သွေးစစ်ဖို့ကို နည်းနည်းတွန့်နေကြတယ်။” ဟု  ဆိုသည်။
ယင်းကဲ့သို့ သွေးစစ်မှု လျော့နည်းခြင်းနှင့် ပတ်သက်ပြီး Myanmar Drug User Network မှ ကိုကျော်သူက “လူငယ်တွေ တော်တော် များများ ကသွေးစစ် ဖို့ရှောင်ကြတယ်။ ကျွန်တော်တို့လည်း အစကတော့ သွေးမစစ်ချင်ခဲ့ဘူး။ ကိုယ်ဆေးသုံးတာ လူမသိစေချင်တာမျိုး၊ HIV/AIDS  ရှိနေမှာမျိုး စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောက်ကြတယ်” ဟုဆိုသည်။

လျှို့ဝှက်သွေးစစ်ပေးခြင်းသည် အဖြေကို လျှို့ဝှက်ထားသဖြင့် တခြားသူမသိနိုင်သည့် အားသာချက်ရှိသော်လည်း နှစ်သိမ်းဆွေးနွေး ပညာပေးခြင်း မပါဝင်ပါက ထိရောက်မှု အားနည်းနိုင်သည်ဟု တော်ဝင်ခရေ (sex worker network) မှ ဥက္ကဋ္ဌ မဇာကြီးကပြောသည်။

ဘားနက်အင်စတီကျု အနေဖြင့် လျှို့ဝှက်သွေးစစ်ဆေးပေးခြင်းကို နယ်မြို့များတွင် ယခုနှစ် မေလမှ စတင်ဆောင်ရွက်ပေးနေပြီး ရန်ကုန်တွင် ဇူလိုင်လမှ စတင်၍ ဆောင်ရွက်ပေးခဲ့သည်။
မဇ္ဈိမ (ရန်ကုန်) - HIV/AIDS ကူးစက်ခံရသူများ လျှို့ဝှက် သွေးစစ်ပေးမှု အတွက် အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်

လူတိုင်း သွေးစစ်ဖို့ HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့များ လှုံ့ဆော်

HIV/AIDS ရောဂါ တိုက်ဖျက်ရာမှာ လူတိုင်း သွေးစစ်ဆေးလာနိုင်မှုဟာ အဓိက အချက်အနေနဲ့ ရှိနေပြီး ဒီလိုသွေးစစ်နိုင်ဖို့ အတွက် HIV/AIDS တိုက်ဖျက်ရေး အဖွဲ့တွေ အနေနဲ့ ဦးစားပေး လှုံ့ဆော် သွားမယ်လို့ သိရပါတယ်။ အများပြည်သူတွေ သွေးစစ်ဆေး လာစေဖို့အတွက် ဘားနက် အင်စတီကျူ့နဲ့ အခြားအဖွဲ့ အစည်းများ  ပူးပေါင်းပြီး ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ လူထုတိုက်တွန်း နှိုးဆော်ချက်တွေ အပါအ၀င် ပညာပေး လှုံ့ဆော်မှုတွေကို ပြုလုပ် ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ HIV ဝေဒါနာရှင်တွေ ဖန်တီးထားတဲ့ အနုပညာလက်ရာ တွေကိုလည်း  အနုပညာရှင်တွေက လာရောက် အားပေးမှုတွေ ရှိခဲ့ပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွက် လူတိုင်း သွေးစစ်ဆေးခြင်းဖြင့် HIV ပိုး စတင်ကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွက်လာရေး၊ ရောဂါပိုး ရှိတဲ့ ဝေဒနာရှင်တွေကို ခွဲခြားနှိမ့်ချမှု ကင်းစင်ရေး၊ လိုအပ်သော ဆေးကုသမှု ပြုစုစောင့်ရှောက်မှုများ လက်လှမ်းမီ ရရှိကာ သေဆုံးမှုများ လျှော့ချရေး စတဲ့ ဆောင်ပုဒ်တွေနဲ့ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4 - လူတိုင်း သွေးစစ်ဖို့ HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့များ လှုံ့ဆော်

နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ HIV/AIDS အကြီးဆုံးဆေးခန်း အင်းစိန်တွင်ဖွင့်

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)  ၏ မြန်မာနိုင်ငံတွင် HIV/AIDS ကုသပေးသော အကြီးဆုံးဆေးခန်းအဖြစ် အင်းစိန်မြို့နယ်ရှိဆေးခန်းကို ပြင်ဆင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့က နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်လိုက်သည်။ အဆိုပါဆေးခန်းတွင် လက်ရှိ HIV ပိုးရှိသူ ပေါင်းတစ်သောင်းခန့် ကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့မှာ တီဘီကဲ့သို့သော အခြားရောဂါများ ကိုပါ ကူးစက်ခံထားရသူများလည်းဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ဆေးခန်းကို ဆေးမျိုးစုံယဉ်ပါး တီဘီရောဂါကို တိုက်ဖျက်ရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ကျန်းမာရေးဌာနအဖြစ် သီးသန့် ပုံစံထုတ်ရေး ဆွဲကာ ပြင်ဆင်မွမ်းမံထားခြင်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား တီဘီတိုက်ဖျက်ရေး စီမံချက်နှင့် အနီးကပ်ပူးပေါင်း၍ အဆိုပါဆေးခန်းတွင် ဆေးမျိုးစုံ ယဉ်ပါးတီဘီဝေ ဒနာရှင် ၄၅ ဦးကိုကုသပေးလျက်ရှိသည်။ ၎င်းဝေဒနာရှင်များမှာ HIV/AIDS ရောဂါကိုပါ ပူးတွဲ ကူးစက်ခံထားရသူများလည်း ဖြစ်သည်။
နယ်စည်းမခြား ဆရာဝန် များအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV/AIDS ဝန်ဆောင်မှုများကို ပထမဆုံးပေးဝေသော အဖွဲ့အစည်းဖြစ်ပြီး HIV/AIDS ဝေဒနာရှင်ပေါင်း ၃၅ဝဝဝ ကျော်ကို လက်ရှိတွင် ကုသပေးလျက်ရှိသည်။ တီဘီနှင့် HIV တွဲဖက်ကူးစက် ခံထားရသော ဝေဒနာရှင် ၃ဝဝဝ ကျော်ကိုလည်း ကုသပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ HIV/AIDS တိုက် ဖျက်ရေး တွင် MSF မှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်စုငြိမ်း (ရန်ကုန်၊ နိုဝင်ဘာ ၂၉)
ပေါ်ပြူလာ - နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ HIV/AIDS အကြီးဆုံးဆေးခန်း အင်းစိန်တွင်ဖွင့်

No comments: