Monday, October 6, 2014

အရွယ်ရောက်လာပြီဖြစ်တဲ့ iPhone(iPhone 6 Reviews)



The Good : ပိုကြီးပြီး ကောင်းမွန်လာတဲ့ မျက်နှာပြင်၊ ပိုပြီးမြန်လာတဲ့ LTE နဲ့ WiFi မြန်နှုန်း၊ autofocus ပိုကောင်းလာတဲ့ ကင်မရာ၊ 128 GB ထိရှိလာတဲ့ on-board storage၊ ထူးခြားတဲ့ Apple Pay ငွေပေးချေမှုစနစ်

The Bad : ဘက်ထရီသက်တမ်းက ယခင်မော်ဒယ်ဟောင်းထက် ထူးထူးခြားခြားကောင်းမွန်လာခြင်းတော့ မရှိပါဘူး။ အလူမီနီယံကိုယ်ထည်က ယခင်မော်ဒယ်ဖုန်းတွေရဲ့ကိုယ်ထည်ထက် အကြမ်းခံမှုပိုင်းမှာ ပြဿနာရှိနိုင်ပါတယ်။

The Bottom Line : iPhone 6 မျက်နှာပြင်ဟာ ကိုင်တွယ်ဖို့သင့်တော်တဲ့ဆိုဒ်တစ်ခုဖြစ်ပြီး လက်ရှိ Apple ထုတ်ကုန်ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းပါပဲ။ Apple Pay စနစ်က ငွေပေးချေမှုစနစ်ကို တစ်ခေတ်ဆန်းလာနိုင်ပေမယ့် ဒီမှာတော့ အသုံးဝင်ဦးမှာ မဟုတ်ပါဘူး။

၅လက်မအရွယ်ရှိတဲ့ Android စနစ်သုံးစမတ်ဖုန်းတွေဟာ ဈေးကွက်ထဲမှာ နေရာရတာကြာပါပြီ။ သုံးစွဲသူတွေဟာ သေးငယ်တဲ့မျက်နှာပြင်ဖုန်းတွေထက် မျက်နှာပြင်ပိုကြီးတဲ့ စမတ်ဖုန်းတွေကို ရွေးချယ်ဝယ်ယူဖို့ စဉ်းစားလာကြပါတယ်။ ဒါပေမဲ့ Apple ကတော့ ၂၀၁၃ အထိ ၄လက်မအရွယ်ရှိတဲ့ စမတ်ဖုန်းများကိုသာ ထုတ်လုပ်ဆဲပါပဲ။ ဒါကလည်း Apple ရဲ့ ယခင် CEO ဟောင်း စတိဂျော့ဗ်ရဲ့ မူဝါဒကြောင့်လည်းဖြစ်ပါလိမ့်မယ်။ ဂျော့ဗ်က တခြားသူတွေအတိုင်း လိုက်လုပ်စရာမလိုပဲ ကိုယ့်ဟန်နဲ့ကိုယ်သာရှိရမယ်ဆိုတဲ့မူကို လက်ကိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ၄လက်မအရွယ်ဖုန်းတွေထဲက နောက်ဆုံးစီးရီးဖြစ်တဲ့ iPhone 5s က တချို့သူတွေအတွက် သေးငယ်တယ်လို့ထင်နိုင်သလို တချို့သူတွေအတွက် သင့်တော်တဲ့ဆိုဒ်တခုလည်း ဖြစ်နိုင်ပါတယ်။

ယခုနှစ်မှာတော့ Apple က မျက်နှာပြင်ပိုကြီးတဲ့ စမတ်ဖုန်း၂လုံးကို မိတ်ဆက်လိုက်ပါပြီ။ Bigger than bigger ဆိုတဲ့ ယခုနှစ်ဆောင်ပုဒ်အတိုင်း ၄.၇ လက်မအရွယ်ရှိ iPhone 6 နဲ့ ၅.၅ လက်မအရွယ်ရှိ iPhone 6Plus ကို ပန်းသီးချစ်သူတွေအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ ဖုန်း၂လုံးစလုံးက ပိုပါးလာပြီး ပိုမြန်လာတဲ့ A8 Processor အသစ်၊ အဆင့်မြှင့်ထားတဲ့ ကင်မရာ၊ ပိုမြန်လာတဲ့ WiFi & LTE စနစ်နဲ့ ပိုများလာတဲ့ onboard storage တွေပါရှိလာပါတယ်။
၂၀၁၄ မော်ဒယ်အသစ် ဖုန်း၂လုံးစလုံးမှာ NFC စနစ်ကိုအသုံးပြုထားတဲ့ Apple Pay ဆိုတဲ့ ငွေပေးချေမှုစနစ်သစ်ပါရှိလာပါတယ်။ ဒါကတော့ လက်ထဲမှာ Credit card ကိုင်ဆောင်စရာမလိုတော့အောင်ကို လုပ်ထားတဲ့ ငွေပေးချေမှုစနစ်သစ်တစ်ခုပါ။ ယခုမိတ်ဆက်ခဲ့တဲ့ပွဲမှာ Apple Pay စနစ်ဟာ Apple ရဲ့အဓိက Highlight လုပ်ထားတဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။ သို့ပေမဲ့ ဒီစနစ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာသာ သုံးစွဲနိုင်မှာဖြစ်ပြီး အကြွေးဝယ်ကဒ်စနစ်တောင် ကောင်းကောင်းမထွန်းကားသေးတဲ့မြန်မာနိုင်ငံမှာတော့ အသုံးဝင်မယ့်စနစ်တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် ဒီ review မှာ Apple Pay စနစ်ကို အကျယ်တဝင့်မရှင်းတော့ပါဘူး။

iPhone ၂လုံးထဲကမှ ၄.၇ လက်မ မျက်နှာပြင်ပါရှိတဲ့ iPhone 6 က အသင့်တော်ဆုံးဆိုဒ်ပါပဲ။ ပါးတယ်၊ ပေါ့တယ်၊ စွမ်းဆောင်ရည်မြှင့်တယ်။ ဒါပေမဲ့ ဘက်ထရီသက်တမ်းက ယခင်က ထင်သလောက်မကောင်းခဲ့ပါဘူး။ ဒီထက်ပိုပြီးခံမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ နောက်ပြီး 6Plus မှာပါရှိတဲ့ ပုံရိပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ရိုက်ကူးနိုင်မယ့် Optical Image Stabilization လည်း မပါလာပါဘူး။ အခုတလောပဲ အွန်လိုင်းမှာ 6Plus ရဲ့ bending ကွေးကောက်တဲ့ပြဿာနာတွေပေါ်လာပြီဖြစ်ပါတယ်။ ကိုယ်ထည်က အလူမီနီယံကိုယ်ထည်ဖြစ်ပြီး ယခင်ကထက်လည်း ပိုပါးတာကြောင့် 6Plus မှာ ဖုန်းကွေးတဲ့ပြဿနာပေါ်နေတာကို တွေ့ရပါတယ်။ 6Plus ကို လက်နဲ့ကိုင်ပြီး တွန်းဖိလိုက်ရုံနဲ့ ကွေးသွားတာမို့ Apple ရဲ့ Build Quality ပိုင်းကိုတော့ မေးခွန်းထုတ်ချင်စရာပါပဲ။ သို့ပေမဲ့ ဒီကွေးတဲ့ပြဿနာက iPhone 6 မှာတော့ မဖြစ်တာကို Youtube မှာရှိတဲ့ Bend Test တွေအရသိရပါတယ်။ ဒါကြောင့် 6Plus ထက် 6 ကိုရွေးချယ်တာကို ပိုသင့်တော်ပါလိမ့်မယ်။

Design

iPhone 6 ရဲ့ ဒီဇိုင်းတွေကတော့ ပေါက်ကြားတာကြပါပြီ။ တကယ်ထွက်ခဲ့တော့လည်း ပေါက်ကြားခဲ့တဲ့ဒီဇိုင်းတွေအတိုင်း အတိအကျပါပဲ။ port တွေ၊ စပီကာပေါက်တွေကအစ လုံးဝတူညီနေတာကြောင့် leaked design မြင်ဖူးသူတွေကတော့ ဒီဇိုင်းပိုင်းကို သိပ်ပြီးအံ့သြမိမှာ မဟုတ်ပါဘူး။ ဒီဇီုင်းကိုယ်ထည်တည်ဆောက်ပုံက HTC One M8 နဲ့ဆင်လှပါတယ်။ ဒါပေမယ့် ပန်းသီးအရသာတော့ ရှိနေတုန်းပါပဲ။ အဆင့်မီတဲ့ဒီဇိုင်းကိုယ်ထည်တည်ဆောက်ပုံတွေကြောင့် Apple ရဲ့ iPhone အသစ်ဟာလည်း အဆင့်ရှိတဲ့ စမတ်ဖုန်းအဖြစ်ရှိနေဦးမှာပါ။
ဒီဇိုင်းကိုယ်ထည်ကိုကြည့်ရရင် HTC One နဲ့ iPod Touch ဒီဇိုင်း၂ခုကို ရောစပ်ထားသလိုပါပဲ။ ယခင်ကထက် မျက်နှာပြင်ပိုကြီးလာပေမယ့် ပိုပါးလာသလို ပိုပြီးလည်း ပေါ့လာပါတယ်။
iPhone 6 ကိုကိုင်ရတာ သက်တောင့်သက်သာရှိလှပါတယ်။ နောက်ပြီး နောက်ကျောသတ္ထုအလူမီနီယံကိုယ်ထည်နဲ့ အကြမ်းခံဖန်သားသုတ်ထားတဲ့ ချောမွေ့တဲ့အသွင်ရှိနေတဲ့ ရှေ့မျက်နှာပြင်တို့က iPhone 6 ကို လှပတဲ့စမတ်ဖုန်းအဖြစ် ရှိနေစေမှာပါ။ သို့သော် နောက်ကျောဘက်မှာ ကင်မရာက body ထက် အနည်းငယ်ထွက်နေတာကြောင့် ကြမ်းတမ်းတဲ့မျက်နှာပြင်ပေါ်မှာ ဖုန်းကိုမှောက်ထားရင် သတိထားရပါလိမ့်မယ်။ ယခင်ဖုန်းတွေမှာ ကင်မရာဟာ ဘော်ဒီနဲ့ တစ်သားတည်းရှိခဲ့ပေမယ့် ကိုယ်ထည်ကို ပိုပါးအောင်လုပ်လိုတာကြောင့် ကင်မရာဟာ ဘော်ဒီအပေါ်မှာ ထွက်နေတာလည်း ဖြစ်ပါလိမ့်မယ်။
Touch ID အသုံးပြုနိုင်တဲ့ Home button ကတော့ ယခင်အတိုင်းပါပဲ။ Home button ကို သင့်လက်ထိပ်နဲ့ထိရုံနဲ့ unlock လုပ်နိုင်တဲ့ ဒီစနစ်က တခြားသော Touch security စနစ်တွေထက် လွယ်ကူသလို အဆင့်လည်း မြှင့်လှပါတယ်။ Apple Pay ငွေပေးချေမှုစနစ်လည်း iOS 8 နဲ့အတူပါရှိလာပြီဖြစ်တာကြောင့် Touch ID feature က ပိုအသုံးဝင်လာဦးမှာပါပဲ။

Display: Improved, but good enough?

iPhone 6 ရဲ့ အဓိကကျဆုံးအပြောင်းအလဲက မျက်နှာပြင်ပါပဲ။ ၄.၇ လက်မအရွယ်ရှိ Retina Display ပါရှိလာပါတယ်။ reolution က 1344x750 pixel ရှိပြီး pixel သိပ်သည်းဆက မနှစ်ကအတိုင်း 326 ppi ပဲရှိပါတယ်။ ယခင် ၄လက်မအရွယ်ရှိ iPhone 5s ပေါ်မှာ icon 24 ခုပဲ ပေါ်နိုင်ပေမယ့်လည်း iPhone 6 မှာတော့ တန်းတစ်တန်းတိုးကာ icon ၂၈ ခုထိ ဖော်ပြနိုင်လာပြီပဲ ဖြစ်ပါတယ်။

Camera

ကင်မရာဟာ ဖုန်းတစ်လုံးအတွက် အဓိကအရေးပါတဲ့အချက်တစ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ Apple ကလည်း ဈေးကွက်ထဲမှာရှိတဲ့တခြားသောစမတ်ဖုန်းတွေရဲ့ ကင်မရာစွမ်းဆောင်ရည်တွေနဲ့ ယှဉ်နိုင်အောင် အဆင့်မြှင့်ထားပါတယ်။ iPhone 6 မှာ autofocus ကိုအဆင့်မြှင့်ထားတဲ့ 8 MP ရှိ iSight ကင်မရာပါရှိလာပါတယ်။ မနှစ်ကနဲ့အတူတူ 8MP ပဲဖြစ်ပေမယ့် ဓါတ်ပုံရိုက်ကူးရာမှာရော၊ ဗီဒီယိုရိုက်ကူးတဲ့အချိန်မှာပါ focus ကိုပိုပြီးတိတိကျကျဖြတ်ပေမယ့် autofocus စနစ်သစ်တွေ ပါရှိလာခဲ့ပါတယ်။ Apple ကတော့ focus pixels ဆိုတဲ့ sensor အသစ်သုံးထားတယ်လို့ဆိုပါတယ်။ ပုံရိပ်တွေကိုရိုက်ကူးတဲ့အချိန်မှာ focus မပြတ်တဲ့ပြဿနာတွေကို တွေ့ကြုံရတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး focus ဖြတ်ဖို့အတွက်လည်း tapping လုပ်ပြီး ချိန်စရာမလိုပဲ autofocus က ကောင်းကောင်းကို အလုပ်လုပ်ပေးသွားမှာပါ။ iPhone 6 Plus မှာ ပါရှိတဲ့ Optical Image Stabilization စနစ်တော့ iPhone 6 မှာ မပါရှိလာပါဘူး။

ရှေ့ကင်မရာလည်း ယခင် 5s အတိုင်းပါပဲ။ 1.2 MP ရှိပါတယ်။ 5s နဲ့ 6 တို့ရဲ့ ရိုက်ကူးပြီးပုံထွက်စွမ်းရည်ကို နှိုင်းယှဉ်ကြည့်ရမှာတော့ သိပ်ပြီး ထူးထူးခြားခြားကွာခြားတာကိုတော့ မတွေ့ရပါဘူး။ Apple ဟာ ဓါတ်ပုံရိုက်ကူးရေးပိုင်းကို အဆင့်မြှင့်ထားတာထက် Video ပိုင်းကိုပဲ ပိုပြီး အဓိကထား အဆင့်မြှင့်ထားတယ်လို့ ဆိုရပါမယ်။
iPhone 6 ရဲ့ ဗီဒီယိုရိုက်ကူးရေးမြန်နှုန်းကို 60 fps အထိရိုက်ကူးနိုင်ပြီပဲဖြစ်ပါတယ်။ ဒါဟာ မြန်နှုန်းရှိတဲ့အရာတွေကို ရိုက်ကူးရာမှာ ပိုပြီး တိကျမယ့် ဗီဒီယိုတွေကို ပေးစွမ်းနိုင်မှာတော့ အသေအချာပါပဲ။ Slow-motion video mode နဲ့ရိုက်ကူးပါက 120 or 240 fps (frame-per-second) အထိ ရိုက်ကူးနိုင်တာကြောင့် အထင်ကြီးစရာပါပဲ။ 240 fps နဲ့ ရိုက်ကူးရင်တော့ ဖိုင်ဆိုဒ်က အတော်ကြီးသွားတာကိုတော့ တွေ့ရပါတယ်။ 

ရှေ့ကင်မရာကိုလည်း ယခင်ထက် ပိုပြီးတဲ့ f2.2 aperture, အဆင့်မြှင့်ထားတဲ့ HDR sensors တွေနဲ့ မြှင့်တင်ထားပါတယ်။ အလင်းရောက်နည်းတဲ့အချိန်တွေမှာ selfie ပုံတွေရိုက်ကူးရာမှာ ပိုမိုကောင်းမွန်လာသလို FaceTime ခေါ်ဆိုရာမှာလည်း ယခင်ထက် ပိုမိုပြတ်သားလာပါတယ်။ ဈေးကွက်ထဲရှိ ရှေ့ကင်မရာ 5MP or 8MP ဖုန်းတွေလောက် ရိုက်ကူးရေးစွမ်းရည်မကောင်းပေမယ့်လည်း ယခင် iPhone 5s ထက်တော့ ပိုပြီးကောင်းလာပါတယ်။
ခြုံပြီးပြောရရင်တော့ ကင်မရာစွမ်းဆောင်ရည်ကပိုကောင်းလာပါတယ်၊ panorama ပုံတွေက ပိုပြီး ရုပ်ထွက်ပြတ်သားလာတယ်၊ selfie ပုံတွေက ပိုပြီး ကြည်လင်လာတယ်၊ အထူးသဖြင့် slow-motion ဗီဒီယိုပိုင်းကတော့ အဆင့်အမြှင့်ဆုံးပါပဲ။ ဈေးကွက်ထဲမှာ iPhone 6 လို Slow motion video ကို 240 fps ထိရိုက်ကူးနိုင်တဲ့စမတ်ဖုန်းမျိုး မရှိသေးပါဘူး။ ဓါတ်ပုံရိုက်ကူးရာမှာတော့ feature စနစ်တွေက ယခင်အတိုင်းပါပဲ။ ထူးထူးခြားခြားစနစ်တွေတော့ မပါရှိလာပါဘူး။ iPhone 5s or 5 ကိုင်ထားသူတစ်ယောက်အဖို့တော့ iPhone 6 ရဲ့ ကင်မရာဟာ သိပ်ထူးခြားချင်မှ ထူးခြားပါလိမ့်မယ်။

Storage boost: Onboard and on iCloud

Apple က နောက်ဆုံးတော့လည်း 128 GB version ကိုထုတ်လုပ်ပါပြီ။ ဒီနှစ်မှာတော့ 16 GB, 64 GB, 128 Gb ဆိုပြီး ၃မျိုးထုတ်ထားပါတယ်။ 32 GB version တော့ မရှိတော့ပါဘူး။ storage ၃ မျိုးထဲကမှ 64 GB လောက်တော့ ဝယ်ယူရမယ်လို့ အကြံပေးလိုပါတယ်။ App တွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေအပြင် Slow-motion video တွေကိုလည်း ရိုက်ကူးမှာ သေချာနေတာကြောင့် 64 GB version လောက်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ iCloud မှာလည်း 10 GB free ပေးထားပြီး 1 TB ထိလည်း ငွေပေးချေကာ အဆင့်မြှင့်နိုင်ပါသေးတယ်။

iOS 8

iOS 8 ကတော့ iPhone 6 နဲ့ အရန်သင့်ပါရှိလာပါတယ်။ အခြားသော Apple ထုတ်ကုန်တွေဖြစ်တဲ့ (4s နဲ့အထက်၊ iPod Touch 5th gen owners, iPad 2 နဲ့ အထက်) သူတွေလည်း iOS 8 ကို အဆင့်မြှင့်တင်နိုင်ပါသေးတယ်။
ပုံစံဒီဇိုင်းကတော့ iOS 7 နဲ့အတူတူပါပဲ။ iOS 7 ထက် အနည်းငယ်အဆင့်မြှင့်ထားသလို တချို့နေရာတွေမှာ ပိုပြီး ဖွင့်ပေးထားတာကိုတွေ့ရလာပါတယ်။ ဥပမာ ယခင်က မြန်မာစာလက်ကွက်ပြဿနာဖြစ်ခဲ့ပေမယ့် ယခုတော့ Third-party keyboard တွေ (မြန်မာကီးဘုတ်တွေလည်း App Store မှာရရှိနိုင်ပါပြီ)ကို လွယ်လွယ်ကူကူသွင်းနိုင်ပါပြီ၊ Plug-in, expanded notifications တွေကိုလည်း ပိုပြီးအဆင့်မြှင့်ထားပေးပါတယ်။ ကျန်းမာရေးဆိုင်ရာတွေအတွက်လည်း Health app အသစ်ပါရှိလာပါတယ်။

Conclusion

iPhone 6 ဟာ ၄င်းကိုယ်တိုင်ကိုအဆင့်မြှင့်ထားတာထက် ဈေးကွက်ထဲမှာရှိတဲ့ မျက်နှာပြင်ကြီး Android ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ထုတ်လုပ်တဲ့ဖုန်းလို့ပဲ ထင်မိပါတယ်။ iPhone 4s နဲ့ iPhone 5 ဟာ သိသိသာသာကြီးကွာခြားသွားခဲ့ပေမယ့် ကျနော်တော့ iPhone 5s နဲ့ iPhone 6 ဟာ သိပ်ပြီးထူးခြားသွားတယ်လို့တော့ မထင်ပါဘူး။ iPhone 5 and 5s ကိုင်ထားသူတွေအဖို့တော့ iPhone 6 ကိုအဆင့်မြှင့်ဖို့ တွေဝေကောင်းတွေဝေနေပါလိမ့်မယ်။
ကျနော့် Personal အမြင်အရတော့ Apple က ၄.၇ လက်မနဲ့ ၅.၅ လက်မအရွယ်ဖုန်းသစ်တွေထုတ်မယ့်အစား ၄.၃ လက်မအရွယ် iPhone 6 နဲ့ ၅.၂ လက်မအရွယ် iPhone 6 Plus ကိုထုတ်သင့်တယ်လို့ထင်ပါတယ်။ တချို့သူတွေက မျက်နှာပြင်ကြီးဖုန်းတွေကို သိပ်ပြီးနှစ်သက်ကြတာမဟုတ်ပါဘူး။ ၄ လက်မနဲ့ ၄.၅ လက်မကြားက အသင့်တော်ဆုံးဆိုဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။
iPhone 6 နဲ့ 6Plus အဓိကကွားခြားချက်က ဘက်ထရီသက်တမ်း၊ Optical Image Stabilization၊ ပိုကြီးတဲ့မျက်နှာပြင်နဲ့ resolution ပိုမြှင့်တဲ့ မျက်နှာပြင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် 6 Plus ဟာ အတော်ကြီးကိုကြီးသလို ဈေးကလည်း ပိုကြီးပါတယ်။ ပြည်တွင်းမှာလည်း iPhone 6 ရနိုင်ပါပြီ။ ဒါပေမယ့် ဈေးတွေက ၁၀သိန်းအထက်ရှိနေပါသေးတယ်။ နိုဝင်ဘာလောက်ကျမှ ဈေးနှုန်းတည်ငြိမ်မယ်လို့ ထင်ရပါတယ်။

Ref : CNet

No comments: