Monday, October 6, 2014

အဆိပ်ပင် ရေမလောင်းကြပါနှင့်


စက်တင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကမာကြည် တံတားအနီး၊ ဝါးကျောင်းမှာ သီတင်းသုံးနေတဲ့ ဗူးဆရာတော်ဆိုသူ ဦးပဏ္ဍိစ္စဟာ ရေကသိုဏ်း ကျင့်နေတယ် ဆိုတဲ့ပုံနဲ့ ဗီဒီယိုတွေကို ဆိုရှယ်ကွန်ရက် ဖြစ်တဲ့ Facebook ပေါ်မှာ တွေ့လိုက်ရပါတယ်။ ရေထဲနှစ်ပြီး လူကြားထဲမှာ ကျင့်ပြတဲ့ ကိုယ်တော်က ကျင့်ပြ၊ လူတွေကလည်း ယုံကြည်စွာ ရှိခိုးပြနဲ့ ဗုဒ္ဓဘာသာအပေါ် အတော်လေး သံသယ ဖြစ်လာမိပါတယ်။ ဒါကြောင့်လည်း ဒီစာကို ရေးချင်စိတ် ဖြစ်မိပါတယ်။

အုတ်ကန်ထဲမှာ ပေါလောမျောပြနေတဲ့ ကိုယ်တော်က ကိုယ့်ကိုယ်ကိုယ် ရုပ်ပြစားနေတဲ့သဘော သက်ရောက်နေတာနဲ့ ဘေးကနေ အတင်းလိုက် အလှူခံနေတာတွေဟာ ဗုဒ္ဓဘာသာဝင် စစ်စစ် ဗုဒ္ဓသာဝကတွေ အတွက် အရှက်ရစရာ အလွန်ကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေပါတော့တယ်။

ရှင်မဟာကဿပ မထေရ်ကြီးဟာ “သူယုတ်မာတို့၏ တရား မထွန်းကားမီ၊ တရားဓမ္မ တားမြစ်ပိတ်ပင်ခြင်း မခံရမီ၊ အကျင့်ပျက်မှု၊ စည်းကမ်းမဲ့မှုများ မထွန်းကားမီ၊ အကျင့်မြတ် ဝိနည်းတရား တားမြစ် ပိတ်ပင်ခြင်း မခံရမီ၊ အဓမ္မဝါဒီ ရဟန်းဆိုးများ အင်အားမများမီ၊ ဓမ္မဝါဒီ ရဟန်းကောင်းများ အင်အားမနည်းမီ၊ အကျင့်ပျက် ရဟန်းဆိုးများ အင်အားမများမီ၊ အကျင့်သိက္ခာ ဖြူစင်သော ရဟန်းကောင်းများ အင်အားမနည်းမီ၊ ဓမ္မနှင့် ဝိနယကို သင်္ဂါယနာတင်အံ့။ ထိုသို့ သင်္ဂါယနာ တင်ပြီးသောအခါ၌ ရဟန်းဆိုးများ ခေါင်းထောင်နိုင်တော့မည် မဟုတ်သဖြင့် သာသနာတော် စည်ပင်ပြန့်ပွားလတ္တံ့” လို့ အကြံဖြစ်တော်မူပြီး သင်္ဂါယနာ တင်ခဲ့တယ်လို့ စာပေကျမ်းဂန်များအရ မှတ်သားခဲ့ဖူးပါတယ်။ ခုချိန်မှာ ရှင်မဟာကဿပ မထေရ်ကြီး တွေးကြံခဲ့သလို နောက်သာသနာက လုပ်ဆောင် နိုင်ခဲ့ပြီလားလို့လည်း ပြောစရာ ဖြစ်လာပါတယ်။

ရဟန်းသံဃာဆိုတာ ဂန္ထဓုရ သို့မဟုတ် ဝိပဿနာဓုရ တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ရသူတွေ ဖြစ်ရပါလိမ့်မယ်။ ဂန္ထဓုရ ဆိုတာက ဘုရားတရားတော်ကို မကွယ်ပအောင် သင်ယူပို့ချရတဲ့ တာဝန်ကို ယူရတဲ့ ရဟန်းသံဃာများ ဖြစ်ပြီးတော့ ဝိပဿနာဓုရ ဆိုတာကတော့ သီလသမာဓိကို အခြေခံပြီးတော့ ဝိပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်တဲ့ ရဟန်းသံဃာတွေလို့ သတ်မှတ်ထားပါတယ်။

သံဃာဆိုတဲ့ နေရာမှာလည်း ပရမတ္ထသံဃာနဲ့ သမ္မုတိသံဃာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဝိပဿနာ တရားကို ကျင့်ပြီးတော့ သစ္စာလေးပါး တရားကိုသိတဲ့ ပုဂ္ဂိုလ်ကို ‘အရိယာပုဂ္ဂိုလ်’ လို့ခေါ်ပါတယ်။ အရိယာ ဖြစ်ပြီးသား ရဟန်းဟာ ရဟန်းဘဝက မလျှောတော့ဘဲ မဖောက်ပြန် တော့တာကြောင့် ‘ပရမတ္ထသံဃာ’ လို့ ခေါ်ပါတယ်။ အရိယာ မဖြစ်သေးတဲ့ ရဟန်းတော်တွေကိုတော့ ‘သမ္မုတိ သံဃာ’ တွေလို့ သတ်မှတ်ပါတယ်။ အရိယာ ရဟန်းတစ်ပါး ဖြစ်နိုင်ဖို့ ဆိုတာကတော့ မြတ်သောအကျင့် ကျင့်နိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်။

‘သံဃ’ ဆိုတာ ပါဠိစကား ဖြစ်ပြီးတော့ မြန်မာလို ‘တူညီသူတို့၏အပေါင်း’ လို့ အဓိပ္ပာယ် ရပါတယ်။ သီလ၊ အကျင့် တူညီသော ရဟန်းအပေါင်းကို ‘သံဃာ’ လို့ခေါ်ပါတယ်။ သံဃာတွေမှာလည်း ဘုရားရှင်လက်ထက် ရှေ့ပိုင်းကျတဲ့ သံဃာတော်များလောက်သာ အရိယာ ဖြစ်ကြတာ များပါတယ်။ ဘုရားရှင် လက်ထက် သံဃာတော်များဟာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟိရိ၊ သြတ္တပ္ပ၊ ပညာတွေနဲ့ ပြည့်စုံကြတာကြောင့် ‘အရိယာသံဃာ’ တွေလို့ သတ်မှတ်နိုင်ပါတယ်။ ဘုရားရှင်လက်ထက် ရဟန်း သံဃာတွေဟာ ရဟန်းဘ၀ကနေ လူ့ဘဝကို မပြောင်းမလွဲ ခိုင်မြဲတည့်မတ်စွာ ကျင့်ကြံ နေထိုင်ကြတဲ့အတွက် မဖောက်ပြန်သောသံဃာ ‘ပရမတ္ထသံဃာ’ တွေလည်း ဖြစ်ကြပါတယ်။

အရိယာရဟန်း မဖြစ်သေးတဲ့ သမ္မုတိသံဃာမှာလည်း အဆိုးနဲ့အကောင်း နှစ်မျိုး ရောထွေးနေပါတယ်။ သံဃာလို့သာ ခေါ်တယ် ဆရာထံမှာ ရဟန်းဖြစ်ခဲ့သူ မဟုတ်ဘူး၊ မိမိဘာသာ သင်္ကန်းဝတ်ပြီး အလှူခံ စားသောက်နေတဲ့ သံဃာတွေကတော့ သံဃာတုတွေ ဖြစ်ပါတယ်။ အချို့သံဃာတုတွေမှာ သားမယားတွေတောင် ရှိနေကြတာ တွေ့ရပါတယ်။

နောက်သံဃာတုထဲမှာ အလဇ္ဇီ (အရှက်မရှိသော) သံဃာတစ်မျိုးလည်း ရှိသေးတယ်။ အဲဒီရဟန်းတွေက ဆရာထံမှာ ရဟန်းခံခဲ့ပေမယ့် ဘုရားပညတ်ခဲ့တဲ့ သိက္ခာပုဒ်များ ကျူးလွန်ပြီးတော့ ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်မျိုးစလုံးကို မကျင့်တဲ့ ရဟန်းမျိုးတွေကို ခေါ်ဆိုတာပါ။ ဒါတွေကတော့ သံဃာဆိုးတွေပေါ့။

သံဃာကောင်းဆိုတာ အနိမ့်ဆုံး ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်မျိုးတာဝန်ကို ထမ်းဆောင်နိုင်မှ သံဃာကောင်းလို့ ခေါ်ဆိုနိုင်တာဖြစ်လို့ ကိုးကွယ်ဆည်းကပ် သူတွေလည်း သတိနဲ့ ဆင်ခြင်စေချင်ပါတယ်။ ကိုးကွယ် ယုံကြည်သူတွေဟာ သာမဏေကို ဖြစ်စေ၊ ရဟန်းကိုဖြစ်စေ၊ အများသံဃာကိုဖြစ်စေ စိတ်ထဲမှာ အကောင်းကိုသာ ကိုးကွယ်မယ်လို့ စိတ်ထားတတ်မှ မြတ်ပါတယ်။ သံဃာကို ရည်မှန်းပြီး သံဃိကဒါန ဖြစ်အောင် မလှူတတ်ရင် အဆိပ်ပင် ရေလောင်းနေသလို ဖြစ်တတ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်တိုင်က သာသနာ ဖျက်ဆီးသူ ဖြစ်သွားနိုင်ပါတယ်။ အဆိပ်ပင်ကို အဆိပ်ပင်မှန်း သိလျက်နဲ့ ရေလောင်းနေသူဟာ ဗုဒ္ဓဘာသာဝင် ဖြစ်နေပေမယ့် သာသနာ့ရန်သူအစစ် ဖြစ်သွားတတ်ပါတယ်။

မိလိန္ဒပဉှာဝတ္ထုမှာ မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို ‘အရှင်ဘုရား၊ သူတော်ကောင်း တရားကွယ်၏ဟူသော အကြင်စကားသည် ရှိ၏။ ထိုသူတော်ကောင်းတရား ကွယ်ခြင်းသည် အဘယ်သို့နည်း’ ဆိုပြီး မေးပါတယ်။ ဒီတော့ အရှင်နာဂသေနက - “မင်းကြီး…သာသနာတော် ကွယ်ခြင်း သုံးပါးရှိသည်။ မဂ်ဖိုလ်ကြောင့် ကွယ်ခြင်း၊ ပဋိပတ္တိကြောင့် ကွယ်ခြင်းနှင့် ရဟန်း အသွင်ကြောင့် ကွယ်ခြင်းတို့ ဖြစ်သည်။ မဂ်ဖိုလ်ကွယ်သော် မည်မျှပင် ကျင့်သည်ဖြစ်စေ မဂ်ဖိုလ် မရနိုင်။ ပဋိပတ္တိ ကွယ်လျှင် သိက္ခာပုဒ် ကွယ်သည်။ သိက္ခာပုဒ် ကွယ်သော်လည်း ရဟန်းအသွင် တည်သေးသည်။ ရဟန်းအသွင် ကွယ်သော် အစဉ်အနွယ် ပြတ်လေ၏” လို့ ပြောကြားခဲ့ပါတယ်။

အရှင်နာဂသေနက မင်းကြီးကို ပြောကြားတဲ့အထဲမှာ - “မင်းကြီး…ဘုရားရှင် သာသနာတော်သည် ပဋိပတ္တိလျှင် အရင်းရှိ၏။ ပဋိပတ္တိလျှင် အရင်းတည်း။ ပဋိပတ္တိ မကွယ်သဖြင့် သာသနာတော် တည်၏။ သာသနာတော်သည် ကျင့်သူရှိက မကွယ်။ ကျင့်သူ မရှိသော်သာ ကွယ်၏” လို့ မိန့်ကြားခဲ့တာလည်း ဆင်ခြင်ဖို့ ကောင်းပါတယ်။

အိန္ဒိယသမိုင်းမှာ ဘာသာခြားမင်းတွေ အာဏာရလာရင် ဗုဒ္ဓဘာသာကို အမြစ်ကလှန်ပြီး ကျူပင်ခုတ်၊ ကျူငုတ်မကျန်အောင် အစတုံးပစ်လေ့ ရှိတယ်။ အိန္ဒိယမှာ ကွယ်ပသွားတဲ့ သာသနာ မြန်မာနိုင်ငံမှာ လာပြီးထွန်းကားတာ သမိုင်းရှိပါတယ်။ ဗုဒ္ဓ သာသနာတော်ကို ဦးဆောင်နေရတဲ့ သံဃာတော်တွေက ဘုရားရဲ့ ဝိနည်း ဒေသနာတော်နဲ့အညီ မကျင့်ဆောင် ကြတော့ဘူးဆိုရင် ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားမှာ စိုးရိမ်ရပါတယ်။

ကပ္ပိယမောင်မောင်
ရည်ညွှန်း - အရှင်ဇနကာဘိဝံသ၏ ဗုဒ္ဓဘာသာသင်ခန်းစာ

--------------------------------------------
(ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ)

No comments: