Saturday, October 25, 2014

"အတုယူစရာ ဖင်လန်နိုင်ငံ ပညာရေးစနစ်"


 မြန်မာနိုင်ငံပညာရေးစနစ်ဟာ အချိန်ကာလတစ်ခုအထိ စနစ်တကျဖျက်ဆီးခြင်းခံခဲ့ရတာ လူတိုင်း အသိပါပဲ။ အခုတော့ ဒီမိုကရေစီစနစ်အရပွင့်လင်းမြင်သာမှုနဲ့အတူ အခြေခံ အကျဆုံး ပြုပြင်ပြောင်း လဲမှု စတင်ပြုလုပ်ရမှာ ပညာရေးစနစ်ဆိုတာ သဘောပေါက်ခဲ့ကြပါတယ်။

လူတွေရဲ့ ကျင့်ဝတ်စံနှုန်းတွေဆိုတာ ကျောင်းသားဘ၀ထဲက တရားခြင်းမတရားခြင်း၊ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်းဆိုးခြင်းတို့ကို ခွဲခြားနားလည် စေအောင် သင်ကြားပေးထားမှသာလျင် အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။
ပညာရေးဆိုင်ရာ မူဝါဒချမှတ်မှု မှားယွင်းသွားရင် အနာဂါတ် မကောင်းနိုင်ပါဘူး။ ဒီတော့ အတုယူသင့်တဲ့ ပညာရေးစနစ်ကို အတုယူနိုင်စေဖို့ အပြုသဘော ဆောင်တဲ့ ဟော်လန်နိုင်ငံပညာရေးစနစ်အကြောင်း တင်ပြလိုက်ပါရစေ။

ဟားဗတ်တက္ကသိုလ်က ပါမောက္ခတိုနီ ၀ဂ္ဂနာက ဖင်လန်နိုင်ငံဟာ ပညာရေးမှာထိပ်တန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာရခြင်းအပေါ် စာမေးပွဲကို အလေးမထားမှု ကြောင့်လို့ တိုတိုတုတ်တုတ် မှတ်ချက်ပြုသွားပါတယ်။ဖင်လန်နိုင်ငံဟာ ဘာကြောင့် ကမ္ဘာအံ့ဖွယ် ပညာရေးစနစ်နဲ့ အောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ရတာပါလဲ။ အစဉ်အလာ ပညာရေးစနစ်ဆိုတာကစာမေးပွဲစနစ်နဲ့ပဲ အဆုံးသတ် ထားပါတယ်။ စစ်ဆေးခြင်းဆိုတာဟာကလေးတစ်ယောက်ရဲ့ဘ၀အတွက် အဖြေဖြစ်နေ ပါတယ်။ အဲဒီအနေအထားကို ဖင်လန်ပညာရေး က တော်လှန်ပြီး ပြုပြင်ပြောင်းလဲနိုင်ခဲ့တာကြောင့် အောင်မြင်ခဲ့လေသလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။ ဒီအဖြေကို ပါမောက္ခ ဝဂ္ဂနာနဲ့
ဒေးဗစ်ဆီရိုတာတို့ အင်တာဗျူးက အဖြေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Q : ဖင်လန်နိုင်ငံဘာကြောင့် အောင်မြင်ရတာလဲ။ ပညာရေးမှာနောက်ခံတွေကောင်းလို့လား၊ စနစ်တွေ ကောင်းလို့လား။ ဒီကနေစပြီး ဆရာ့ကိုဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
A : ၁၉၇၀ အစောပိုင်းလောက်တုန်းက ဖင်လန်နိုင်ငံရဲ့ပညာရေးကအဲဒီလောက်မဟုတ်သေးဘူး။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့
စီးပွားရေးစနစ်ဖြစ်နေလို့ ဆင်းရဲသေးတယ်လို့ ပြောနိုင်တယ်။ တကယ်တော့သူတို့အလျှင်အမြန် ပြုပြင်ပြောင်းလဲ ခဲ့ကြတာ။ ပညာရေးစနစ်ကို ပြန်ပြီးတော့အားသစ်တွေ လောင်းတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်တယ်။သူတို့က စီးပွားရေး ကိုတောင် အသိပညာကိုအခြေခံသည့်စီးပွားရေးစနစ်ဆိုပြီးလုပ်ကြတာ။ ဒီလိုနဲ့ ၁၉၇၀ လောက်ရောက်တော့ ပြုပြင်ပြောင်းလဲမှုကို လုပ်တော့မယ် ဆိုပြီး အနာဂတ်အတွက် ဆရာလောင်းတွေကို စိတ်ကြိုက် ရွေးချယ်ကြတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး လုပ်သင့် လုပ်ထိုက် တာကို ပထမဦးစားပေး အနေနဲ့လုပ်ကြတာပါ။ ဆရာတွေထဲက ရွေးချယ်ရာမှာ ပရိုဆန်ဆန် တကယ်တော်တဲ့သူတွေ ကိုပဲ ရွေးကြတယ်။

ဆရာတိုင်းကို သာမန်ဘွဲ့လောက်ထက် မာစတာဘွဲ့ရဆိုတာမျိုးဖြစ်ရမယ်ဆိုပြီးရွေးကြတာ။ ဒါကြောင့် ဆရာဖြစ်ချင်တယ် ဆိုတဲ့သူတွေကို သာမန်ဘွဲ့လောက်နဲ့မဖြစ်ဘူးဆိုပြီး အရည်အသွေးကို မြှင့်တင်လိုက်တာဟာ အောင်မြင်ရတဲ့ ပထမ အကြောင်းတရားဖြစ်မယ်။ ဆရာအလုပ်ဆိုတာ လေးစားလောက်တဲ့  အလုပ်ဆိုတာထက် ပညာအရည်အချင်းနဲ့လည်း ကန့်သတ်ပိုင်းဖြတ်ပြီးမြှင့်ယူခဲ့ကြတယ်။ အဲဒီလို လေးစားဂုဏ်ယူစရာ အကောင်းဆုံးအမြင့်မားဆုံး အလုပ်ဖြစ်အောင် လစာတွေကအစ အမြင့်ဆုံး ဖြစ်အောင်လုပ်ပေးခဲ့တယ်။

ဆရာအလုပ်လာလျှောက်တဲ့ ၁၀ ယောက်မှာ ၁ ယောက် လောက်ပဲစာသင်ခန်းထဲ ဝင်ခွင့်ရတဲ့ အထိ အလုပ်ကိုကန့်သတ်ပစ်လိုက်တယ်။
ဒါကြောင့်လည်း နိုင်ငံတကာက PISA လို့ခေါ်နေတဲ့ ပညာရည် အဆင့်ကို သူတို့ ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ကြတာပေါ့။ အနောက်နိုင်ငံတွေထက် သူတို့သာသွားတာ အဲဒီ အချက်ကြောင့်ပဲ။ အာရှသားတွေ ပညာတော်တယ်ဆိုတဲ့အဆင့်အထိသူတို့က လိုက်ပြီးခြိမ်းခြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ကမ္ဘာ့အဆင့်မှာပါပညာရေးထိပ်တန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ခဲ့ရတော့တာပဲ။

Q - ဆရာတွေကိုပဲအခြေခံထားပြီး ပြုပြင်လိုက်တယ်။နိုင်ငံအတွင်းမှာစာမေးပွဲစနစ်ကိုရောမလုပ်ကြဘူးလား။ PISA ဆိုတာ က
နိုင်ငံတကာစာမေးပွဲတစ်ခုမဟုတ်လား။
A : ဟုတ်တာပေါ့။ သူတို့နိုင်ငံတွင်းမှာ စာမေးပွဲဆိုတာမလုပ်ဘူး။စစ်ဆေးတဲ့ပုံစံ လုပ်တယ်ဆိုပေမယ့် ကလေးတွေကို အကဲဖြတ်ဖို့
စစ်တာလောက်ပဲရှိတယ်။ သူများတွေစစ်သလို စာမေးပွဲပုံစံကြီးနဲ့စစ်တာမျိုးမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဖို့ ဆိုတဲ့သဘောမျိုးတွေနဲ့
စစ်ဆေးတာမျိုးတွေမဟုတ်ဘူး။ စာမေးပွဲမရှိတော့ သူတို့ကိုဘာနဲ့မက်လုံးပေးရသလဲဆိုရင် ကိုယ့်အလုပ်မှာ ကိုယ်တတ်ကျွမ်းမှု၊ နားလည်မှုဆိုတာတွေနဲ့တိုင်းတာမှုတွေ လုပ်ရတယ်။ သူတို့ကိုပိုင်းဖြတ်တဲ့ဆရာတွေ အပေါ်မှာ သူတို့ လုံးဝယုံကြည်အားထားနိုင်တယ်။ သူတို့ဆောင်ပုဒ်က“ကိုယ့်ကျွမ်းကျင်မှုကိုယုံကြည်ပါ”ပဲ။ ဒါကြောင့်လည်း သူတို့ဖင်လန်မှာအမြင့်ဆုံးနဲ့အနိမ့်ဆုံး ကျောင်းကွာခြားချက်က ၄ ရာခိုင်နှုန်းလောက်ပဲရှိတယ်။

Q : ဖင်လန်မှာလုပ်နေတဲ့ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့အမေရိကန်မှာလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ သူတို့နဲ့ယှဉ်လိုက်ရင်အမေရိကန်က ဆရာတွေဟာမကောင်းဆိုးဝါးတွေလို ဖြစ်မနေဘူးလား။ ပြီးတော့ ကျွန်တော်တို့ပညာရေးကကလေးတွေကို စာမေးပွဲနဲ့ဖိထားတာလေ။ ဒီနှစ်နိုင်ငံရဲ့ သဘောထား တွေကဘာကြောင့်များ အဲဒီလောက် ကွာခြားနေရတာလဲဆရာ။
A : ပထမဦးဆုံး အဓိကကျတဲ့အချက်က ဖင်လန်နိုင်ငံဟာပညာရေးမှာသာမဟုတ်ဘူးတီထွင်ကြံဆမှု မှာလည်း ထိပ်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေသေးတယ်။ သူတို့မှာစွန့်ဦးတီထွင်နိုင်အားတွေ အရမ်းကောင်း ကြတယ်။ ခင်ဗျားတို့ အဘိုးတို့ခေတ်လောက်က ဆိုရှယ်လစ်စကားမျိုးတွေ သူတို့ပြောကြတာ မဟုတ်ဘူး။
အမေရိကန်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မောင်းနေကြတာ။ Xerox ကုမ္ပဏီက ဒေးဗစ်ကီရန်နဲ့IBM ကုမ္ပဏီက လူးဂါ့စ်နာတို့က ပညာရေးဆိုင်ရာ ညီလာခံကြီးတစ်ခုကိုလုပ်တယ်လို့ကြားတယ်။ ဒါပေမယ့် သူတို့ ဘယ်ပညာရေးသမားတွေကိုမှ မဖိတ်ကြဘူး။
သူတို့ဖိတ်တာက CEO တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေ လောက်ပဲဖိတ်ပြီးဆွေးနွေးကြတာ။ ကျွန်တော်နားလည်ထားတာ က လုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေ လိုတာပဲဗျ။ ဘ၀အာမခံချက် ပေးနိုင်တဲ့ ပညာရေးလို့ ဘယ်လောက်ပဲအော်အော် ပညာရေးစနစ် အပေါ် အယုံအကြည်မရှိရင်လည်းအောင်မြင်မှာမဟုတ်ဘူး။ ဖင်လန်နဲ့ဘာကွာခြားသလဲဆိုတော့ အဲဒီမှာကနှစ်ပါတီစနစ်ပဲရှိပေမယ့် အဲဒီနှစ်ပါတီ စလုံးက နှစ်ပေါင်း ၃၀ ကျော်လောက်ပညာရေးကို အလေးထားလုပ်ရကောင်းမှန်း သိတယ်။ ဆရာတွေကို တကယ့် အရည်အသွေးမြှင့်တင်ပေးရ ကောင်းမှန်းသိတယ်။ သူတို့ကလုပ်ငန်းတွေနဲ့ ပညာရေးကိုလည်းပူးပေါင်းဆက်စပ်ထားတယ်။ ပေါ်လစီ ရေးဆွဲသူတွေ ပညာရေးဘက်ကပညာရှင်တွေပေါင်းစည်း ညီညွတ်ကြတယ်။ ကျွန်တော်တို့ အမေရိကန်မှာလိုအပ်နေတာ အဲဒါပဲဗျ။

Q : အမေရိကန်ပညာရေးနဲ့ ဖင်လန်ပညာရေးကို နှိုင်းယှဉ်ရတာမျှတနိုင်ပါ့မလားဆရာ။ ဖင်လန်နိုင်ငံက လူမျိုးတစ်စုတည်း လိုလိုပဲ ရှိတာ။
အမေရိကန်မှာက လူမျိုးကွဲတွေ ဒီလောက်များနေတာ။
A : ဖင်လန်နိုင်ငံမှာက လူတွေထင်ထားတာထက် ပိုပြီးတော့တောင်ကွဲပြားမှုတွေရှိနေပါတယ်။ လူဦးရေရဲ့ ၅၀ရာခိုင်နှုန်း လောက်က
ဒုတိယဘာသာစကားကို ပြောကြတယ်။ ဟယ်ဆင်ကီ ဘာသာစကားပြောတဲ့ ကျောင်းပေါင်း ၄၅ရာခိုင်နှုန်း လောက် ရှိတယ်။ ဖင်လန်ကို အမေရိကန်နဲ့မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူတို့မှာလည်း အဲဒီကွဲပြားမှုတွေကအရမ်းကြီးမားတယ်။ ဖင်လန်နိုင်ငံရဲ့ အရွယ်အစားနဲ့လူဦးရေ က ကျွန်တော်တို့ပြည်နယ်တစ်ပြည်နယ်စာလောက်ပဲ ရှိတယ်။ ဖင်လန်ကို ကျွန်တော်တို့တိုင်းပြည်ကမင်နီဆိုးတားပြည်နယ်လောက်နဲ့ပဲ နှိုင်းယှဉ်ကြည့်ရအောင်။ ဒေသကလည်း အတော်လေးတူတယ်။ ဒါပေမယ့် နိုင်ငံတကာနဲ့ယှဉ်လိုက်ရင် သူတို့ကဘာကြောင့်မြင့်တက်
သွားရသလဲ။ ကျွန်တော်တို့မှာ သူတို့ဆီ ကနေ လေ့လာသင်ယူစရာတွေ အများကြီးပဲ။

Q : စီးပွားရေးအရဆိုရင်ရောဘယ်လိုပြောမလဲဆရာ။ နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဒိုင်ရင်းရာဗစ်ခ်ျ က ပြောဖူးတယ်။ ပညာရေးတစ်ခု တည်းနဲ့တော့ဒီတိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုကို မဖြေရှင်းနိုင်ဘူး ဆိုတာပေါ့။ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းတရားတွေ အများကြီးတော့ ရှိတာပေါ့။
ဖင်လန်နိုင်ငံ မှာက စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟချက် အရမ်းနည်းတယ်လို့ သိရပါတယ်။ အဲဒီလို ဆင်းရဲမွဲတေမှုနည်းပါးခြင်း ကလည်း ပညာရေးမှာအောင်မြင်ရတဲ့ အကြောင်းအချက်တစ်ခု ဖြစ်မနေ ဘူးလား ဆရာ။
A : အဲဒီအတွက် အဖြေနှစ်ခုရှိတယ်။ ပထမကတော့လူမျိုးရေးနဲ့လူတန်းစားကွာဟမှုကို အရင်ပြောရ မယ်။ စာမေးပွဲ စစ်ဆေးရင် ဆင်းရဲတဲ့သူတွေရဲ့ရမှတ်တွေကရော ဆင်းရဲလို့နည်းမယ်ထင်သလား။ ဒါကြောင့် လူတန်းစား ကွာခြားလို့ လူမျိုးရေ ကွဲပြားလို့
ရမှတ်တွေကွာခြားရမယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ဒီတိုင်းပြည်မှာက စီးပွားရေးကွာဟချက်တွေ များတယ်ဆိုတာ မှန်ပါတယ်။ ဒါတွေ လျှောက်ပြောရရင်တော့ပိုပြီး ဝေးလိမ့်မယ်ထင်တယ်။ တစ်ခုတော့ရှိတယ်။ ချမ်းသာတဲ့ ရပ်ကွက်ကအကောင်းဆုံးကျောင်းတွေနဲ့၊ ပုဂ္ဂလိကကျောင်းတွေ ယှဉ်ရင်တော့ ကွာကောင်းကွာမယ်။ ဒါပေမယ့်ဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့ ရလဒ်တွေကိုလည်း ပြန်သုံးသပ်ရ မယ်။ကျွန်တော်တို့မှာက စာမေးပွဲနဲ့တိုင်းတာနေတော့ဉာဏ်ကောင်းရင် အမှတ်ကောင်းကောင်းရမယ်။ အောင်မယ်ပေါ့။ ဒါပေမယ့်သူတို့မှာ
ကျွမ်းကျင်မှုတော့ မရှိနိုင်ဘူး။ ကမ္ဘာ့အဆင့်ကိုမီချင်ရင် စာကျက်ပြီးမှတ်မိတာလောက်နဲ့ ပြန်ဖြေတာမျိုး မလုံလောက် တော့ဘူး။ ဖင်လန်သားတွေလုပ်နေသလိုပညာအခြေခံ စီးပွားရေးကို ကမ္ဘာ့အဆင့်အထိ မြှင့်တင်နိုင်အောင် လုပ်မှဖြစ်လိမ့်မယ်။ ဖင်လန်နိုင်ငံ ဘာကြောင့် ပညာရေးမှာ တိုးတက်သလဲဆိုရင်သင်ကြားရေးကို အရမ်းထူးချွန်အောင် လုပ်ကြ တယ်။ သူတို့သင်ကြားတဲ့ပုံစံက
ကြောင်းကျိုးဆင်ခြင်တဲ့သင်ကြားနည်းမျိုး မဟုတ်တော့ဘူး။ သင်ကြားနည်းမှာသူတို့ အတွက် စံတစ်ခုသီးခြားရှိနေတယ်။ ဒုတိယအချက်က သင်ယူမှုမှာ သူတို့ကအရေးအကြီးဆုံးက ဘာလဲလို့ အမြဲဆန်းစစ် တယ်။
သူတို့သင်ကြားမှု-သင်ယူမှုဖြစ်စဉ်မှာ ပြဋ္ဌာန်းစာအုပ်ကို အလွတ်ကျက်မှတ်ရတာမျိုးတွေ လုံးဝမရှိတော့ဘူး။ သူတို့က ကြက်တူရွေးလို
အလွတ်ရွတ်ပညာရေး ထက် တွေးခေါ်စဉ်းစားနိုင်တဲ့ ပညာရေးကို ဦးစားပေးလာကြတယ်။ပြဋ္ဌာန်းစာအုပ်ဆိုတာ အလွတ် ကျက်ဖို့ မဟုတ်ဘူး၊ စဉ်းစားတွေးတောဖို့အခြေခံလို့ သဘောထား လာကြတယ်။ ကျွန်တော်တို့အချမ်းသာဆုံးကျောင်းတွေတောင်မှ ကမ္ဘာ့အဆင့်မီလို့သာပြောနေတယ်။ အဲဒီလိုမလုပ်နိုင်သေးဘူး။

Q : ဒါဆိုရင် ဆရာရယ် ဖင်လန်ကိုမီဖို့ဆိုတာ ပညာရေးကို ဖင်လန်လိုလိုက်လုပ်လိုက် တာနဲ့ ပြောင်းလဲတိုးတက်မှုတွေ မဖြစ်နိုင်ဘူးလား။
စီးပွားရေးကွာဟချက်တွေ၊ မညီမျှမှုတွေ မေ့ထား လိုက်ပြီးသူတို့လိုပုံတူကူးတာမျိုးပေါ့။
A : စီးပွားရေးကွာခြားတယ်ပြောရအောင် ဖင်လန်မှာလည်းဆင်းရဲတဲ့ကျောင်းတွေရှိတာပဲဗျ။ သူတို့က ဆင်းရဲတာကို မပြောဘူး။
သင်ကြားမှုသင်ယူမှုမှာ ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကိုပဲဂုဏ်ယူပြောကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း လူမည်းရပ်ကွက်ကဆင်းရဲတဲ့ကျောင်းတွေ ရှိတာပဲ။သူတို့အထက်တန်းအောင်ပြီး ကောလိပ်ကိုသွားရင်အောင်မြင်ကြတာပဲဗျ။ လူဖြူတွေ ထက်တောင် အောင်မြင်သေးတယ်။ ဒီတော့ဆင်းရဲတာ၊စီးပွားရေးကွာဟတာတွေနဲ့ သိပ်မဆိုင်တော့ ဘူး။ သင်ကြားရေးပဲ အရေးကြီးတယ်။
လူမျိုးကွဲပြားတာ လူတန်းစားကွဲပြားတာ ရှိကောင်းရှိမယ်။ ဒါ တွေကိုအကြောင်းပြပြီးတော့ ပညာရေးမှာ ကွဲပြားခြားနားနိုင်တယ် လို့ပြော တာတော့မမှန်နိုင်ပါဘူး။

Q : ဖင်လန်သားတွေပညာရေးကို မြှင့်တင်ရာမှာ ဆရာတွေရဲ့အခန်းကဏ္ဍကို ဦးစွာမြှင့်တင် ခဲ့တယ်လို့သိရပါတယ်။ သူတို့ကဆရာ အလုပ်ကိုလေးစားဂုဏ်ယူဖွယ်အလုပ်တစ်ခုလို တန်ဖိုး ထားပြီး မြှင့်တင်ခဲ့ကြတာပါ။ကျွန်တော်တို့ အမေရိကန်မှာကတော့ ဆရာဆိုတာ အမျိုးမျိုးအပုပ်ချပြီးလက်ညှိုးထိုးစရာတစ်ခုအနေနဲ့ သဘောထားကြတာ။ အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လို မြင်ပါ သလဲ။
A : သူတို့က ဆရာကို သိပ္ပံပညာရှင်တွေလို့ထင်ပြီး၊ စာသင်ခန်းကိုဓာတ်ခွဲခန်းလို သတ်မှတ် ထားကြတာ။ ဒါကြောင့်လည်း သူတို့က ဆရာတိုင်းကိုမာစတာဘွဲ့တစ်ခုခုရမှ အတန်းကိုအပ်တာ။ သူတို့ယုံကြည်ထားတာကမာစတာဒီဂရီတစ်ခုခု ရထားတဲ့သူတွေဟာ ပညာရေးဆိုင်ရာသဘောတရားကိုပဲသင်သင်၊လက်တွေ့ပဲလုပ်လုပ် ပေါက်ကရလုပ်မယ့်သူတွေလို့ မထင်ကြဘူး။ သူတို့ကသင်ကြားမယ့် အကြောင်းအရာတွေကိုကောင်းကောင်းပြင်ဆင်တတ်မယ်၊ ဘာသင်ရမယ် ဆိုတာ သိတယ်၊ဘယ်လိုသင်ရမယ်ဆိုတာလည်း သိကြတယ်။ ဒါက သူတို့ဘာကြောင့် မာစတာ ဘွဲ့ရတွေကိုရွေးချယ်ရသလဲ ဆိုတဲ့ ပထမအချက်။ ဒုတိယအချက်က သူတို့ကဆရာအလုပ်ကို ငတ်လို့လုပ်တာဆိုတာထက်တတ်လို့ဝင်လုပ်ကြတာ များတယ်။ 

တကယ့်ကို ပရိုတွေဆန်ဆန် ဝင်လုပ်ကြတာ။ လုပ်ငန်းလုပ်ဆောင်ရာမှာလည်း ပူးပေါင်း ဆောင်ရွက်တဲ့စိတ်ဓာတ်တွေအပြည့်ရှိကြ တယ်။ ကျောင်းချိန်အတွင်းမှာ တစ်ဦးကိုတစ်ဦး
အပြည့်အကူအညီပေးကြတယ်။သင်ခန်းစာတွေကို ပူးပေါင်းပြင်ဆင်ကြတယ်။ အကြံဉာဏ်တွေပေးကြ တယ်။ အဲဒီလို တစ်ဦးကိုတစ်ဦး အကြံဉာဏ်ပေးတာကိုလည်းဆရာလုပ်တယ်လို့ မယူဆကြဘူး။ သင်ခန်းစာတွေကို ကြိုတင်ပြင်ဆင်တယ်။
ကျွန်တော်တို့ ကောင်းတယ်ပြောပြော ဆိုးတယ်ပြောပြော အလယ်ခေတ်ပညာသင်စနစ်လမ်းကြောင်းအတိုင်းပဲ သွားနေကြသေးတယ်။ ဆရာတစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ရတယ်။ နေ့တိုင်း လုပ်ရတယ်။ တစ်ဦးတည်း လုပ်နေရင်တီထွင်ဖန်တီးနိုင် စွမ်းတွေ ကျဆင်းတတ်တယ်ဆိုတာ ဖင်လန်သားတွေ ကောင်းကောင်းသိတယ်။ ဒါကြောင့်လည်း တစ်ဦးတည်း လုပ်ဆောင်ရတဲ့အနေအထား တွေကို သူတို့ရှောင်ကြတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်တွေကို သူတို့ကောင်းကောင်းသိအောင် လေ့ကျင့်ထားကြတယ်။ ဒါကြောင့် လည်းသူတို့အောင်မြင်ကြတယ်။

Ref; News Week 2/13

အိမ်ကြီးမောင်

No comments: