Tuesday, October 21, 2014

HIV ဝေဒနာရှင်များ ARV ဆေးဝါး ထုတ်ယူနိုင်ရန် မြို့နယ် အဆင့် ဆေးရုံ (၆၇) ရုံတွင် တိုးချဲ့ပေးမည်



HIV ဝေဒနာရှင်များ ARV ဆေးဝါးများ လွယ်ကူစွာ ထုတ်ယူနိုင်ရန် မြို့နယ် အဆင့် ဆေးရုံ ခြောက်ရုံတွင် တိုးချဲ့၍ ဆေးဝါးများ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခုတင် (၂၀၀) နှင့် အထက် ဆေးရုံ (၃၈) ခု၌ ARV ဆေးများ ထုတ်ပေးနေပြီး ယခု အစီအစဉ်ကြောင့် သွားလာရေး ခက်ခဲသည့် ဒေသများမှ မြို့နယ် ဆေးရုံများတွင် ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ရှိ ဆောင်ရွက် ပေးတဲ့အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် ဆေးရုံတွေမှာက ပထမဦးဆုံး စစ်ဆေးရမယ့် လူနာတွေကို ဆောင်ရွက်ပေးတာ။ အဲဒီ လူနာတွေ ထဲကနေမှ သတ်မှတ် ထားတဲ့ ကာလရှည် အတွင်း နေ့စဉ် မှန်မှန် သောက်သုံးဖို့ လိုအပ်တဲ့ ဆေးဝါးကို လက်လှမ်း မီနိုင်မယ့် မိမိဒေသ မြို့နယ်တွေမှာ ရရှိနိုင်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာန၊ ခုခံကျ ရောဂါ တိုက်ဖျက်ရေး စီမံချက် ဒါရိုက်တာ ဒေါက်တာမြင့်ရွှေက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနနှင့် UNAIDS တို့ ပူးတွဲ ကောက်ယူသည့် စာရင်းများ အရ ၂၀၁၄ ခုနှစ် အတွက် ARV ဆေးဝါးပေးရန် လိုအပ်သည့် HIV ဝေဒနာရှင် တစ်သိန်း နှစ်သောင်းကျော် ရှိကြောင်း သိရသည်။

“အစိုးရ အနေနဲ့ ဆေးဝါး ရယူနိုင်မယ့် နေရာတွေကို တိုးချဲ့ပေးဖို့ ပြင်ဆင် လာတာတော့ ဝေဒနာရှင်တွေ အတွက် ၀မ်းသာစရာပါပဲ။ ဒါပေမဲ့လို့ အခက်အခဲ တွေ့နေရတာက ဆေးယူတဲ့ အကြိမ်တွေမှာ စစ်ဆေးပေးမယ့် သမားတော်တွေ ရှိမနေတာပဲ။ အဲဒီ လိုအပ်ချက်တွေပါ ဖြည့်လာနိုင်ရင် ပိုပြီး ထိရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု HIV ဝေဒနာရှင်များအား ကူညီ ပေးနေသည့် Posiive Group မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ခိုင်မာဆွေက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် HIV ဝေဒနာရှင် တစ်သိန်း နှစ်သောင်းကျော် အနက် ယခု ၂၀၁၄ ခုနှစ် အတွင်း ARV ဆေးဝါးများကို ဝေဒနာရှင် ခုနစ်သောင်း ခြောက်ထောင် အတွက်သာ ဆေးပေးနိုင်မည့် အနေအထား ရှိကြောင်း အဆိုပါဌာန တာဝန် ရှိသူများထံမှ သိရသည်။
Royal Hero Media - HIV ဝေဒနာရှင်များ ARV ဆေးဝါး ထုတ်ယူနိုင်ရန် မြို့နယ် အဆင့် ဆေးရုံ (၆၇) ရုံတွင် တိုးချဲ့ပေးမည်

၂၀၁၆ တွင် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အားလုံးနီးပါးကို ART ဆေး ပေးနိုင်မည်

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၀၆ ခုနှစ်ကျရင်  အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး  ဆေးစားဖို့ လိုနေသူအားလုံးရဲ့ ၁၀ ပုံ ၉ ပုံ နီးပါးကို ART ရောဂါတန့်ဆေးဝါး အကူညီပေးနိုင်မယ်လို့ မြန်မာနိုင်ငံ အမျိုးသား AIDS ရောဂါတိုက်ဖျက်ရေး အစီအစဉ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ  အိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံနေရ သူပေါင်း ၁၉၂၀၀၀ လောက်ရှိတဲ့အနက် ဆေးစားဖို့ လိုနေသူပေါင်းက ၁၂၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတာပါ။

လက်ရှိ ရောဂါကူးစက်ခံနေရသူတွေရဲ့ တ၀က်ကျော်လောက်ကို အစိုးရနဲ့ အန်ဂျီအို တွေက ဆေးဝါး ကူညီပေးနိုင်သေးတာပါ။
ဒေါက်တာ ထွန်းညွန့်ဦးကတော့  အခု ၂၀၁၄ မှာ ဝေဒနာရှင်  ၇၆၀၀၀ ကျော်၊  ၂၀၁၅ မှာ ၁ သိန်းကျော်နဲ့ ၂၀၁၆ မှာ လိုအပ်ချက်ရဲ့ ၈၈ ရာခိုင်နှုန်းဖြစ်တဲ့ ၁ သိန်း ၁ သောင်းကျော်အထိ ပေးနိုင်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။

ဒ့ါပြင် လာမယ့်နှစ်ကုန်မှာ မြန်မာပြည်တ၀ှမ်း မြို့နယ်ပေါင်း ၁၀၀ ကျော်က  ပြည်သူ့ဆေးရုံတွေမှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေအတွက် အခမဲ့  ဆေးကုနိုင်အောင် အစိုးရက စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
DVB - ၂၀၁၆ တွင် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အားလုံးနီးပါးကို ART ဆေး ပေးနိုင်မည်

ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

မိမိ၏ ဘ၀သက်တမ်းအား လူ့အဖွဲ့အစည်းအတွက် နှစ်မြှုပ်လျက် အိန္ဒိယရှိ မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုဖွင့်ကာ HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒို ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည်ဟု သိရသည်။

Snehadeep ဟု အမည်ရသည့် အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို နိုင်ငံအနောက်တောင်ပိုင်း ဘန်ဂလော ပြည်နယ်တွင် လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး HIV ရောဂါသည် ကလေးများအား ပြုစုစောင့်ရှောက်ပေးနေသည်။

“ဒီ Snehadeep စင်တာမှာ အသက် ၇ နှစ်ကနေ ၁၂ နှစ်အရွယ် HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒူကလေး ၁၄ ဦးကို ပြုစုစောင့်ရှောက်ပေးနေပါတယ်” ဟု အဆိုပါစင်တာကို တည်ထောင်ခဲ့သည် မွတ်စလင်အမျိုးသမီး တာဘက်ဆမ်က Bangalore Mirror သတင်းစာသို့ အောက်တိုဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

တာဘက်ဆမ်၏ အနီးကပ်ဆုံး မိတ်ဆွေဖြစ်သူမှာ HIV ပိုး ကူးစက်နေကြောင်း တွေ့ရှိရပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့ပြီးနောက်ပိုင်းမှစတင်ကာ တာဘက်ဆမ်မှာ HIV ပိုးကူးစက်ခံနေရသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၁၄ နှစ်လုံးလုံး ကျွန်မဟာ HIV ပိုးရှိတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေကို ပြုစုစောင့်ရှောက်ပေခဲ့ပါတယ်။ ဒီအဖြစ်အပျက် (အနီးကပ်ဆုံး မိတ်ဆွေ သေဆုံးသွားပြီးတဲ့) နောက်ပိုင်းမှာ ကျွန်မဲ့ ရှုမြင်ပုံဟာ ပြောင်းလဲသွားခဲ့ပါတယ်” ဟု သူမကဆိုသည်။

ထို့ပြင် ဟိန္ဒူအများစုရှိသည့် အိန္ဒိယတွင် မွတ်စလင်အမျိုးသမီး တစ်ယောက်က NGO တွင် လုပ်ကိုင်မှုအတွက် စိန်ခေါ်မှုများရှိနေပြီး၊ Snehadeep စင်တာအား စတင်ဖွင့်လှစ်စဉ် အခါကလည်း စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု တာဘက်ဆမ်က ဖွင့်ဟခဲ့သည်။

HIV/AIDS အစီအစဉ်များကို ဆောင်ရွက်နေသည့် ကုလမဂ္ဂ UNAIDS အဖွဲ့၏ စစ်တမ်းများအရ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာပေါ်၌ HIV ပိုးကူးစက်ခံရသူ ၃၄ သန်း ရှိနေသည်ဟု သိရသည်။

HIV ပိုး ကူစက်ခံနေရသူ ကလေးများအား မိဘများ၊ ဆွေမျိုးသားချင်းများက စွန့်ပစ်သွားခဲ့ပြီး ၎င်းတို့မှာ ဆိုးရွားသော အခြေအနေများကို ကြုံတွေ့နေရကာ စိတ်ဒဏ်ရာများလည်း ရရှိကြသည်ဟု တာဘက်ဆမ်က ဆိုသည်။
“မကြခဏဆိုသလို မိဘတွေဟာ သူတို့ကလေးတွေနဲ့ ဝေးရာကို ထွက်သွားကြပါတယ်။ ဒီကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာတွေထက် စိတ်ဒဏ်ရာတွေ ခံစားရပြီး၊ အတွယ်အတာကို လိုချင်ကြပါတယ်” ဟု ဆိုပြီး ထိုကလေးများ၏ နောက်ဆုံးအချိန်အတွက် အကောင်းဆုံးပေးဆပ်ရန် ကြိုးစားနေသည်ဟုလည်း တာဘက်ဆမ်က ထည့်သွင်းပြောကြားခဲ့သည်။

HIV ပိုးရှိသူ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည့် Snehadeep စင်တာအတွက် ရန်ပုံငွေရရှိရေးမှာ ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်။

“တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့ စမ်းသပ်မှုကြီးပါပဲ” ဟု သူမက နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။

Mmedia - ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

No comments: