"ငါတို့
လမ်းခွဲကြရအောင်"
ကောင်မလေးက
စိတ်ကိုတင်းပြီးပြောတယ်။
"ဘာဖြစ်လို့လဲ"
ကောင်လေးက နားမလည်စွာနဲ့မေးတယ်။
"ပင်ပန်းပြီ..
မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်"
ကောင်မလေးစကားကို
ကောင်လေးက ဘာမှပြန်မပြောဘဲနေတယ်။
"မသွားပါနဲ့..
ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီး မတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများ
သယ်ဆောင်ပေးနိုင်ဦးမလဲ" ကောင်မလေးရဲ့စိတ်
အေးစက်လာသလို
ခံစားမိတယ်။ တအောင့်ကြာမှ ကောင်လေးစကားစတယ်။
"ငါဘယ်လိုလုပ်မှ
ငါ့ကို နင်ခွဲမသွားမှာလဲ"
"နင့်ကို
ငါမေးခွန်းတစ်ခုမေးမယ်။ တကယ်လို့ နင်ဖြေတဲ့အဖြေက ငါ့စိတ်ထဲတွေးထင်ထားတဲ့အဖြေနဲ့ တူခဲ့ရင်
နင့်ကိုငါခွဲမသွားဘူး။ ဥပမာ- ချောက်ကမ်းပါးစွန်းမှာရှိတဲ့ပန်းတစ်ပွင့်ကို ငါအရမ်းကြိုက်တယ်။
အဲဒီပန်းကိုခူးရင် ချောက်ထဲပြုတ်ကျပြီး သေကိုသေရမယ်။ ငါ့အတွက် နင်ခူးပေးရဲလား"
"အင်း...
နင့်ကို မနက်ကျမှ ငါအဖြေပေးမယ်"
ကောင်မလေးရဲ့စိတ်တွေ
ရေခဲမှတ်ထိအောင် အေးခဲသွားခဲ့တယ်။
မနက်လင်းလာတော့
ကောင်လေးရှိမနေတော့ဘူး။ စားပွဲခုံပေါ်မှာ နွားနို့ပူပူတစ်ခွက်နဲ့ ခွက်နဲ့ဖိထားတဲ့ စာရွက်တစ်ရွက်ကို
ကောင်မလေးတွေ့လိုက်တယ်။ စာရွက်ကိုယူပြီး ကောင်မလေးကြည့်လိုက်တယ်။
"ကောင်မလေး....
အဲဒီပန်းကို
ငါသွားခူးမှာမဟုတ်ဘူး။ သွားမခူးတဲ့အကြောင်း ငါ့ကိုရှင်းပြခွင့်ပေးပါ။
(၁)
နင်က
ကွန်ပျူတာနဲ့ စာတွေပဲရိုက်တတ်တယ်။ စက်ထဲက ဒေတာတချို့ ပျက်သွားခဲ့ရင် နင်က ကီးဘုတ်ပေါ်မှောက်ပြီး
ငိုဖို့ပဲသိတယ်။ ဒါကြောင့် ဒေတာတွေပြင်ဖို့ ငါ့လက်ညိုးတွေ နင့်အတွက်ချန်ထားပါရစေ။
(၂)
အပြင်ထွက်တိုင်း
နင်သော့မေ့တတ်တယ်။ ဒါကြောင့် သော့ပြန်လာပေးဖို့ ငါ့ခြေထောက်တွေ နင့်အတွက်ချန်ထားပါရစေ။
(၃)
လျှောက်လည်ရတာကို
နင်ကြိုက်တယ်။ ပြီးတော့ နင်မကြာခဏလမ်းမှားတယ်။ ဒါကြောင့် နင်လမ်းမပျောက်ဖို့ ငါ့မျက်စိတွေ
နင့်အတွက်ချန်ထားပါရစေ။
(၄)
လစဉ်
မိန်းမသဘာဝဖြစ်တိုင်း ကိုယ်တွေအေးစက်ပြီး နင်ဗိုက်နာတတ်တယ်။ ဒါကြောင့် နင့်ကိုယ်နဲ့
ဗိုက်လေးနွေးထွေးအောင်ပွတ်သပ်ပေးဖို့ ငါ့လက်ဖဝါးတွေ နင့်အတွက်ချန်ထားပါရစေ။
(၅)
နင့်မှာ
သူငယ်ချင်း အပေါင်းအသင်းနည်းတယ်။ အထီးကျန်တဲ့ဝေဒနာမျိုး နင်ခံစားရမှာစိုးတယ်။ ဒါကြောင့်
နင် မပျင်းမရိအောင် စကားပြောဖော်ရဖို့ ငါ့ပါးစပ်ကို နင့်အတွက်ချန်ထားပါရစေ။
(၆)
နင်က
ကွန်ပျူတာရှေ့မှာ အမြဲရှိတယ်။ ကွန်ပျူတာအလင်းကြောင့် မျက်စိတွေလည်း တော်တော်ထိခိုက်ခဲ့ပြီ။
ဒါကြောင့် နင့်အတွက် ငါကောင်းကောင်းအသက်ရှင်ရမယ်။ နင်အိုလာတဲ့အခါ နင့်ကို လက်သည်းညှပ်ပေးမယ်၊
ဆံပင်ဖြူတွေ နုတ်ပေးမယ်။ နင့်လက်ကို အမြဲတွဲထားမယ်။ ပင်လယ်ဘေးက သောင်ကမ်းစပ်မှာ လမ်းလျှောက်ကြမယ်။
ရောင်စုံပန်းတစ်ပွင့်ချင်းစီက လှပတဲ့နင့်မျက်နှာနဲ့တူကြောင်း ပြောပြမယ်။
ဒါကြောင့်
ငါ့ထက် နင့်ကိုချစ်မယ့်သူ နင်မတွေ့မချင်း အဲဒီချောက်ကမ်းပါးထိပ်မှာပေါက်နေတဲ့ပန်းကို
ငါသွားမခူးချင်ဘူး"
ကောင်မလေးရဲ့မျက်ရည်တွေ
စာရွက်ပေါ် တစ်စက်ချင်းစီးကျလာခဲ့တယ်။ မျက်စိကို တစ်ချက်ပွတ်ပြီး ကောင်မလေးဆက်ဖတ်ပြန်တယ်။
"ကောင်မလေး....
ဒီစာကိုဖတ်ပြီးသွားရင်၊
ငါ့အဖြေကို နင်ကျေနပ်သွားရင် ငါ့ကိုတံခါးဖွင့်ပေးပါနော်။ ငါအခု တံခါးအပြင်ဖက် ရောက်နေတယ်။
နင်သိပ်ကြိုက်တဲ့ နွားနို့ပေါင်မုန့် ငါဝယ်ခဲ့တယ်"
တံခါးကို
ကောင်မလေး အမြန်ဆွဲဖွင့်လိုက်တယ်။ စိတ်လှုပ်ရှားနေတဲ့ ကလေးငယ်တစ်ယောက်လို ကောင်လေးက
တံခါးအပြင်ဖက်ကနေ ကောင်မလေးကို လက်ဝေ့ယမ်းပြနေခဲ့တယ်။
----
ဒါကပဲ
အချစ် ဒါမှမဟုတ် ဘဝပဲဖြစ်မယ်ထင်ပါတယ်။ အေးဆေးတည်ငြိမ်တဲ့အချစ်တွေက ပျော်ရွှင်ခြင်းတွေနဲ့
ပတ်လည်ဝန်းခံရတဲ့အခါ ပြင်းပြတဲ့ဆန္ဒနဲ့ ပိုစိတ်ကူးယဉ်ဆန်တာတွေကို တောင့်တလာတတ်တယ်။
တစ်ဖက်သားရဲ့
သာမန်အပြုအမူနဲ့ အမူအရာကိုပဲကြည့်ပြီး ချစ်တယ်၊ မချစ်ဘူးလို့ သတ်မှတ်လို့မရပါဘူး။ အချစ်မှာ
တသတ်မတ်တည်းသတ်မှတ်ဖို့ ပုံသေနည်းမရှိပါဘူး။
အချစ်ဟာ
ပန်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
မနက်ခင်းမှာ
နိုးထစေတဲ့ အနမ်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
စိတ်အားငယ်ချိန်မှာ
မှီခိုနိုင်တဲ့ ပခုံးတစ်စုံလည်းဖြစ်နိုင်တယ်။
အချစ်ကို
ခံစားနားလည်တတ်ဖို့ပဲလိုပါတယ်.....
(အရင်တုန်းက
ဘာသာပြန်ခဲ့တဲ့စာတစ်ပုဒ်ပါ.. မျှဝေခံစားပါတယ်)
နိုင်းနိုင်းစနေ
(Thursday, December 10, 2009)
No comments:
Post a Comment