မေးလျှောက်အပ်ပါသည်ဘုရား၊
ပဉ္စာနန္တရိယကံနဲ့ပတ်သက်ပြီး
မရှင်းလို့ မေးစရာလေးရှိပါ တယ်။ သိလိုတာက လူတွေ(သာမန်အရပ်သား သို့မဟုတ် ဥပါသကာ ဥပါသိ
ကာမတွေ)က သံဃာညီညွတ်မှုကို ပျက် ပြားအောင်လုပ်တာလား သို့တည်းမဟုတ် အမှတ်တမဲ့ဖြစ်စေ တမင်သက်သက်ဖြစ်စေ
သံဃာကပဲ သံဃာညီညွတ်မှုကို ပျက်ပြားအောင်လုပ်နိုင်တာလား။ ဥပမာတစ်ခုပြောရရင် တချို့ နေရာတွေမှာ
ဗုဒ္ဓဘာသာဝင်(လူ)တွေနဲ့ ဘုန်းကြီးတွေ ဘုန်းကြီး ကျောင်းကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး
အငြင်းပွားကြတာရှိပါ တယ်။ အဲဒီလိုအငြင်းပွားမှုဟာ တစ်ခါတစ်ရံမှာ အဲဒီဒေသက လူတွေကိုရော
ရဟန်းသံဃာတွေကိုပါ ကွဲပြားသွားစေပါတယ်။ ပါဠိကျမ်းဂန်နဲ့ဖြစ်ရပ်မှန်တွေနဲ့ ရှင်းပြပေးစေချင်ပါတယ်။
ကိန္နရီနွဲ့ဆန်းယဉ်
သံဃာသင်းခွဲသူ
*********************
''ဥပါလိ၊
လူ(ဥပါသကာ၊ ဥပါသိကာမ) သာမဏေ တို့သည် သံဃာကိုမခွဲနိုင်။ ခွဲခြားငှာသော်ကား အားထုတ်နိုင်
၏ (ဝိ ၄၊ ၃၆၇)''လို့ အရှင်ဥပါလိမထေရ်ကို မြတ်ဗုဒ္ဓ မိန့် တော်မူတဲ့အတွက် သံဃာသင်းခွဲသူဟာ
ရဟန်းပဲဖြစ်နိုင်ပါ တယ်။ လူ၊ သာမဏေတွေကတော့ သံဃာကွဲအောင် ဘေးက နေပြီး သွေးထိုးလှုံ့ဆော်သူပဲဖြစ်နိုင်ပါတယ်။
''ဥပါလိ၊
ပကတတ်ဖြစ် (အာပတ်စင်ကြယ်)သော၊ တူမျှသောပေါင်းသင်းမှုရှိ (မကွဲပြားသေး)သော၊ တူမျှသော
သိမ်(သိမ်တစ်ခုတည်း)၌တည်သော ရဟန်းသည် သံဃာကို ခွဲနိုင်၏။ (ဝိ ၄၊ ၃၆၇)''ဆိုတဲ့ ပါဠိတော်အရ
သိမ်ထဲမှာ အနည်း ဆုံး ရဟန်းကိုးပါးသံဃာ့ကံပြုဖို့လုပ်နေတုန်း ရဟန်းတစ်ပါး က ဘေဒကရဝတ္ထု(သံဃာကွဲပြားကြောင်း)
၁၈မျိုးကို ပြဆိုရင်း သံဃာအချို့ကို မိမိဘက်ပါအောင်စည်းရုံးပြီး မိမိနောက်ပါ တဲ့အုပ်စုနဲ့
အဲဒီသိမ်ထဲမှာပဲ သံဃာ့ကံကိုသီးခြားပြုရင် အဲဒီ ရဟန်းဟာ သံဃာသင်းခွဲသူလည်းဖြစ်တယ်။ ပဉ္စာနန္တရိယကံ
ကြီးလည်းထိုက်တယ် (ဝိ ၄၊ ၃၆၇)။
(သိမ်ထဲမှာ
ဖြစ်ပေမယ့်) ရဟန်းကိုးပါးမပြည့်ရင် သံဃာသင်းခွဲသူလို့လည်း မဆိုနိုင်၊ ပဉ္စာနန္တရိယကံလည်း
မထိုက်ဘူး (မ-ဋ္ဌ ၄၊ ၇၇)။ သင်းခွဲသူအဓမ္မဝါဒီရဲ့နောက်လိုက် တွေကတော့ ကံကြီးမထိုက်ပေမယ့်
မဟာသာဝဇ္ဇဖြစ်(အပြစ် ကြီး)ပါတယ် (အဘိ-ဋ္ဌ ၂၊ ၄ဝ၈)။
မှတ်ဖို့က
ပဉ္စာနန္တရိယကံမြောက်တဲ့ သံဃာသင်းခွဲ မှုကို ရဟန်းကပဲဖြစ်စေနိုင်တယ်လို့ ဖြစ်ပါတယ်။
ဘေဒကရဝတ္ထု
၁၈ မျိုး
************************
၁)
ရဟန်းသည် အဓမ္မ(မမှန်သည်)ကို ဓမ္မ(အမှန်)ဟုဆို၏။
၂)
ဓမ္မ(မှန်သည်)ကို အဓမ္မ(မမှန်)ဟုဆို၏။
၃)
အဝိနယ(ဝိနည်းမဟုတ်)ကို ဝိနယ(ဝိနည်းဟုတ်) ဟုဆို၏။
၎)
ဝိနယ(ဝိနည်းဟုတ်)ကို အဝိနယ(ဝိနည်းမဟုတ်) ဟုဆို၏။
၅)
ဗုဒ္ဓဟောကို ဗုဒ္ဓမဟောဟုဆို၏။
၆)
ဗုဒ္ဓမဟောကို ဗုဒ္ဓဟောဟုဆို၏။
၇)
ဗုဒ္ဓလေ့ကျက်သည်ကို မလေ့ကျက်ဟုဆို၏။
၈)
ဗုဒ္ဓမလေ့ကျက်သည်ကို လေ့ကျက်ဟုဆို၏။
၉)
ဗုဒ္ဓပညတ်သည်ကို မပညတ်ဟုဆို၏။
၁ဝ)
ဗုဒ္ဓမပညတ်သည်ကို ဗုဒ္ဓပညတ်ဟုဆို၏။
၁၁)
အာပတ်မဟုတ်သည်ကို အာပတ်ဟုဆို၏။
၁၂)
အာပတ်ဟုတ်သည်ကို မဟုတ်ဟုဆို၏။
၁၃)
အပြစ်ပေါ့အာပတ်ကို အပြစ်လေးအာပတ်ဟုဆို၏။
၁၄)
အပြစ်လေးအာပတ်ကို အပြစ်ပေါ့အာပတ်ဟုဆို၏။
၁၅)
ခြွင်းချက်ရှိအာပတ်ကို ခြွင်းချက်မရှိအာပတ်ဟု ဆို၏။
၁၆)
ခြွင်းချက်မရှိအာပတ်ကို ခြွင်းချက်ရှိအာပတ်ဟု ဆို၏။
၁၇)
ရုန့်ရင်းသောအာပတ်ကို မရုန့်ရင်းသောအာပတ် ဟုဆို၏။
၁၈)
မရုန့်ရင်းသောအာပတ်ကို ရုန့်ရင်းသောအာပတ် ဟုဆို၏။
(ဝိ
၎၊ ၃၆၇)
တခြားစီယူပါ
**************
ဒီနေရာမှာ
သံဃဘေဒက ဖြစ်အောင်လုပ်(သံဃာ သင်းခွဲ)လို့ ကံကြီးထိုက်တာနဲ့ သံဃာ့ညီညွတ်ရေးပျက်အောင်
လုပ်တာကို တခြားစီယူသင့်ပါတယ်။ ပါဠိတော်မှာဆိုတဲ့အတိုင်း သံဃာ့ညီညွတ်ရေးပျက်အောင်တော့
လူတွေလည်း လုပ်နိုင် တာပါပဲ။ လူတစ်ယောက်ဟာ ဘေဒကရဝတ္ထု ၁၈ ပါးကို ကိုယ်တိုင်သိလို့ဖြစ်စေ၊
ဘုန်းကြီးတွေဆီက တစ်ဆင့်ကြားရ လို့ဖြစ်စေ လူတွေအကြား၊ ဘုန်းကြီးတွေအကြား ဝါဒဖြန့်ပြော
ဆိုနိုင်တာပဲ။ သို့မဟုတ် ဘေဒကရဝတ္ထုနဲ့အလားတူ ကုန်း ချောစွပ်စွဲစကားတွေကို သို့မဟုတ်
ဟိုဘက်ဘုန်းကြီး၊ ဒီဘက် ဘုန်းကြီး၊ ဟိုအုပ်စုနဲ့ ဒီအုပ်စုအကြား ပြိန်ဖျင်းတဲ့စကား
(ဘေ ဒကရဝတ္ထု)တွေကို အပို့အယူလုပ်ရင် ညီညွတ်နေတဲ့သံဃာ တွေ ကွဲပြားသွားနိုင်ပါတယ်။
အဲဒီလိုလုပ်ရာမှာ
အဓမ္မဝါဒီ(မမှန်သူ)နောက်ကို လိုက်ပြီး ဓမ္မဝါဒီတွေကို မဟုတ်မတရားစွပ်စွဲမိရင်တော့ အဲဒီ
လူတွေ အပြစ်ကြီးထိုက်ပါလိမ့်မယ်။ ဤဘဝ၊ နောင်ဘဝ လူ မွေးမပြောင်နိုင်ပါဘူး။
မေးခွန်းအာဘော်
********************
မေးခွန်းရဲ့
ဒုတိယပိုင်းနဲ့ပတ်သက်လို့ နည်းနည်း ပြောစရာ ရှိတာက မြန်မာပြည်မှာ ဗုဒ္ဓဝါဒီလူဥပါသကာတွေ
နဲ့ ရဟန်းတွေအကြား ဘုန်းကြီးကျောင်းပိုင်ဆိုင်မှုပြဿနာ မရှိသလောက်ဆိုတာပါပဲ။ ရှိချင်တော့ရှိဖူးမယ်။
ဒါပေမဲ့ ရှား ရှားပါးပါးပဲနေမှာပါ။ ဘာကြောင့်လဲဆိုရင် အလှူရှင်က ဘုန်း ကြီးကျောင်းကို
ပြန်လုယူပြီး အိမ်လုပ်ပစ်ဖို့ မဖြစ်နိုင်လို့ပါ။ ပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် ဘာသာရေးအဖွဲ့တစ်ခုက
ရဟန်း တစ်ပါး သို့မဟုတ် သံဃာ(ရဟန်းအများ)ကို ရေစက်ချလှူဒါန်း ပြီးပြီဆိုရင် မြန်မာ့ဥပဒေအရ
အလှူရှင် (ပုဂ္ဂိုလ်၊ အဖွဲ့) က အဲဒီကျောင်းကိုမပိုင်ဆိုင်တော့ပါဘူး။ တရားစွဲလို့လည်း
မရ တော့ပါဘူး။
ဘုန်းကြီးအချင်းချင်းပဲ
ဘုန်းကြီးကျောင်းပိုင်ဆိုင်မှု ပြဿနာရှိတာပါ။ အထူးသဖြင့် ပျံလွန်တော်မူတဲ့ဆရာတော် က
မည်သည့်တပည့်ကိုမျှ စာချုပ်စာတမ်းနဲ့ အတိအကျလွှဲ မအပ်ခဲ့ရင် ဒါမျိုးကြုံရတတ်ပါတယ်။ နောက်တစ်မျိုးမှာ
ဆရာ တော်ကြီးပျံတော်မူခါနီး ရဟန်းငယ်ဦးတိဿက အနီးအနား မှာ စောင့်ရှောက်နေပေမယ့် ဆရာတော်က
အဝေးရောက်နေ တဲ့ တူတော်မောင်ဦးဒတ္တကို ကျောင်းအပ်ခဲ့ပြီး လူအများစုက လည်း ဦးတိဿကိုပဲ
ကြည်ညိုကြတယ်ဆိုရင် အားလုံးပုထုဇဉ် ဘာဝပေမို့ ပြဿ နာဖြစ်ဖို့ သေချာသလောက်ပါပဲ။
စိတ်ထားမှန်စေ
********************
အစစ်ပါပဲ။
သံဃာကွဲရင် လူတွေကွဲတယ်။ ကျေး ရွာနှစ်ခြမ်းကွဲတယ်။ လင်မယားကွဲတာတောင် တွေ့ဖူးပါတယ်။
ကျမ်းဂန်မှာပြတာက ကိုယ်စောင့်နတ်တွေလည်း ကွဲတယ်။ အဲဒီကတစ်ဆင့် မြေကိုမှီတဲ့နတ်တွေ၊
အာကာသမှာနေတဲ့ နတ်တွေ ကွဲတယ်၊ ဗြဟ္မာ့ဘုံအထိ အရိယာဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တွေ မှတစ်ပါး အကုန်
နှစ်အုပ်စုစီကွဲကုန်ပါသတဲ့ (မ-ဋ္ဌ ၄၊ ၂၄)။ ဒါကြောင့် သံဃာကွဲတာဟာ အကျိုးမရှိပါဘူး။ အကျိုးယုတ်
ပါတယ်။ အပါယ်ငရဲရောက်ကြောင်းလည်း ဖြစ်ပါတယ်။
ဒါပေမဲ့
သံဃာကွဲခြင်းကိစ္စဟာ ဗုဒ္ဓ သက်တော်ထင် ရှားရှိစဉ်မှာတောင် ဖြစ်ခဲ့ဖူးတာမို့ လူ့သဘာဝနဲ့
သမိုင်းစဉ်အရ ရှောင်လွှဲမရနိုင်တဲ့ အခြေအနေတစ်ရပ်လို့ပဲဆိုပါရစေ။ အစု ရှိရင် အမှုရှိမြဲပါ။
လာကမှာ
သက်ရှိရောသက်မဲ့ပါ ဖိုဓာတ်မဓာတ် (ဆန့်ကျင်သဘာဝ)နှစ်မျိုးဟာ ခွဲမရသလို မည်သည့်လူ့အသိုင်း
အဝိုင်းမှာမဆို သဘောထား ကွဲပြားတဲ့အုပ်စုတစ်စုဟာ ရှိစမြဲ ပါ။ ဒါကြောင့် မလွှဲသာလို့
အဲဒီလို(ကွဲပြားမှု)ဖြစ်လာရင် နှစ် ဖက်စလုံး အစွန်းမရောက်ဘဲ၊ တစ်ဖက်သားကို မထိခိုက်စေ
ဘဲ ကိုယ်ယုံကြည်ရာကို စေတနာမှန်မှန်နဲ့ ချီတက်နိုင်ဖို့ မိမိ စိတ်ထားကို ပြုပြင်သင့်ပါတယ်။
(အရှင်ကေလာသ
ဆရာတော်၏ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။)
#TheFlowerNews
No comments:
Post a Comment