Monday, December 17, 2012

ဝက်သားနှင့် တညင်းသီးဟင်း၊ ခရမ်းချဉ်သီးငါးပိချက် နှင့် ပဲနီလေးကြာဆံဟင်းချို


ဒီတစ်လအတွက် ဆရာမလမင်းမိုမိုက ၀က်သားကို တညင်းသီးစေးစေးလေးနဲ့ချက်ပြီး အအီပြေခရမ်းချဉ်သီး ငါးပိချက် လေးနဲ့တွဲ ထားပါတယ်။ အရည်သောက်ကိုတော့ လွယ်ကူတဲ့ ပဲနီလေး ကြာဆံဟင်းချိုပူပူလေးချက်ပေးထားတော့ ထမင်းမြိန်စေမယ်ထင်ပါရဲ့။

ဝက်သားနှင့် တညင်းသီးဟင်း
လိုအပ်သောပစ္စည်းများ
ဝက်ပေါင်သား ၄၀သား၊ ရှမ်းတညင်းသီး ခြောက်လုံး၊ ဆီ အနည်းငယ်၊ ကြက်သွန်နီ နှစ်ဥ၊ ပဲငံပြာရည်အကြည် စားပွဲဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်အနောက် စားပွဲဇွန်း တစ်ဇွန်း၊ ခရုဆီ စားပွဲဇွန်း တစ်ဇွန်း၊ ထန်းလျက် နှစ်လုံး၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

တညင်းသီးပြုတ်ရန် ကြာချိန် - တစ်နာရီ
ချက်ရက် ကြာမြင့်ချိန် - ၁၀ မိနစ်

-       ရှမ်းတညင်းသီး စေးစေးလေးတွေကို ထန်းလျက်လေးတစ်လုံး၊ ဆီ အနည်းငယ်ထည့်ပြီး နူးအောင်ပြုတ်ပါမယ်။ (တညင်းသီးပြုတ်တာ အချိန်ကုန်ပါတယ်။ အချိန်ကုန်သက်သာချင်ရင်တော့ ဈေးမှာ အသင့်ရောင်းတဲ့ပြုတ်ပြီး သားလေးတွေ ၀ယ်လိုက်ရင် ပိုအဆင်ပြေပါတယ်။)

-       တညင်းသီးပြုတ်လေးတွေကို ငရုတ်ဆုံမှာ အပြားလိုက် ထောင်းပါမယ်။ (ဟင်းကျက်တဲ့အခါ အပြားမပျက်လိုချင် ရင် အနည်းငယ် သာ ထောင်းရမှာ ဖြစ်ပြီး တညင်းသီးအကြေလေးတွေ နူးအိနေစေချင်ရင်တော့ နည်းနည်းပို ထောင်းပါ။)

-       ၀က်သားကို အတုံးငယ်လေးတွေ တုံးပြီး ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ထန်းလျက်တစ်လုံး၊ ခရုဆီ၊ ဆား ဟင်းခတ်မှုန့်အနည်းငယ်စီထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ။

-       အဲဒီနောက် ပေါင်းအိုးထဲမှာ ၀က်သား၊ တညင်းသီး၊ ကြက်သွန်ဥလေးစိတ်ခြမ်းတို့ ထည့်ပြီး ရေကိုမျက်နှာပြင် အပေါ် လက် နှစ်လုံးလောက်မှန်းထည့်ကာ ပေါင်းချက်ပါ။ အပြန်အလှန် အရသာစိမ့်ဝင်ပြီး အရသာရှိလှတဲ့ ၀က်သားတညင်းသီးဟင်းပွဲ လေးရပါပြီ။

ခရမ်းချဉ်သီး ငါးပိချက်
လိုအပ်သောပစ္စည်းများ
ခရမ်းချဉ်သီး ခုနှစ်လုံး/ရှစ်လုံးခန့်။ ဆီ ငါးကျပ်သား၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်း၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း နှစ်ဇွန်း၊ ငါးပိစိမ်းစား စားပွဲဇွန်းတစ်ဇွန်း၊ ငရုတ်သီးစိမ်း ခြောက်တောင့် - ခုနှစ်တောင့်၊ နံနံပင် အနည်းငယ်၊ ဗမာငံပြာရည် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်။

ချက်ရန် ကြာမြင့်ချိန် - ၂၀ မိနစ်
-       ခရမ်းချဉ်သီး ငါးပိချက်က ချက်နည်းအမျိုးမျိုးရှိပြီး ချက်ရလွယ်ကူပါတယ်။ ခရမ်းချဉ်သီးတွေကို အလုံးလိုက် မီးသင်းပြီး အပေါ်ခွံတွေကို ခွာလိုက်ပါ။ အတွင်းသားကို ခွဲကာ အစေ့ထုတ်ပြီး တောက်တောက်စဉ်း ဒါမှမဟုတ် ငရုတ်ဆုံမှာ ကြေအောင် အနည်းငယ်ထောင်းပါ။

-       ခရမ်းချဉ်သီးကို ငံပြာရည်၊ ဟင်းခတ်မှုန့်တို့နဲ့နယ်ထားပါ။ ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ/နီ ထောင်းထားတာကို ငရုတ်သီး အရောင်တင်မှုန့်နဲ့ ဆီသတ်ပေးပါ။

-       ဆီသေရင် ငါးပိစိမ်းစားကို ရေအနည်းငယ်နှင့် ဖျော်ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပြီး ချက်ပါ။ ခရမ်းချဉ်သီး အတန်ငယ် ကြေနူးရင် ပုစွန်ခြောက်မှုန့်ထည့်ပါ။

-       ရေအနည်းငယ်မျှစွက်ပြီး ဆီပြန်တဲ့အထိ ချက်ပါ။

-       နံနံပင်၊ ငရုတ်သီးစိမ်းလေး အုပ်လိုက်ရင် အရသာရှိ မွှေးပျံ့တဲ့ ခရမ်းချဉ်သီး ငါးပိချက်ကို ရပါပြီ။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပြီး ငါးပိဆီသတ်ချိန်မှာ ထည့်နိုင်ပါတယ်။

ပဲနီလေးကြာဆံဟင်းချို
လိုအပ်သောပစ္စည်းများ
ပဲနီလေး/ပဲဝါလေး လက်တစ်ဆုပ်၊ ပဲကြာဆံ အနည်းငယ်၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ဆီ စားပွဲဇွန်း နှစ်ဇွန်း၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၂၀ မိနစ်

ပဲနီလေးဖြစ်စေ၊ ပဲဝါလေးဖြစ်စေ မိမိနှစ်သက်ရာကို သုံးနိုင်ပါတယ်။ ပဲနီလေးကို ရေခဏစိမ်ထားပါ။ 

ပဲကြာဆံကိုလည်း ပျော့ပျောင်းအောင် ခဏရေစိမ်ထားပါ။ ဆီကို အပူပေးပြီး ကြက်သွန်ဖြူ/နီ ပါးပါးလှီးဆီသတ်ပါ။ အဲဒီနောက် ပဲနီလေးထည့်ပြီး ရေနည်းနည်းချင်း ဆွတ်၍ နူးလာအောင်ချက်ပါ။ ဆား၊ဟင်းချိုမှုန့် ခတ်၍ အရသာမြည်းပါ။ 

မိမိနှစ်သက်သလောက် ရေအနည်း/အများကိုမှန်းထည့်ပါ။ ဆူပွက်လာ လျှင် ကြာဆံခတ်ပါ။ တချို့က ဟင်းရည်အရောင်လေး ၀ါဖန့်ဖန့် ဖြစ်စေရန် ဆီသတ်ချိန်မှာ နနွင်းမှုန့် နည်းနည်းထည့်တတ်ပါတယ်။

No comments: