Monday, December 10, 2012

အရေးပေါ်တားဆေး ထိရောက်မှု



ဒီတစ်ခါတော့ အားလုံးအတွက် ကိုယ်စားပြုပြီးမေးပါရစေ။ တစ်လမှာ တစ်ခါလောက်သာ လိင်ဆံမှုပြုဖြစ်တဲ့ ချစ်သူစုံတွဲ နှင့် အိမ်ထောင်ရှင်တွေအတွက် LEVO72 လို အရေးပေါ် တားဆေးတွေက ထိရောက်နိုင်ပါ့ မလားဆရာ။

Levo 72 ဆေးဟာ အရေးပေါ်တားဆေးတခု ဖြစ်တယ်။ Levonorgestrel 0.75mg ပါတယ်။ အရေးပေါ်တားဆေးတိုင်းကို ဆက်ဆံမှုပြုပြီး ၇၂ နာရီအတွင်း သောက်ရလို့ ဆေးနာမည်တွေမှာ 72 လို့ပါတာဖြစ်တယ်။ အမေရိကားမှာတော့ Morning after pills လို့ လူသိများတယ်။ ဒီဆေးတွေ အားလုံးထဲမှာ Levonorgestrel ပါတယ်။ ဓါတ်ခွဲခန်းမှာထုတ်လုပ်တဲ့ ဒုတိယမျိုးဆက် Progestogen ဟော်မုန်းဖြစ်တယ်။


၂ လုံးတွဲဆေးကပ်က ပဌမ ဆေးလုံးကို ဖြစ်နိုင်သမျှ မြန်မြန်သောက်ပြီး နောက် ၁၂ နာရီတိတိမှာ ဒုတိယဆေးလုံး သောက်ရတယ်။ အရေးပေါ် တားဆေးတိုင်းဟာ အရေးပေါ်အတွက်သာဖြစ်လို့ ပုံမှန်တားနည်း အနေနဲ့ မသုံးသင့်ဘူး။ စာတပုဒ် ရေးထားပါတယ်။
မေးတဲ့သူပြောသလို တလမှသာတခါ အတူနေရသူတွေ ဒီဆေးဘဲသောက်နေရင် ဘာဖြစ်မလဲ။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေက သောက်ရင် သောက်သလောက်ဖြစ်ပါမယ်။ အဲလိုအတွဲတွေကို သုတေသန လုပ်ထားတာ များများ မတွေ့သေးပါ။ သေခြာတာကတော့ ရာသီ မမှန်ဖြစ်မယ်။

အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရ်ျပြည်နယ် အထက်တရားရုံးကို ၂ဝ၁ဝ နှစ်လည်ပိုင်းက Public Interest Litigation (PIL) ကနေ တရားစွဲဆိုချက်တခု တင်ခဲ့တယ်။ အရေးပေါ်တားဆေးတွေဖြစ်တဲ့ i-pill, Unwanted 72 and Option 72 တွေကို ပိတ်ပင်ပေးဘို့ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် တလွဲသုံးနေခြင်း နဲ့ အန္တရာယ်များတဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လို့ ဆိုပါတယ်။

တရာရုံးကနေ Drug Controller General of India (DCGI) ဆီကို အထောက်အထားတွေ တင်ပြဘို့ ညွှန်ကြားတယ်။ DTAB ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံးအဖွဲ့က အစီရင်ခံချက် မပို့နိုင်သေး ဘူး။ ငြင်းဆိုချက်တွေက ဆေးသိပ္ပံအထောက်အထားတွေကို ကိုးကားတယ်။ ကိုယ်ဝန်ဆိုတာ ဆက်ဆံမှုပြုပြီးနောက် ၂၄ နာရီ ဆိုရင်ရဘို့စပြီ။ ၇၂ နာရီအတွင်းမှာ ဆေးသောက်တယ်ဆိုတာ ဖျက်ပြစ်တာဘဲလို့ ဆိုတယ်။
ဒီဆေးမျိုးကို ကြော်ညာတွေ မတရား လုပ်ရောင်းနေတာဟာလဲ မသင့်လျှော်ဘူးပြောကြလို့ ကြော်ညာတွေကို တားခဲ့ဘူးသေးတယ်။ ဆရာဝန်တွေ၊ သားဖွါးမီးယပ် အထူးကုတွေကလဲ တလွဲသုံးနေကြာအတွက် စိုးရိမ်ကြောင်း ထုတ်ပြောနေကြရတယ်။ ဒီလို လွယ်လွယ်နဲ့ အရေးပေါ် တားဆေး ရှိတယ်ဆိုပြီး တလွဲသုံးကြလို့ HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်တယ်လို့ ထောက်ပြကြတယ်။

ရာသီမမှန်တာ ဖြစ်ကြပြန်လို့ ဒီလို (ကွန်ပလိန့်) တွေနဲ့ မိန်းကလေးလူနာတွေ ဆေးရုံ-ဆေးခန်းတွေမှာ ပိုများလာတယ်။ ကြော်ညာတွေ ကောင်းလို့ ဆေးဆိုင်တွေမှာ ချော့ကလက်ဝယ်သလို ဝယ်နေကြပြီး၊ မိန်းကလေးငယ်တွေကလဲ လိင်မှုရေးရာမှာ သိပ်မစဉ်းတော့ဘူး။ အမူအကျင့်တွေ ပြောင်းလာနေတာဟာ မျိုးဆက်ကိုပါ ထိခိုက်စေမယ်။ လွယ်လွယ်နဲ့ ဒီလိုဆေး ဝယ်ရတာဟာ "ခပ်လွယ်လွယ်မိန်းကလေးတွေ" များလာစေတယ်။ လွယ်တိုင်းကောင်းပါလား။
နောက်ပိုင်း ၅ ရက်အတွင်း သောက်ရင်တောင်မှ ရာခိုင်နှုန်းအတော်များများ တားနိုင်တယ်လို့ WHO ကနေပြောထားပြန်တယ်။ အရေးပေါ် တားဆေးတွေ ဘယ်လောက်ထိရောက်သလဲ။

• ဆေးအမျိုးအစားနဲ့ ဆေးသောက်ချိန်အပေါ်မှာ မူတည်တယ်။ ဆေးနဲ့နည်း (၄) မျိုးကိုယှဉ်ကြည့်ပါမယ်။

• Progestin-only emergency contraceptive pills (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ် တားဆေးတွေ ဖြစ်တဲ့ Plan B One-Step, Next Choice One Dose, Next Choice and Levonorgestrel Tablets ဆေးတွေက အထိရောက်ဆုံး ဆေးတွေ ဖြစ်ပါတယ်။ ၈၈% ထိရောက်တယ်။ တကယ်လို့ အကာအကွယ်မပါဘဲ ဆက်ဆံမှုပြုပြီး ၂၄ နာရီအတွင်း သောက်ရင် ၉၅% ထိရောက်တယ်။ တိုင်းတာစမ်းသပ်ရတာ ခက်ခဲလို့ လက်တွေ့မှာ ဒိထက်နည်းနိုင်တာကို သတိထားရပါမယ်။


• Antiprogestin ပါတဲ့ Ella ဆေးက ပိုထိရောက်တယ်။ ဒီဆေးကို ၂၄ နာရီအတွင်း သောက်ရင် (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ်တားဆေးထက် ၆၅% ကိုယ်ဝန်ရလမ်း ပိုနည်းတယ်။ ၇၂ နာရီ အတွင်းသောက်ရင် ၄၂% ကိုယ်ဝန်ရလမ်း ပိုနည်းတယ်။
• (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ်တားဆေးက ၇၂ နာရီနောက် ၁၂ဝ နာရီအတွင်း သောက်ရင် တားနိုင်စွမ်း နည်းနည်းလာပေမဲ့ Ella ဆေးက ၁၂ဝ နာရီအထိ တားပေးနိုင်စွမ်း နည်းမသွားဘူး။


• Progestion + Estrogen ဟော်မုန်း ၂ မျိုးတွဲ အရေးပေါ်တားဆေး နောက်တမျိုးကတော့ ကိုယ်ဝန်မရလမ်း ၇၅% ရှိတယ်။
• Copper-T IUD (ကောပါး-တီ) ပစ္စည်းထည့်တာက ၉၉% ထိရောက်တယ်။


• ဘယ်အရေးပေါ်တားဆေး၊ တားနည်းဖြစ်ဖြစ် ပုံမှန်တားဆေး၊ တားနည်းတွေထက်တော့ ကိုယ်ဝန်ရလမ်း နည်းကြတာ ချည်းဘဲ။
• တကယ်လို့ အရေးပေါ်တားဆေး Plan B One-Step, Next Choice One Dose, Next Choice, Levonorgestrel Tablets တွေကို တနှစ်တာသုံးမယ်ဆိုရင် ၂ဝ%၊ ဟော်မုန်း ၂ မျိုးတွဲ အရေးပေါ် တားဆေးဆိုရင် ၄ဝ% ကိုယ်ဝန်ရလမ်း ရှိနိုင်တယ်။


• ဒီအချက်အလက်တွေကြောင့် ဆက်ဆံမှုပြုစရာရှိသူတိုင်းကို ပုံမှန်တားဆေး၊ တားနည်းတွေကိုသာ ရွေးချယ်ပါလို့ တိုက်တွန်းပါတယ်။


ဒီ ထိရောက်မှုဆိုင်ရာ အချက်အလက်တွေဟာ Population Research at Princeton University and by the Association of Reproductive Health Professionals (ပရင်စတန်) တက္ကသိုလ် လူဦးရေသုတေသန နဲ့ မျိုးပွါးဆေးပညာရှင်များအသင်း (ဝက်ဘ်-ဆိုက်) စာမျက်နှာမှာ ဖေါ်ပြထားတာတွေ ဖြစ်ပါတယ်။

Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html


ဒေါက်တာတင့်ဆွေ (၁၂-၁၁-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - အရေးပေါ်တားဆေး ထိရောက်မှု

No comments: