Wednesday, December 12, 2012

ငါလိုချင်တာ၊ ငါ့လယ်၊ ငါ့ယာမှာ၊ ငါ့အစာ၊ ငါစိုက်စားဖို့ပါ

ငါလိုချင်တာ၊ ငါ့လယ်၊ ငါ့ယာမှာ၊ ငါ့အစာ၊ ငါစိုက်စားဖို့ပါ ငါ့မြေ၊ ငါ့ရေမှာ၊ ငါတို့တွေ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ နေရဖို့ပါ 


ပြောကြစတမ်း ဆိုလျှင် အမှန်တရားသည် တစ်ပိုင်းတစ်စ ကောက်နုတ်ချက် မဟုတ်။ ချိန်ခွင်လျှာသဖွယ် အလယ်ဗဟိုတွင် တည်ရှိနေသော အရာမဟုတ်။ အပြီးသတ် ထုတ်လုပ်ထားသော ကုန်ပစ္စည်း မဟုတ်။ အကယ်၍ ဤအတိုင်းသာ ဆိုလျှင် အရာရာ အကြွင်းမဲ့ သူ့ နဂိုအတိုင်း ရှိနေသော ငြီးငွေ့ဖွယ်ရာ ကောင်းသည့် ကမ္ဘာလောက ကြီးသာ ဖြစ်နေပေလိမ့်မည်။

ဆိုကြစို့။

ကမ္ဘာကြီးကား လှုပ်ရှားမှု ကင်းမဲ့သော ကမ္ဘာလောက၊ မျှော် လင့်ချက်မရှိသော၊ တိုးတက်မှု မရှိသော၊ ပြောင်းလဲမှု မရှိသော ကမ္ဘာလောက အဖြစ် မြင်နေရလျှင် လူသားတို့၏ မျှော်မှန်းချက် အသစ်များ ပေါ်ထွက် လာနိုင်မည် မဟုတ်။

အနာဂတ် မရှိခြင်းသည် သေဆုံးခြင်းသာ ဖြစ်၏။

အနာဂတ်သည် သက်ရှိကမ္ဘာ၊ လှုပ်ရှားပြောင်းလဲနေသောကမ္ဘာ၊ တိုးတက်သော ကမ္ဘာလောက၏ ပွင့်လန်း သော မျှော်လင့် ချက်။ ပြောရလျှင် သဘာဝကျရေး ဝါဒ (Naturalism) ဆိုသည် သရုပ်မှန်ဝါဒ (Realism)နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ အမှန်စင်စစ် (Naturalism) ဆိုသည်မှာ.. လွဲမှားသော အသုံးအနှုန်းသာ ဖြစ်၏။ သဘာဝကျဖို့ အဓိကဆိုကာ.. အဖြစ်သနစ် များကို သဘာဝကျအောင် ခြယ်မှုန်းတင်ပြရုံဆိုလျှင်.. အဖြစ်သနစ် အတွင်းမှ အမှန်တရား ပေါ်ထွက်လာနိုင်မည် မဟုတ်။

ဘဝဆိုသည်မှာ ရယ်ခြင်း၊ ငိုခြင်း ဆိုသည့် သဘာဝအဖြစ်သနစ် ဖြင့် ရပ်နားနေပြီး.. ထိုမျှဖြင့် ရောင့်ရဲ ကျေနပ် စရာ အထင်ရှိစေခြင်းသည် အတွေးအခေါ် အားဖြင့်သော်လည်း ကောင်း၊ လူမှုရုပ်ဘဝ အခြေအနေ အားဖြင့် သော် လည်းကောင်း၊ တစ်ဆင့်တက် တီထွင်ဖန်တီးမှုအား ပိတ်ပင်တားဆီးခြင်း ဖြစ်သောကြောင့် သဘာဝ ကျရေး အဓိကဆိုသော ဝါဒ သည် သရုပ်မှန်ဝါဒ (Realism)မှ နောက်ဆုတ်သွားခြင်းသာလျှင်ဖြစ်၏။

စင်စစ် ဘဝဆိုသည် ငိုခြင်း၊ ရယ်ခြင်း၊ သဘာဝကိစ္စ သက်သက် သာလျှင် မဟုတ်။ ဘဝဆိုသည် တိုက်ပွဲ (Life is Struggle)။ စား၊ ဝတ်၊ နေရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းစွာ ရှင်သန်ရပ်တည်ခွင့်ရှိရေး၊ တည်း ဟူသော လူမှု လူ့ကိစ္စ၊ နိုင်ငံရေး တိုက်ပွဲ၊ ထို့ကြောင့် ဘဝမှာပွဲကြည့်သူ ဟူ၍ မရှိ။

ထို့ကြောင့် ဘဝမှာ ပွဲကြည့်သူ ဟူ၍မရှိ။ လူအဖြစ် ရပ်တည်နေ သည့် လူ့အလွှာအသီးသီးမှ လူသားများ ကား.. မဖြစ်မနေ စား၊ ဝတ်၊ နေ ရေး၊ ဘဝရှင်သန်ရပ်တည်ရေးအတွက်  ရုန်းကန်လှုပ်ရှား၊ ဘဝတိုက်ပွဲ ဝင်နေကြ သူများ။ ပြောရလျှင် ခုအခါမှာ လူ့အလွှာ၏ အခြေခံ ကျသော အလုပ်သမား၊ လယ်သမား လူတန်းစား အသီးသီးတို့မှာ သူတို့ ဘဝရပ်တည်ရေး အတွက် သပိတ် တိုက်ပွဲများ ဆင်နွှဲနေကြ၏။ သူတို့ သည် ကြမ်းတမ်း ခါးသီးသော ဘဝ ဖြတ်သန်းမှုများဖြင့် နိစ္စဓူဝ ရင်ဆိုင် နေရဆဲ ဖြစ်၏။ လူအများစုဘဝ များမှာ ဆင်းရဲတွင်း နက်နေဆဲ ဖြစ်၏။ လူနည်းစုအတွက် အကျိုးရှိစေ သော ခရိုနီ စီးပွားရေးစနစ်သာ လွှမ်းမိုးနေဆဲဖြစ်၏။ စစ်ဆိုသည်မှာ နှစ်မြို့ဖွယ်ရာ မဟုတ်။ လက်ခံဖွယ် ရာမဟုတ်။ လူသားတို့ သည် စစ်ကို ဆန့်ကျင် တားဆီး လိုစိတ် ရှိကြ ကာ ငြိမ်းချမ်းရေးအား ပြင်းပြစွာ တောင့်တကြ၏။

သို့သော် ကချင်ဒေသ၏ တိုင်း ရင်းသားအချင်းချင်း အကျိုးမဲ့သော စစ်ပွဲများကြောင့် မိမိတို့အိမ်ရာများ ကို စွန့်ခွာ ပြေးလွှား ကာ ရွာပုန်း ရွာရှောင် စစ်ဘေးသင့် တိုင်းရင်းသား ပြည်သူများအရေးကား မပြီးဆုံးသေး။ ပြောရလျှင် အလုပ်သမား၊ လယ်သမားနှင့် စစ်ဘေးသင့် ပြည် သူများကား… ပျက်စီးသွားသော သူတို့ဘဝ အစိတ်အပိုင်း အစအနများ ကို ကောက်ယူ၍ မူလဘဝပုံသဏ္ဍာန်   ရရှိရန် တွဲဆက်ခွင့် မရသေး။

မူလဘဝပုံသဏ္ဍာန်ရရှိရန် တွဲ ဆက်ခွင့်မရသေးသော ပြည်သူများ၊ အလုပ်သမား၊ လယ်သမား၊ လူမျိုးစု တိုင်းရင်းသား များကား ကမ္ဘာ့ အဆင်းရဲဆုံး လူသားများအဖြစ် စံချိန်တင်ကာ လူ့အလွှာ၏ အောက်ဆုံး မျက်နှာပြင်မှာ ပြား၊ ကပ် နေ ကြရဆဲ။ ယနေ့ကာလ အချို့အချို့ သော တိုးတက်ဖြစ်ထွန်းမှုများ မြင် ကြရပြီဆိုသော်လည်း အချို့အချို့ သော လူနည်းစုလူပုဂ္ဂိုလ်များအတွက် သီးခြားအကျိုးရလဒ်များသာ ဖြစ် ထွန်းခဲ့၏။ ပြောရလျှင် အများစု လူထုကြီး အလုပ်သမား၊ လယ် သမားနှင့် အောက်ခြေလူမွဲများမှာ မျှတမှု မရှိသေးသော လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် တစ်ဖက်စောင်းနင်း ဓနဥစ္စာစီးဆင်းမှုများကြောင့် စီးပွားရေး ဖိစီးမှုဒဏ်ခံနေကြရဆဲ။ ခရိုနီ ဆိုသည်ကား တစ်ဖက်သတ်ရရှိသော အခွင့်အလမ်း များမှ မွေးထုတ်ပေး သော စီးပွားရေး လက်ဝါးကြီးအုပ်၊ ခေတ်သစ် အမည်ပျက်။ လူထု၏ စီးပွားရေး ဘဝမှာ ယင်းခရိုနီတို့နှင့် မပတ်သက် ချင်၍မရ၊ ရွေးစရာလမ်းလည်း မရှိ။ ထိုသို့ဖြင့် လူထုကား ယင်း ခရိုနီတို့၏ ပြည်တွင်းဖြစ် အခစားကျွန်များ ဖြစ်မှန်းမသိ ဖြစ်လာ၏။

ခရိုနီတို့ကား အတိုင်းအဆမဲ့ ခြယ်လှယ်ခွင့်ကို ရနေ၏။ ခု လက် ရှိ မုံရွာ၊ လက်ပံတောင်းတောင် စီမံ ကိန်းကို ကြည့်ပါ။ တရုတ် ဝမ်ပေါင် စီးပွားရေးကုမ္ပဏီ၏ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မြန်မာလူထု ကြီး၏ ဆန္ဒပြ ကန့်ကွက်ရုံဖြင့် ယင်းတို့စီမံကိန်းအား ရပ်ဆိုင်းမည် မဟုတ်ဆိုသော အပြောမျိုးမှာ မြန်မာအမျိုးသား လူထုကြီး အတွက် များစွာ အကာအကွယ်မဲ့ စော်ကား မော်ကားပြုခွင့် တရားဝင် ရရှိထား သလို ယူဆဖွယ် ဖြစ်နေ၏။ ယခင် ခေတ်ဟောင်း ကာလ ရေနံချောင်း၊ ချောက် ရေနံမြေများမှာ ဗြိတိသျှ မျက်နှာဖြူ အရင်းရှင်တို့ မြန်မာပိုင်  ရေနံတွင်းများအား အဓမ္မသိမ်းပိုက် သွေးစုပ် ခြယ်လှယ်မှုများကို မြန်မာလုပ်သားထု ခံစားခဲ့ရသကဲ့ သို့ ဖြစ်နေ၏။ အလုပ်သမား အခွင့်အရေး ကာကွယ်မှုဆိုင်ရာ ဥပဒေမျိုးအား တိကျစွာ မမြင်ရသေး၊ မရှိသေး။ မကြာမတင်သော ကာလမှာ အလုံးအရင်းဖြင့် ဝင်လာဖွယ် ရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး များ ဝါးမြိုမှု ကြောင့် အမျိုးသား စီးပွားရေး အစရှာမရသည် အထိ ဖြစ်နိုင်သည်ကို သတိပြုဆင်ခြင် သင့်ရာ၏။

ပြောရလျှင် အစစအရာရာ ပျက်စီးခဲ့သော မြန်မာ့လူ့ဘောင်၊ အဖွဲ့အစည်းသည် ယနေ့ကာလထိ ကုသ၍ မပျောက် ကင်းနိုင်သေးသော  နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေ ဆဲပင်။ ပြီးခဲ့သည့် ၈၈ အရေးအခင်း ကာလက လူထုကြီး တစ်ရပ်လုံး ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြသည့် အမျိုးသား စီးပွားရေးဆိုင်ရာ ချွတ်ခြုံကျမှု၊ ဆင်းရဲ မွဲတေမှု အနေအထား မှ မြန်မာ လူထုကြီး မလွတ်မြောက် ကြသေးပါ။

၆၂ ခုနှစ်မှသည် ၈၈ အထိ၊ ၈၈ မှသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလအထိ အလွန်ရှည်လျားသော သမိုင်း ကာလ တစ်လျှောက်မှာ မြန်မာ ပြည်သူတို့သည် မိမိလူ့ အဖွဲ့အစည်း သမိုင်းအား တစ်ဖက်သတ်တည်း နားလည်ခဲ့ရ၏။

ယင်းမှာ အုပ်ချုပ်သူလူတန်း စားက မိမိတို့လိုရာဆွဲထားသော အမြင်များဖြင့် လူ့ဘောင်၊ လူ့အဖွဲ့ အစည်း သမိုင်းအား အစဉ်မပြတ် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ် ခဲ့သောကြောင့် ရှင်းရှင်းကလေးဆိုရ လျှင် နိုင်ငံရေး ဆိုသည်မှာ လူမှု ပြဿနာပင်။ စစ်သည် နိုင်ငံရေး၏ အဆက်။ နိုင်ငံရေးသည် သွေး မထွက်သော စစ်ဖြစ်၍ စစ်သည် သွေး ထွက်သောနိုင် ငံရေး။ သို့သော် စစ်သည် သာမန်နိုင်ငံရေးကား မဟုတ်။ စစ်သည် နိုင်ငံရေး၏ ထူးခြားသောနည်းဖြင့် ဆက်လက် ဖြစ်ပေါ် လာသော နိုင်ငံရေး၏ အဆက်။ သိကြသည့်အတိုင်း ငြိမ်းချမ်းရေးကား စစ်နှင့်ဆန့်ကျင် ဘက်။ စစ်သည် ဖျက်ဆီးခြင်း၊ နိုင်ငံ ရေးသည် တည်ဆောက်ခြင်း။ ထူးခြားသော နည်းဖြင့် ဆက်လက် ဖြစ်ပေါ် လာသော နိုင်ငံရေး၏ အဆက်ဖြစ်သည့် စစ်အား ရပ်စဲရန် ဆိုသည် မှာ ခုကာလ အပစ်အခတ် ရပ်စဲရေးမှသည် (နိုင်ငံရေးအရ) ငြိမ်းချမ်းရေး အဖြေရှာနိုင်ခြင်းနှင့် ရရှိသော ငြိမ်းချမ်းရေး တည်ငြိမ် မြဲမြံရန် ကျယ်ပြန့်၍ ဒီမိုကရေစီကျသော အားလုံးပါဝင်သည့် ဆွေးနွေး ပွဲများမှ တစ်ဆင့် ယေဘုယျသဘော တူညီချက်တစ်ခု ပေါ်ပေါက်သည် အထိ လက်တွေ့ကျစွာ ဆောင်ရွက် သင့်သည် ဟု မြင်၏။

သွေးခွဲအုပ်ချုပ်မှု၊ လူမျိုးကြီးဝါဒ ဗိုလ်ကျစိုးမိုးမှုတို့သည်ကား သွေး မတိတ်ဒဏ်ရာသဖွယ် သံသရာ ရှည်ခဲ့ရသည့် ပြည်တွင်း စစ်နှင့် အမျိုးသား ညီညွတ်ရေးပြိုကွဲမှု၏ လက်သည် တရားခံများပင်။ ပြည် သူတို့၏ ဘဝပုံရိပ်အဖြစ် နေ့စဉ် ထိတွေ့နေရသည့် အုပ်ချုပ်ရေးဆိုင် ရာ ဆွေတော်၊ မျိုးတော်များ၊ ယင်း တို့၏ မပြောင်းလဲသေးသော အောက်ခြေခေါင်းတော် ညိတ်၊ ဗောင်း တော်သိ၊ လက်ပါးစေ၊ အခစား၊  အမှုထမ်း၊ အရာထမ်းများ အား ရှိခိုး ဦးတင်ပျပ်ဝပ်ရိုကျိုးနေရဆဲ ဆက် ဆံရေးများ။ လယ်ပျက်၊ ရွာပျက်၊ မိသားစု၊ ဘဝပျက်နှင့် ရရာကျပန်း လုပ်ကိုင် စားသောက်ကြရရင်း ကျေး လက် လူ့အဖွဲ့အစည်းပြိုကွဲခြင်း  အစရှိသည့် လူမှုဒုက္ခများကား နေ့ စဉ်မြင်ရ၊ ကြားရ၊ တွေ့ထိနေရဆဲပင်။

နိဂုံးပြောရလျှင် အားလုံးမျှော် မှန်းခဲ့ကြသော တရားမျှတခြင်း၊ လွတ်လပ်ငြိမ်းချမ်းခြင်း၊ ညီညွတ် မျှတခြင်းတည်း ဟူသော လောက ပါလတရားများ ထွန်းကားသည့် လူ့အဖွဲ့အစည်းသည် မြန်မာနိုင်ငံမှာ ယနေ့အချိန်အခါထိ ပြည့်ဝစွာ မရရှိသေးသည်ကို ဝန်ခံရမည်။

စာစု ခေါင်းစီးအား ငြိမ်းချမ်းပါစေ ဂျိန်းဖောမြေ အေးမြပါစေ၊ ဥတုရေကဗျာစာသားမှ ရယူသုံးစွဲသည်။

စည်သူမြသန်း - မြန်မာအင်ဒီပဲန်ဒင့် 

No comments: