Wednesday, July 3, 2019

“အမျိုးသားများလည်း နစ်နာရပါတယ် - ၂”

“သင့်သားလေး မုဒိမ်းကောင် ဖြစ်မသွားစေဖို့”


ခေါင်းစဉ်ကတော့ နည်းနည်းကြမ်းပါတယ်။ ဒါပေမဲ့ ဖတ်ကြည့်ရင် အကျိုးရှိမှာပါ။ အထူးသဖြင့် မိဘအုပ်ထိန်းသူတွေအတွက်ပေါ့။

အရင်ဆုံး မိဘတွေရဲ့ အတ္တအကြောင်း ပြောချင်ပါတယ်။

ဟုတ်ပါတယ်။ မိဘတွေဟာ အတ္တကြီးပါတယ်။ နဂိုက သဘောကောင်းတဲ့သူ၊ စိတ်ထားပြည့်ဝတဲ့သူတောင် သားသမီးနဲ့ ပတ်သက်လာရင် နောက်ထပ်လူတစ်ယောက် ပြောင်းသွားသလို ဖြစ်သွားတာတွေ မကြာခဏ တွေ့ဖူးတယ်။

မနေ့ကလည်း ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ထိုင်ကြည့်တယ်။ မင်းသားက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်။ တကယ်တော့ သူသတ်တာ မဟုတ်ဘူး။ မှားယွင်းပြီး စီရင်ခံရတာ။ ဒါပေမဲ့ “လူသတ်သမား ထောင်ထွက်ရဲ့ သမီး” ဆိုပြီး သူ့သမီးကို ရစရာမရှိအောင် လူတွေက ကဲ့ရဲ့ကြတယ်။ တကယ်သတ်တဲ့ လူသတ်သမားက အဲဒါတွေကို သိတယ်။ ဖွင့်ဟပြီးလည်း ပြောချင်တယ်။ ဒီကောင်မလေး ခံစားနေရတာတွေကို သူမြင်တာကိုး။ ပြီးတော့ ဒီမင်းသားကလည်း သူ့ကို အစစအရာရာ ကူညီပေးနေတဲ့ ကျေးဇူးရှင်။ ဒါပေမဲ့ လုံးဝ ၀န်မခံဘူး။ ဘာလို့လဲဆိုတော့ သူ လူသတ်သမား ဖြစ်သွားရင် သူ့သားက အခု ဒီမင်းသမီးလေး ကြုံရသလို “လူသတ်သမား သား” ဆိုပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့တော့မှာကို မဖြစ်စေချင်လို့တဲ့လေ။ သဘောက မလုပ်သင့် မလုပ်ထိုက်တာ သိပေမဲ့ သားသမီးနဲ့ ယှဉ်လာတော့ အသည်းတွေ မာကုန်ရော။ ကိုယ့်သားသမီးရဲ့ ဘ၀ မထိခိုက်ဖို့ တခြားသားသမီးရဲ့ ဘ၀ကိုကျတော့ ချနင်းရော။ အပြစ်တင်ဖို့လည်း ခက်သလို၊ နားလည်ပေးဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ သေချာတာကတော့ အပြောလွယ်သလောက် တကယ့်လက်တွေ့ ရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ုကန် ဆုံးဖြတ်နိုင်ဖို့ သိပ်ခက်လိမ့်မယ်။

ကျွန်တော်တို့ ဆေးကျောင်းသားဘ၀က သက်ငယ်မုဒိမ်းမှုတစ်ခု ကြားဖူးတယ်။ အဲ့တုန်းကတော့ ဆိုရှယ်မီဒီယာ ခေတ် မဟုတ်တော့ လူသိပ်မသိလိုက်ဘူး။ ဘယ်လိုအမှုလဲဆိုတော့ ၇ တန်းကျောင်းသား အစ်ကိုက ၄ နှစ်အရွယ် ညီမလေးကို လုပ်တာ။ ထုံးစံအတိုင်း လူကြီးတွေက အပြာကားတွေ ပြလိုက်တယ်။ အိမ်တွေမှာလည်း အဖေရယ် အမေရယ်နဲ့ အတူတူအိပ်တော့ သူတို့နေတာ ထိုင်တာ မြင်ချင်မြင်နေမယ်။ စိတ်တွေ ကယောက်ကယက် ဖြစ်လာတယ်။ ထွက်ပေါက်ပေးစရာ မရှိတော့ ညီမလေးကို လက်တည့်စမ်းလိုက်တယ်။

ဟိုးတစ်လောကလည်း ကလေးမိဘတစ်ယောက် လာတိုင်ပင်တယ်။ အဖေရော၊ အမေရောက အပြင်အလုပ်လုပ်ရတော့ သူတို့သမီးလေးကို အဖွားအိမ်မှာ သွားသွားပို့ထားတာ။ (စဉ်းစားကြည့်၊ ဒီလောက် စိတ်ချရတဲ့ အိမ် ရှိဦးမလား) အဲ့အိမ်မှာရှိတဲ့ အစ်ကိုဝမ်းကွဲ ဆယ်ကျော်သက်က လုပ်လိုက်တာတဲ့။ ကလေးက ဘာမှန်းလည်း မသိဘူး။ ဆော့နေတယ်ပဲ ထင်တာ။ ရေချိုးပေးရင်းမှ သတိထားမိလို့ မေးလိုက်တော့မှ အစ်ကို့လက်ချက်မှန်း သိရတာ။ ဆွေမျိုးတွေ ပြဿနာ အကြီးအကျယ် တက်ကြတယ်။ ဒါပေမဲ့ တိုင်တဲ့တန်းတဲ့အထိတော့ မဖြစ်ခဲ့ဘူး။ ဒီကောင်လေးရဲ့ အနာဂတ်ကိုလည်း ကြည့်ရသေးတာမို့လို့ စိတ်လျှော့လိုက်တယ်တဲ့။

ဆိုလိုတာက သက်ငယ်မုဒိမ်း လို့ ပြောတဲ့ကိစ္စတွေမှာ ကလေးနဲ့မှ ဆက်ဆံချင်လို့ လုပ်တာ ရှိနိုင်သလို၊ လွယ်လို့ လုပ်တာ၊ (ကန်တော့ပါရဲ့) အရသာအသစ်မို့ လုပ်တာ၊ နောက်ဆက်တွဲ ပြဿနာ နည်း(တယ်ထင်) လို့ လုပ်တာ စသဖြင့် ရှိနိုင်တယ်။ နောက်တစ်ခု ထပ်ဖြည့်ချင်တာကတော့ စိတ်ထွက်ပေါက်အနေနဲ့ လက်တည့်စမ်းရင်း လုပ်တာပါပဲ။ အထူးသဖြင့် ဘာမှန်း ညာမှန်း မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်တွေနဲ့၊ အားလုံးက တရားရသွားပြီ၊ တရားရှာရတော့မယ့် အရွယ်ဆိုပြီး သတ်မှတ်လိုက်ကြလို့ သူတို့ရဲ့ လိင်ဆန္ဒကို ထိန်းချုပ်နေရတဲ့ အဘိုးကြီးတွေမှာ တွေ့ရတတ်တယ်။

စာရှည်မှာစိုးလို့ အဘိုးကြီးတွေကိစ္စ ခဏချန်လိုက်ပြီး ဆယ်ကျော်သက် ယောကျာ်းလေးတွေအကြောင်းပဲ ဆက်ပြောမယ်။

ဆယ်ကျော်သက်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီစိတ်တွေ စဖြစ်တဲ့အရွယ်။ စိတ်ထဲမှာ ပြစ်မှားချင်တဲ့သူကို ပြစ်မှားတာ။ သူငယ်ချင်းအမေလည်း ပါချင်ပါမယ်။ ကျောင်းက ဆရာမလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ကြည့်နေတဲ့ အပြာကားတွေ၊ အပြာစာအုပ်တွေထဲက ဇာတ်ကွက်မျိုးတွေဟာ အပြင်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို ပိုင်းခြားမဆုံးဖြတ်နိုင်သေးတဲ့ အရွယ်ကိုး။ ဒါကြောင့် အဲဒီစိတ်တွေကို သေသေချာချာ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့မှာ Sex education ဟာ သိပ်အရေးကြီးလာတယ်။ မိဘတွေကလည်း အရှိအရှိအတိုင်း လက်ခံပေးဖို့ လိုတယ်။ ဥပမာ ကိုယ်ပိုင်အချိန်လေး ပေး။ သူ့ဟာသူ အာသာဖြေချင်လည်း ဖြေနေမယ်။ အဲဒါကို ကျောင်းစာ ထိခိုက်မှာစိုးလို့ ဆိုပြီး အတင်းချုပ်ချယ်၊ တစ်ယောက်တည်း အနေမခံဘူး ဆို အဲ့စိတ်တွေက ပြည့်ကြပ်နေမယ်။ ထွက်ပေါက်ပေးစရာလည်း တွေ့ရော၊ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရော။

လိမ္မာလိုက်တာ၊ ရိုးလိုက်တာ ဆိုတဲ့ တံဆိပ်ကြီး ကပ်ထားလို့သာ သူ့မှာ ခပ်အေးအေး နေပြနေရတာ။ တကယ်တော့ သူ့မှာလည်း ဒီဆန္ဒတွေ ရှိနေတယ်။ ဒါကို အတင်းချုပ်တည်းထားရတာက သူ့အတွက်လည်း မကောင်းသလို၊ နောက်ဆက်တွဲ ပြဿနာလည်း များပါတယ်။

ဒီတော့ သက်ငယ်မုဒိမ်းမှုလို အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ကိစ္စမျိုးကို ကျူးလွန်မိသူဟာ ကိုယ့်သား ဆယ်ကျော်သက်လည်း ဖြစ်သွားနိုင်တယ် ဆိုတဲ့ သတိရှိမှု (Awareness) လေးကို မိဘအုပ်ထိန်းသူတိုင်းမှာ ရှိနေစေချင်တယ်။ ခုနက ပြောခဲ့တဲ့ အဖွားအိမ်ကို ပို့ပို့ထားတဲ့ ကလေးလေးကိစ္စမှာဆို ကျူးလွန်တဲ့ ကောင်လေးဟာ ဆင်းရဲစုတ်ပြတ်ပြီး နိမ့်ကျတဲ့ အသိုင်းအ၀ိုင်းမျိုးက မဟုတ်ဘူး။ ဒါနဲ့တောင် ဖြစ်သွားတာ။

(မပြောကောင်း မဆိုကောင်း) အဲ့လို ဖြစ်လာခဲ့ပြီဆိုရင် ကိုယ့်သားလေးကို မုဒိမ်းကောင် ဆိုတဲ့ အရိပ်မည်းကြီးတွေနဲ့ တစ်သက်လုံး ရှင်သန်မသွားစေချင်တာ မိဘတိုင်းပါပဲ။ ဒါပေမဲ့ တစ်ဖက်က ကလေးရဲ့ အနာဂတ်ကိုလည်း ကြည့်ရပါလိမ့်မယ်။ ကိုယ့်သားလေး အညွှန့်တုံးမှာ စိုးလို့ သူများသားသမီး အညွှန့်ချိုးခံလိုက်ရတာကျ ဖုံးကွယ်ထားလို့ ကောင်းပါ့မလား။ တောင်းပန်လို့ရော အရာအားလုံး အကောင်းအတိုင်း ပြန်ဖြစ်သွားမတဲ့လား။ ကိုယ့်သားသမီးကို ချစ်တာ ချစ်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီအချစ်ဟာ တပါးသူကို ထိခိုက်မိတဲ့အထိ ချစ်နေရင်တော့ အဲဒါ အတ္တ ဖြစ်သွားပါတယ်။

ဘယ်မိဘမှတော့ ကိုယ့်သားကို ဒါမျိုးထင်ဖို့ မပြောနဲ့၊ ခုလိုခေါင်းစဉ်မျိုးနဲ့ ဆောင်းပါးကို ဖတ်ရတာတောင် ဘယ်လောက်ခက်ခဲနေမယ် ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ မီးဆိုတာ မလောင်ခင်က တားရတယ် ဆိုသလို၊ သားယောကျာ်းလေး ဆယ်ကျော်သက်အရွယ် ရောက်လာရင် သူတို့ကို မှန်ကန်တဲ့ အသိပညာတွေ ပေးဖို့၊ လိင်ကိစ္စတွေကို သဘာဝအဖြစ် ရှုမြင်ပေးဖို့၊ ဖြစ်နိုင်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ဟာ သိပ်လိုအပ်ကြောင်း သိစေချင်ပါတယ်။ သက်ငယ်မုဒိမ်းလို ကိစ္စမျိုးထိ မဟုတ်တောင် တခြားသော နောက်ဆက်တွဲ ပြဿနာတွေ မတက်ဖို့အတွက်လည်း အရေးကြီးပါတယ်။

ဖြစ်လာမှ အသည်းအသန် ကာကွယ်နေမှာထက်စာရင် အဲဒါကမှ ကိုယ့်သားသမီးတွေကို ပညာနဲ့ ချစ်ရာ ရောက်ပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၂၄.၆.၂၀၁၉

“အမျိုးသားများလည်း နစ်နာရပါတယ် - ၂”

(အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ရန်)

Gender လို့ ခေါ်တဲ့ သတ်မှတ်ချက်တွေကြောင့် အမျိုးသားတွေမှာလည်း နစ်နာရတယ် ဆိုတာကို ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ ယောကျာ်းဆိုတာ သတ္တိရှိရမယ်၊ ငွေရှာကောင်းရမယ်၊ ဦးဆောင်နိုင်စွမ်း ရှိရမယ် စသဖြင့် ပြောကြတာမှာ အဲဒီအတိုင်း အံဝင်နေတဲ့ အမျိုးသားတွေက ပြဿနာ မရှိပေမဲ့ အံမ၀င်တဲ့သူတွေမှာတော့ အတော်လေး ပြောခံ ဆိုခံရပါတယ်။

ဒီပို့စ်မှာတော့ နောက်ထပ် ၂ ချက် ထပ်ဖြည့်ချင်တယ်။ လိင်မှုရေးရာနဲ့ LGBT ကိစ္စ။ နည်းနည်းလေး နှိုက်နှိုက်ချွတ်ချွတ် ဖြစ်မှာမို့ အသက် ၁၈ နှစ် မပြည့်သေးရင်တော့ မဖတ်စေချင်ဘူး။

အမျိုးသားသုံး ကွန်ဒုံးတွေထဲမှာ ရောဂါကာကွယ်ရုံ၊ ကိုယ်ဝန်မရအောင် တားပေးရုံအပြင် ခုနောက်ပိုင်းမှာ ထူးခြားတဲ့ အာနိသင် ထည့်ထားတဲ့ အမျိုးအစားတွေလည်း ရှိလာပါတယ်။ ဥပမာ အဖုအထစ်လေးတွေ ပါတာတို့၊ သုံးထားမှန်း မသိလောက်အောင် ပါးလွှာတာတို့ပေါ့။ အဲဒီထဲမှာ ထူးခြားတာတစ်ခုက သုက်လွှတ်မြန်တဲ့သူတွေ သုံးတဲ့ အမျိုးအစား။ တကယ်တော့ သူက ဘယ်လိုလုပ်ထားတာလဲဆိုရင် ကွန်ဒုံးထဲမှာ ထုံဆေး ထည့်ထားတာ။ ထည့်ထားတော့ ဒီကွန်ဒုံးကို စွပ်လိုက်ရင် လိင်တံက နည်းနည်း ထုံသွားတယ်။ တကယ်တော့ သုက်လွှတ်မြန်တယ်ဆိုတာ ခံစားတုံ့ပြန်မှု များလို့ ဖြစ်တာ။ ဒါကြောင့် တုံ့ပြန်မှုနည်းအောင်၊ တစ်နည်းအားဖြင့် ထုံအောင် လုပ်ပေးလိုက်တော့ သုက်လွှတ်မမြန်တော့ဘူး။ အွန်လိုင်းမှာ ရောင်းနေတဲ့၊ ကြာစေတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေဆိုတာလည်း ဒါပဲ။ ထုံအောင် လုပ်ပေးတာ။

ဒီတော့ စဉ်းစားကြည့်၊ လိင်ဆက်ဆံပါတယ်ဆိုမှ ထုံနေမှတော့ ဘယ်လိုလုပ်ပြီး အဆင်ပြေတော့မလဲ။ ဒါပေမဲ့ ထင်မှတ်မထားလောက်အောင် အသုံးပြုမှု တအားများတယ်။

ဘာလို့လဲ သိလား။ သူတို့ရဲ့ ခံစားမှုကတော့ နည်းသွားပေမဲ့ သူတို့အဖော်အတွက်ကျ အဆင်ပြေတယ်။ ချစ်သူက သဘောကျတယ်။ မိန်းမက ကျေနပ်တယ်။ ဒီတော့ သူတို့ကိုယ်သူတို့ ယောက်ျားပီသတယ် ဆိုတဲ့ ခံစားချက်မျိုး ရလာတယ်။ သူတို့ရဲ့ ခံစားမှုထက် မိန်းကလေးရဲ့ ခံစားမှုကို ပိုဦးစားပေးကြတယ် ဆိုတာ ချစ်လွန်းလို့ မဟုတ်ဘူး။ အဲဒီလို ယောကျာ်းပီသတယ် ဆိုတဲ့ ခံစားချက်ကို လိုချင်တာကြောင့်ပဲ။

အမျိုးသားတွေ ပန်းသေပန်းညှိုး ဖြစ်ကြရင် အိမ်ထောင်ရေး ပြဿနာ တက်ကြတယ်။ အဲဒီမှာ အမျိုးသမီးက ဆန္ဒမပြည့်ဝလို့ ဖောက်ပြန်တာမျိုးထက် အမျိုးသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ရာကနေ တက်တဲ့ပြဿနာက ပိုများတာပဲ။

မိန်းကလေးက လိင်ကိစ္စ မဖြစ်ရလည်း အဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူး ဆိုတာတောင် မရဘူး။ သူတို့စိတ်ထဲမှာ အငုံ့စိတ်လို ဖြစ်သွားတယ်။ ယောက်ျား မပီသတော့ဘူးလို့ ခံစားနေရတယ်။ ဒီတော့ မိန်းမဖြစ်သူကို မယုံသကာင်္ဖြစ်တယ်။ လူတကာနဲ့ စွပ်စွဲတယ်။ အမျိုးသမီးအတွက် ဒီလိင်ကိစ္စထက် အဲဒီလို ချုပ်ချယ်၊ သံသယ၀င် ဖြစ်နေတာက အိမ်ထောင်ရေး အခြေအနေကို ပိုဆိုးစေတယ်။

ပြောရရင် ဒါတွေဟာ ယောကျာ်းဆိုတာ လိင်ကိစ္စတွေမှာ စွမ်းဆောင်နိုင်စွမ်း မြင့်မားရမယ် ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ နေနေကြတာကြောင့်ပဲ။ ယောက်ျားပီသမှုကို ဒါနဲ့ပဲ သွားသွားတိုင်နေကြတာကိုး။

ဆယ်ကျော်သက်အရွယ်၊ လူငယ်ပိုင်းတွေမှာ လိင်အင်္ဂါ ကြီးချင်လို့ ဆေးထိုးထည့်ကြ၊ ဂေါ်လီတွေ ထည့်ကြတာလည်း ဒါနဲ့ ဆက်စပ်တာပဲ။ ဆေးထိုးလိုက်လို့ သူတို့ခံစားမှုက ထူးမသွားဘူး။ ဒါပေမဲ့ တစ်ဖက်က မိန်းကလေးက ပိုကြွေသွားမယ် ဘာညာနဲ့ မြှောက်ပေးကြတာကို တကယ်ထင်ပြီး လိုက်လုပ်ကြတာ။

အမျိုးသမီးတွေထဲမှာဆို လိင်ကိစ္စနဲ့ ဆက်နွယ်အသက်မွေးသူတွေမှ ဒီလိုပြုပြင်မှုတွေ လုပ်ကြတာ များတယ်။ သာမန်မိန်းကလေး တော်တော်များများက ငါ့ယောက်ျား ငါ့ကို ပိုသဘောကျအောင် ဆိုတာမျိုး ဘယ်သူမှ မတွေးကြဘူး။ သူတို့အတွက် ပြဿနာက ပွင့်လင်းမှု မရှိတာ၊ ဒါတွေကို ထုတ်ဖော်ပြောပြလိုက်ရင် ယောကျာ်းက အထင်သေးသွားမှာ ကြောက်တာ၊ တန်ဖိုးမရှိဘူး ထင်ခံရမှာစိုးတာ။ ဒီတော့ အတင်းချုပ်တည်းထားကြရော။ ယောက်ျားတွေရဲ့ ပြဿနာကတော့ စွမ်းဆောင်နိုင်စွမ်း မြင့်မားရမယ်လို့ ခံယူထားမှုတွေကြောင့် ရောဂါတခုခုကြောင့် ဖြစ်စေ၊ အခြေအနေတခုခုကြောင့် ဖြစ်စေ အဆင်မပြေတဲ့အခါ ခုနကလို ပြဿနာမျိုးတွေ ဖြစ်လာတော့တာပဲ။

နောက်ထပ်တစ်ခုကတော့ Gay ဖြစ်နေတဲ့ ကိစ္စ။ ဒီနေ့ခေတ်မှာ LGBT နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လူပြောများလာတယ်။ အဲ့လို သမားရိုးကျ မဟုတ်ဘူးလို့ လူတွေယူဆထားတဲ့ လိင်စိတ် တိမ်းညွှတ်မှုတွေမှာတောင် ယောက်ျားလျာ ဖြစ်နေတဲ့ မိန်းကလေးထက်စာရင် နွဲ့နေတဲ့ Gay က ပိုပြီး ခွဲခြားဆက်ဆံခံရတယ်။ နှိမ့်ချစော်ကားခံရတယ်။ မိသားစုကလည်း ကိုယ့်သမီးလေး ယောက်ျားဆန်နေတာထက် ကိုယ့်သားလေးက (ခပ်ရိုင်းရိုင်း ပြောရရင်) ခြောက်နေတာကို ပိုရှက်တယ်။

ရလဒ်အနေနဲ့တော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ထိခိုက်နာကျင်ရတာတွေ၊ လူတောမတိုးတော့တာတွေ၊ ဘ၀ကို ရေစုန်မျောလိုက်ရာကနေ မဖြစ်သင့်ဘဲ ဖြစ်ကုန်ရတာတွေ၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေဟာ အမျိုးသားချင်း ချစ်ကြိုက်သူတွေမှာ တွေ့ရတာ ပိုများတယ်။ ဒီလိုပြောလိုက်လို့ Lesbian တွေက ဘာစိတ်ညစ်စရာမှ မရှိဘူးလို့ မဆိုလိုပါဘူး။ ရာခိုင်နှုန်းအားဖြင့် ကွာနိုင်တယ်လို့ ဆိုလိုတာပါ။

သမီးမိန်းကလေးက ယောက်ျားပုံပေါက်နေရင် တချို့မိဘတွေဆို ပျော်တောင်ပျော်သေး။ သိပ်စိတ်ပူစရာ မလိုတော့ဘူးတဲ့လေ။ သမီးတစ်ကောင် နွားတစ်ထောင် ဆိုတာလည်း ရှိသေးတယ် မဟုတ်လား။ သားလေးမွေးထားလို့ ကျားကျားလျားလျားနဲ့ တစ်ချိန်ကျ မိဘက အားကိုးရမဟဲ့ ဆိုပြီး မျှော်လင့်ထားတဲ့ သားလေးက ဒီလိုဖြစ်ရင်တော့ မိဘအများစု မကြိုက်ကြသလို ပတ်ဝန်းကျင်ကလည်း ခွဲခြားဆက်ဆံမှု၊ နှိမ့်ချမှုတွေ ပိုများပါတယ်။ ဟိုးတလောက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ကောင်လေးဆို စာထဲမှာ ရေးထားခဲ့တယ်၊ သူကိုယ်တိုင်လည်း မိဘကို စိတ်မဆင်းရဲစေချင်လို့၊ ဒီဖြစ်တည်မှုကြီးကို လက်မခံချင်လို့ ကြိုးစားပြီး ပြောင်းလဲကြည့်ခဲ့သေးတယ်တဲ့။ ဒါပေမဲ့ မရတာတဲ့။ ဆိုလိုတာက သူ့ကိုယ်သူလည်း အပြစ်ရှိသလိုမျိုး ပိုခံစားရတယ်။ ဒါကြောင့်လည်း ပြောင်းလဲလို့ မရတဲ့အဆုံး သတ်သေတဲ့လမ်းကို ရွေးသွားတာ။ ဒီတော့ တစ်နည်းပြောရရင် ဒါတွေဟာလည်း ယောကျာ်း ဆိုတာ ဘယ်လို ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ အများကြီး သက်ဆိုင်မှု ရှိပါတယ်။

ရုတ်တရက်ဆို ဒီလိုသတ်မှတ်ချက်တွေကြောင့် မိန်းကလေးတွေပဲ နစ်နာရတယ်လို့ ထင်နေကြတယ်။ တကယ်လည်း သူတို့နစ်နာတာက ပိုများပါတယ်။ ဒါပေမဲ့ အသာရနေတယ်လို့ ထင်ရတဲ့ ကျွန်တော်တို့ အမျိုးသားတွေမှာလည်း နစ်နာရတာတွေ အများကြီးပါ။

ဒါကြောင့် Gender လို့ ပြောလိုက်ရင် ငါတို့နဲ့ မဆိုင်ဘူး မထင်ပါနဲ့။ နောက်ပြီး ကိုယ်ကိုယ်တိုင်လည်း ဒီလိုသတ်မှတ်ချက်တွေအောက်ကနေ ရုန်းထွက်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မဟုတ်ရင် ခုပြောခဲ့တဲ့ အခြေအနေတွေထဲကအတိုင်း မမျှော်လင့်ဘဲ ဖြစ်လာခဲ့ရင် ကိုယ့်အတွက် ခံနိုင်ရည်ရှိမှာ မဟုတ်လို့ပါ။

နောက်ပြီး ကိုယ်ကိုယ်တိုင်အတွက် မဟုတ်တောင် အဲ့လိုပြဿနာတွေကြောင့် စိတ်ထိခိုက်ရသူတွေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေ မရှိစေချင်တော့ဘူး ဆိုရင်လည်း ဒီသတ်မှတ်ချက်တွေ နည်းနိုင်သမျှ နည်းသွားအောင် လုပ်ရပါလိမ့်မယ်။ ကိုယ်က စပြီးပြင်။ ပတ်ဝန်းကျင်အပေါ် ကိုယ်ကြည့်တဲ့အမြင်တွေကိုလည်း ပြောင်းပြောင်းကြည့်ပေး။ ဒါကသာ အဲ့လို ထိခိုက်နစ်နာခဲ့ရသူတွေအတွက် ၀န်းရံမှုအစစ်အမှန် ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၆.၆.၂၀၁၉

No comments: