Thursday, July 18, 2019

Human Resource Management ကို အဓိပ္ပါယ်သတ်မှတ်ခြင်း


===========================================

Human Resource Management ဟူသောဝေါဟာရကို များသောအားဖြင့် နှစ်မျိုးသုံးကြသည်။ တဖက်တွင် Torrington / Dessler အစရှိသော ဖတ်စာအုပ်များတွင် အသုံးပြုသကဲ့သို့ စီမံရေးရာအလုပ်အကိုင်များကို ကိုယ်စားပြုသုံးနှုန်းခြင်းဖြစ်သည်။ ဤသို့သုံးသောအခါ Human Resource Management ဟူသည် သူ့ထက်စောသော Personnel Management နှင့် ထူးခြားမှုမရှိဘဲ ပိုမိုခေတ်မီလာသော တံဆိပ်တမျိုးသာဖြစ်သည်။ အခြားတဘက်တွင်မူ Personnel Management နှင့် လုံးဝကွဲပြားသည့် ချဉ်းကပ်ပုံတမျိုးဖြင့်လည်း သုံးစွဲကြသည်။ ဤသို့သုံးပါမူ Human Resource Management သည် တံဆိပ်ပြောင်းကပ်ရုံမျှမဟုတ်ဘဲ ယနေ့ခေတ်အဖွဲ့အစည်းများအား Personnel Management ထက် ပိုမိုကောင်းမွန်စွာ အောင်မြင်စေနိုင်သော ထူးခြားသည့်ဝါဒတခု ဖြစ်လာသည်။

အောက်တွင် ပထမအဓိပ္ပါယ်ကို HRM အမှတ် ၁ ဟူ၍လည်းကောင်း ဒုတိယအဓိပ္ပါယ်ကို HRM အမှတ် ၂ ဟူ၍လည်းကောင်း ဆက်လက်ရှင်းပြသွားပါမည်။

HRM အမှတ် ၁ ။    ။ သမားရိုးကျအသုံး
HR ဌာန၏ အခန်းကဏ္ဍအား ၎င်း၏ဦးတည်ချက်များအား ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် ရှင်းပြနိုင်သည်။ ယနေ့ခေတ် အဖွဲ့အစည်းအများစုရှိ HR ဌာနအလုပ်များအား ဦးတည်ချက် ၅ ရပ်ဖြင့် အခြေခံဖွဲ့စည်းသည်။

ဝန်ထမ်းလုံလောက်ရေး ဦးတည်ချက်
---------------------------------------
HR manager များသည် ပထမဦးစွာ လုပ်ငန်းလည်ပတ်ရန် လုံလောက်သော လူရှိနေရေးအတွက်ကြိုးပမ်းရသည်။ ဤဦးတည်ချက်အတွက် လုပ်ကိုင်ရသော အလုပ်များမှာ အဖွဲ့အစည်းတည်ဆောက်ပုံအား ဒီဇိုင်းဆွဲခြင်း၊ မည်သူတွေ မည်သည့်စာချုပ်အမျိုးအစားဖြင့် အလုပ်လုပ်မည်ကို သတ်မှတ်ခြင်းတို့အား လိုအပ်သူများကို မရှာဖွေ၊ မရွေးချယ်၊ မပျိုးထောင်မီ သတ်မှတ်ကြသည်။ လူမှန် ကျွမ်းကျင်မှုမှန်တို့ဖြင့် လိုအပ်ချိန်တွင် လုပ်အားကိုသုံးနိုင်ရမည်။ လုပ်အားဈေးကွက်အတွင်း ထိရောက်စွာယှဉ်ပြိုင်နိုင်ရန်မှာ ရနိုင်သမျှသူတို့အနက် အတော်ဆုံး၊ အတတ်နိုင်ဆုံး၊ အသက်သာဆုံးလုပ်အားကို ဆွဲဆောင်ထိန်းသိမ်းရန်လိုသည်။ ထို့အတွက် အဖွဲ့အစည်းမှ လိုအပ်သူတို့အား ဆွဲဆောင်မှုရှိသော ခံစားခွင့်များ ပေးရန်လိုအပ်သလို မလိုအပ်တော့သူများအား အဖွဲ့အစည်းမှ ပယ်ထုတ်သွားရန်လိုသည်။ လုပ်အားဈေးကွက် ကျပ်တည်းလေလေ အရည်အချင်းရှိသူတို့အား ဆွဲဆောင်ထိန်းသိမ်းရန် ခက်လေလေဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် ယှဉ်ပြိုင်နိုင်မည့် ခံစားခွင့်များပေးခြင်း၊ တန်ဖိုးရှိသော လေ့ကျင့်သင်ကြားမှု အခွင့်အလမ်းများထားရှိခြင်း၊ နှင့် အဖွဲ့အစည်းတွင် လုပ်ကိုင်ရသည်မှာ အဓိပ္ပါယ်ရှိသည်ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်စေမည့်နည်းလမ်းများကို ဦးစားပေး ဆောင်ရွက်ရသည်။ လတ်တလောကာလတွင် အဖွဲ့အစည်းများသည် ဝန်ထမ်းလုံလောက်ရေးဦးတည်ချက်များတွင် မဟာဗျူဟာမြောက် ချဉ်းကပ်လာကြသည်ကို တွေ့ရသည်။ “အလုပ်ရှင်ကောင်း”၊ “ဦးစားပေးရွေးရမည့် အလုပ်ရှင်” အစရှိသည့် ဂုဏ်သတင်းများရရှိရန် ကြိုးပမ်းလာကြသည်ကိုတွေ့ရသည်။

စွမ်းဆောင်ရည် ဦးတည်ချက်
-------------------------------
လိုအပ်သောဝန်ထမ်းများ ရရှိပြီးသည်နှင့်တပြိုင်နက် ၎င်းဝန်ထမ်းများ သူတို့၏ကဏ္ဍအသီးသီးတွင် ထက်သန်စွဲမြဲလုပ်ကိုင်စေရန် HR manager များကြိုးပမ်းကြရသည်။ လေ့ကျင့်သင်ကြားရေးသည် ဤနေရာတွင် အရေးပါသကဲ့သို့ စွမ်းဆောင်ရည်ပစ်မှတ်များအား အာရုံစိုက်စေမည့် ခံစားခွင့်များကလည်း အရေးပါလေသည်။ အဖွဲ့အစည်း အတော်များများ၊ အထူးသဖြင့် အလုပ်သမားသမဂ္ဂရှိသော အဖွဲ့အစည်းများတွင် HR manager များသည် အလုပ်သမားကိုယ်စားလှယ်များနှင့် စွမ်းဆောင်ရည်တိုးတက်မှုကို အပေးအယူလုပ်ရမြဲဖြစ်သည်။ ထို့ပြင် စွမ်းဆောင်ရည်နိမ့်ကျသည့်နေရာများ နှင့် ဝန်ထမ်းအပြုအမူများ ပြဿနာရှိသည့်အချိန်များတွင် HR specialist များသည် ၎င်းဝန်ထမ်းများအား ထိရောက်မျှတစွာ အပြစ်ပေး အရေးယူရန် ကူညီရသည်။ ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းစဉ်များက ဝန်ထမ်းများ နာမကျန်းဖြစ်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲရှိချိန်များတွင် စွမ်းဆောင်ရည်ဦးတည်ချက်များအား ကူညီထိန်းသိမ်းပေးနိုင်သည်။ ထို့ပြင် ဝန်ထမ်းများအား လူရာသွင်းပြီး အကြံဥာဏ်များ တင်ပြစေခြင်းနည်းလမ်းများဖြင့် လုပ်ငန်းအပေါ်ဝန်ထမ်းများ၏ စွဲမြဲမှုကို မြှင့်တင်နိုင်ပြီး နည်းလမ်းသစ်များရှာဖွေရာတွင် ပါဝင်စေနိုင်သည်။ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ တိုးပြီးဂရုပြုမိလာကြသည်ကား အဖွဲ့အစည်းတခု၏ ယှဉ်ပြိုင်သာရည်ကို သိသိသာသာအဆုံးအဖြတ်ပေးသည့် အရာတခုမှာ ဝန်ထမ်းများ၏ စိတ်သဘောအတိုင်း ကျော်လွန်ထမ်းဆောင်မှုဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ထမ်းများသည် လိုအပ်ချိန်တိုင်းတွင် မိမိတို့၏ အလုပ်ခန့်ထားမှုသဘောတူစာချုပ်များတွင် ဖော်ပြထားရှိသည့် တာဝန်ကို ကျော်လွန်၍၊ အလုပ်ချိန်ကိုကျော်လွန်၍၊ လိုအပ်သော ထက်သန်မှုကိုကျော်လွန်၍၊ စနစ်များနှင့် ပတ်သက်ဆက်နွယ်မှုများအား ပိုမိုကောင်းမွန်စေရန် တိုးတက်ကြံဆောင်ကြခြင်းဖြစ်သည်။ ဤသို့သော အပြုအမူများကို ဝန်ထမ်းများ ပြုမူကြရန် မန်နေဂျာများမှ ဖိအားပေး ဆောင်ရွက်မရပါ။ သို့သော် ထိုအပြုအမူများ ပိုမိုဖြစ်ပေါ်စေမည့် ပတ်ဝန်းကျင်များကိုတော့ မန်နေဂျာများက ဖန်တီးပေးနိုင်သည်။ လက်ရှိ HR အသိုင်းအဝိုင်းများတွင် အလွန်ခေတ်စားသော စကားတခုမှာ “အလုပ်အပေါ် စိတ်ဝင်စားခြင်း” ဖြစ်သည်။ စိတ်ဝင်စားသည့်ဝန်ထမ်းများသည် သူတို့အပေါ် အလုပ်က မည်သို့မျှော်လင့်သည်ကို သိသည်။ မိမိအလုပ်နှင့်ပတ်သက်၍ ပိုင်နိုင်တာဝန်ယူလိုစိတ်လည်းရှိသည်။ လုပ်နေရသည့်အလုပ်နှင့်လည်း (အလွန်) ကျေနပ်သည်။ ထို့ကြောင့်လည်း သူတို့၏ ကိုယ်အားရော ဥာဏ်အားဖြင့်ပါ လုပ်ကိုင်ဖို့ အဆင်သင့်ရှိကြသည်။


ပြောင်းလဲစီမံရေး ဦးတည်ချက်
--------------------------------
မည်သည့်လုပ်ငန်းတွင်မဆို HR ၏ တတိယအဓိက ဦးတည်ချက်မှာ အပြောင်းအလဲများ ဖော်ဆောင်ရေးပင်ဖြစ်သည်။ များသောအားဖြင့် အပြောင်းအလဲဟူသည် မည်သို့မည်ပုံဆောင်ရွက်ရန် ဟူ၍ သတ်သတ်မှတ်မှတ်ဖြစ်လာလေ့မရှိဘဲ စဉ်ဆက်မပြတ်သော လိုအပ်ချက်သစ်များကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင်ဖိအားများကြောင့်လည်းကောင်း ဖြစ်ပေါ်လာလေ့ရှိပါသည်။ အပြောင်းအလဲသည် ပုံစံမျိုးစုံဖြင့်လာကြသည်။ တခါတရံတွင် ဖွဲ့စည်းပုံသက်သက်သာ သက်ဆိုင်ပြီး လုပ်ငန်းစဉ်အချို့ပြောင်းလဲခြင်းဖြင့်လည်းကောင်း၊ ဝန်ထမ်းများကို ကဏ္ဍသစ်များသို့ ပြောင်းရွှေ့ထမ်းဆောင်စေခြင်းဖြင့်လည်းကောင်း ပြေလည်သွားသည်။ အခြားအချိန်များတွင်မူ ရှိရင်းစွဲ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ငန်းစဉ်တို့အား ပြောင်းလဲရန်အတွက် မြေလှန်ပစ်ရသည်မျိုးလည်းရှိသည်။ မည်သည့်အခြေအနေတွင်မဆို HR သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဓိကလုပ်ငန်းဆောင်တာများအားဖြင့် အပြောင်းအလဲအား မောင်းနှင်နိုင်မည့် ကျွမ်းကျင်မှုမျိုးရှိသူများအား ရှာဖွေခန့်အပ်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း နှင့် အပြောင်းအလဲအတွက် သက်ဆိုင်သောခံစားခွင့်များကို ဖန်တီးခြင်းတို့ကို ဆောင်ရွက်ရသည်။ လူတို့သည် သူတို့ကိုယ်တိုင်ဖန်တီးသည်ကိုသာ ထိန်းသိမ်းလိုသည်ဖြစ်ရာ ဝန်ထမ်းများအား အချိန်မီပါဝင်စေခြင်းသည်လည်း အပြောင်းအလဲ အောင်မြင်ရေး၊ ရေရှည်တည်တံ့ရေးတို့အတွက် အဓိကကျလေသည်။ အလားတူစွာပင် ဝန်ထမ်းများအား အမှန်တကယ်ပါဝင်စေခြင်းမရှိဘဲ အထက်မှဖော်ဆောင်သော အပြောင်းအလဲဟူသည် အဖွဲ့အစည်းတွင်း ပဋိပက္ခများ၏ အဓိကအရင်းအမြစ်တခုဖြစ်သည်ကိုလည်း မေ့ပစ်၍မဖြစ်ပါ။ အချိန်လိုသလောက်ရပါမူ ဤကိစ္စကို ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း အချိန်လိုသလောက်မရသော လုပ်ငန်းများအဖို့ အပြောင်းအလဲကြောင့် ဝန်ထမ်းများ အချို့အဝက် ထိခိုက်ကြသည်ကို ရှောင်လွှဲမရနိုင်ပေ။ အကျိုးဆိုင်သူတို့၏ မျှော်မှန်းချက်များအား ဂရုတစိုက် စီမံခြင်းနှင့် အပြောင်းအလဲဖော်ဆောင်ရေးတွင် ဝန်ထမ်းများအား လူရာသွင်းပါဝင်စေခြင်းဖြင့် ရုံးတွင်းပဋိပက္ခအတိုင်းအတာကို ထိန်းသိမ်းစီမံခြင်းသည် ထိရောက်သော HR manager တဦး၏ အဓိကကျသော အခန်းကဏ္ဍတရပ်ဖြစ်လေသည်။


အုပ်ချုပ်ရေး ဦးတည်ချက်
--------------------------
စတုတ္ထဦးတည်ချက်မှာ ယှဉ်ပြိုင်သာရည်နှင့်တိုက်ရိုက် သက်ဆိုင်ခြင်းမရှိဘဲ အခြားဦးတည်ချက်များ ပေါက်မြောက်ရေးအတွက် အခြေခံကျသည်။ အဖွဲ့အစည်းတခု ချောချောမွေ့မွေ့လည်ပတ်ရေးအတွက် လုပ်ရသောအလုပ်များဖြစ်သည်။ ဝန်ထမ်းများတဦးချင်းစီအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ စွမ်းဆောင်ရည်အကဲဖြတ်မှတ်တမ်းများ၊ ရုံးတက်မှုနှင့် သင်တန်းမှတ်တမ်းများ၊ အလုပ်ခန့်ထားမှုပုံစံများအား တိကျပြည့်စုံစွာ ထိန်းသိမ်းထားရှိရသည်။ သို့သော် ဥပဒေအရ လိုအပ်၍ သိမ်းဆည်းရသည်လည်းရှိသည်။ ဤရှုထောင့်အရ အရေးကြီးသည်မှာ လစာအား ဥပဒေနှင့်အညီ စနစ်ကျစွာပေးနိုင်ရေးနှင့် ဝန်ထမ်းတိုင်းအား ကဏ္ဍခွဲကာ လစာစာရင်း ထုတ်ပြန်ပေးနိုင်ခြင်းဖြစ်သည်။ မီးဖွားခွင့်၊ ဖခင်ဖြစ်ခွင့် တို့နှင့် အခြားခွင့်များ၊ လူမှုဖူလုံကြေးများ ခံစားနိုင်ရေးအတွက် လစဉ်ဝန်ထမ်းလစာမှ ဝင်ငွေခွန်နှင့် အခြားအာမခံကြေးများကို စီစစ်ဖြတ်တောက်ရသည်။ အခြားဥပဒေအရ လိုအပ်သည်များမှာ လုပ်ငန်းခွင်ဘေးကင်းရေးနှင့် ကျန်းမာရေး၊ ဝန်ထမ်းသစ်များအား စာချုပ်သစ်များဖြင့် ခန့်အပ်နိုင်ရေးတို့ဖြစ်သည်။ ဝန်ထမ်းမှတ်တမ်းများ တိကျစွာထားရှိခြင်းသည် နိုင်ငံတော်မှပြဌာန်းသည့် အနိမ့်ဆုံးအခကြေးငွေဥပဒေ နှင့် အလုပ်ချိန်သတ်မှတ်ချက်များကိုလည်း လိုက်နာရာရောက်စေသည်။ HR သမားတို့သည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာအလုပ်များကို နှိမ့်ချလေ့ရှိပြီး ပိုမိုမျက်နှာရသော မဟာဗျူဟာချမှတ်ခြင်း၊ ပေါ်လစီရေးဆွဲခြင်းတို့ဘက် ဦးညွတ်လေ့ရှိသည်။ အလွန်ကျဉ်းမြောင်းသော အမြင်ပင်ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းတွင် ရုန်းကန်ရသော ပြိုင်ဘက်များနှင့်ယှဉ်သောအခါ အုပ်ချုပ်ရေးတွင် ထူးချွန်သောလုပ်ငန်းများက သာသည့်အလျောက် အုပ်ချုပ်ရေးဦးတည်ချက်များသည် ၎င်းတို့ကိုယ်နှိုက်က အရေးပါသောဦးတည်ချက်များအဖြစ် ရပ်တည်သည်။ ထို့ပြင် Stevens (2005: 137) ပြထားခဲ့ပြီးသည့်အတိုင်း HR ကိစ္စများတွင် စေ့စပ်စွာအုပ်ချုပ်နိုင်ခြင်းသည် တရားရေးရင်ဆိုင်ရသည်များကိုလည်း လျှော့ချပြီးသားဖြစ်စေသည်။ အုပ်ချုပ်ရေးကို ပိုင်နိုင်ခြင်းသည် အဖွဲ့အစည်းတွင်းရှိ HR ဌာနက အခြားဌာနများအား သြဇာသက်ရောက်နိုင်ရန် လိုအပ်သော လေးစားမှုကို ရစေသည်။ ဤရှုထောင့်အရ ပြောဆိုနိုင်သည်မှာ ထိရောက်သောအုပ်ချုပ်ရေးသည် အထက်ဖော်ပြခဲ့ပြီးသော ဦးတည်ချက် ၃ ရပ် ပေါက်မြောက်အောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည် ဟူသည့်အချက်ပင် ဖြစ်ပါတော့သည်။


ဂုဏ်သတင်း ဦးတည်ချက်
---------------------------
များမကြာသေးမီကာလအထိ အထက်ဖော်ပြပါဦးတည်ချက် (၄) ခုသည် အဖွဲ့အစည်းတခုအတွင်း HRM က အောင်မြင်ရမည့်အရာများအား ပြည့်ပြည့်စုံစုံဖော်ပြနိုင်ပုံရခဲ့သည်။ ယခုအခါတွင်တော့ ပဉ္စမမြောက်ဦးတည်ချက်အား ထည့်သွင်းရန်သင့်ပြီဖြစ်သည်။ ထင်ရှားကျော်ကြားသည့် ကုန်အမှတ်တံဆိပ်များနှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများတွင် နာမည်ကောင်းတခု တည်ဆောက်ထိန်းသိမ်းရန်မှာ အဓိကလုပ်ငန်းဦးတည်ချက်တခု ဖြစ်လာပြီဖြစ်သည်။ ဤလိုအပ်ချက်သည် ထိန်းချုပ်ရန်မဆိုထားဘိ၊ လွှမ်းမိုးရန်ပင်ခက်ခဲသော လူမှုကွန်ရက်များ အင်အားကြီးမားလာသည်နှင့်အမျှ ပို၍အရေးပါလာသည်။ HR သည် အဖွဲ့အစည်း၏ ဂုဏ်သတင်းအား ကူညီထိန်းသိမ်းပေးခြင်းဟူသည် HR ၏ Risk Management အခန်းကဏ္ဍကို စိတ်ဝင်စားသူများကိုရော HR ၏ လုပ်ငန်းများ ကျင့်ဝတ်နှင့်ညီညွတ်ခြင်းကို အလေးပေးသူများကိုပါ ချိတ်ဆက်ပေးသည်။

ပြည်သူ့အကြား ရေပန်းစားသော ကုန်အမှတ်တံဆိပ်များနှင့် ရှင်သန်ရန်အတွက် အပြင်းအထန်ပြိုင်ဆိုင်ရသော လုပ်ငန်းများတွင် HR များသည် Risk Management အားဖြင့် စဉ်းစားကြသည်ကို တွေ့ရသည်။ ၎င်းတို့၏ အခန်းကဏ္ဍအား အရိုးရှင်းဆုံးပြောရပါမူ လုပ်ငန်းသည် -
- အလုပ်ခန့်ထားမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မီဒီယာတွင် မကောင်းသတင်းမပေါ်အောင် ရှောင်ရမည်။
- တရားရုံးတွင် အလုပ်ခန့်ထားမှုကိစ္စများနှင့်ပတ်သက်၍ ချေပရခြင်း မရှိစေရ။
- ၎င်း၏ အဓိကလုပ်အားဈေးကွက်တွင် နာမည်ဆိုးနှင့် ထင်ပေါ်ခြင်း မရှိစေရ။
- သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်ဆံရေးကောင်းရမည်။
- အလုပ်ပျက်စေသော ဆန္ဒပြမှုများနှင့် လုပ်သားထုဆူပူမှုများအား ရှောင်ရှားနိုင်ရမည်။
- ဖောက်သည်များ၊ Supplier များနှင့် ဆက်ဆံရေးကောင်းရမည်။

ယနေ့ခေတ် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်ကြသောမန်နေဂျာများသည် အဖွဲ့အစည်း၏ ငွေကြေးခိုင်မာမှုအပေါ် အကဲဖြတ်ရန်တာဝန်ရှိသူတို့အား လုပ်ငန်းသည် ကောင်းစွာစီမံထားရှိသည်ဖြစ်ပြီး ရေတိုရေရှည်စိန်ခေါ်မှုများအတွက်လည်း အဆင်သင့်ဖြစ်လျက်ရှိကြောင်း ပြသရန်လိုသည်။ အထူးသဖြင့် Fund manager များနှင့် ၎င်းတို့အားလွှမ်းမိုးသော Financial journalist များအား ပြသရန်လိုသည်။ ခိုင်မာသော စီမံခန့်ခွဲရေးအဖွဲ့တခုအား ဆွဲဆောင်ထိန်းသိမ်းနိုင်ခြင်းသည် ဤအချက်အတွက် အဓိကကျသကဲ့သို့ အရည်အချင်းပြည့်ဝသော ဆက်ခံသူများရှိရေး၊ အနာဂတ်စိန်ခေါ်မှုများအတွက်လိုအပ်သော ကျွမ်းကျင်မှုများအား ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ရေးတို့ အရေးကြီးလျက်ရှိသည်။ ရင်းနှီးမြှုပ်နှံသူများအတွက် အဖွဲ့အစည်းသည် မြှုပ်နှံရန်သင့်သော အဖွဲ့အစည်းဖြစ်ကြောင်း ပြသနိုင်ဖို့လိုသည်။

HR သည် အဖွဲ့အစည်းအား ကျင့်ဝတ်ညီညွတ်ပြီး လူမှုရေးအရ တာဝန်သိသော အဖွဲ့အစည်းတခုအဖြစ် ဂုဏ်သတင်းထွက်ပေါ်စေရန်လည်း ဆောင်ရွက်ရသည်။ နည်းလမ်းနှစ်ခုဖြင့် ဤတာဝန်ကို ထမ်းဆောင်သည်။ ပထမနည်းလမ်းမှာ မန်နေဂျာများ နှင့် ဝန်ထမ်းများအားလုံး ကျင့်ဝတ်နှင့်ညီသော လုပ်ထုံးလုပ်နည်းများအား နားလည်ပြီး စွဲမြဲစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ဝန်ထမ်းစုဆောင်းရေးတွင် အသုံးပြုသော ဦးတည်ချက်များ၊ သင်တန်းပေးရာနှင့် ဝန်ထမ်းရွေးချယ်ရာတွင် ချမှတ်သော သတ်မှတ်ချက်များ၊ ရာထူးတိုးရာတွင် အသုံးပြုသော သတ်မှတ်ချက်များ၊ စွမ်းဆောင်ရည်စီမံရေး လုပ်ငန်းစဉ်များတွင် အသုံးပြုသော ဦးတည်ချက်များအား ဂရုတစိုက် စီမံခြင်းဖြင့် ဆောင်ရွက်ရသည်။ ဒုတိယနည်းလမ်းမှာ ဝန်ထမ်းများအား မည်သို့စီမံသည်နှင့် သက်ဆိုင်သည်။ ဝန်ထမ်းများအား ဆိုးရွားစွာဆက်ဆံရုံဖြင့် ကျင့်ဝတ်နှင့်ပတ်သက်သော မကောင်းသတင်းဟူသည် ထွက်ပေါ်လာမည်ဖြစ်သည်။ များမကြာသေးမီနှစ်များအတွင်း UK ရှိ နာမည်ကြီးစားသောက်ဆိုင်များတွင် (အလုပ်ရှင်မှ တပတ်နာရီမည်မျှ အလုပ်ပေးမည်ကို အာမခံရန်မလိုသလို အလုပ်သမားဘက်မှလည်း တပတ်နာရီမည်မျှ အလုပ်ဆင်းမည်ဟူ၍ အာမခံရန်မလိုသော) နတ္ထိနာရီစာချုပ်များ အသုံးပြုခြင်းကြောင့် နာမည်ဆိုးများထွက်ပေါ်မှုရှိသလို နိုင်ငံတကာကုမ္ပဏီ အတော်များများလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ၎င်းတို့၏လုပ်ငန်းများတွင် လုပ်ကိုင်ကြသောဝန်ထမ်းများအား စေခိုင်းသောအလုပ်များနှင့် အလုပ်လုပ်ရသော အခြေအနေများကြောင့် နာမည်ပျက်လျက်ရှိကြသည်။


Reference: Human Resource Management 10e Torrington, Hall, Taylor, Atkinson

ဆက်လက်ဖော်ပြပါမည်။

အောင်ကိုကို
Lecturer / Trainer / Consultant
DBA 1st year (HWU, Edinburgh Business School)
MSc HRM (HWU, Edinburgh Business School)
M.B.,B.S (UM2, Ygn)

No comments: