Friday, May 10, 2019

Japchae with Beef _ Prawn Aglio _ ၀က်သားလုံးပေါင်း _ ဖရဲသီးဖျော်ရည် (Watermelon Juice)

Japchae with Beef (ကိုရီးယားပဲကြာဆံနှင့် အမဲသားကြော်)



 ဒါကတော့ ကိုရီးယားရိုးရာအစားအစာလေးပါ။ ဆယ်စုနှစ်ရာစုကတည်းက စားသုံးလာခဲ့ကြပြီး ယခုအခါ မြန်မာနိုင်ငံမှာ အလွန်ပဲ စားသုံးနေကြပါပြီ။ ပဲကြာဆံက အလုံးနည်းနည်းပိုကြီးတော့ ပြုတ်ရတာ ပိုပြီးကြာပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သွန်နီ  -  ၁ လုံး
ပန်းငရုတ်ပွ  -  အနည်းငယ်
မုန်လာဥနီ  -  အနည်းငယ်
မှိုအမည်း  -  ၁ ပွင့်
မုန်ညင်းစိမ်း  -  ၁ ပင်
နှမ်းလှော်စေ့  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အမဲသား  -  ၅၀ ဂရမ်
ဆား၊ ငရုတ်ကောင်း  -  သင့်တော်ရုံ
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ  -  ၁ လုံး
ကြက်သွန်မြိတ်  -  အနည်းငယ်
ဆီ  -  အနည်းငယ်
ပဲကြာဆံ  -  ၁ ထုပ်


ပြုလုပ်နည်း
၁။ ဦးစွာ ခပ်ပါးပါးလှီးထားသော အမဲသားကို ကြက်သွန်ဖြူနှင့် ဆီသတ်ပါ။ ပြီးလျှင် ကြက်ဥထည့်ပြီး မွှေပါ။ ပြီးလျှင် အသီးအရွက်များအားလုံးထည့်ပြီး အရသာများ အားလုံးထည့်ပါ။ ပြီးလျှင် ပဲကြာဆံနှင့် ရေနည်းနည်းထည့်ပြီး နှံ့အောင်ကြော်ပါ။
၂။ အရသာမြည်းပြီး ရေလည်းခြောက်ပြီဆိုလျှင် ပန်ကန်ထဲထည့်၍ နှမ်းဖြူးလိုက်လျှင် ရပါပြီ။
......................
Win Zaw @ Mario Win Zaw

ပုစွန်အီတလီခေါက်ဆွဲကြော်
(Prawn Aglio)
..................................


 အီတလီခေါက်ဆွဲကြော်နည်း များစွာထဲက နာမည်ကြီး လူကြိုက်များ တဲ့ Prawn Aglio  ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီချက်နည်းလေး က မြန်မာများအတွက် စားရတာ အဆင်ပြေပြီး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။ ကြော်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
• Pasta  - ၂၀ဝ ဂရမ် (ပြုတ်ပြီးသား)
• သံလွင်ဆီ  - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြု -  ၁ ဇွန်း (နုပ်နုပ်စဉ်း)
• ငရုတ်သီးစိမ်းနီ  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံပင် -  ၁ ဇွန်း (နုပ်နုပ်စဉ်း)
• ပုစွန်  -  ၅ ကောင်
• ခရမ်းချဉ်သီး  -  ၂ ဇွန်း
• ဆားရည် -  ၁ ဇွန်း


ပြုလုပ်နည်း
၁။ ဦးစွာ နှစ်သက်ရာ အီတလီခေါက်ဆွဲ Pasta  ကို အညွှန်းအတိုင်း ပြုတ်ထားပြီး ဆယ်ယူ၍ ရေစစ်ကာ ဆီလူးထားပါ။ ပုစွန်အခွံနွှာပြီး ကျောခွဲ သန့်စင်ထားပါ။ ခရမ်းချဉ်သီးကို အစေ့ ထုတ်ပြီး အတုံးလေးများ စိတ်ထားပါ။
၂။ ငရုတ်သီးစိမ်းနီ၊ ကြက်သွန်ဖြူနှင့် နံနံပင်တို့ကို နုပ်နုပ်စဉ်းထားပါ။
၃။ ရေနွေးအိုးတစ်အိုးကို ခေါက်ဆွဲရေနွေးဖြောရန် အသင့်ထားပါ။
၎။ အားလုံးအသင့်ဖြစ်ပါက လက်ကိုင် ဒယ်အိုးကို အပူပေးပါ။ ဒယ်အိုးပူပါက သံလွင်ဆီ ထည့်ပါ။ ခေါက်ဆွဲကို ရေနွေးဖြောထားပါ။
၅။ ဆီပူပါက ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနီ၊ နံနံပင်၊ ပုစွန်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။
၆။ ကြက်သွန်ဖြူအရောင် အဝါရောင်ပြောင်းပါက ဆားရည်ထည့်ပါ။
၇။ ရေနွေးဖြောထားသော ခေါက်ဆွဲထည့်ပြီး အားလုံးသမအောင် မွှေပါ။ အရသာ အပေါ့ အငန်မြည်းပြီး ချိစ်၊ ငရုတ်သီးမှုန့်နှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

မီးပြင်းဖြင့် ကြော်ရန်
ဆားရည်မသုံးလိုပါက ဆားထည့်ပြီး အပူရှိန်လျှော့ချပေးရန်နှင့် ကြက်သွန်ဖြူ မတူးစေရန် ရေအနည်းငယ်ထည့်ပေးရန် လိုအပ်ပါတယ်။
......................
Sofia


ဝက်သားလုံးပေါင်း
.......................


 ဝက်သားကို ချက်တာ၊ ပြုတ်တာ၊ သုပ်တာကြီးပဲ စားနေရလို့ ငြီးငွေ့နေပြီဆိုရင်တော့ ဒီဝက်သားလုံးပေါင်းကို လုပ်စားကြည့်လိုက်ပါ။ အချိန်တိုတိုနဲ့ လွယ်လွယ် ကူကူလုပ်စားလို့ရမယ့် ဟင်းပွဲလေးပါပဲ။ အရသာကတော့ ကွက်တိပေါ့ဗျာ။

ပါဝင်ပစ္စည်းများ
• ဝက်အူချောင်း (အတို) - ၁၀ ချောင်းခန့်
• ဝက်သား - ၁၅၀ ဂရမ် (ကြိတ်ပြီး)
• ကြက်သွန်နီ - ၁ လုံး
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• နှမ်းဆီမွှေး - အနည်းငယ်
• ကော်မှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း
• ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ဝက်သားကြိတ်သားများကို နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ၊ ကော်မှုန့်နှင့် အရသာ များကို ထည့်ပြီး နယ်ပါ။
၂။ ပြီးလျှင် အနေတော် အသားလုံးများ လုံးပါ။
၃။ ဝက်အူချောင်းရဲ့ ထိပ်တစ်ဖက်ကို ၄ စိတ်ခွဲပါ။ ပြီးလျှင် အသားလုံးအလယ်မှာ စိုက်ပါ။
၎။ ပေါင်းအိုးထဲမှာ ၅ မိနစ်ခန့် ပေါင်းပါ။
၅။ အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ကြိုက်နှစ်သက်ရာ Sauce နှင့် တွဲပြီး သုံးဆောင်နိုင် ပါပြီ။
......................
အံ့ဝင့်ထွဋ်

ကြက်သားလုံးသီးစုံကြွပ်ကြော်


 ကြက်သားလုံးသီးစုံကြွပ်ကြော်ဟင်းလျာလေးကတော့ သားသား၊ မီးမီးလေးတို့အကြိုက်တွေ့စေမယ့် ဟင်းလျာလေးပါ။ ပရိုတင်းဓာတ်ကြွယ်ဝပြီး ဗီတာမင်နှင့် သတ္တုဓာတ်တွေလည်း များစွာပါဝင်နေလို့ သားသား၊ မီးမီးလေးတို့အတွက် တကယ့်ကို အထောက်အကူဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ
ကြက်သား  -  ၂၅၀ ဂရမ် (ကြိတ်ပြီး)
မုန်လာဥနီ  -  ၇ ဂရမ်
ပဲစိမ်းသီး  -  ၇ ဂရမ်
ပြောင်းဖူး  -  ၇ ဂရမ် (ပြုတ်၍ ခြွေပြီး)
ကော်မှုန့်  -  စားပွဲဇွန်း ၁/၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
တွဲစားရန် Sauce
ကြက်သွန်နီ  -  ၁ လုံး

ပြုလုပ်နည်း
၁။ ဇလုံတစ်လုံးထဲ ကြိတ်ထားတဲ့ ကြက်သား၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပဲစိမ်းသီး၊ြွေခထားတဲ့ပြောင်းဖူး၊ အရသာများနှင့် ကော်မှုန့်တို့ကို ထည့်ပြီး နယ်ပါ။
၂။ အသားစေးပိုင်သွားပြီဆိုလျှင် အနေတော်အလုံးများလုံး၍ ဆီပူပူမှာ ကြွပ်ပြီး ကျက်အောင်ကြော်ပါ။
၃။ ကြက်သားလုံးများ ကျက်ပြီဆိုလျှင် ဆီစစ်ပြီး ပန်းကန်မှာပြင်ကာ ကြိုက်နှစ်သက်ရာ Sauce ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်


ပူတယ်အိုက်တယ် အခုချိန်မှာ ဖရဲသီးများများစားပါ ဖျော်ရည်ဖျော်သောက်ပါ။ ပူစီနံက လူကိုလန်းဆန်းစေပြီး အပူချိန်ကြောင့် ထိုင်မှိုင်းနေသောစိတ်တွေ ပြေပြောက်သွားစေပါတယ်။

ဖရဲသီးဖျော်ရည် (Watermelon Juice)



သောက်ပြီးရင် လန်းဆန်းသွားစေပြီး သဘာဝအချို့အရသာနှင့် အရည်ရွှမ်းသော ကြောင့် ကြိတ်စက်ထဲ ထည့်ကြိတ်လျှင် အရမ်းအဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ
ဖရဲသီး ၂ ခွက် (အစေ့မပါသော အသီး၊ အခွံခွာပြီး အတုံးလေးတွေတုံးထားပါ)
သံပုရာရည် ၁ ဇွန်းခွဲ စားပွဲဇွန်း
သကြားရည် ၁ ဇွန်း စားပွဲဇွန်း
ပူစီနံ ၅ ခက် (အလှဆင်ရန်)
ရေခဲခြစ် ၁ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)

ပြုလုပ်နည်း
၁။ ဖရဲသီးတုံးများ၊ သံပုရာရည် နှင့် သကြားရည်များ ကို ဖျော်ရည်စက်ထဲ ထည့်ကြိတ်ပါ။
၂။ ထည့်သောက်ရန်ဖန်ခွက်များကို ရေခဲ သေတ္တာထဲ ထည့်ပြီး အအေးခံထားပါ။
၃။ အေးနေသော ဖန်ခွက်ထဲ ရေခဲခြစ် အရင်ထည့်ပြီး အပေါ်မှနေ ဖရဲသီးဖျော်ရည်လောင်းထည့်ပါ။ ပြီးလျှင် ပူစီနံရွက်လေးဖြင့် အလှဆင်လိုက်ပါ။ အေးအေးလေး ချက်ချင်းသောက်သုံးသင့်ပါတယ်။


*မှတ်ချက်- ပူစီနံ ကြိုက်လျှင် အရွက်အနည်းငယ် ဖျော်တယ့်အထဲ ထည့်ဖျော်လို့ရပါတယ်။

Syilwin Foodgarden 

No comments: