Tuesday, May 28, 2019

*** အစိမ်းရောင်ချယ် (Chlorophyll) ဆိုသည်မှာ ***



=======================

🍀 MWD: ဆရာရှင့်.. ကျွန်မတို့စားနေတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အရောင်အမျိုးမျိုးတွေ့နေရတာ ဘာကြောင့်ပါလဲ ဆရာ..

Dr.KML: ဟင်းသီးဟင်းရွက်တွေမှာ အစိမ်းရောင်၊ အ၀ါရောင်၊ အနီရောင်၊ ခရမ်းရောင်စသည်ဖြင့် ကွဲပြားနေရခြင်းဟာ သူတို့မှာပါဝင်တဲ့ ရောင်ချယ်လို့ခေါ်တဲ့ Pigment တွေကြောင့်ဖြစ်ပါတယ်..
ဥပမာ- အစိမ်းရောင်ဟာ Chlorophyll တွေကြောင့်ဖြစ်ပါတယ်..
အ၀ါရောင်ကတော့ Beta-carotene တွေကြောင့်ဖြစ်ပြီး
အနီရောင်ကတော့ Lycopene ကြောင့်ဖြစ်ပါတယ်..
ခရမ်းရောင်ကတော့ Xanthophyll အုပ်စုကြောင့်ဖြစ်ပါတယ်..
အပြာရောင်ကတော့ Phycocyanin ကြောင့်ဖြစ်ပါတယ်..

🍀 MWD: ဒါဆိုရင် အစိမ်းရောင်ချယ် Chlorophyll (ကလိုရိုဖီးလ်) အကြောင်းမပြောခင် ဘာကြောင့်မို့လို့ ဟင်းသီဟင်းရွက်တွေ စိမ်းနေရသလဲဆိုတာ ရှင်းပြပေးပါ..

Dr.KML: Chlorophyll ရဲ့ဂုဏ်သတ္တိက နေရောင်ခြည်မှာပါတဲ့ အလင်းတန်းအားလုံးနီးပါးကို စုပ်ယူနိုင်ပေမယ့် လှိုင်းအလျား ၅၀၀ နဲ့၆၀၀ nm ကြားမှာရှိတဲ့ရောင်ခြည်ကိုတော့ စုပ်ယူနိုင်စွမ်းမရှိပါဘူး.. ဒါ့ကြောင့် ဒီ Range အတွင်းမှာရှိတဲ့ အရောင်တွေကို ပြန်ထုတ်ပေးပါတယ်.. တနည်းအားဖြင့် လှိုင်းအလျား ၅၀၀-၆၀၀ nm ဆိုတာ အစိမ်းရောင်ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အစိမ်းရောင်အဖြစ် မြင်တွေ့ကြရခြင်းဖြစ်ပါတယ်.. ကျန်တဲ့အလင်းရောင်တွေကိုတော့ နေရောင်ခြည်စွမ်းအင် (solar energy) အဖြစ် အသုံးချဖို့စုပ်ယူလိုက်တဲ့အတွက် မြင်တွေ့ရခြင်းမရှိတော့တာပါ..

🍀 MWD: ဒီ Chlorophyll ဟာ အပင်တွေကို ရှင်သန်ဖို့အတွက် အရေးပါပါသလား..

Dr.KML: ကျွန်တော်တို့ လူနဲ့တိရိစ္ဆာန်တွေမှာ သွေးဟာ မရှိမဖြစ်လိုအပ်သလိုပဲ အပင်တွေအတွက်တော့ Chlorophyll ဟာ မရှိမဖြစ်လိုအပ်လှပါတယ်.. အဆင့်မြင့်အပင်အားလုံးဟာ Chlorophyll အကူအညီနဲ့ အစာချက်ခြင်း၊ ကြီးထွားခြင်း၊ မျိုးပွားခြင်းတို့ကို လုပ်ဆောင်ရပါတယ်.. Chlorophyll သာမရှိခဲ့ရင် အပင်လောကကြီးတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကျွန်တော်တို့ သက်ရှိသတ္တ၀ါတွေအားလုံးပါ သေကြေပျက်စီးကြရမှာဖြစ်ပါတယ်.. ဒါကြောင့် Chlorophyll ဟာ အပင်တွေအတွက်သာမက လူနဲ့သတ္တ၀ါတွေအတွက်ပါ မရှိမဖြစ်လိုအပ်တယ်လို့ ပြောချင်ပါတယ်..

🍀 MWD: အပင်တွေအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာတော့ ဟုတ်ပါပြီ ဆရာ.. Chlorophyll မရှိရင် လူနဲ့တိရိစ္ဆာန်တွေပါ သေကြေပျက်စီးကြရမယ်ဆိုတာ နည်းနည်းထပ်ရှင်းပြပေးစေချင်ပါတယ်..

 Dr.KML: Chlorophyll ရဲ့အဓိကတာဝန်ကတော့ Photosythesis လို့ခေါ်တဲ့ နေရောင်ခြည်ရဲ့အကူအညီနဲ့ အစာချက်လုပ်ခြင်းပဲဖြစ်ပါတယ်..
အပင်နဲ့သတ္တ၀ါ ခြားနားတဲ့အဓိကအချက်ကတော့ သတ္တ၀ါတွေဟာ မိမိစားလိုတဲ့အစားအသောက်ကို ရှာဖွေစားသောက်ကြတယ်.. အဲ့ဒီလိုရှာဖွေစားသောက်နိုင်ဖို့လဲ ခြေတို့လက်တို့ပါတယ်.. ပါးစပ်ပေါက်တွေပါတယ်..
အပင်တွေကတော့ ဒီလိုမဟုတ်ဘူး.. သူပေါက်တဲ့နေရာမှာပဲ နေရတယ်.. အနီးအနားက လက်လှမ်းမီတဲ့အာဟာရနဲ့ပဲ အသက်ရှင်ရတယ်.. အပင်ကြီးထွားဖို့ လိုအပ်တဲ့အာဟာရဖြစ်တဲ့ ကာဗွန်ဟိုက်ဒြိုတ်ရဲ့အခြေခံ glucose ကို နေရောင်ခြည်ရဲ့စွမ်းအင်နဲ့ Chlorophyll ကနေ ပြုလုပ်ပေးတယ်.. ဒါကို Photosynthesis လို့ခေါ်ပါတယ်.. Photo ဆိုတာကတော့ နေရောင်ခြည်လို့အဓိပ္ပာယ်ရပြီး Synthesis ကတော့ ပြုလုပ်တည်ဆောက်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်.. တကယ်တော့ Chlorophyll တွေဟာ အပင်တွေအတွက်တော့ အစာအဟာရထုတ်လုပ်ပေးတဲ့ စက်ရုံလေးတွေနဲ့တူပါတယ်..
အဲဒီလို Glucose တွေပြုလုပ်ဖို့ ကုန်ကြမ်းအနေနဲ့ လေထဲက CO2 နဲ့ မြေကြီးထဲကရေကို အသုံးပြုရတယ်.. ဘေးထွက်ပစ္စည်းအဖြစ် O2 ဓာတ်တွေကို စွန့်ထုတ်ပေးတယ်..ကျွန်တော်တို့လူသားတွေဟာ အပင်ကရတဲ့ O2 နဲ့ အသက်ရှင်နေကြတာပါ.. တကယ်လို့ အပင်တွေသာမရှိခဲ့ရင် O2 လဲမရှိတော့ သေကြရမှာပေါ့.. ပြီးတော့ လူကနေထုတ်လိုက်တဲ့ CO2 ကိုလဲ အပင်ကပြန်ယူပြီး O2 ပြန်ထုတ်ပေးတယ်လေ.. တကယ်လို့ အပင်တွေနည်းလာရင် CO2 တွေ လေထဲမှာများလာပြီး ဖန်လုံအိမ်အာနိသင်ကြောင့် ကမ္ဘာကြီးဟာ ယခုထက်ပိုပူလာပြီး ရာသီဥတုတွေဖောက်ပြန်လို့ ဒုက္ခရောက်ကြရမှာဖြစ်ပါတယ်..
ပြီးတော့ အပင်တွေကနေ အဆင်သင့်ချက်ထားပြီးတဲ့ အာဟာဓာတ်တွေကို လူတွေကစားသုံးခြင်းဖြင့် အသက်ဆက်နေကြတာဖြစ်ပါတယ်.. ဥပမာ ကျွန်တော်တို့စားနေတဲ့ဆန်ကို ထုတ်လုပ်ပေးသူဟာ Chlorophyll ဖြစ်ပါတယ်..စပါးပင်ရဲ့အရွက်ကနေ Photosysthesisi ပြုလုပ်ပြီး ရရှိလာတဲ့ carbohydrate တွေကို စပါးနှံမှာသိုလှောင်ထားတာဟာ အပင်မျိုးဆက်ပြန့်ပွားဖို့ဖြစ်ပါတယ်..ဒါကို ကျွန်တော်တို့လူတွေစားပြီး Energy အဖြစ်ရရှိပါတယ်.. ဒါ့ကြောင့် အပင်ကရတဲ့အသီးအနှံတွေအားလုံးကို ထုတ်လုပ်ပေးတဲ့စက်ရုံလေးတွေဖြစ်တဲ့ အစိမ်းရောင်ချယ် Chlorophyll ဟာ အပင်တွေအတွက်သာမက လူနဲ့သတ္တ၀ါတွေရဲ့ ကျေးဇူးရှင်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်..

🍀 MWD: အစိမ်းရောင် Chlorophyll ကရော တစ်မျိုးတည်းပဲလား.. အစိမ်းရောင်ရှိတဲ့အပင်တွေဟာ ပါဝင်မှုအတူတူပါပဲလား ဆရာ..

Dr.KML: ၁၈၆၄ ခုနှစ်မတိုင်မီကတော့ Chlorophyll ဟာ တစ်မျိုးတစ်စားတည်းလို့ ထင်ခဲ့ကြတယ်.. ၁၈၆၄ ခုနှစ်နောက်ပိုင်းကျမှ Stroke ဆိုတဲ့သိပ္ပံပညာရှင်က Chlorophyll ဟာတစ်ခုတည်းမဟုတ်ဘူး.. နှစ်ခုရှိတယ်ဆိုတာ စတင်ဖော်ထုတ်ခဲ့ပါတယ်..
၁၉၁၂ ခုနှစ်ရောက်တော့ Will Statter ဆိုတဲ့ သိပ္ပံပညာရှင်နဲ့အဖွဲ့ဟာ အပင်တွေမှာရှိတဲ့ Chlorophyll ၂ မျိုးကို Molecular နဲ့တကွ ဖော်ပြခဲ့ပါတယ်.. အဲ့ဒီ Chlorophyll တွေကို a နဲ့ b ဆိုပြီး ခွဲခြားသတ်မှတ်ခဲ့တယ်.. ဒါပေမယ့် ဒီနေ့အခါမှာ Chlorophyll ကို c နဲ့  d ဆိုပြီး ထပ်မံတွေ့ရှိလို့ အခုဆိုရင် ကမ္ဘာပေါ်မှာ Chlorophyll (၄) မျိုးရှိတယ်လို့ ဆိုပါတယ်.. ဒါပေမယ့် c နဲ့ d ကတော့ ပင်လယ်မှာရှိတဲ့အဆင့်နိမ့်အပင်နဲ့ ပင်လယ်သတ္တ၀ါတွေမှာသာရှိပြီး ကုန်းပေါ်မှာရှိတဲ့အပင်တွေကတော့ a နဲ့ b ပဲ အဓိကပါဝင်ပါတယ်..
a နဲ့ b ပါဝင်မှုကတော့ အပင်တစ်ပင်နဲ့တစ်ပင် မတူညီကြပါဘူး.. အချို့က a ချည်း ပဲပါပြီး အချို့က b ချည်းပဲပါတယ်.. အများစုကတော့ a နဲ့ b နှစ်မျိုးစလုံးရောပြီး ပါဝင်လေ့ရှိပါတယ်.. ပါဝင်မှုအချိုးအစားကျတော့လဲ အပင်အမျိုးအစာပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်.. a ပါတာများတာက ပိုကောင်းပါတယ်..

🍀 MWD: Chlorophyll ပါတဲ့အသီးအရွက်တိုင်းကို စားလို့ရပါသလား..

Dr.KML: Chlorophyll a နဲ့ b ကတော့ စားလို့ရပါတယ်.. ဒါပေမယ့် အသီးအရွက်တွေမှာ Chlorophyll တစ်ခုထဲရှိတာ မဟုတ်ပါဘူး.. ကျန်တဲ့ဓာတ်ပစ္စည်းတွေလဲ အများအပြားပါဝင်ပါသေးတယ်.. ဒါပေမယ့် အစိမ်းရောင်ကလွှမ်းမိုးထားလို့ ကျန်တာတွေကို မမြင်ရခြင်းဖြစ်ပါတယ်.. အခြားဓာတ်ပစ္စည်းတွေအားလုံးပါ လူအတွက်အန္တရာယ်မဖြစ်ပါမှ စားသုံးလို့ရမှာဖြစ်ပါတယ်..
ဥပမာ- ကန်စွန်းရွက်ဆိုရင် Chlorophyll a ရော b ပါ ပါဝင်ပါတယ်.. ကျန်တဲ့ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် အေ တို့၊ ဗီတာမင် စီ တို့ သတ္တုဓာတ်တွေဖြစ်တဲ့ Organic ion တို့ဟာ လူနဲ့အားလုံးတည့်တဲ့အတွက် စားလို့ရခြင်းဖြစ်ပါတယ်..
အလားတူပါပဲ.. ဒီနေ့ ကျွန်တော်တို့ နေစဉ်စားနေကျဖြစ်တဲ့ ချဉ်ပေါင်ရွက်တို့၊ ကင်ပွန်းချဉ်ရွက်တို့၊ ဆလပ်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်းရွက် စတဲ့အရွက်တွေမှာပါတဲ့ Chlorophyll နဲ့အတူပါဝင်နေတဲ့ဓာတ်ပစ္စည်းတွေဟာ လူကိုဒုက္ခမပေးလို့ စားသုံးနိုင်ခြင်းဖြစ်ပါတယ်..
အချို့တွေကျတော့ သစ်ရွက်စိမ်းဖြစ်ပေမယ့် လူကိုဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေပါတာတို့၊ အစာအိမ်ကချေလို့မရတာတို့၊ အူကစုပ်ယူလို့မရတာတို့ကြောင့် စားသုံးလို့မရနိုင်ပါ..

🍀 MWD: နောက်ဆုံးအနေနဲ့ Chlorophyll ဟာ ကျန်းမာရေးကို ဘယ်လိုများအထာက်အကူပြုတယ်ဆိုတာ ပြောပြပေးပါ ဆရာ..

Dr.KML: Chlorophyll a နဲ့ b ပါတဲ့အသီးအရွက်တိုင်းဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်..

(၁) သွေးအားနည်းရောဂါ ကာကွယ်၊ ကုသရာမှာ အသုံးပြုနိုင်ခြင်း
(၂) ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
(၃) ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း၊ ကုသရာအထောက်အကူပြုခြင်း
(၄) ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း

တို့ပဲဖြစ်ပါတယ်…

မူလတင်ဆက်စာမျက်နှာ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

#Chlorophyll
#MWD
#HealthTalk

No comments: