Sunday, May 26, 2019

“ယောကျာ်းတို့၏ မာယာ”


အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ကျသွားလို့ရှိရင် စိတ်ပူရတဲ့ ပြဿနာတွေထဲက တစ်ခုကတော့ ယောက္ခမနဲ့ အဆင်ပြေပ့ါမလား ဆိုတာပါပဲ။ တကယ်လည်း အိမ်ထောင်သည် အမျိုးသမီးတွေမှာ အဲဒါက တော်တော်လေး ပြဿနာ ဖြစ်နေတာကို သတိထားမိတယ်။ ဒါ ပြောရရင် အစဉ်အလာတစ်ခုလိုပါပဲ။ သမီးယောက္ခမ မတည့်ကြဘူး ဆိုတာ ဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ ယောက္ခထီးနဲ့ သမက် မတည့်တာထက် ယောက္ခမနဲ့ ချွေးမ မတည့်တာကတော့ ပိုပြီးတော့မှ များတယ်။ ဒါ တရားသေ သတ်မှတ်ပြီး သိမ်းကြုံးပြောတာ မဟုတ်သလို၊ သုတေသန စစ်တမ်းတစ်ရပ် လုပ်ပြီး တွေ့ရှိထားတာတော့လည်း မဟုတ်ဘူး။ ချွေးမနဲ့ ယောက္ခမက သားအမိတွေလိုဖြစ်ပြီး ယောက္ခထီးနဲ့ သမက်နဲ့က အဆင်မပြေ ဖြစ်နေကြတာတွေလည်း ပုံလို့။ သို့သော်လည်း ရာခိုင်နှုန်း အနည်းနဲ့အများတော့ ကွာလိမ့်မယ်လို့ ပတ်ဝန်းကျင်မှာ မြင်မိသလောက်နဲ့ ချိန်ထိုးပြီး ယူဆရတယ်ပေါ့။

ဒါက ရုတ်တရက်ဆို မိန်းကလေးတွေရဲ့ ပြဿနာ ဆိုပေမဲ့လည်း ကျွန်တော်တို့ အမျိုးသားတွေကိုလည်း ပြဿနာ လာပေးတယ်။ ဘာလို့ဆိုတော့ ယောက္ခမ ဆိုတာက ကိုယ့်ကို မွေးထုတ်ထားတဲ့ အမေဖြစ်ပြီး၊ ချွေးမဆိုတာက ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမ ဖြစ်နေတာကိုး။ ဒီတော့ ကြားညှပ်တာပေါ့။ တချို့ကျတော့လည်း ပြောတယ်၊ သားကောင်းတစ်ယောက် ဖြစ်ချင်ရင် မိန်းမအတွက် လင်ယောကျာ်းကောင်း မဖြစ်နိုင်သလို၊ လင်ယောကျာ်းကောင်း ဖြစ်ချင်ရင်လည်း အမေ့အတွက်ကတော့ သားကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးတဲ့။ တကယ်လည်း အဲဒီနှစ်ခုကြား ဟန်ချက်ညီအောင် လုပ်ဖို့ဆိုတာ သိပ်ခက်တယ်။ ပြောသလောက် မလွယ်ဘူး။

ကျွန်တော်ကတော့ အိမ်ထောင်သည် မဟုတ်ဘူး။ (ကြုံတုန်း ကြော်ငြာဝင်တာ) ပြောရရင် အဲဒီလို ကြားညှပ်တာမျိုးကို တွေးပြီး စိတ်ညစ်နေမိသူ။ နှစ်ဖက်လုံးကိုလည်း စိတ်ချမ်းသာအောင် ထားချင်တယ်။ အဲဒါက ဖြစ်ရော ဖြစ်နိုင်ပါ့မလားလည်း စိတ်ပူမိတယ်။

တစ်ခါက လူငယ်တွေနဲ့ Healthy relationship အကြောင်း ဆွေးနွေးပွဲလုပ်တော့ ပြောဖြစ်ကြတဲ့အထဲ အဲဒီကိစ္စလေးက ပါလာတယ်။ ဖြစ်ချင်တော့ ရုံးက ဆရာတစ်ယောက်က အိမ်ထောင်သည်။ နောက်ပြီး သူက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့သူမှန်း ဖေ့စ်ဘွတ်ပို့စ်တွေကတဆင့် တော်တော်များများက သိနေကြတယ်။ အဲဒါနဲ့ သူ့ကို အတွေ့အကြုံ ဝေမျှခိုင်းတော့ ဥပမာလေးတစ်ခု သူပြောသွားတယ်။ ဒါလေးက အမျိုးသားတွေ၊ နောက်ပြီး အိမ်ထောင်သည်တွေ သိထားသင့်တာမို့ တစ်ဆင့်ဖောက်သည်ပြန်ချချင်ပါတယ်။

တစ်ခါတုန်းက သူ နယ်မြို့တစ်ခုကို ခရီးထွက်ရတော့ ပြန်လာတဲ့အခါ အဲဒီမြို့ရဲ့ နာမည်ကျော် သနပ်ခါးတုံးလက်ဆောင်တွေ ၀ယ်လာပါတယ်တဲ့။ အမေ့အတွက် ၁ တုံး။ မိန်းမအတွက် ၁ တုံး။ ဒါပေမဲ့ သူက တမင် ၃ တုံး ၀ယ်ခဲ့တယ်။

အဲ့လိုနဲ့ အိမ်ပြန်ရောက်၊ အထုပ်တွေချ။ ပစ္စည်းတွေရှင်းတော့ သူက သနပ်ခါးတုံး ၁ တုံးကို ဖွက်ထားလိုက်ပြီး ၂ တုံးကိုပဲ မိန်းမဆီ ယူသွားတယ်။ ပြီးတော့ မေးတယ်။ “မိန်းမ ဒီမှာ ငါ သနပ်ခါးတုံးတွေ ၀ယ်လာတယ်၊ မင်း ၁ တုံး၊ အမေ့အတွက် ၁ တုံးပေါ့။ အဲဒါ မင်း ဘယ်အတုံးယူမလဲ၊ အရင်ရွေးလိုက်၊ ပြီးမှ ကျန်တာကို အမေ့ကို သွားပေးလိုက်မယ်” တဲ့။ အဲဒါနဲ့ မိန်းမကလည်း သူ့ကို ဦးစားပေးတယ် ဆိုပြီး ပျော်သွားရော။ ပျော်သွားတဲ့အခါ၊ လင်ယောကျာ်းက သူ့ကို ဦးစားပေးတယ်လို့ ခံစားရတဲ့အခါ သူ့ဘက်ကလည်း နားလည်ပေးတဲ့အနေနဲ့ သိပ်မကောင်းဘူးလို့ သူထင်တဲ့ အတုံးကို ရွေးပြီး အမေ့ကို ပိုကောင်းတဲ့အတုံး ပေးလိုက်တယ်ပေါ့။

အဲဒီ ၁ တုံးကို သူက ပြန်ယူခဲ့။ ပြီးမှ ဖွက်ထားတဲ့ အတုံးကို ပြန်ထုတ်။ ၂ တုံးပေါင်းပြီး အမေ့ဆီသွား။ “အမေ သား ဒီမှာ အမေတို့အတွက် သနပ်ခါးတုံးတွေ ၀ယ်လာခဲ့တယ်။ အဲဒါ အမေ အရင်ရွေး၊ ပြီးမှ ကျွန်တော့်မိန်းမကို ပေးလိုက်မယ်” ဆိုတော့ အမေကလည်း ပျော်သွားပြန်ရော။ ဟာ ငါ့သားလေးက အမေ့ကို သိတတ်တယ် ဆိုပြီး သူကလည်း ချွေးမကို ဦးစားပြန်ပေးတဲ့အနေနဲ့ သိပ်မကောင်းဘူး ထင်တဲ့ အတုံးကို ယူလိုက်တာပေါ့။

တကယ်တော့ သနပ်ခါးတုံးတွေကို သေချာရွေးဝယ်လာပြီးသား ဆိုတော့လည်း ကောင်းတာ၊ မကောင်းတာ သိပ်မကွာပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ကျေနပ်မှုလေး ရသွားတာပေါ့။ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ သူတို့ကို ဦးစားပေးတယ် လို့ ထင်သွားတာကိုး။ ယောက္ခမနဲ့ ချွေးမကြားလည်း အဆင်မပြေ မဖြစ်တော့ဘူး။ အဲ့လိုခံစားချက်မျိုးတွေ ၀င်သွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပိုပြီး အကောင်းမြင်လာတယ်။ အသေးအဖွဲလေးတွေကို အထအန ကောက်တာမျိုး မဖြစ်တော့ဘူးပေါ့။

ဒါက အခါခပ်သိမ်း လုပ်လို့ မရပါဘူး။ လူတိုင်း၊ မိသားစုတိုင်းနဲ့လည်း အဆင်ပြေချင်မှ ပြေလိမ့်မယ်။ အဲဒီအတွေ့အကြုံလေးကို ဝေမျှရင်း သူ ဆက်ပြောသွားတာလေး သိပ်လှတယ်။ ကျွန်တော် ဒီလိုလေး လုပ်လို့ရတယ် ဆိုတာ အမေကလည်း နင့်မိန်းမကို မပေးနဲ့ ငါ့ပဲ ၂ တုံးစလုံး ပေး ဆိုတာမျိုး၊ မိန်းမကလည်း ရှင့်အမေကို မပေးနေနဲ့၊ ကျွန်မပဲ ၂ တုံးစလုံး ယူလိုက်မယ် ဆိုတာမျိုး မဖြစ်ကြဖို့၊ သိပ်အတ္တမကြီးကြဖို့တော့ လိုတာပေါ့တဲ့။ သဘောတရားက တစ်ဖက်ဖက်က အလွန်အကျွံ ဖြစ်နေပြန်ရင်လည်း ဘယ်လိုမှ ညှိနှိုင်းလို့ မရဘဲ အဲဒီအိမ်ထောင်ရေးဟာ အဆင်မပြေ ဖြစ်ဖို့ များတယ်။ အဲ့လောက်ထိ ဟုတ်မနေဘူးဆိုရင်တော့ အမျိုးသမီးတွေရဲ့ ဦးစားပေးခံချင်တဲ့ စိတ်သဘောကို နားလည်ပြီး ဆက်ဆံတတ်ရင် ပိုပြီး အဆင်ပြေနိုင်တယ် ဆိုတာလေးကို ဝေမျှချင်တာပါ။

ရုပ်ရှင်ဇာတ်ကား နာမည်လိုပါပဲ။ တကယ်တော့ ယောက္ခမဆိုတာ တစ်ခါတုန်းက ချွေးမပါ။ ခုကိုယ့်ချွေးမမှာ ရှိနေတဲ့ ခံစားချက်လေးတွေက ကိုယ်တိုင် ချွေးမ ဘ၀တုန်းကလည်း အနည်းနဲ့အများ ရှိခဲ့ဖူးပါတယ်။ ဒါကို နားလည်ကြည့်ပေးပါ။ အဲ့လိုပဲ၊ ချွေးမအနေနဲ့လည်း တစ်သက်လုံး ချွေးမပဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ တစ်နေ့ကျ ကိုယ်လည်း ယောက္ခမ ဖြစ်လာဦးမှာပါ။ ခု ကိုယ့်ယောက္ခမမှာ ရှိနေတဲ့ ခံစားချက်မျိုးတွေဟာ တစ်ချိန် ကိုယ့်မှာလည်း ရှိလာမှာပါ။ ဒီလိုလေး အပြန်အလှန် နားလည်ပေးနိုင်မယ် ဆိုရင်တော့ ပိုပြီး သာယာပျော်ရွှင်တဲ့ မိသားစုတွေ ဖြစ်နေမှာ အသေအချာပါပဲ။

အမျိုးသားတွေအနေနဲ့လည်း အမေ့ကိုလည်း ချစ်ပါ။ မိန်းမကိုလည်း ချစ်ပါ။ တစ်ဖက်ဖက်ကိုပဲ အလွန်အကျွံ အရေးပေးတာမျိုး မလုပ်ဘဲ ဟန်ချက်ညီညီလေး နေပါ။ နောက်ပြီး အဲ့လိုမျိုး ပြဿနာတွေ ကြုံနေရတယ် ဆိုလည်း သူတို့ကို အပြန်အလှန် နားလည်မှုထားဖို့ပဲ နားချမနေပါနဲ့။ ဆဒ္ဒန်ဆင်မင်းကို စူဠသုဘဒ္ဒါ စိတ်ဆိုးသွားရခြင်းမှာ ဘယ်လောက် အသေးအဖွဲပဲဆိုဆို အကြောင်းအရင်းတွေတော့ ရှိနေတတ်ပါတယ်။ ဒါကို မြင်အောင်ကြည့်ကြည့်ပါ။

ကိုယ့်ကို မွေးထားတဲ့ အမေနဲ့ ချစ်လို့လက်ထပ်ထားတဲ့ မိန်းမ အဆင်မပြေကြရင် ကိုယ်တွေက ကြားညှပ်နိုင်တယ် ဆိုပေမဲ့ တစ်ဖက်က ပြန်စဉ်းစားရင်လည်း ကိုယ်ကသာ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းတတ်ရင် သူတို့ရဲ့ ဆက်ဆံရေးက ပိုလို့တောင် အဆင်ပြေလာနိုင်သေးတယ် ဆိုတာကို သိစေချင်ပါတယ်။

ဒါကပဲ ခေတ်သစ် အိမ်ထောင်သည် အမျိုးသားတို့ရဲ့ ပါဝါလို့ ဆိုချင်ဆိုပါတော့။

ဒေါက်တာ ဖြိုးသီဟ
၁၇.၅.၂၀၁၉

(ဒီလိုပြဿနာ ကြုံနေရတဲ့ အိမ်ထောင်သည်တွေအတွက်ရော၊ အိမ်ထောင်မရှိသေးပေမဲ့ ဒါကို တွေးပူနေတဲ့ ညီအစ်ကိုတွေအတွက်ရော ဝေမျှပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ်ကြားဖူးတဲ့၊ အသုံးပြုဖူးတဲ့ ယောကျာ်းတို့၏ မာယာတွေ ရှိရင်လည်း ကွန်မန့်မှာ ရေးသွားပေးစေချင်ပါတယ်။ FA ညီအစ်ကိုတွေ FA ဘ၀ကများ မတော်တဆ ကျွတ်သွားခဲ့ရင် အဆင်သင့် ဖြစ်နေအောင်လို့ပါ။)

No comments: