(ကျွန်တော့်အကြောင်းတွေပါ ထည့်ရေးထားတာမို့ စာအနည်းငယ် ရှည်နိုင်ပါတယ်။ အချိန် ၃ မိနစ်လောက် ပေးပြီး ဖတ်ပေးပါ။)
ခုတင်ထားတဲ့ ပုံလေးက ပြီးခဲ့တဲ့ Parenting 4.0 ပွဲမှာ လူငယ်တစ်ယောက် ရေးသွားတဲ့ ရင်ဖွင့်စာလေးပါ။ အဲဒီပွဲက ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်တဲ့ပွဲဖြစ်တာမို့ ဒီအတိုင်း ဟောပြောတာအပြင် လူငယ်တွေရော အုပ်ထိန်းသူတွေကိုပါ တစ်နေရာတည်း စုဝေးစေပြီး အပြန်အလှန် နားလည်မှု ရစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ဘာလို့ဆို ဒီအရွယ်မှာ တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်ကြတဲ့ ကိစ္စက သိပ်ကြီးတဲ့ ပြဿနာမို့လား။
အထူးသဖြင့် မိဘက သိပ်စိတ်ပူတတ်ပြီး တအား ထိန်းချုပ်ထားတဲ့ မိသားစုတွေမှာ ပိုဆိုးပါတယ်။ သူတို့ဖြစ်ချင်တာ မဖြစ်ရလို့၊ မိဘက လုပ်ခွင့်မပေးလို့၊ မိဘက မသွားနဲ့ မလာနဲ့ဆိုပြီး ချုပ်ချယ်ထားလို့ မိဘနဲ့ ဘယ်လိုညှိနှိုင်းရမလဲ ဆိုတာက ကျွန်တော်တို့ မကြာခဏ ကြုံနေရတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
အဲ့လိုလူငယ်တွေအတွက် ဒီဆောင်းပါးလေး ရေးလိုက်ရတာပါ။
ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်လည်း အဲ့လိုမိသားစုကနေ ကြီးပြင်းလာတာပါပဲ။ ကျွန်တော့်အဖေက သဘောင်္အင်ဂျင်နီယာ။ ဒီတော့ တစ်နှစ်မှာ ၁၀ လ လောက်က နိုင်ငံခြားရောက်နေပါတယ်။ ဒါကြောင့် အမေကပဲ အစစအရာရာ စောင့်ရှောက်ခဲ့တယ်။ ဆိုတော့ အမေ့ရဲ့ဘ၀က ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ပဲပေါ့။ ဒီတော့ လိုလေသေးမရှိအောင် ထားတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀က ပြီးပြည့်စုံခဲ့သလို ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဘာမှ မလုပ်တတ် မကိုင်တတ်တွေ ဖြစ်ကုန်ပါတယ်။ ပုံမှန် အမေဖန်တီးပေးထားတဲ့ အနေအထားကနေ နည်းနည်းလေး သွေဖည်လိုက်တာနဲ့ အဆင်မပြေတော့ပါဘူး။ အဖိုးအဖွားအိမ်သွားလို့ ထမင်းပျော့ပျော့စားရတာ၊ အိမ်သာမှာ သန့်ရှင်းရေး လုပ်စရာ ပိုက်မရှိတာတွေက ကျွန်တော်တို့အတွက် သိပ်ကြီးတဲ့ ပြဿနာတွေ ဖြစ်နေခဲ့တယ်။
ဒီလိုနဲ့ အသက်တွေကြီးလာပြီး အလုပ်စလုပ်တော့ တော်တော်လေးကိုမှ ခက်ခဲခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူးပေါ့။ အမေကပဲ အကုန်လုပ်ပေးခဲ့တာကိုး။ နယ်ပြန်လို့ အထုပ် ၄-၅ ထုပ် ပါလာတယ်ဆိုရင်ကိုပဲ ဖြစ်ပါ့မလား စိတ်ပူနေပြီ။ တကယ်ဆို လူကလည်း သန်သန်မာမာကြီး။ နောက်ဆုံး မသယ်နိုင်ရင်တောင် ပိုက်ဆံပေးပြီး သယ်ခိုင်းလိုက်လို့ ရနေတာပဲ။ ဒါကိုတောင်မှ ဖြစ်ပါ့မလားလို့ စိတ်ပူနေမိတာ။
ခုလည်း ပြည့်စုံတဲ့ လူတစ်ယောက် မဖြစ်သေးပေမဲ့ ငယ်ငယ်တုန်းကနဲ့တော့ ပုံစံမတူတော့ပါဘူး။ အဲ့လိုမျိုး ဘယ်လိုပြောင်းလဲယူခဲ့သလဲ ဆိုတဲ့အပေါ် မူတည်ပြီး မိဘတွေအတွက်ရော၊ လူငယ်တွေအတွက်ပါ အကျိုးတခုခုရှိအောင် ဝေမျှသွားပါမယ်။
၁။ ညာပါ၊ သို့သော် Limit တော့ သိပါစေ။
မှတ်မှတ်ရရ ၇ တန်းနှစ်က ကျောင်းရဲ့ ဗုဒ္ဓဘာသာအသင်းမှာ ကျွန်တော် ပါရတယ်။ ကျွန်တော်အပါအ၀င် သူငယ်ချင်း ၅ ယောက်ပေါ့။ ဘုရားခန်း သန့်ရှင်းရေးကို မနက်တိုင်း တက်တက်ကြွကြွ လုပ်ခဲ့ကြတယ်။ အဲ့လိုနဲ့ ကျောင်းက ကျွန်တော်တို့ကို ကျိုက်ထီးရိုးဘုရားဖူး လွှတ်တယ်။ အကုန်လုံး လိုက်လို့ရပေမဲ့ ကျွန်တော် မလိုက်ရဘူး။ အမေက မထည့်လို့။ သူငယ်ချင်းတွေက ခရီးသွားရတော့မယ် ဆိုပြီး ပျော်နေရွှင်နေကြချိန် ကျွန်တော်က မှိုင်နေတော့ ဆရာမက စိတ်မကောင်းဖြစ်ပြီး အမေ့ကို ပြောပေးရမလား တဲ့၊ လာမေးတယ်။ ကျွန်တော် မပြောခိုင်းဘူး။ ဘာလို့ဆိုတော့ ဆရာမ ပြောပေးလို့ လိုက်ရလည်း အမေ စိတ်ပူပြီး အိမ်မှာ ကျန်နေခဲ့ရမယ်ဆိုတာ သိတယ်လေ။ ဒီခေတ်လို ဖုန်းတွေဘာတွေကလည်း ရှိမှမရှိတာ။ အဲဒါနဲ့ ကိုယ်ကပဲ ရပါတယ် ဆရာမ၊ မလိုက်တော့ပါဘူး ဆိုပြီး တစ်ခါတည်း အပြတ်ငြင်းခဲ့လိုက်ရတယ်။
ခုအရွယ်မှာရော ပြောင်းလဲသွားလားဆိုတော့ အရင်လိုပဲ၊ အရင်အတိုင်းပဲ။ ကျွန်တော့်အမေလို တခြားမိဘတွေလည်း အများကြီး ရှိတယ်။ သူတို့ရဲ့ စိတ်ပူပန်မှုကို နားလည်ပေမဲ့ အဲဒီအနေအထားက ကိုယ့်အတွက် အဆင်မပြေဘူး။ ၇ တန်းနှစ်မှာ ကျိုက်ထီးရိုး မလိုက်ရတာက ပြဿနာ မရှိပေမဲ့ ၂၃ နှစ်မှာ အလုပ်မလုပ်ခိုင်းသေးတာက ပြဿနာ ရှိသွားပြီ။ ကိုယ့်မှာလည်း ကိုယ်လုပ်ချင်တာတွေ ရှိတယ်။ ဖြစ်ချင်တာတွေ ရှိတယ်။ ကလေးလည်း မဟုတ်တော့ဘူး။
ဒီတော့ ဘယ်လိုလုပ်မလဲ။ ရှင်းတယ်။ ညာရပါတယ်။
ကျွန်တော့်အသက် ၂၃ နှစ်မှာ ဆေးကျောင်းကနေ ဘွဲ့ရတယ်။ အဲဒီတုန်းက ဆ.မ ရဖို့ ၆ လလောက် စောင့်ရတယ်။ အဲဒီစပ်ကြားကာလမှာ NGO အဖွဲ့တစ်ခုက ခေါ်တဲ့ သင်တန်းကို တက်ရင်း အဲဒီမှာ အလုပ်ခေါ်နေတယ် ဆိုတာ သိရတယ်။ အဲ့လိုနဲ့ ဆ.မလည်း ရပြီးရော၊ လျှောက်ကြည့်လိုက်တယ်။ အင်တာဗျူး သွားဖြေတော့ သားသားနားနား ၀တ်သွားရတာပေါ့။ ဒီတော့ သိသာနေရော။ အဲဒါနဲ့ မေးတော့ မင်္ဂလာဆောင် သွားမလို့ ဆိုပြီး ညာရတယ်။ ဒီလိုနဲ့ အင်တာဗျူးအောင်၊ အလုပ်ရ။ တာဝန်ကျတဲ့ ဖျာပုံကို စနေနေ့လို သွားရတော့မယ်ဆိုမှ ကြာသပတေးနေ့မှ ထုတ်ပြော။ ထင်ထားတဲ့အတိုင်း ငိုရော။ ကားဂိတ်လိုက်ပို့တော့ မျက်ရည်တွေနဲ့။ မတတ်နိုင်ဘူး။ အသည်းမာမာနဲ့ သွားရတာပဲ။ နောက်ပိုင်း ကြာလာတော့မှ တဖြည်းဖြည်း အဆင်ပြေသွားတာ။
ခုချိန်ထိလည်း ကျွန်တော် နေထိုင်မကောင်းဖြစ်ရင် ကိုယ့်ဟာကိုယ်ပဲ ဆေးခန်းကြိတ်ပြတယ်။ ဖြစ်တဲ့ပြဿနာ ထုတ်မပြောရဲဘူး။ ပြောလိုက်တာနဲ့ ပြဿနာသေးသေးလေးကအစ စိတ်တအားပူတာ။
သူတို့ကလည်း စိတ်ပူတယ်။ ကိုယ်ကလည်း သူတို့ကို စိတ်မပူစေချင်ဘူး။ ဒီတော့ ဖုံးရ၊ ကွယ်ရ၊ လိမ်ရ ညာရတယ်။
အပြစ်ရှိတယ်လို့တော့ မခံစားရဘူး။ ကျောင်းသွားမယ်ပြောပြီး EDM ပွဲ ရောက်နေတာမှ မဟုတ်တာ။ ဒါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ Win-Win Solution ပဲလို့ ထင်တယ်။
ဒါပေမဲ့ အတိုင်းအဆလေးတော့ သိပါ။ သာမန်ဖျားတာနာတာ မပြောလည်း ရပေမဲ့ ကြီးကြီးမားမား ရောဂါဖြစ်ရင်တော့ ပြောရမှာပေါ့။ တော်ရုံအခက်အခဲဆို ကိစ္စမရှိပေမဲ့ သိပ်ကြီးတဲ့ စိတ်ဒုက္ခတွေဆိုရင်တော့ ရင်ဖွင့်အကူအညီတောင်းရမှာပေါ့။ ဒါကြောင့် ညာစရာရှိတာ ညာပါ။ သို့သော် အတိုင်းအထွာတော့ သိပါစေ။
(မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ဒီလိုတွေ မဖုံးကွယ်စေချင်ဘူးဆို ကိုယ့်ရဲ့ စိတ်ပူပန်မှုကို လျှော့ပါ။ မလျှော့နိုင်တောင် သားသမီးရှေ့မှာ သိပ်မပြပါနဲ့)
၂။ သက်သေပြပါ၊ ထိပ်တိုက်မတွေ့ပါနဲ့။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ ကျွန်တော် စာအုပ်သစ်ထွက်တဲ့ အထိမ်းအမှတ်အနေနဲ့ ပွဲလေးလုပ်တော့ ပွဲမှာ ရောင်းရအောင် စာအုပ် အုပ် ၄၀၀ မှာပါတယ်။ အဲဒါကို အဖေက များလိုက်တာ၊ ကုန်ပါ့မလား တဲ့။ ရုတ်တရက်ဆို အဖေက ငါ့ကို အထင်သေးတယ်ပေါ့။ တကယ်တော့ အဲဒါ အထင်သေးတာ မဟုတ်ဘူး။ အုပ် ၄၀၀ တောင် မှာပြီး မရောင်းရရင် သူ့သား စိုက်ရမှာကို စိတ်ပူတာပါ။
ဒါကြောင့် မိဘက ငါ့ကို အထင်သေးတယ်၊ ငါ့အရည်အချင်းကို မယုံဘူး မထင်ပါနဲ့။ တကယ်တော့ ကိုယ်ကျရှုံးမှာကို စိုးတာ၊ သူတို့ကျရှုံးတာထက် ကိုယ် အဲ့လိုဖြစ်မှာကို သူတို့က စိတ်ပူတာပါ။
တစ်ခါတစ်လေမှာလည်း ကိုယ့်ကို ဒါ မလုပ်စေချင်တဲ့အတွက် ပစ်ပစ်ခါခါ ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မင်း သီချင်းဆိုတဲ့အလုပ်က ဘယ်လောက်ကောင်းလို့လဲ ဆိုတာမျိုးပေါ့။
ဒီတော့ သူတို့ကို အပြစ်မြင်မနေဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လုပ်ပြပါ။ ကိုယ့်ဘက်က ဒါကို ၀ါသနာပါကြောင်း၊ အောင်မြင်အောင် လုပ်နိုင်ကြောင်း၊ ရလဒ်တခုခု မပြနိုင်သေးတောင် ကိုယ် အကောင်းဆုံး ကြိုးစားနေကြောင်း ပြသပါ။ စိတ်ပူလို့သာ တားနေကြတာဖြစ်ပြီး ဒီလိုသာ ကိုယ့်ဘက်က သက်သေပြနိုင်ရင် သူတို့ဘက်ကလည်း လိုက်လျောလာနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဖြစ်ချင်တာကို မိဘက ခွင့်မပြုလို့ တိုက်ပွဲဝင်ချင်တယ်ဆို အကောင်းဆုံးနည်းက အစာငတ်ခံတာ၊ အရွဲ့တိုက်တာ မဟုတ်ပါဘူး။ သက်သေပြခြင်းပါပဲ။
(မိဘများအနေနဲ့လည်း တိုင်းပြည်တစ်ပြည်ကို ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ချည်း တည်ဆောက်လို့ မရဘူး ဆိုတာ အမှတ်ရပေးပါ။ ရေထဲကျမှ ကူးခတ်နိုင်မယ့် ငါးကလေးတွေကို အပင်ပေါ် တက်ခိုင်းတာက ကိုယ့်အတွက်ရော၊ ငါးကလေးအတွက်ပါ အဆင်မပြေပါဘူး။ ဒါကြောင့် ငါးကလေးတွေကို ရေထဲဆင်းခိုင်းပြီး မျောက်ကလေးတွေကို အပင်ပေါ်တက်ခိုင်းလိုက်တာကသာ မိဘမေတ္တာကို အကောင်းဆုံး ပြသရာ ရောက်ပါလိမ့်မယ်။)
၃။ ဇွတ်လုပ်ပါ၊ သို့သော် သေချာမှုတော့ ရှိပါစေ။
ကျွန်တော်တို့က ညီအစ်ကိုနှစ်ယောက် ရှိပါတယ်။ နှစ်ယောက်လုံး ဆရာဝန်ပါ။ ဒါပေမဲ့ အစိုးရအလုပ်ကျ သိတဲ့အတိုင်း နှစ်ယောက်လုံး ၀င်ဖို့ မဖြစ်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် လခကြောင့်ပါ။ အသက် ၃၀ ပတ်ချာလည်လောက် ရှိနေသည်အထိ သားနှစ်ယောက်ကို ဒီအတိုင်း တင်ကျွေးထားမလား ဆို မိဘကတော့ ကျွေးမယ်ပဲ ပြောမှာပါပဲ။ ကိုယ်ကတော့ ကိုယ့်ဟာကိုယ် သိဖို့ လိုပါမယ်။ အစိုးရအလုပ်ဝင်မယ်ဆို တစ်ချိန်မှာ ပါမောက္ခတွေ ဘာတွေ ဖြစ်လာနိုင်ပေမဲ့ လတ်တလောတော့ ကိုယ့်စရိတ်ကိုယ်တောင် အနိုင်နိုင် ဖြစ်ရမှာပါ။ ပါမောက္ခဖြစ်မယ် ဆိုတာကလည်း ရုပ်ရှင်လောကထဲ ၀င်ရသလိုပဲ၊ လူတိုင်းကတော့ စူပါမင်းသား ဖြစ်ချင်ပေမဲ့ အဲဒီထဲက လက်ချိုးရေလို့ ရတဲ့ အရေအတွက်လောက်သာ နေတိုးတို့၊ မြင့်မြတ်တို့ ဖြစ်လာတာပါ။ ဒီတော့ အကြီးဖြစ်တဲ့ ကျွန်တော်က အပြင်မှာပဲ လုပ်ဖို့ ရွေးချယ်ရပါတယ်။ အဲ့လိုဆုံးဖြတ်စမှာတော့ မကြိုက်ဘူးပေါ့။ သူတို့က အစိုးရအလုပ် ၀င်စေချင်တာကိုး။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ခေါင်းမာမာနဲ့ ရှေ့ဆက်ရတာပဲ။
ဆိုလိုတာက တချို့ကိစ္စတွေမှာ မိဘက ကိုယ့်လောက် မသိပါဘူး။ အထူးသဖြင့် သူတို့နယ်ပယ် မဟုတ်ရင်ပေါ့။ အဲဒီအပြင် သူတို့ဟာ သားသမီးကို ချစ်တဲ့စိတ်နဲ့ မပြတ်မသားတွေ လုပ်တတ်ကြတယ်။ (ဘယ်မိဘကတော့ မင်းတို့ ကိုယ့်စရိတ်ကိုယ်ရှာကြလို့ ပြောထွက်မလဲနော်) ဒါပေမဲ့ ကိုယ့်ဟာကိုယ် သိရပါတယ်။ ဆုံးဖြတ်ချက်တွေ ပြတ်သားရပါတယ်။ ဇွတ်လုပ်ရပါတယ်။
အသက်ငယ်ငယ်အရွယ်မှာ အဲ့လိုဇွတ်လုပ်တာက တစ်ခါတစ်လေတော့ မကောင်းပါဘူး။ ကိုယ့်မှာက အတွေ့အကြုံ နည်းသေးတာကိုး။ ဥပမာ အဆိုတော်အလုပ်ဟာ လတ်တလောတော့ အဆင်ပြေပေမဲ့ ရေရှည်အတွက်ကျ အဆင်ပြေချင်မှ ပြေတာ။ ဒါကို ငယ်သေးတဲ့ ကိုယ့်အနေနဲ့ကျ စဉ်းစားချင်မှ စဉ်းစားမိမှာပါ။ ဒါကြောင့် ဆရာသမားတွေ၊ လူကြီးတွေနဲ့ တိုင်ပင်ပြီးမှဖြစ်ဖြစ်၊ သေချာလေ့လာပြီးမှဖြစ်ဖြစ်တော့ ဇွတ်လုပ်စေချင်ပါတယ်။
နောက်ဆုံးအနေနဲ့ မိဘတွေကို သိစေချင်တာလေး ရှိပါတယ်။
ကိုယ့်သားသမီး လမ်းစမ်းလျှောက်စမှာ ချော်လဲပြီး ထိမိခိုက်မိတာက ပြဿနာ မဟုတ်ဘူး။ လမ်းမလျှောက်တတ်တော့တာကမှ ပြဿနာပါ။ ဒါကြောင့် စိတ်အပူလွန်တာတွေကို လျှော့ပါ။ ခက်ခဲမယ် ဆိုတာတော့ သိပါတယ်။ သို့သော် မတတ်နိုင်ဘူး။ ကြိုးစားရမှာပါပဲ။ ကိုယ့်ရဲ့ စိတ်အပူလွန်ခြင်းက သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို အားနည်းသွားစေနိုင်တယ်၊ တက်လမ်းကို ပိတ်စေနိုင်တယ် ဆိုတာကို သဘောပေါက်ထားရင်တော့ ကြိုးစားရတာ နည်းနည်းပိုလွယ်သွားမယ် ယူဆလို့ ဒီဆောင်းပါးကို ရေးလိုက်ရခြင်းလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(၂၅.၅.၂၀၁၉ ထုတ် Voice Weekly ပါ ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ထားပါသည်)
No comments:
Post a Comment