Friday, May 24, 2019

ထောပတ်သီးကြော် (Fried Avocado) - Koong Tung (ကွန်းထန့်) - မရန်းသီးနှင့် ကြက်အူဟင်း

ထောပတ်သီးကြော် (Fried Avocado)
........................


 ထောပတ်သီးက အလွယ်တကူ လျင်မြန်စွာ လုပ်စားလို့ရတဲ့ အဆာပြေအစားအစာပါ။ အိမ်မှာ ပျင်းလို့ပဲဖြစ်စေ၊ ဧည့်ခံပွဲအတွက် ဧည့်ခံချင်လို့ပဲဖြစ်စေ အလွန်အဆင်ပြေစေတဲ့ အဆာပြေအစားအစာလေးပါ။

ပါဝင်ပစ္စည်းများ
ထောပတ်သီး  -  ၁ လုံး (အမြှောင်းလိုက် လှီးထားပါ)
ကြက်ဥ  -  ၁ လုံး (ခလောက်ထားပါ)
ဆား  -  အနည်းငယ်
ငရုတ်သီးမှုန့်  -  ၁/၂ ဇွန်း
ပဲဆီ  -  လိုသလောက်

ပြုလုပ်နည်း
၁။ ဖန်ဇလုံထဲ ကြက်ဥ၊ ဆား၊ ငရုတ်သီးမှုန့်များ ထည့်ပြီး သေချာမွှေပါ။
၂။ အကြော်အိုးထဲ ဆီပူအောင် တည်၍ ဆီပူလာလျှင် ထောပတ်သီးဖတ်လေးများကို ကြက်ဥအနှစ်ထဲ တစ်ဖတ်ချင်းထည့်နှစ်ပြီး ဆီအိုးထဲ မပြည့်တပြည့် ထည့်ကြော်ပါ။ အိုးကျပ်နေအောင် မထည့်သင့်ပါ။ တစ်ဖက် ရွှေရောင်သန်းလျှင် တစ်ဖက်လှန်ပေးပါ။ ကြွပ်ရွနေအောင် ကြော်ပါ။
၃။ ဆီအိုးထဲမှ ဆယ်ယူပြီး မီးဖိုချောင်စက္ကူပေါ်မှာ တင်၍ ဆီစစ်ပါ။ ချက်ချင်းကြွပ်ရွလေးကို ကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့် တို့စားပါ။
...................
Syi Lwin Food Garden


Koong Tung (ကွန်းထန့်)
......................


 ဒီပင်လယ်စာလေးကလည်း အခြားနိုင်ငံများကနေပြီး မြန်မာပြည်ရောက်လာတာ မကြာသေးပေမယ့် လူတော်တော်များများ ကြိုက်နှစ်သက်ကြပြီး ဆိုင်ကြီးတွေမှာ ဈေးကြီးပေး သွားစားလေ့ရှိတဲ့ စားပွဲပေါ်မှာတင်ပြီး စားရတဲ့ တုံယမ်းပင်လယ်စာလေး တစ်မျိုးပါ။ ဒီဟင်းပွဲလေးကိုတော့ ပိတ်ရက်မှာ သူငယ်ချင်း၊ မိသားစုများဖြင့် တပျော်တပါး လုပ်စားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ပုစွန်တုပ်  -  ၃ ကောင်
ကဏန်း  -  ၃ ကောင်
သွေးခုံး  -  ၂၀ဝ ဂရမ်
ရေဘဝဲ  -  ၁၀ဝ ဂရမ်
ကင်းမွန်  -  ၁၀ဝ ဂရမ်
ပြောင်းဖူး  -  ၁ ဖူး
တုံယမ်းအနှစ်  -  ၂၀ဝ ဂရမ်
နို့စိမ်း  -  ၁ ဘူး
ငရုတ်သီးမှုန့် (အစပ်)  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  အနည်းငယ်
ထောပတ်  -  စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ  -  ၅ မြွှာ (နုပ်နုပ်စဉ်း)


ပြုလုပ်နည်း
၁။ သန့်စင်ထားသော ကဏန်း၊ ပုစွန်တုပ်၊ ခုံး၊ ရေဘဝဲ၊ ကင်းမွန်နှင့် ပြောင်းဖူးတို့ကို ပြုတ်ပါ။
၂။ အိုးတစ်အိုးထဲ ထောပတ်ထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီးမှုန့်၊ တုံယမ်း အနှစ်များ ဖောက်ထည့်ပါ။ နို့စိမ်းထပ်ထည့်၍ အရသာမြည်းပြီး ဆားထပ်ထည့်ပါ။
၃။ ထို့နောက် ပင်လယ်စာပြုတ်ထားသည်များ ထည့်မွှေပြီး အိုးပေါ်ကချကာ ဒီအတိုင်း စား၍ရသလို ထမင်းဖြူဖြင့်လည်း စားသုံးနိုင်ပါတယ်။
..........................
မေဖြိုးသီ

ဝက်ဆီဖတ် ကန်စွန်းရွက် ကြက်သွန်မြိတ် ပဲပုပ်ကြော်
...............................



ပါဝင်ပစ္စည်းများ
ပဲပုပ်မီးကင်  -  ၁ ချပ်
ကန်စွန်းရွက်  -  လက်တစ်ဆုပ်
ကြက်သွန်မြိတ်  -  လက်တစ်ဆုပ်
ဝက်ဆီဖတ်  -  ၅ ကျပ်သား
ကြက်သွန်ဖြူ  -  ၅ ဥ
ဆီ  -  ၂   ၁/၂ ကျပ်သား
အရသာမှုန့်  -  အနည်းငယ်
ဆား  -  အနည်းငယ်
သကြား  -  အနည်းငယ်

ကြော်နည်း
 ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကန်စွန်းရွက်သင်ထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်အရွယ်ခန့် ဖြတ်ထားပါ။ ဝက်ဆီဖတ်ပါးပါးလှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ
ဆီသတ်ပါ။ မွှေးလာလျှင် ဝက်ဆီဖတ်ထည့်ပြီး ရေနွေးအနည်းငယ်ထည့်ပါ။ ကန်စွန်းရွက်၊ ကြက်သွန်မြိတ်၊ ပဲပုပ်ထည့်ကြော်ပါ။ ဆား၊ အရသာ၊ သကြား ထည့်ပြီး မီးပြင်းပြင်းနဲ့ ခဏလေးသာ ကြော်ပါ။
...............
ပန်းခရေ

မရန်းသီးနှင့် ကြက်အူဟင်း (Marian and Chicken Intestine Curry)


 ကြက်အူကြိုက်ကြတဲ့သူများအတွက် ကြက်အူဟင်းကောင်းလေးတစ်ခွက် စားနိုင်စေရန် ရည်ရွယ်ပြီး ပုံစံတစ်မျိုးလေးနဲ့ တင်ပြပေးလိုက်ပါတယ်။ ချက်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ
ကြက်အူ  -  ၃၀ ကျပ်သား
မရန်းသီး  -  ၈ လုံး (ပါးပါးလှီးထားပါ)
ငရုတ်သီးမှုန့်  -  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုစွန်ငံပြာရည်  -  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း
နေကြာဆီ  -  စားပွဲဇွန်း ၅-၆ ဇွန်း (ဟင်းဆီသတ်ရန်)
စပါးလင်  -  ၁ ချောင်း (၃ ပိုင်းပိုင်းပြီး ထုထားပါ)
ကြက်သွန်နီ  -  ၃ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ  -  ၃-၄ မြွှာ (ထောင်းထားပါ)
ချင်း  -  လက်တစ်ဆစ် (ထောင်းထားပါ)

ပြုလုပ်နည်း
၁။ ကြက်အူများကို ခွဲ၍ မန်ကျည်းအနှစ်ရည်နှင့် နာနာဆုပ်နယ်ပြီး အရိအရွဲများကို ရေစင်အောင် ဆေးပါ။ ပြီးလျှင် ကြက်အူကို အနေတော် လက်သုံးဆစ်လောက် လှီးထားပါ။ ဆား၊ နနွင်းမှုန့်နှင့် ငံပြာရည်တို့ကို အနည်းငယ်ထည့်ပြီး နယ်နှပ်ထားပါ။
၂။ ထောင်းထားသော ကြက်သွန်နီ/ဖြူ၊ ချင်း၊ စပါးလင်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ နေကြာဆီနှင့် ပုစွန်ငံပြာရည်တို့ကို ဆီသတ်ပါ။ အနံ့လေးမွှေးပြီး အရောင်လှလာလျှင်  မရန်းသီးများထည့်ပြီး ဆီသတ်ပါ။ မရန်းသီး ပျော်လာပြီး ဆီပြန်လာလျှင် ရပါပြီ။
၃။ မရန်းသီးအနှစ်ထဲ ကြက်အူများရောထည့်ပြီး မွှေပါ။ အနှစ်ဖြင့် နှံ့အောင် သေချာမွှေပါ။ ၅ မိနစ်ခန့် အနှစ်ဖြင့် နှပ်ပြီးလျှင် ကြက်အူကိုရေမြုပ်အောင် ထည့်ပြီး တည်ပါ။
၎။ ရေခန်းပြီး ဆီပြန်လာလျှင် ဆားမြည်းပြီး လိုအပ်တာ ထပ်ဖြည့်နိုင်ပါတယ်။
...................
Syi Lwin Food Garden

No comments: