Monday, February 25, 2019

Metformin အကြောင်း

(မက်ဖော်မင်က 75% Alkaloid ပါ အပင်က ထွက်တဲ့ ဆေးပါ အများစုက ဆိုးကျိုးများတယ်ထင်နေကြသလို အနောက်တိုင်းဆေးဝါးပဲထင်နေကြသူများပါတယ် ဆရာဝန်တွေကိုယ်တိုင်ပါပဲ ကိုယ်သုံးနေတာ plant based medicine မှန်းမသိကြပါဘူး အမှန်မြင်ကြပါစေ အငြင်းမပွားကြပါနဲ့ အစွန်းမရောက်ဖို့လိုတယ် ကိုယ့်ဆေးပညာသည်သာ အကောင်းဆုံး တခြားဆေးပညာတွေအသုံးမဝင်ဘူးလို့မမြင်ကြဖို့ပါ လူသားတွေ အကျိုးများရင် Herbal နေနေ Verbal နေနေ Functional Medicine နေနေ Homeopathic ဆေးပညာနေနေပါ အသုံးဝင်နေတာပါပဲ အရမ်း Orthodox မဖြစ်ဖို့လိုပါတယ်)


Metformin ၏ “ သွေးချိုကျစေတဲ့ ကောင်းကျိုးအပြင်”
Metformin:Beyond Glycemic Control

မက်ဖော်မင်ကို နေ့စဉ်သောက်နေတာက ကျောက်ကပ်ပျက်စေတာ မဟုတ်ဘဲ သွေးချိုမထိန်းတာကသာ ကျောက်ကပ်ပျက်စေတဲ့အကြောင်းကို ဖော်ပြပြီးဖြစ်ပါတယ်။ တကယ်တော့ မက်ဖော်မင်က ကျောက်ကပ်ကို မပျက်အောင် ကာကွယ်ပေးနေတဲ့ ဆေးကောင်းတစ်လက်ပင် ဖြစ်ပါတယ်။ ယခုဆက်လက်ပြီး မက်ဖော်မင်ရဲ့ တခြားကောင်းကျိုးတွေကို ဆက်လက်ဖော်ပြလိုပါတယ်။

မက်ဖော်မင်ရဲ့အစ -

 မက်ဖော်မင်ဟာ Galega officinalis ဂါလီဂါဆိုတဲ့ #အပင်မှရတဲ့ #တိုင်းရင်းဆေးတစ်ခုပင်ဖြစ်ပါတယ်။ ၁၇၇၂ လောက်က ဒီဆေးပင်ကို ဆီးချိုရောဂါဝေဒနာတွေ သက်သာစေဖို့အတွက် အသုံးပြုခဲ့ဖူးတယ်လို့ စာတွေထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ၁၉၅၇ နှစ်ရောက်တော့မှသာ ဒီဆေးကို Jean Sterne ဆိုသူက ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူက တုပ်ကွေးလူနာတွေအတွက် သုံးရာမှ ဒီလူနာတွေမှာ သွေးချိုတွေကျသွားတာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါကို ဆက်လက်သုတေသနတွေပြုလုပ်ပြီး သွေးချိုကျဆေးအဖြစ် ပြန်လည်အသုံးပြုလာကြပါတယ်။ အစပိုင်းမှာ သူ့ရဲ့ဆိုးကျိုးတွေဖြစ်လာနိုင်မလား၊ စိတ်ချရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ မက်ဖော်မင်ဟာ တော်တော်လေး စိတ်ချလုံခြုံရတဲ့ ဆေးကောင်းတစ်လက်ဖြစ်နေတာ သုံးတဲ့ကာလတွေ ကြာလေလေ ပိုပြီးသိလာကြပါတယ်။ ယခုတော့ သူဟာ အသုံးအများဆုံးသော ဆီးချိုဆေးဖြစ်လာပါတယ်။ သူ့ကို ဆီးချိုကုထုံးရဲ့ ထိပ်ဆုံးက ပထမဦးဆုံး သုံးရမယ့် ဆေးအဖြစ် အားလုံးသဘောတူ လက်ခံထားပြီး ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၇ နှစ်ဟာ မက်ဖော်မင်ကို စသုံးတာ နှစ်ပေါင်း ၆၀ ရှိပြီဖြစ်ပါတယ်။

 ဘာ့ကြောင့် မက်ဖော်မင်ဟာ ဆီးချိုအတွက် အကောင်းဆုံးဆေးတစ်လက်အနေနဲ့ ကျော်ကြားရသလဲ ဆိုတော့ -
 သွေးချိုကို ထိရောက်စွာ ကျစေခြင်း၊
 သောက်ရလွယ်ခြင်း၊
 တာတိုမှာရော တာရှည်မှာပါ ဆိုးကျိုးမရှိခြင်း၊
 သွေးချိုအကျလွန်တဲ့ ပြဿနာမရှိခြင်း၊
 သွေးချိုကျစေခြင်းအပြင် တခြားသီးသန့်ကောင်းကျိုးတွေရှိခြင်း၊
 ဈေးနှုန်းချိုသာခြင်း၊ စတာတွေကြောင့် ဖြစ်ပါတယ်။ မက်ဖော်မင်ကို သောက်တာကြောင့် သွေးချိုကျစေတာအပြင် တခြားကောင်းကျိုးတွေလည်း အများကြီး ရရှိနိုင်ပါသေးတယ်။

ဆီးချိုရောဂါကာကွယ်ခြင်းနှင့် မက်ဖော်မင်
 ဆီးချိုရောဂါ မဖြစ်မီ မက်ဖော်မင်သောက်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါရဲ့ အဓိက ဇစ်မြစ်ဟာ Insulin Resistance လို့ခေါ်တဲ့ အင်ဆူလင်ကို တွန်းခံနေတာကြောင့်ပဲ ဖြစ်ပါတယ်။ အင်ဆူလင်ရဲ့ လုပ်ငန်းတွေကို ဆန့်ကျင်နေတဲ့အတွက် အင်ဆူလင် ထုပ်လုပ်မှုအား မြန်မြန်ကုန်စေပြီး ဆီးချိုသွေးချိုဖြစ်လာပါတယ်။ ဒီအခြေအနေမျိုးက အဝလွန်သူတွေမှာ အဖြစ်များပါတယ်။ အဝလွန်သူတွေဟာ အများအားဖြင့် ဆီးချိုဖြစ်လုဆဲဆဲ Impaired Glucose Tolerance (IGT) လို့ခေါ်တဲ့ အဆင့်မှာ ရှိနေကြပါတယ်။

 သမရိုးကျစစ်တဲ့နည်းနဲ့ စစ်ရင်တော့ ဆီးချိုရောဂါ မဖြစ်သေးဘူးလို့ သတ်မှတ်သူတွေကို သေသေချာချာ Oral Glucose Tolerance Test (OGTT) နည်းနဲ့ စစ်ကြည့်ရင် IGT လို့ ခေါ်တဲ့ ဆီးချိုဖြစ်လုဆဲဆဲ အဆင့်မှာ ရောက်ရှိနေတာတွေ ရှိပါတယ်။ ဒီလို အဆင့်ရှိသူတွေက အများကြီးပါပဲ။ ဆီးချိုမိသားစုဝင်တွေမှာ ဝတဲ့ သူတိုင်း ရှိဖို့များပါတယ်။ ဒီလို ဆီးချိုဖြစ်လာမယ့်သူတွေကို အစောကြီးကတည်းက ဆီးချိုမဝင်အောင်၊ ဒါမှမဟုတ် ဆီးချိုဝင်တာ နောက်ကျအောင် မက်ဖော်မင်က ကာကွယ် တားဆီးနိုင်ပါတယ်။ ဒီအဆင့်မှာ စပြီး ပြုပြင်ရင် အထိရောက်ဆုံး၊ အသက်အရှည်ဆုံး ဖြစ်ပါမယ်။ IGT အဆင့်ကတည်းက ဘဝနေထိုင်မှုပုံစံ ပြောင်းတာလည်း စလုပ်ရင် မက်ဖော်မင်ကို ပေးထားနိုင်ပါတယ်။ မက်ဖော်မင်က ဆီးချိုကို ၃၁ ရာခိုင်နှုန်း ကာကွယ်နိုင်သည်ဟု အမေရီကန်နိုင်ငံက တွေ့ရှိထားပြီး တရုတ်နိုင်ငံကဆိုလျှင် ၇၇ ရာခိုင်နှုန်းအထိတောင် ကာကွယ်နိုင်သည်ဟု ထုတ်ပြန်ထားပါသည်။ ဒါ့အပြင် မက်ဖော်မင်က သွေးတွင်းအချိုဓာတ်ကို Hypoglycemia ခေါ် သွေးချိုအကျလွန်တဲ့ အန္တရာယ်မရှိလို့ ဆီးချိုရောဂါ မဖြစ်သေးသူတွေမှာ လုံခြုံစွာ သုံးလို့ရပါတယ်။ ဒါပေမယ့် မက်ဖော်မင်ကို မိမိသဘောနဲ့ သောက်ဖို့ မသင့်ပါဘူး။ ပထမဦးဆုံး မိမိရဲ့ ဆီးချိုအဆင့်က နောက်နောင်မှာ ဖြစ်ကိန်းရှိတာလား (Pre IGT)၊ ဖြစ်လုဆဲဆဲ တာဆူနေတာလား (IGT) ဆိုတာ တတ်ကျွမ်းသူတွေထံ စစ်ဖို့လိုပါတယ်။

 နှလုံးရောဂါနှင့် မက်ဖော်မင်
 ဝတဲ့ ဆီးချိုလူနာတွေအဖို့ မက်ဖော်မင်က ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ ဝမ်းတွင်းအဆီနဲ့ အသည်းအဆီတွေလဲ ကျစေပါတယ်။ သွေးတွင်း အဆီတွေလဲ ကျစေပါတယ်။ သွေးဥမွှားတွေ ပူးကပ်ပြီး သွေးခဲလွယ်ခြင်းကိုလည်း တာဆီးပေးလို့ သွေးကြောမပိတ်အောင် ကာကွယ်မှုတွေ ပေးနိုင်ပါတယ်။ သွေးကြောတွေရဲ့ အတွင်း နံရံမှာ အဆီကပ်ပြီး ကြာရင် သွေးကြောတွေ မာမသွားအောင်လည်း တားဆီးပေးပါတယ်။ သွေးတိုးလည်း ကျစေတယ်လို့ တချိုလေ့လာချက်တွေက ပြောပါတယ်။ ထပ်မံ အတည်ပြုဖို့တော့ လိုပါသေးတယ်။

 UKPDS ဆိုတဲ့ အင်္ဂလန်နိုင်ငံမှ အမျိုအစား၂ ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်တဲ့ နာမည်ကြီး သုတေသနကြီးရဲ့ စိတ်ဝင်စားစရာ တွေ့ရှိချက်က မက်ဖော်မင်ရဲ့ ကောင်းကြောင်းကို သက်သေထူခဲ့ပါတယ်။ ဝတဲ့ အမျိုးအစား ၂ ဆီးချိုသွေးချို လူနာတွေကို မက်ဖော်မင်နဲ့ကုထားတဲ့ လူနာအုပ်စုက တခြားကုထုံးတွေဖြစ်တဲ့ ဆာဖွန်နိုင်ယူရီးယား နဲ့ သော်လည်းကောင်း၊ အင်ဆူလင်နဲ့သော်လည်းကောင်း ကုထားသူတွေနဲ့ စာရင် နှလုံးသွေးကြောပိတ်ခြင်း (Myocardial Infarction) ဖြစ်တာ ပိုနည်းကြောင့် တွေ့ရပါတယ်။ ဒါကြောင့် မက်ဖော်မင်ကို နှလုံးသွေးကြောရောဂါရှိဖို့ အလားအလာရှိသူတွေ အားလုံး သောက်ထားသင့်ပါတယ်။ မက်ဖော်မင်ဟာ ဆီးချိုကုထုံရဲ့ ပထမနေရာမှာ အမြဲရှိနေသင့်ပါတယ်။

 အမျိုးသမီးရောဂါနှင့် မက်ဖော်မင်
 မက်ဖော်မင်ဟာ ဝတဲ့ အမျိုးသမီးတွေအတွက် အသုံးကျတဲ့ ဆေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို Gestational DM (GDM) နဲ့ ရာသီမမှန်တဲ့ Polycystic Ovary Syndrome (PCOS) ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ PCOS ကတော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သားဥအိမ်အရည်အိတ်တည်ခြင်း၊ ရာသီမလာခြင်း/မမှန်ခြင်း၊ ကလေးမရနိုင်ခြင်း ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလို ပြဿနာရှိသူတွေကို မက်ဖော်မင်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ထိရောက်မှုလည်း ရှိပါတယ်။ ဒီလို PCOS လူနာတွေမှာ ကိုယ်ဝန်ရလာတဲ့အခါ GDM လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားတဲ့ ဆီးချိုရောဂါ ဖြစ်လေ့ရှိပါတယ်။ ဒီလူနာတွေ ကိုယ်ဝန်ရှိစဉ်မှာလည်း မက်ဖော်မင်ဆက်သောက်ပြီး သွေးချိုထိန်းကြည့်တဲ့အခါ ထိရောက်မှုရှိပြီး ကလေးအပေါ် သက်ရောက်မှု ဆိုးကျိုးတွေ မတွေ့ရပါဘူး။ ဒါကြောင့် မက်ဖော်မင်ဟာ သွေးချိုသိပ်မများတဲ့ ကိုယ်ဝန်ဆောင်ဆီးချို ကုသရာမှာ စိတ်ချစွာ သုံးနိုင်တာ တွေ့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုဖြစ်လာရင် ရှေးယခင်ကလို လူတိုင်း အင်ဆူလင် ထိုးဖို့ မလိုပါဘူး။ အင်ဆူလင် တွန်းခံမှုများရင် မက်ဖော်မင်ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် အထူးမှာကြားလိုတာကတော့ ဘယ်ကုထုံးနဲ့ သင့်လျော်သလဲဆိုတာ ကျွမ်းကျင်သူတွေရဲ့ ဆုံးဖြတ်မှုကို အမြဲယူသင့်ပါတယ်။

 မက်ဖော်မင်က နောက်ထပ်ဘာတွေ ကောင်းတာရှိသေးလဲ
 မက်ဖော်မင်ဟာ အာရုံကြောတွေကို တိုက်ရိုက်ကာကွယ်မှုပေးနိုင်တဲ့ သတ္တိကိုလည်း သုတေသီတွေက တွေ့ရှိထားပါတယ်။
 ဆီးချိုရောဂါရှိသူတွေမှာ Oxidative Stress ကြောင့် အာရုံကြော ကလာပ်စည်း (Nerve Cells) တွေ ပျက်စီးခြင်း(Degeneration) ဖြစ်သဖြင့် မှတ်ဥာဏ်နည်းခြင်း၊ အာရုံကြောအားနည်းခြင်း၊ သူငယ်ပြန်ခြင်း စတာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါတွေကို အဖြစ်နည်းအောင် မက်ဖော်မင်က တာဆီးနိုင်တာ တွေ့ရပါတယ်။ နောက်စိတ်ဝင်စားစရာ တစ်ခုကတော့ မက်ဖော်မင်ဟာ ကင်ဆာရောဂါနဲ့ ပတ်သက်လို့ ကောင်းကျိုးရှိနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။ မက်ဖော်မင်ကို ကင်ဆာကုထုံးတွေနဲ့ ပူးပေါင်းပြီး သုံးရင် ပိုမိုထိရောက်စေတာတွေလည်း တွေ့လာပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ ဆီးချိုလူနာတွေမှာ Tamoxifen ဟော်မုန်းဆိုင်ရာ ကုထုံးကို သုံရတဲ့အခါ မက်ဖော်မင်သောက်ထားတဲ့ သူတွေမှာ အကျိုးပိုရှိတာ၊ ပိုပြီး ထိရောက်တာ တွေ့ရပါတယ်။ ဓာတ်ခွဲခန်းတွေမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ပိုပြီး ထင်ရှားလာပါတယ်။ မက်ဖော်မင်ဟာ ကင်ဆာရောဂါဖြစ်ပွားမှုတွေကို တာဆီးနိုင်မလားဆိုတဲ့ အချက်တွေကို ဆက်ပြီး လေ့လာနေဆဲ ဖြစ်ပါတယ်။


 နိဂုံးချုပ်ပြောရရင် မက်ဖော်မင်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ အားလုံး (ဆေးဒဏ်မခံနိုင်သူတွေနဲ့ ကျောက်ကပ်အား အလွန်နည်းသူတွေက လွဲပြီး) သုံးသင့်တဲ့ ဆေးတစ်ခု ဖြစ်ပါတယ်။ တခြားဆီးချိုဆေး အားလုံးနဲ့လည်း တွဲပြီးသုံးနိုင်ပါတယ်။ ဆီးချိုလူနာတွေရဲ့ သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။

 နှလုံးရောဂါဖြစ်စေတဲ့ အခြေခံအချက်တွေ အားလုံးကို ပြုပြင်ပေးလို့ နှလုံးအတွက် မိတ်ဆွေကောင်း ဖြစ်ပါတယ်။ ကျောက်ကပ်၊ ဦးနှောက်၊ အသည်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုသမီးနဲ့ သက်ဆိုင်တဲ့ မီးယပ်မမှန်၊ ကလေးမရတဲ့ရောဂါတွေကိုလည်း ကောင်းစေတဲ့အပြင် ကိုယ်ဝန်ဆောင်ဆီးချိုမှာလည်း အသုံးကျပါတယ်။ နောက်ဆုံတော့ ကင်ဆာရောဂါတွေမှာလည်း အကျိုးပေးနိုင်တာတွေကို ဆက်ပြီးလေ့လာဆဲ ဖြစ်ပါတယ်။ မက်ဖော်မင်ဟာ ဆီးချိုလူနာသာမက ဆီးချိုမရှိတဲ့ သာမာန်လူတွေ အတွက်လည်း အကျိုးရှိနိုင်မယ့် သုံးလို့ရနိုင်မယ့် ဆေးကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မက်ဖော်မင်ရဲ့ သတင်းကောင်းလေးတွေကို ဆက်လက်စောင့်မျှော် ကြည့်ကြပါစို့။

Credit: ပါမောက္ခ သန်းသန်းအေး၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

No comments: