Wednesday, February 27, 2019

ပဋိပက္ခဖြေရှင်းခြင်းစိတ်ပညာ (Relationship Conflict Resolution)


ချစ်သူ/ရည်းစား/အိမ်ထောင်ဖက် ဆက်ဆံရေး (romantic relationship) တစ်ခု တည်ဆောက်ပြီးသွားရင် ဘယ်လိုတည်မြဲအောင် ကြိုးစားလုပ်ဆောင်ကြမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး လူမေးများပါတယ်။ အကြံပြုထားကြတဲ့စာပေတွေလည်း မနည်းမနောရှိပါတယ်။ ဒီဆောင်းပါးလေးကတော့ ကိုယ်မှတ်သားနာယူဖူးတာလေးတွေ၊ စာထဲမှာဖတ်ဖူးတာလေးတွေနဲ့ ကိုယ်တိုင်အတွေ့အကြုံတွေကိုပေါင်းပြီး relationship တစ်ခုမှာ ပဋိပက္ခ (conflicts) လေးတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာကို အဓိကထား ဖော်ပြသွားမှာဖြစ်ပါတယ်။

ပဋိပက္ခဆိုတာ စကားများရန်ဖြစ်တာ၊ ကွဲကြပြဲကြတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဦးကြားမှာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း၊ အမြင်ချင်း၊ အထင်ချင်း၊ ယုံကြည်ချက်ချင်း၊ ရပ်တည်ချက်ချင်း၊ တစ်စုံတစ်ခုကို နားလည်ယူဆပုံ ဘာသာပြန်ပုံချင်း တသားတည်းကျမနေဘဲ တိုက်ဆိုင်ညီညွတ်မှုမရှိတာကို ဆိုလိုပါတယ်။ ပဋိပက္ခတစ်ခုအပေါ် လူတွေဟာ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ တုံ့ပြန်တတ်ကြပါတယ်။ အဲ့ဒီထဲကတချို့ကတော့ ပါးစပ်နဲ့နာအောင်ပြောတာ၊ မိမိအသာစီးရရေး ကိုယ်မှန်ရေးကို ရှေ့တန်းတင်ပြီး ငြင်းခုံတာ၊ တစ်ဖက်သားမှားကြောင်း နည်းမျိုးစုံနဲ့ သက်သေပြဖို့ကြိုးစားတာ၊ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားတာ၊ ဒီလိုခိုက်ရန်ဖြစ်ပွားဖို့အတွက်လှုံ့ဆော်တာ၊ တစ်ဖက်သားနဲ့မဆိုင်တဲ့ ဘေးလူတွေ တခြားအချင်းအရာတွေကိုပါ ဆွဲသွင်းတာ စတာတွေ ဖြစ်ပါတယ်။ လူအများစု သိပ်သတိမထားမိကြတဲ့ ပဋိပက္ခတစ်မျိုးကတော့ တစ်ဖက်သားကို ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်တာ၊ လျစ်လျူရှုလိုက်တာမျိုးဖြစ်ပါတယ်။ ကိုယ်ဘာဖြစ်နေကြောင်း၊ ဘယ်လိုခံစားနေရကြောင်းကို တစ်ဖက်ကို အသိမပေးဘဲ ပြောမပြဘဲ ကြားထဲမှာစိတ်နံရံတစ်ခုခြားပစ်လိုက်တတ်တာပါ။

ပဋိပက္ခစတင်ရာအခြေခံရာ အကြောင်းရင်းဇစ်မြစ်ကို အတူတူရှာဖို့ (သို့မဟုတ်) ကိုယ့်ဘာသာကိုယ်ရှာဖို့တောင် မကြိုးစားဘဲ ပြဿနာဟာ သူ့ဟာသူအလိုအလျောက် ချုပ်ငြိမ်းသွားမယ်လို့ယူဆပြီး အချိန်တစ်ခုကြာ ပြဿနာကနေ ရှောင်နေလိုက်တာမျိုးဟာ ထိရောက်တဲ့ပဋိပက္ခဖြေရှင်းနည်း (conflict resolution) မဟုတ်ပါဘူး။ ပဋိပက္ခကို ပိုဆိုးရွားသွားစေနိုင်တဲ့ အမူအကျင့်ပဲဖြစ်ပါတယ်။ တချို့ကလည်း တစ်ဖက်လူက ပြန်လာမခေါ်မချင်း၊ ဒါမှမဟုတ် လာမတောင်းပန်မချင်း၊ လာမညှိမချင်း ပေခံပြီးတော့ကို စိတ်အကြေကွဲခံ၊ ဒေါသအဖြစ်ခံ၊ ရင်အနာခံပြီး ပြဿနာကို မဖြေရှင်းပါဘူး။ ဒီလိုအခြေအနေမျိုးတွေဖြစ်တဲ့အခါ အချိန်တစ်ခုကြာလို့ နှစ်ဦးသား ပြန်လည်သင့်မြတ်သွားသည့်တိုင်အောင် အဲ့ဒီပဋိပက္ခ/ပြဿနာဖြစ်ပွားရာ မူလဇစ်မြစ်အကြောင်းအရာဟာ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ခေတ္တငုပ်လျိုးနေတာမျိုးပဲ ဖြစ်မှာပါ။ နောင်အခါ ပြန်ပေါ်လာနိုင်ပါတယ်။ အဲ့ဒီအခါကျမှ မီးတောင်ပေါက်ကွဲသလို အားလုံးဟာ အဆင့်ဆင့်အထပ်ထပ်ဖြတ်ပြီး ဟိုးအောက်ခြေကငုပ်လျိုးနေတဲ့အရာတွေပါ အပေါ်ကို အကုန်ဆန်ကြွပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ အပျက်အစီးလည်း ပိုများနိုင်ပါတယ်။ ဒါကြောင့် ပြဿနာ/ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အကြံပေးချင်ပါတယ်။

(၁) တစ်ဖက်လူကို စကားပြောဖို့ အခွင့်အရေးပေးပါ

ပဋိပက္ခတစ်ခုဖြစ်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတာက ကိုယ့်ဘက်က ပြောပြချင်တဲ့အချက်အလက်တွေ၊ ကိုယ့်ထင်မြင်မှုတွေ၊ ကိုယ့်ယုံကြည်ချက်တွေကိုချည်းပဲ ရှေ့တန်းတင်လေ့ရှိပါတယ်။ ကိုယ့်ဘက်ကမှန်နေကြောင်းကိုအရင်းခံပြီး ဖော်ပြချင်တဲ့စိတ်ကြောင့် ဒီလိုဖြစ်တာပါ။ ကိုယ်မှန်နေပါလျက်နဲ့ တစ်ဖက်က ဘာကြောင့် နားမလည်နိုင်ရသလဲ၊ အမှန်ကိုမမြင်နိုင်ရသလဲဆိုတဲ့စိတ်နဲ့ ဒါကိုပဲ သဘောမပေါက်မချင်း၊ မမြင်မချင်း ထပ်ခါထပ်ခါ စကားရည်လုပြီးပြောမိနေတဲ့အတွက်ကြောင့် တကယ့်ပဋိပက္ခဇစ်မြစ်ကိုရှာဖို့ မေ့နေတတ်ကြပါတယ်။ ပြဿနာဖြေရှင်းဖို့ရာဟာလည်း နှောင့်နှေးသွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဦးစလုံးက တစ်ဖက်နဲ့တစ်ဖက် ကိုယ်ထင်မြင်ရာ ယုံကြည်ရာတွေကိုပဲ ကိုယ့်ဘက်ကအမှန်ဆိုတဲ့စိတ်ကြီးနဲ့ ခွန်းတုံ့ပြန်ပြောနေကြမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘဲ ပြဿနာပိုရှုပ်ထွေးလာတာပဲ ဖြစ်မှာပါ။

ကိုယ်ပြောချင်တာပြော၊ ကိုယ်ဖော်ပြချင်တာကိုလည်းဖော်ပြရမှာဖြစ်သလို တစ်ဖက်သားရဲ့ ခံစားချက်၊ သဘောထား၊ အမြင်၊ ယုံကြည်ချက်တွေကိုလည်း နားထောင်ဖို့ အချိန်ပေးရပါမယ်။ ဒီလိုအချိန်ပေးဖို့ရာ သူပြောတာကို သေသေချာချာ နားထောင်ပေးဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်ကအများကြီးပြောပြချင်နေတာမှန်ပေမဲ့ ခဏလေးစောင့်ပြီး သူပြောတာကိုလည်း နားထောင်ပေးပါ။ လုမပြောပါနဲ့။ သူပြောချင်တာပေးပြောလိုက်ပါ။ သူပြောလို့ဝပြီဆိုမှ ဒါကတော့ဒီလိုဟုတ်ပြီ၊ မင်းဘက်ကသဘောထားကို ငါနားထောင်ပြီးပြီ၊ ငါနားလည်တယ်၊ အခု ငါ့ဘက်ကပြောမယ့်အကြောင်းအရာတွေကိုလည်း ကျေးဇူးပြုပြီးနားထောင်ပေးပါလို့ စကားခံပြီး ကိုယ်ပြောချင်တာကို စကားလုံးသေချာရွေးချယ်ပြီးပြောပါ။ ဒီလို တစ်ယောက်နဲ့တစ်ယောက် နားထောင်ကြတဲ့အဆင့်ဟာ conflict resoluation မှာ ပထမဦးဆုံးနဲ့ အခြေခံအကျဆုံးအချက်ပါ။

(၂) စကားပြောတဲ့အခါ မင်းကြောင့်ဆိုတဲ့စကားလုံးကို ရှောင်ပါ

နံပါတ်(၁)မှာပြောခဲ့သလို ကိုယ့်ဘက်ကဖြေရှင်းချက်ထုတ်ဖို့အခွင့်အရေးရလို့ တကယ်ကိုယ့်ခံစားချက်တွေကိုပြောပြီဆိုရင်လည်း မင်းကြောင့်၊ မင်းလုပ်လိုက်လို့၊ မင်းမလုပ်မိလိုက်လို့ စတဲ့ စွပ်စွဲချက်ဆန်တဲ့၊ အပြစ်တင်သလိုအဓိပ္ပာယ်မျိုးသက်ရောက်တဲ့စကားလုံးတွေကို လုံးဝရှောင်ကြဉ်ပါ။ ဒီလိုစကားလုံးတွေကို သုံးနှုန်းခြင်းအားဖြင့် ကိုယ့်ဘက်ကအမြင်ကို အေးအေးဆေးဆေးပြောပြနေတာနဲ့မတူဘဲ တစ်ဖက်သားကို ဖိနှိမ်ပြီးအပြစ်တင်နေတာမျိုး သဘောသက်ရောက်သွားနိုင်လို့ပါ။ အဲ့လိုသဘောသက်ရောက်ပြီဆိုတာနဲ့ တစ်ဖက်က ကိုယ်ပြောတာကို ဆုံးအောင်နားထောင်ချင်တော့မှာမဟုတ်ပါဘူး။ လုပြီးဝင်ပြောတော့မှာပါ။ ဒီအခါ ပဋိပက္ခဟာ သံသရာလည်ပြီး မကြာသင့်ဘဲ ပိုကြာရှည်သွားနိုင်ပါတယ်။

(၃) အချိန်ယူဖို့လိုအပ်ရင် ယူပါ

ပြဿနာဖြစ်ဖြစ်ချင်း နှစ်ဖက်စလုံးက သွေးပူနေတာမို့ ဘာပဲပြောပြော/လုပ်လုပ် အမှားပါနိုင်ပါတယ်။ အခြေအနေကို ပိုဆိုးသွားစေနိုင်တဲ့အလားအလာလည်းရှိပါတယ်။ အဲ့ဒီလို တစ်ခုခုကို ပြောမိလုပ်မိမှာကို ကိုယ့်ဘက်က ကြိုတင်တွက်ဆမိရင် (သို့မဟုတ်) ကျိန်းသေကြိုမြင်နေရင် အချိန်တစ်ခုယူပါ။ ချက်ချင်းမဖြေရှင်းပါနဲ့။ တချို့က ကိုယ့်ဒေါသအခြေအနေ၊ ကိုယ့်နှုတ်အမူအယာ ကိုယ်အမူအယာအခြေအနေ အသွားအလာကို ကိုယ်တိုင်နားလည်ထားကြပါတယ်။ အဲ့လိုနားလည်တဲ့အလျောက် ကိုယ့်ကိုကိုယ်ချင့်ချိန်ပြီး ပဋိပက္ခဖြစ်နေတုန်းမှာ ဘာမှ အလျင်စလိုမလုပ်မိနိုင်အောင်ထိန်းနိုင်ရင် ပိုအဆင်ပြေပါတယ်။

အချိန်တစ်ခုယူပြီး သွေးအေးအောင်ခဏနေဖို့လိုအပ်တယ်လို့ယူဆရင် အချိန်တစ်ခုယူလိုက်ပါ။ "ငါ ဒီကိစ္စကိုဖြေရှင်းပါ့မယ်၊ ဒါပေမဲ့ ငါ့ကိုအချိန်ခဏလောက်ပေးပါ" လို့ ရိုးရိုးလေးပဲခွင့်ပန် request လုပ်ပြီး ပြဿနာနဲ့ဝေးရာ၊ သွေးအေးရာကို ခဏရှောင်ထွက်သွားလိုက်လည်း ဖြစ်ပါတယ်။ တချို့က အဲ့လို ပြဿနာနဲ့ နည်းနည်းဝေးကွာတဲ့နေရာမျိုးမှာ သွေးအေးအေးနဲ့အချိန်ခဏလောက်ယူပြီး ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းတွေးပြီး အဖြေရှာတတ်ကြပါတယ်။ ဒါ တစ်ယောက်နဲ့တစ်ယောက်နဲ့တော့ မတူကြပါဘူး။ အဲ့လို အချိန် (time) နဲ့ နေရာ (space) ခဏလောက်ယူပြီး ကိုယ့်စိတ်အခြေအနေကိုပြန်သုံးသပ်ဖို့ဟာ သိပ်ကိုအရေးကြီးပါတယ်။ ဖြစ်ဖြစ်ချင်းမှာထင်နေမြင်နေ ယုံကြည်နေတာတွေနဲ့ ကိုယ့်ကိုကိုယ်အချိန်နဲ့နေရာခဏလောက်ပေးပြီးလို့ ပြန်စဉ်းစားသုံးသပ်ကြည့်လိုက်တဲ့အခါ ရလာတဲ့ရလာဒ်မျိုးဟာ များသောအားဖြင့် မတူညီတာကို တွေ့ရပါမယ်။

နေရာလို့ပြောတဲ့အခါမှာလည်း physical space (ခန္ဓာကိုယ် နေရာ) နဲ့ emotional space (ခံစားချက် နေရာ) ဆိုပြီး ထပ်ခွဲနိုင်ပါတယ်။ တချို့လူတွေမှာရှိတတ်ကြပါတယ်။ တစ်ဖက်လူက ကိုယ့်နားမှာ ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ်ရှိနေရင် စိတ်မလုံခြုံမှု၊ သံသယဖြစ်မှုတွေ ပိုများလာပြီး တကယ့်ပြဿနာဖြေရှင်းဖို့ဆီအာရုံမရောက်နိုင်ဘဲ ဒီအကွာအဝေး၊ နေရာကြီးကိုပဲစိုးရိမ်ပြီး ဒီလိုနီးကပ်နေတာကပဲ သူတို့အတွက် ပြဿနာနောက်တစ်ခု ထပ်ဖြစ်နေတတ်ကြပါတယ်။ အဲ့ဒီအခါ မိမိကိုယ်ကိုမလုံခြုံမှု၊ အားငယ်မှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဒေါသထွက်မှုတွေ ပိုများလာနိုင်ပါတယ်။ တချို့ကလည်း emotional space (ခံစားချက် နေရာ) အကွာအဝေးလေးတစ်ခု လိုအပ်တတ်ကြပါတယ်။ ခန္ဓာကိုယ်ချင်းက အခန်းတစ်ခန်းထဲမှာ (သို့မဟုတ်) တစ်အိမ်ထဲမှာ အတူတူရှိနေကြပေမဲ့လည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုင်ရာ အကွာအဝေးလေးတစ်ခု တောင့်တတတ်ပါတယ်။ ဘာမှမပြောဘဲခဏ emotional space ပေးလိုက်ချင်းအားဖြင့် နှစ်ဦးစလုံး တစ်ယောက်စီ ကိုယ်စီကိုယ်ငှ ခံစားနေကြရတာတွေကို မိမိဘာသာမိမိ ပြန်သုံးသပ်ပြီး reflect လုပ်နိုင်လာမှာဖြစ်ပါတယ်။ အဲ့လိုလုပ်နိုင်ပြီဆိုရင် conflict resolution လုပ်ဖို့ရာ အဆင့်တစ်ဆင့် ပိုနီးသွားပြီပဲဖြစ်ပါတယ်။

(၄) ပဋိပက္ခကို လူချင်းတွေ့ပြီး မျက်နှာစုံညီဖြေရှင်းပါ

Conflict တစ်ခုကိုဖြေရှင်းတဲ့အခါမှာ ဘယ်တော့မှ ဖုန်းနဲ့ဖြစ်စေ၊ စာပို့/စာရိုက်ပြီးတော့ဖြစ်စေ မဖြေရှင်းပါနဲ့။ ဖြစ်နိုင်ရင် လူချင်းအပြင်မှာဆုံပြီး မျက်နှာချင်းဆိုင် စကားပြောပြီး လူကြီးဆန်ဆန် ဖြေရှင်းပါ။ အနေဝေးနေကြတယ်ဆိုရင် ဗီဒီယိုကော(လ်)လိုမျိုးနဲ့ စကားပြောနိုင်ဖို့ကြိုးစားပါ။ ဒါမှသာ တစ်ယောက်ရဲ့ မျက်လုံး၊ အသံ၊ မျက်နှာအမူအယာ၊ လက်ဟန်ခြေဟန်အမူအယာ၊ ခန္ဓာကိုယ်အမူအယာတွေကို နောက်တစ်ယောက်က သေချာဖတ်နိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အမူအယာကပြောတဲ့ဘာသာစကား  (body language) ဟာ ပဋိပက္ခဖြေရှင်းရာမှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒါတွေကို မမြင်ရ မသိရတဲ့အခါ မလိုလားအပ်တဲ့ နားလည်မှုလွဲတာတွေ၊ အထင်အမြင်လွဲမှားတာတွေ၊ အဓိပ္ပာယ်ကောက်ယူမှုလွဲတာတွေ ပိုဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် မျက်နှာစုံညီသေချာဖြေရှင်းကြတာက ပြဿနာကိုကျေအေးစေဖို့ ပိုလွယ်ကူပါတယ်။

(၅) ဘာကြောင့် အချိန်နဲ့နေရာ ယူဖို့လိုအပ်တယ်ဆိုတာကို ပြန်ဆုံတဲ့အခါ ပြောပြပါ

နံပါတ်(၃)မှာပြောခဲ့သလို time and space ယူပြီးသွားလို့ နှစ်ဦးသား ပြန်လည် မျက်နှာဆုံညီပြန်ဖြစ်ကြပြီဆိုရင် ကိုယ် ဘာကြောင့် အဲ့လိုမျိုး အချိန်နဲ့အကွာအဝေးလေး ခဏလောက်ယူခဲ့ရသလဲဆိုတာကို သေချာပြန်ရှင်းပြပါ။ အဲ့လိုအချိန်ယူနေစဉ်၊ အကွာအဝေး (space) လေး ခဏယူလိုက်တဲ့အချိန်မှာ ကိုယ့်ဘက်က ဘာတွေတွေးဖြစ်တယ်၊ ဘာတွေကိုတော့ဖြင့် မြင်သွားတယ်၊ အရင်က မတွေးမိတဲ့ဘယ်လိုအချက်တွေကိုတော့ဖြင့် တွေးမိသွားတယ်၊ ရှင်းလင်းသွားတယ် စသဖြင့် debriefing (ဖြစ်ပျက်ခဲ့တာတွေကို စနစ်တကျ ပြန်လည်တင်ပြတာမျိုး) လုပ်ပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုခိုင်မြဲလာပြီး reunion (ပြန်လည်သင့်မြတ်မှု) ဟာလည်း ပိုအနှစ်သာရပြည့်စုံမှာဖြစ်ပါတယ်။ ရှေ့လျှောက်ရမယ့်ခရီးလမ်းမှာလည်း ပြဿနာတွေထပ်ကြုံလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို time and space မျိုးပေးရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်မှာမို့ ကြိုတင်ပြင်ဆင်လို့လည်းရသွားပါတယ်။

ဒီနေရာမှာ တစ်ခုအရေးကြီးတာက time and space မယူခင်မှာ ယူတော့မယ်ဆိုတဲ့အကြောင်းကို တစ်ဖက်သားကို အတိအလင်း အရိုးသားဆုံး အသိပေးသွားပါ။ အဲ့လိုအသိမပေးဘဲ ကိုယ့်ဘက်က တိတ်တိတ်လေးထွက်သွားမယ်ဆိုရင် တစ်ဖက်က ကိုယ့်အပေါ် မယုံတာတွေ၊ သံသယရှိတာတွေပိုများလာနိုင်ပြီး ကိုယ့်ကိုလည်း ပြဿနာဖြစ်တိုင်း ရှောင်ထွက်ပြေးသွားသူ၊ ရင်ဆိုင်ဖြေရှင်းမှု (confrontation) ကိုကြောက်ရွံ့သူ၊ အားထားဖို့မသင့်သူ၊ တစ်ကိုယ်ကောင်းဆန်သူရယ်လို့ မြင်သွားနိုင်ပါတယ်။ ဘာမှမပြောဘဲထွက်သွားမယ်ဆိုရင် အဓိပ္ပာယ်အမျိုးမျိုး သက်ရောက်သွားနိုင်ပါတယ်။ သူ့ခံစားချက်ကို ကိုယ်က ဘာမှနားထောင်ဖို့မကြိုးစားဘဲ သူနဲ့ဝေးရာကို ရှောင်ထွက်သွားတယ်၊ လျစ်လျူရှုသွားတယ်၊ တစ်ကိုယ်ကောင်းဆန်သွားတယ် စတဲ့သဘောမျိုးတွေ သက်ရောက်နိုင်တာမို့ time and space ယူဖို့လိုအပ်ပြီဆိုရင် လိုအပ်ကြောင်း၊ ယူတော့မယ်ဖြစ်ကြောင်းကို သေသေချာချာ သူသိအောင်ပြောပြပြီးမှ ယူပါ။

(၆) ကြားခံလူတစ်ယောက်ယောက် ရှိဖို့လိုအပ်ရင် အကူအညီတောင်းပါ

တခါတလေမှာ တစ်ဖက်နဲ့တစ်ဖက် စကားပြောဖို့၊ ရှင်းပြဖို့ နှစ်ယောက်တည်းအဆင်မပြေဘူး၊ မလုံခြုံနိုင်ဘူးလို့ခံစားရရင် ကြားခံလူ (တတိယလူ)/mediator တစ်ယောက်ကိုခေါ်ပြီး ညှိနှိုင်းကြပါ။ အဲ့ဒီလူကလည်း ဘက်လိုက်တဲ့လူမျိုးမဖြစ်စေရဘဲ နှစ်ဦးစလုံးက ယုံကြည်စိတ်ချရသူ၊ အားမနာတမ်း မျက်နှာမပူစတမ်း အကုန်ဖွင့်ချတိုင်ပင်နိုင်မယ့်လူမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ တစ်ဦးဦးရဲ့ မိသားစုဝင်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ နှစ်ဦးစလုံးက အရမ်းယုံကြည်အားထားရတဲ့ အကုန်တိုင်ပင်လို့ရတဲ့ သူငယ်ချင်းမျိုး၊ ဒါမှမဟုတ် relationship အကြံပေးလိုမျိုးဆိုရင် အဆင်ပြေနိုင်ပါတယ်။ တခါတလေမှာ သူ့ကိုပြောမထွက်တဲ့စကားလုံးတွေရှိနိုင်ပါတယ်။ သူ့မှာလည်း ကိုယ့်မျက်နှာကိုတည့်တည့်ကြည့်ပြီး ပြောမပြနိုင်ရက်တဲ့ ခါးသီးတဲ့အမှန်တရားတွေရှိနိုင်ပါတယ်။ အဲ့ဒီအခါမှာ ကြားထဲမှာလူတစ်ယောက်ယောက်ရှိနေခြင်းအားဖြင့် ကြားလူကိုအကြောင်းပြုပြီး မပြောချင်တဲ့အရာတွေ၊ မပြောရက်တဲ့အရာတွေကို ပိုပြီးပြောထွက်လာဖို့ ရဲသွားပါတယ်။ အဲ့ဒီကြားခံလူကိုလည်း လိုအပ်မှသာ နှစ်ဦးကြားမှာ ဝင်ရောက်ဖြန်ဖြေပေးဖို့၊ ဘာမှဝေဖန်အကဲဖြတ်မှုမျိုး ကြားဖြတ်ပြောဆိုမှုမျိုးမလုပ်ဖို့ ကြိုတင်သတိပေးထားသင့်ပါတယ်။ နှစ်ဦးသားညှိနှိုင်းနေတာ၊ ပြန်လည်သင့်မြတ်ဖို့ကြိုးစားနေတာကို ကြားခံလူတစ်ဦးအနေနဲ့ သက်သေခံရှိနေပေးတဲ့သဘောမျိုးဆောင်အောင်ပဲ ထားရှိသင့်ပါတယ်။

(၇) ပြန်လည်သင့်မြတ်သွားတဲ့အခါ ပဋိပက္ခကို ပြန်သုံးသပ်ပါ

နှစ်ဦးသားပြန်အဆင်ပြေသွားတယ်ဆိုရင် ဖြစ်ခဲ့တဲ့ပြဿနာ/ပဋိပက္ခအကြောင်းကို ပြန်ပြောပါ။ ရှက်မနေပါနဲ့။ အားနာမနေပါနဲ့။ ဒီပြဿနာအပေါ် ထပ်နားလည်နိုင်ဖို့ကြိုးစားပါ။ ဒီပဋိပက္ခဖြစ်လိုက်တုန်းက ငါတို့ဘယ်လိုတုံ့ပြန်ခဲ့ကြတယ်၊ ဘယ်အရာတွေကတော့ မှားပြီး ဘယ်အချက်တွေကတော့ ဖြစ်သင့်ခဲ့တယ် လုပ်ခဲ့သင့်တယ်၊ ဘာတွေကိုတော့ဖြင့် မလုပ်သင့်မပြောသင့်ခဲ့ဘူး၊ အချိန်ဘယ်လောက်ယူလိုက်တာက ပိုအဆင်ပြေသွားတယ်၊ နေရာဘယ်လောက်ယူလိုက်တာက အဆင်မပြေခဲ့ဘူး၊ ဘာကတော့ အဆင်မပြေတာမို့လို့ နောက်ဒါမျိုးဖြစ်တဲ့အခါ ဘယ်လိုမျိုးလုပ်ကြည့်ဖို့ကြိုးစားကြမယ် စသဖြင့် နောင်အနာဂတ်မှာရှိလာဦးမယ့် ပဋိပက္ခတွေအတွက်လည်း ကြိုတင်ညှိနှိုင်းပြီးသား ဖြစ်သွားပါတယ်။ ဒီတော့ ထပ်ဖြစ်လာဦးမယ့် ပဋိပက္ခတွေမှာ ပိုအောင်မြင်၊ ပိုထိရောက်တဲ့ conflict resolution နည်းလမ်းတွေဆီချဉ်းကပ်ဖို့ရာအတွက် အလားအလာပိုရှိသွားပါတယ်။ ပြဿနာဖြေရှင်းတဲ့အခါမှာလည်း မှန်ကန်မြန်ဆန်တဲ့နည်းလမ်းကို နှစ်ဦးသား ပိုမိုသိမြင်နားလည်သွားနိုင်ပါတယ်။ ။


ရေးသားသူ - Craton Highways

No comments: