Friday, February 15, 2019

စီလုံတီး - ကဏန်းပြောင်းဖူးကော်ရည် Soup - Mud Cake - ကြက်ကင်မွှေးမွှေး

စီလုံတီး

 နွားနို့ပျစ်ပျစ်၊ မလိုင်များများနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်တစ်ဝက်၊ နွားနို့နှင့် မလိုင် တစ်ဝက်လောက်ထည့်ထားတဲ့ ခပ်ဆိမ့်ဆိမ့် နို့နံ့မွှေးမွှေးနဲ့ မလိုင်အသားပေးစီလုံတီးပါ။

ပါဝင်ပစ္စည်းများ 
လက်ဖက်ခြောက်အချိုခြောက်  -  အကြမ်းပန်းကန်လုံး ၁  ၁/၂ လုံး
ဆား  -  လက်ဖက်ရည်ဇွန်းဖျားနှင့် အနည်းငယ်
နို့ဆီ  -  လက်ဖက်ရည်ဇွန်း ၁၀ ဇွန်း
နို့စိမ်း  -  အကြမ်းပန်းကန်လုံး ၁/၂ လုံး
နွားနို့မလိုင်  -  ကော်ဖီခွက်၂  ၁/၂ ခွက်
သကြား  -  လက်ဖက်ရည်ဇွန်း ၄ ဇွန်း (အချိုကြိုက်လျှင် ပိုထည့်နိုင်ပါတယ်)
ရေ  -  ကော်ဖီခွက် ၅ ခွက်

ပြုလုပ်နည်း
 ဦးစွာ ရေကို ကော်ဖီခွက် ၅ ခွက်စာ ဆူအောင် တည်ပါ။ ဆူလာလျှင် လက်ဖက်ခြောက်နှင့် ဆားခတ်ပြီး လက်ဖက်ရည်အိုးကို ကျနေအောင် နှပ်ပါ။ ၅ ခွက်စာဖျော်ဖို့ ၁၅ မိနစ်ခန့် မီးအရှိန်အလယ်အလတ်နဲ့ ကျအောင် နှပ်ပါ။ လက်ဖက်ရည်က လက်ဖက် ခြောက်နှပ်ရာမှာ အဓိကကျပါတယ်။ လက်ဖက်ခြောက်ကို ကျနေအောင် မနှပ်လျှင် သောက်လို့ မကောင်းသလို အရောင်လည်း မလှပါ။ ဒါကြောင့် သေချာ လေးနှပ်ဖို့ လိုပါတယ်။ နပ်နေပြီဖြစ်တဲ့ လက်ဖက်ရည်ကို လက်ဖက်ခြောက် မပါအောင် စစ်ယူပါ။ နို့ဆီ၊ နို့စိမ်း၊ သကြားနဲ့အတူဖျော်ပါ။ သောက်မယ့်ခွက်ထဲ ဖျော်ထားတဲ့ လက်ဖက်ရည် ထည့်ပြီးမှ အပေါ်ကနေ နွားနို့မလိုင်ကို ထည့်ပါ။ လက်ဖက်ရည်တစ်ဝက်၊ နွားနို့မလိုင် တစ်ဝက်လောက် အချိုးထည့်မှ စီလုံတီး အစစ်ပါ။
...............
ပန်းခရေ

ကဏန်းပြောင်းဖူးကော်ရည်စွက်


ပါဝင်ပစ္စည်းများ
ကဏန်း  -  ၂ ကောင်
ပြောင်းဖူး  -  ၁ ဖူး
ကြက်ဥအကာ  -  ၁ လုံး
ငါးမှုန့်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ  -  ၄ မြွှာ
ကော်မှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
ရေ  -  ၂ ခွက်

ပြုလုပ်နည်း
၁။ သန့်စင်ထားသော ကဏန်းအကောင်လိုက်ကို ရေဖြင့် ပြုတ်ပါ။
၂။ ဓားဖြင့် လှီးထားသော ပြောင်းဖူးများကို ကဏန်းထဲသို့ရော၍ ထည့်ပါ။
၃။ ၁၀ မိနစ်ခန့်ပြုတ်ပြီးလျှင် ကဏန်းများ ဆယ်ယူ၍  အသားနွှင်ပါ။
၎။ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ငါးမှုန့်၊ ဆားတို့နှင့်ရော၍ ကဏန်းသားများကို ယခင် ပြုတ်ရည်အိုးထဲသို့ ပြန်ထည့်၍ တည်ပါ။
၅။ အရသာအနေတော်ရှိလျှင် ကြက်ဥအကာကို ဆန်ခါဖြင့် အိုးအပေါ်မှလောင်းချပြီး အမျှင်လေးများဖြစ်အောင် ထည့်ပါ။
၆။ ရေအေးအနည်းငယ်ဖြင့် ဖျော်ထားသော ကော်မှုန့်ပျော်ရည်ကို ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ ထည့်ပြီး နှံ့စပ်အောင်မွှေပါ။
၇။ ပျစ်လာလျှင် ပင်လယ်ကဏန်းနှင့် ပြောင်းဖူးအချိုလေးဖြင့် ကော်ရည်ဟင်းချိုပူပူလေးကို သုံးဆောင်နိုင် ပါပြီနော်။
..........................
မေဖြိုးသီ

Mud Cake



by Chef Saw Sar Mular 

          Mud Cake ကို အမေရိကန်နိုင်ငံ မစ္စစ္စပီ (Mississippi) မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ Mississippi Mud Cake ကို ကနဦးက Topping မှာ Marshmallows ပါပါတယ်။ အခြားလူကြိုက်များတဲ့ American Mud Cake ကတော့ Boston Mud Cake လို့ ခေါ်ပါတယ်။ Cake ရဲ့  အတွင်းသားက ချောကလက်နဲ့ အစိုဓာတ်ရှိနေတယ်။ Flourless Chocolate Cake သားနဲ့ သဏ္ဌာန်တူပါတယ်။ Brownie နဲ့ Rudge Cake ကြားမှာ ကိတ်သားရှိပါတယ်။ ကိတ်ရဲ့အပေါ်ကို Chocolate Ganachese နဲ့ ဖုံးပြီး အချို့က Chocolate Flake တွေ တင်ပါတယ်။ တချို့က သစ်ကြားသီး (Wal Mut) တွေကို ဖြူးထားပါတယ်။ ကော်ဖီနဲ့ တွဲသောက်လို့ကောင်းပြီး Vanilla Ice Cream နဲ့လည်း တွဲစားကြပါတယ်။

ပြုလုပ်ချိန် ၈၀ မိနစ်၊ အရေအတွက် ၆ လက်မအရွယ် ၁ ခု

Mud Cake အတွက် ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁၂၅ ဂရမ်

ချောကလက်အမည်း  –  ၁၀ဝ ဂရမ်

သကြား  –  ၂၀ဝ ဂရမ်

ရေ  –  ၁၂၀ ဂရမ်

ကြက်ဥ  –  ၁ လုံး

ဆား  –  အနည်းငယ်

ကိတ်ဂျုံ  –  ၂၃၀ ဂရမ်

Coco Powder  –  ၂၅ ဂရမ်

ဘေကင်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆိုဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကော်ဖီ  –  စားပွဲဇွန်း ၂ ဇွန်း

ဟင်းသီးဟင်းရွက်ဆီ  –  ၅၀ ဂရမ်


ပြုလုပ်နည်း

၁။       ချောကလက်အမည်းကို အမြန်ပျော်အောင် အတုံးသေးသေးလှီးပြီး စတီးဇလုံထဲ ထည့်၍ အောက်မှာ ရေနွေးခံပြီး အရည်ဖျော်ပါ။

၂။       ချောကလက်ပျော်လျှင် ထောပတ်၊ သကြား၊ ဆား ထည့်ဖျော်ပြီး ကြက်ဥကို ရောမွှေပါ။ ပြီးလျှင် ကော်ဖီ၊ ဆီ၊ ရေရောပြီး ဆက်၍မွှေပါ။

၃။       ကိတ်ဂျုံ၊ Coco Powder, ဘေကင်ပေါင်ဒါနှင့် ဆိုဒါတို့ကို ဆန်ခါချပြီး အားလုံးရော၍ ချောမွတ်လာအောင် မွှေပေးပါ။

၎။       ၆ လက်မ ကိတ်လေးထောင့်ကွင်းအောက် ဆီစိမ်စက္ကူခံ၍ မုန့်ဖုတ်ဗန်းထဲ ထည့်ပါ။ မုန့်နှစ်ကိုလည်း ကိတ်ကွင်းထဲ လောင်းထည့်ပြီး မီး အပူချိန် ၁၈၀ ဒီဂရီစင်တီဂရိတ်နှင့် ၄၅ မိနစ်ခန့် ဖုတ်ပါ။ မုန့်သားအလယ်ကို ဆာတေးတုတ်နှင့် ထိုးပြီး တုတ်ခြောက်သည်အထိ ဖုတ်ပါ။ မုန့်ကျက်လျှင် မီးဖိုထဲမှဆွဲထုတ်ပြီး အအေးခံပါ။ အအေးခံထားစဉ် ကိတ်အပေါ်မှ ဖုံးရန် Chocolate Ganache ကို လုပ်ထားပါ။

Chocolate Ganache ပါဝင်ပစ္စည်းများ

ချောကလက်  –  ၁၅၀ ဂရမ်

Topping Cream/Heavy Cream  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       ချောကလက်အတုံးသေးသေးလှီးပြီး စတီးခွက်ထဲထည့်၍ ရေနွေးခွက်ထဲစိမ်ပြီး အရည်ဖျော်ပြီးလျှင် Topping Cream/Heavy Cream နှင့် ရော၍ မွှေပါ။

၂။       အအေးခံထားသောကိတ်ကို  ကိတ်ကွင်းမှထုတ်ပြီး အပေါ်သို့ Chocolate Ganache ကို လောင်း၍ ဖုံးပါ။

*        လိုအပ်လျှင် ကိတ်အပေါ်သို့ သစ်ကြားသီးသေးသေးလှီးပြီး တင်လို့ရပါတယ်။ Chocolate Flak များ ခြစ်ပြီး နှစ်သက်သလို အလှဆင်လို့ရပါတယ်။ ပြီးလျှင် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ကြက်ကင်မွှေး


ပါဝင်ပစ္စည်းများ
ကြက်ပေါင် (အပြည့်)  -  ၂ ချောင်း
ကြက်သွန်ဖြူ  -  ၆ မြွှာ
ချင်း  -  ၅၀ ဂရမ်
နံနံပင်  -  ၅၀ ဂရမ်
ခရုဆီ  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
ဆား  -  အနည်းငယ်
ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
ဆီ  -  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်သားကို ဆေးကြောသန့်စင်ပြီး ရေစင်အောင် စစ်ထားပါ။
၂။ ကြက်သွန်ဖြူ၊ ချင်းနှင့် နံနံပင်တို့ကို ကြိတ်ပါ။
၃။ ဇလုံတစ်လုံးထဲ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ နံနံပင်နှင့် ချင်းတို့ကို ထည့်ပြီး ခရုဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ကို ထည့်၍ အနှစ်လုပ်ပါ။
၎။ ပြီးလျှင် ကြက်သားထည့်၍ နယ်ပြီး ၁ နာရီခန့် အရသာနှပ်ထားပါ။
၅။ အရသာနှပ်ပြီးသွားပြီဆိုလျှင် အပူချိန် 180˚C မှာ အပူပေးထားတဲ့ Oven ထဲမှာ ၁ နာရီခန့် ထည့်ပြီး ကင်ပါ။
၆။ ကြက်သားကျက်ပြီ၊ အနံ့အရသာလည်း ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်

သက်သတ်လွတ် ပဲပုပ်မျှစ်ချဉ်ခေါက်ဆွဲ (ပွဲကြီး ၅ ပွဲစာအတွက်)


 မျှစ်ချဉ်ခေါက်ဆွဲဆိုလျှင် အသားတစ်မျိုးမျိုးနဲ့ ချက်လေ့ရှိတယ်။ သက်သတ်လွတ်ဆိုတော့ မျှစ်ချဉ်ပဲပုပ်အနှစ်များများနဲ့ဆိုလျှင် အသားမပါဘဲလည်း စားကောင်းပါတယ်။ ခေါက်ဆွဲကတော့ ရှမ်းခေါက်ဆွဲ၊ ဒါမှမဟုတ် ဂျုံခေါက်ဆွဲနဲ့ စားနိုင်ပါတယ်။ မျှစ်ချဉ်ခေါက်ဆွဲကို ငရုတ်သီးစိမ်းများများနဲ့ စပ်စပ်လေးချက်နိုင်သလို ကျွန်တော်ကတော့ အရောင်လှဖို့အတွက် ငရုတ်သီးအရောင်တင်မှုန့် နည်းနည်းထည့်ပြီး ချက်ပါတယ်။

ပါဝင်ပစ္စည်းများ
မျှစ်ချဉ်  -  ၃၅၀ ဂရမ်
ပဲငါးပိ  -  စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်နီ  -  ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်ဖြူ  -  ၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ချင်း  -  ၁၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးမှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးစိမ်း  -  ၂၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ခရမ်းချဉ်သီး  -  ၃ လုံး (နုပ်နုပ်စဉ်းထားပါ)
ပဲငံပြာရည်  -  စားပွဲဇွန်း ၂ ဇွန်း
သက်သတ်လွတ်အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
ရေ  -  ၄၀ဝ မီလီလီတာ
ခေါက်ဆွဲအတွက် လိုအပ်တာတွေကတော့-
ရှမ်းခေါက်ဆွဲအစို  -  ၅၀ ကျပ်သား
ကြက်သွန်မြိတ်  -  ၅ ပင် (ပါးပါးလှီးထားပါ)
ရွှေပဲရွက်  -  ၁ စည်း (ခြွေထားပါ)
ဆီချက်အနီ  -  စားပွဲဇွန်း ၅ ဇွန်း
ပဲငံပြာရည်အနောက်  -  လက်ဖက်ရည်ဇွန်း ၅ ဇွန်း
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်နည်း
၁။ မျှစ်ချဉ်ကို ပြုတ်ထားပါ။ ပြီးလျှင် ဆယ်ယူပြီး အတုံးသေးသေးတုံး ထားပါ။
၂။ မျှစ်ချဉ်ဟင်းချက်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလျှင် ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ချင်းထည့်ပြီး ဆီသတ်ပါ။
၃။ မွှေးလာလျှင် ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ ပဲငါးပိထည့်ပြီး မွှေပါ။
၎။ ပြီးလျှင် ခရမ်းချဉ်သီးထည့်ပြီး ခရမ်းချဉ်သီးကြေသည်အထိ ချက်ပါ။
၅။ ပြီးလျှင် မျှစ်ချဉ်ထည့်ပြီး မွှေပါ။ ရေထည့်ပြီး ချက်ပါ။
၆။ အရသာအတွက် ပဲငံပြာရည်၊ သက်သတ်လွတ်အရသာမှုန့်ထည့်ပါ။
၇။ ရေခန်းပြီး ဆီပြန်လာလျှင် အဆင်သင့်ဖြစ်ပါပြီ။
၈။ ရှမ်းခေါက်ဆွဲနှင့် ရွှေပဲရွက်ပြုတ်ရန် ရေနွေးအိုးတည်ပါ။
၉။ ပြီးလျှင် တစ်ပွဲစာ ရှမ်းခေါက်ဆွဲဖတ်နှင့် ရွှေပဲရွက်ထည့်ပြီး ပြုတ်ပါ။
၁၀။ ပြီးလျှင် ဆယ်ယူပြီး ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ချက်ထားတဲ့ မျှစ်ချဉ်ဟင်း ၂ ဇွန်း၊ ပဲငံပြာရည် ၁ ဇွန်း၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆီချက်အနီ စားပွဲဇွန်း ၁ ဇွန်း ထည့်ပါ။ အစပ်ကြိုက်ပါက ဆီချက်အနီထဲက ငရုတ်သီးကြော်၊ ကြက်သွန် မြိတ်ထည့်ပြီး စားနိုင်ပါတယ်။
......................
Myint Oo Tha

ရှူးရှဲမာလာငါး


 
ပါဝင်ပစ္စည်းများ

ငါးကြင်းဖြူ Carpo Fish / Rohu Fish၁ ကောင်

ငါးဖယ်လုံး Fish Ball၁၀ လုံး

မာလာခေါက်ဆွဲ Mala Noodle ၁ ထုပ်

မုန်ညှင်းစိမ်း Green Mustard ၂ စီး

ရှမ်းနံနံ Long Coriander ၂ စီး

ခရမ်းချဉ်သီး Tomato ၅ လုံး

ကြက်သွန်နီ Onion ၁ လုံး

ကြက်သွန်ဖြူ Garlic ၅ တောင့်

ဂျင်း Ginger ၃ ပြား

မာလာအနှစ်  Mala Paste ၃ (ထမင်းစားပွဲဇွန်း)

ဆီ  Oil ၃ (ထမင်းစားပွဲဇွန်း)

ငါးအသားမှုန့် Fish Powder ၁ (လဖက်ရည်ဇွန်း)

နနွင်းမှုန့် Turmeric Powder ၁ (လဖက်ရည်ဇွန်း)

ဆား Salt ၂ (လဖက်ရည်ဇွန်း)

ပြုလုပ်ပုံ

၁။ ငါးကြင်းဖြူကိုဦးစွာ မိမိကြိုက်နှစ်သက်သလို အပိုင်းများပိုင်းပါ။ ထို့နောက် ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ ငါးအသားမှုန့် တို့နှင့်ရော၍ နယ်ပါ။ ၁၅မိနစ်ခန့် နှပ်ထားပါ။

၂။ ခရမ်းချဉ်သီးနှင့် မုန်ညှင်းစိမ်း တို့ကို အနေတော်ပိုင်းဖြတ်ထားပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ခရမ်းချဉ်သီး၊ မာလာဟင်းအနှစ် တို့ကိုထည့်ပြီး ရော၍မွေပါ။ ထို့နောက် လှီးထားသောငါးအတုံးလေးများကို ထည့်ပါ။ ရော၍ ဖြည်းဖြည်းချင်း မွှေပါ။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ ပြီးလျှင် အိုးကို ခေတ္တခနဖယ်ထားပါ။

၎။ ရေနွေးအိုးဆူဆူထဲထို့ မာလာခေါက်ဆွဲ ထည့်ပြုတ်ပါ။ မိနစ် (၂၀ မှ ၂၅)ခန့်ပြုတ်ပါ။ ထို့နောက် ခေါက်ဆွဲကို ဆယ်ပြီး ရေအေးဖြင့် စိမ်ထားပါ။ ရေစိမ်ထားရသည့်အကြောင်းအရင်းမှာ ခေါက်ဆွဲများ ကပ်ပြီး လုံးထွေးမသွားစေရန်ဖြစ်သည်။

၅။ ငါးများထည့်ထားသည့်အိုးထဲသို့ ရေထည့်၍မွေပါဆူလာလျှင် ရေစိမ်ထားသည့် မာလာခေါက်ဆွဲကိုထည့်ပါ။ ငါးဖယ်လုံး၊ မာလာအနှစ် ၁ဇွန်းထည့်ပြီးမွှေပေးပါ။ ၅မိနစ်ခန့်ထားပြီးပါက အရသာကိုမြည်းပြီး လိုအပ်သလိုထည့်ပါ။ အပေါ်တွင်ရှမ်းနံနံ၊ ကြက်သွန်မိတ်တို့ဖြူးပြီး သုံးဆောင်ရင် အရသာရှိမှာအသေချာပါ။     

No comments: