Wednesday, February 6, 2019

ကင်​ဆာ​ရောဂါ ကာကွယ်​ဖို့ သ​င်္ဘောသီးဖျော်ရည် သောက်ကြစို့


ကင်​ဆာ​ရောဂါ ကာကွယ်​ဖို့ မကောင်းတဲ့ ကိုယ်တွင်းအဆီတွေ ကိုင်တွယ်ဖြေရှင်းဖို့ သ​င်္ဘောသီး ဖျော်ရည် 
(Papaya Juice for Cancer Prevention, Cholesterol Management and More)

သ​င်္ဘောသီးတစ်လုံးလုံးမှာပါသော ဗီတာမင်နဲ့ သတ္ထုဓာတ်အားလုံးပျော်ဝင်နေသည့် သ​င်္ဘောသီးဖျော်ရည်တစ်ခွက်ကို ကျွန်တော်တို့ စားနေကြ အစားအစာစားချိန်များတွင် ပေါင်းစပ်ထည့်သောက်ခြင်းဖြင့် ကျန်းမာရေးအတွက်ပြီးပြည့်စုံစေမှာ သေချာပါတယ်။ ဒါပေမယ့် သွားရင်းလာရင်း သ​င်္ဘောသီးဖျော်ရည်တစ်ခွက်ကို ၀ယ်ယူတဲ့အချိန် တကယ့်အဟာရဓာတ်တန်ဖိုးမပါတဲ့ သ​င်္ဘောသီးဖျော်ရည်ဆိုတာကို အမှတ်တမဲ့ ကောက်ယူမိကောင်း ယူမိနိုင်ပါတယ်။

သ​င်္ဘောသီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးက ဘယ်​လိုမျိုးလဲ ၊ သ​င်္ဘောသီးဖျော်ရည်တစ်ခွက်ကို ဘယ်လိုဖျော်မလဲ ပြောပြပါ့မယ်။

သ​င်္ဘောသီးဖျော်ရည်ရဲ့ ကျန်းမာ​ရေး အကျိုးကျေးဇူး (Health Benefits of Papaya Juice)

(၁) ကင်​ဆာ​ရောဂါ ကာကွယ်​ခြင်း (Cancer Prevention)
“သ​င်္ဘောသီးဖျော်ရည်သည် ကင်​ဆာ​ရောဂါကို ကာကွယ်​ဖို့ ထိရောက်သည်”လို့ အများစုကပြောကြပေမယ့် ထူးထူးခြားခြားအနေနဲ့ အူမကြီးကင်ဆာရောဂါ(colon cancer)ကို ကာကွယ်နိုင်ပါတယ်။ သ​င်္ဘောသီးမှာ အမျှင်ဓာတ် (Fiber)ပမာဏ ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာတဲ့ အူမကြီးဆဲလ်တွေဖြစ်တည်နေစေတော့ ကင်ဆာဖြစ်နိုင်မယ့် အဆိပ်အတောက်တွေ (toxins) ကင်းဝေးစေမှာပါ။ ဒါ​ကြောင့်​ပဲ ကင်​ဆာ​ရောဂါအန္တရာယ်ကို လျော့ချပစ်နိုင်တယ်လေ။ ပြီးတော့ သ​င်္ဘောသီးထဲမှာပါတဲ့ လိုင်ကိုပိန်း(lycopene) ဓာတ်ကလည်း ကင်​ဆာ​ရောဂါ ကာကွယ်​ရာမှာ အကူအညီပေးပါတယ်။

(၂) ကော်လက်စထရောဓာတ်ကို ကိုင်တွယ်ဖြေရှင်းဖို့ (Cholesterol Management)
သ​င်္ဘောသီးဟာ နှလုံးနှင့် ဆက်စပ်သော ရောဂါများကို ဖြစ်ပျက်စေတဲ့ အဓိကလက်သည် ကော်လက်စထရောဓာတ် (cholesterol)ကို ထိန်းပေးဖို့ ကူညီနိုင်ပါတယ်။ သ​င်္ဘောသီးဖျော်ရည်ကို အနည်းဆုံး တစ်နေ့နှစ်ကြိမ်လောက်သောက်သုံးပါက ကျွန်တော်တို့ခန္ဓာကိုယ်တွင်းမှာ ကော်လက်စထရောဓာတ် စုပုံများပြားလာခြင်းအား လျော့နည်းစေနိုင်ပါတယ် ခင်ဗျ ။

ဘာကြောင့်လဲဆိုတော့ သ​င်္ဘောသီးမှ ဗီတာမင် စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant)အထောက်အပံ့များ ရနိုင်တာကြောင့် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွင်း ကော်လက်စထရောဓာတ် များပြားစုပုံလာဖို့အတွက် အခွင့်အရေးမရပါဘူး။ ဒါ့အပြင် နှလုံးခုန်မမှန်ခြင်း (myocardial infarction) နဲ့ သွေးတိုးခြင်း (hypertension) အန္တရာယ်ကို လျော့ချဖို့ သင်္ဘောသီးဖျော်ရည်က အကူအပံ့ဖြစ်ပါတယ်။

(၃) မျက်​လုံး ကျန်းမာရေး (Eye Health)
သ​င်္ဘောသီး ဖျော်ရည်မှာ ကရာတီနွိုက် (carotenoids) အပြင် ကျွန်တော်တို့မျက်လုံးများကို ကာကွယ်​ရန်မှာအရေးပါသော အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) နှစ်ခု ပါဝင်ပါတယ်။ ဇီရာဇန်သင် (Zeaxanthin) နဲ့ လူတင် (lutein) ဓာတ်တွေဟာ ခန္ဓာကိုယ်ကနေ မျက်ဝန်းထဲရှိ အမည်းရောင် အ၀န်းအ၀ိုင်းနေရာအတွက် အာရုံစူးစိုက်စေမယ့် အပင်ထွက် အဟာရဓာတ် (phytonutrients) တွေဖြစ်ပါတယ်။ စူးအားပြင်းထန်သော အပြာရောင်အလင်းတန်းနဲ့ UV တွေကြောင့် ကျွန်တော်တို့ မျက်လုံးတွေ ပျက်စီးခြင်းမှ ရင်ဆိုင်ဟန့်တားနိုင်ရန် အဆိုပါဓာတ်နှစ်မျိုးစလုံးက အကူအညီပေးပါတယ်။

ဇီရာဇန်သင် (Zeaxanthin) နဲ့ လူတင် (lutein)ဟာ အသက်​အရွယ်​ ရလာခြင်းကြောင်း မျက်နက်ဝန်းခြောက်သွေ့ကာ အမြင်အာရုံယိုယွင်း ဆုတ်ယုတ်လာခြင်းကို ​လျော့ပါးအောင်ကူညီနေတဲ့ ကောင်းကျိုးရှိကြောင်းလည်း အမေရိကမှာ လူပြောများနေပါတယ်။ ကွန်​ပျူတာ မျက်နှာပြင် ၊ စာရွက်တွေပေါ်က စာလုံးတွေကို ပြတ်​ပြတ်​သားသား ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ကြစေဖို့ စက္ခုအမြင်တိုးတက်လာအောင် ကရာတီနွိုက် (carotenoids) က ကောင်းစွာ ကူညီသလိုပဲပေါ့နော်။

(၄) နှလုံးကျန်းမာရေး (Heart Health)

သဘောင်္သီးမှာ လိုင်ကိုပင်း (lycopene) နှင့် ဘီတာကယ်ရိုတင်း (beta-carotene) တို့လို အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေပါဝင်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းများဟာ နှလုံးနှင့်  အခြားသောသွေးလည်ပတ်မှုဆိုင်ရာရောဂါပြဿနာများကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (cholesterol) နဲ့ အောက်ဆီဂျင် ဓာတ်ပြုမှုကို ဟန့်တားပေးနိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ် သဘောင်္သီးဖျော်ရည်တစ်ခွက်မှာ နှလုံးနဲ့သွေးကြောများကို ဖျက်စီးတတ် ရောဂါဖြစ်ပွားစေတတ်တဲ့ သွေးတွင်း homocysteine level ကိုထိန်းညှိပေးတဲ့ ဗိုက်တာမင် B အုပ်စုဝင် ဖောလစ်အက်ဆစ်ဓာတ် အမြောက်အမြားပါဝင်ပါတယ်။

သင်္ဘောသီးဖျော်ရည်ဟာ နှလုံးရောဂါကာကွယ်ခြင်းနှင့် သွေးလည်ပတ်မှုကျန်းမာရေးထိန်းသိမ်းခြင်း ကိစ္စတွေမှာ အကျိုးပြုတဲ့ ဗိုက်တာမင် C နှင့် ဗိုက်တာမင် E အချို့ ရရှိနိုင်သော ရင်းမြစ်တစ်ခုဖြစ်ပါတယ်။

(၅) အရေပြား ကျန်းမာရေး (Skin Health)
သဘောင်္သီးဖျော်ရည်မှာ ကျွန်တော်တို့ရဲ့အရေပြား နုညံ့ချောမွေ့မှုကိုထိန်းသိမ်းဖို့အတွက် ကော်လာဂျင်တိုးမြင့်ထုတ်လုပ်ခြင်းကို အကူအညီ ပေးနိုင်သော ဗီတာမင် စီ ပါဝင်မှုနှုန်းများပါတယ်။ ကော်လာဂျင်ဆိုတာ အရေပြားကို နုပျိုကျန်းမာပြီး ချောမွေ့တဲ့အသွင်ဆောင်စေ တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။ မကြာခဏဆိုသလို အရေပြားအခြေအနေပျက်စီးခြင်း သို့မဟုတ် ကော်လာဂျင်လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်းဖြစ်တဲ့အခါ အရေးအကြောင်းတွေ ၊ ကျီးခြေရာတွေ အများအပြားပေါ်လာနိုင်ပါတယ်။

သင်္ဘောသီးဖျော်ရည်ထဲမှာပါဝင်သော လိုင်ကိုပင်း၊ ဗီတာမင် အီး၊ ဘီတာ ဆိုက်တိုဇန်သင်(beta-cryptoxanthin)နဲ့ ဘီတာကယ်ရိုတင်းတို့လို အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဓာတ်ရောင်ခြည်ကြောင့်ပဲဖြစ်ဖြစ် အရေပြားဆဲလ်များ ပျက်စီးခြင်းကိုကူညီကာကွယ် ပေးပါတယ်။ ဒါပေမယ့် ဗီတာမင်စီဓာတ်ကတော့ အရေပြား နုပျိုကျန်းမာတဲ့အခြေအနေကိုထိန်းသိမ်းရာမှာ အတော်အရေးပါတာပါ။

သင်္ဘောသီးဖျော်ရည်တစ်ခွက် ဖျော်သောက်ရအောင်
လိုအပ်သောပစ္စည်းများ -
သင်္ဘောသီးတုံးလေးတွေ တစ်ခွက်စာ၊ သောက်ရေသန့် ၃/၄ ခွက် ၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ရေသန့်ရေခဲ လေးတုံး။
(၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် တစ်ခွက်)
(ထမင်းစားဇွန်း = 1 tablespoon = 15ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml)

ပြင်ဆင်ပြုလုပ်ပုံ -
Blender ထဲ ရေကို ခွက်ရဲ့ လေးပုံသုံးပုံ ၊ ရေခဲ လေးတုံး နဲ့ သင်္ဘောသီးတုံးလေးတွေ တစ်ခွက်စာကို ထည့်လိုက်ပါ။

ရေခဲတုံးလေးတွေ ကြေမွသွားသည်အထိ ကြိတ်ခြေပါ။

ပျားရည် သို့မဟုတ် အချို တစ်ခုခုကိုထည့်မွှေလိုက်ပါ။

အကုန်ရောမွှေပြီးပါက ဖန်ခွက်ထဲငှဲ့ထည့်ကာ သုံးဆောင်နိုင်ပါပြီ။


Alex Aung (1 February 2019)


Sources:
Health Ambition
Livestrong

No comments: