Friday, December 7, 2018

မုန့်ပေါင်း - တိုရှည် - Basil Chicken Pizza Roll - ကြက်သားဆန်ပြုတ်

တိုရှည်


ရွှေလိပ်ပြာအကြော်မှုန့်           - ၁ထုပ် ( ၁၅၀ ဂရမ်)
မတ်ပဲမှုန့််                           -  ၇၅ ဂရမ်
ကုလားပဲအစိမ်းမှုန့်                - ၂၀ ဂရမ် ( တိုရှည် အရောင်လှရန်)
ပဲနံ့သာ                               - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေစိမ်ထားပါ ( တိုရှည် အနံ့ကောင်းရန်)
ရေ                                    -  ၃၀၀ ml - ၃၅၀ ml
ဆား                                  - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်ပုံ
1. ပဲနံ့သာကို ရေစိမ်ပြီး ထောင်းထားပါ။
2. ဇလုံကြီးထဲကို ရွှေလိပ်ပြာအကြော်မှုန့်၊ မတ်ပဲမှုန့်၊ ကုလားပဲမှုန့်ထည့်ပြီး မွှေပေးပါ။
3. ပြီးလျှင် ထောင်းထားတဲ့ ပဲနံ့သာနဲ့ ရေထည့်ပြီး မုန့်နှစ်ဖျော်ပါ။
4. မုန့်နှစ်ပျစ်ပျစ်ဖြစ်ရပါ့မယ်(coat the spon )။ ပြီးလျှင် အဖုံးဖုံးပြီး ၈ နာရီ ဒါမှမဟုတ် တစ်ည သိပ်ထားရပါ့မယ်။
5. နောက်နေ့မနက်မှာ တိုရှည်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ မုန့်စမလုပ်ခင်မှာ ဆားထည့်ပြီး မွှေပေးပါ( ညထဲကဆားထည့်ထားပါက အချဉ်ပေါက်ရန် နောက်ကျတတ်ပါတယ်)
6. မကပ်တဲ့ဒယ်အိုးအပြားကို အပူပေးပါ။ ပြီးလျှင် မုန့်နှစ်ကို ခွက်နဲ့ခပ်ယူပြီး ဒယ်အိုးရဲ့ခလယ်မှာ ထည့်ပါ။
7. ပြီးလျှင် ခွက်ရဲ့အောက်မျက်နှာပြင်နဲ့ စက်ဝိုင်းပုံဖြစ်အောင် လှည့်ပေးပါ။
8. ပြီးနောက် ပလတ်စတစ်ယောက်မနဲ့ မျက်နှာပြင်ညှိပေးပါ။
9. မုန့်ရဲ့အနားပတ်လည်တစ်လျှောက်နဲ့ မျက်နှာပြင်ကို ဆီအနည်းငယ်လောင်းပေးပါ။
10. မုန့်ဘေးနှုတ်ခမ်းသားများ ကြွပ်လာရင် အရှည်လိုက်လိပ်ပြီး ဆယ်ယူပါ။
11. ကတော့ပုံစံ တိုရှည်ဆိုလျှင် မုန့်သားကို ပလတ်စတစ်ယောက်မနဲ့ ဖြတ်ပြီး စက်ဝိုင်းပုံခေါက်ပါ။

မုန့်ပေါင်း


ဆန်မှုန့်                         - ၄ ခွက်( ၂၈၀ ဂရမ်)
ဆွမ်းမွှေးရွက်                 - ၃ရွက်  (၁ လက်မအရွယ်ဖြတ်ထားပါ)
ရေ                              - ၁ ၁/၂ ခွက်
ဆွမ်းမွှေးရွက်                  - ၂ရွက် (ထုံးပြီးချီထားပါ)
ဆား                             - လက်ဖက်ရည်ဇွန်း တစ်ဝက်
အုန်းသီးခြစ်ပြီးသား           - အနည်းငယ်
ပဲပြုတ်(ပဲလွန်း)                 - လက်ဖက်ရည်ဇွန်း ၃/ ၄ ဇွန်း
ထန်းလျက်                      - လက်ဖက်ရည်ဇွန်း ၂ / ၃ ဇွန်း
ငှက်ပျောရွက်
ပဲဆီ

ပြုလုပ်ပုံ
1. အိုးအသေးတစ်လုံးထဲကို ရေ ၁ ၁/၂ ခွက် ဆွမ်းမွှေးရွက်ထုံးပြီး ထည့်ပါ။ ပြီးလျှင် ဆားထည့်ပြီး ဆူအောင်တည်ပါ။ (၅-၆ မိနစ်.)
2. ပြီးလျှင် အအေးခံထားပါ။
3. ဒယ်အိုးထဲကို ဆန်မှုန့်ထည့်ပါ။ ၁လက်မအရွယ်ဖြတ်ထားတဲ့ ဆွမ်းမွှေးရွက် ထည့်ပြီး မီးမြှင်းမြှင့်နဲ့လှော်ပါ။ (၈ မိနစ်)
4. အဆက်မပြတ်မွှေပေးပါ။ ပြီးနောက် အေးသွားအောင် ထားပါ။
5. ထန်းလျက်ကို ပါးပါးလှီးထားပါ။ အုန်းသီးကို ဆားအနည်းငယ်နဲ့ရောနယ်ထားပါ။
6. ငှက်ပျောရွက်ကို ၄”X ၄” အရွယ်ဖြတ်ထားပါ။ (မုန့်ပေါင်းလုပ်မဲ့ခွက်အကြီးအသေးပေါ်မူတည်ပြီး ငှက်ပျောရွက် အရွယ်အစားကွာသွားမှာပါ)
7. ပြီးလျှင် အအေးခံထားတဲ့ ဆန်မှုန့်ကို ဆန်ခါထဲထည့်ပြီး ဆန်ခါချပါ။ ဆွမ်းမွှေးရွက်ကို ပစ်လိုက်ပါ။
8. စောစောကကျိုပြီး အအေးခံထားတဲ့ ရေကို ဆန်မှုန့်ထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။
9. ယောက်မ rubber spatula ဖြင့်မွှေလိုက်တာနဲ့ ရေနဲနဲစိုနေတဲ့ ဆန်မှုန့််ရပါမယ်။
10. ပြီးလျှင် လက်ဖြင့်ဆန်မှုန့်ကိုခြေပါ။ ဆန်မှုန့်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ခြေရင်ဆန်မှုန့်အကြမ်း breadcrumbs ရပါမယ်။
11. အဲဒီဆန်မှုန့်က လက်နဲ့ဆုပ်ရင်ရတဲ့အနေအထားမှာ ရှိရပါမယ်။
12. ပြီးလျှင် ဆန်မှုန့်ကို နောက်တစ်ခါဆန်ခါပြန်ချပါ။
13. မုန့်ပေါင်းအချိုအတွက် စတီးခွက်အသေးထဲကို ဆန်မှုန့်ခွက်ရဲ့တစ်ဝက်ထည့်ပြီး ထန်းလျက်အနည်းငယ်ထည့်ပါ။ ပြီးလျှင် ဆန်မှုန့်ထပ်ထည့်ပြီး မျက်နှာပြင်ညီအောင်ညှိပါ။ ပဲနဲ့အဆိမ့်မုန့်ပေါင်းအတွက် စတီးခွက်ထဲကို ပဲပြုတ်အနည်းငယ်ထည့်ပါ။ ပြီးလျှင် ဆန်မှုန့်အပြည့်ထည့်ပြီး မျက်နှာပြင်ညှီပါ။ အုန်းသီးနဲ့အဆိမ့်အတွက်ဆိုရင် စတီးခွက်ထဲကို ဆန်မှုန့်အပြည့်ထည့်ပြီး မျက်နှာပြင်ညှိပါ။
14. ရေနွေးဆူနေတဲ့( high heat)ပေါင်းအိုးထဲကို ဆန်မှုန့်ထည့်ထားတဲ့ခွက်ထည့်ပြီး ၈-၁၀မိနစ်ခန့်ပေါင်းပါ။ (.ပေါင်းအိုးအဖုံးကို ပိတ်စဖြင့်ဖုံးပြီးမှ ပေါင်းအိုးကိုဖုံးပါ.)
15. ပြီးလျှင် ပေါင်းအိုးမှထုတ်ပြီး အုန်းသီးဖတ်နဲ့တွဲပြီးစားပါ။ ပဲနဲ့အဆိမ့်မုန့်ပေါင်းကို ပဲဆီဆမ်းပြီး စားပါ။

by Chef Myint Oo Tha

Basil Chicken Pizza Roll


 စားနေကျပုံစံနဲ့ မတူတဲ့ ပီဇာအလိပ်ပြုလုပ်နည်းလေး ဖြစ်ပါတယ်။ လုပ်စားကြည့်ကြရအောင်နော်။

ပီဇာဂျုံနယ်ရန် ပါဝင်ပစ္စည်းများ
ဂျုံ  -  ၁ ကီလို
Yeast  -  ၄ ဂရမ်
သကြား  -  ၂၀ ဂရမ်
ဆား  -  ၂၀ ဂရမ်
နွားနို့  -  ၂၅ မီလီလီတာ
သံလွင်ဆီ  -  ၄၀ မီလီလီတာ
ရေခဲ  -  ၈၀ ဂရမ်
ရေ  -  ၄၂၀ မီလီလီတာ 
အိမ်စားများအနေဖြင့် မိမိပြုလုပ်မည့်အပေါ်  ချိန်ဆပြုလုပ်ပါ။

ပီဇာဂျုံပြုလုပ်နည်း
၁။ ဂျုံနှင့် Yeast ကို ဦးစွာ သမအောင် မွှေပါ။ 
၂။ ကျန်ပါဝင်ပစ္စည်းအားလုံးကို ရောပြီး ရေခဲ၊ ဆား၊ သကြား ပျော်အောင် မွှေပြီးပါက ဂျုံနှင့် Yeast အရောထဲ ထည့်နယ်ပါ။ 
၃။ ဂျုံသားပြောင်ချောလာသည်အထိ နယ်ပါ။ ပြီးလျှင် ၂၀ဝ  ဂရမ်ဆိုဒ် အလုံးလေးများလုံးပြီး ဆီသုတ်ကာ ဂျုံဖြူးထားသော ဗန်းမှာ ၂ လက်မလောက်ခြား၍ စီထည့်ပြီး ပလတ်စတစ်လုံအောင် ပိတ်ကာ ရေခဲသေတ္တာမှာ နှပ်ထားပါ။
၎။ ပီဇာမလုပ်ခင် ၁ ရက် (သို့) နေ့ဝက်လောက် ကြိုလုပ်ထားတာက လက်နဲ့ဖြန့်ရတာ ပိုအဆင်ပြေပါတယ်။ 
၁ ရက်တည်းမကုန်လျှင် ဂျုံကို ရေခဲသေတ္တာမှာ ၃ ရက်လောက် အထားခံပါတယ်။
 ပုံမှာ ဖော်ပြထားတဲ့ အရွယ်မှာ ၄၀ဝ ဂရမ် (၁ လုံး) ဖြစ်ပါတယ်။

ပီဇာပြုလုပ်နည်း
 ပီဇာလုပ်ဖို့ လိုအပ်သော အဓိကပစ္စည်းကတော့ ပီဇာဆော့စ်နှင့် ချိစ်တို့ ဖြစ်ပါတယ်။ ကျန်တဲ့ ပါဝင်ပစ္စည်းတွေကတော့ မိမိပြုလုပ်မည့် ပီဇာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ Basil Chicken Pizza အတွက် ကြက်သားနှင့် ပင်စိမ်းကြော်ထားတာကို အသုံးပြုထားပါတယ်။

Pizza Sauce ပြုလုပ်နည်း
 ခရမ်းချဉ်သီးအခွံနွှာပြီးသား Ready-made ဘူးကို အရည်နည်းနည်း ညှစ်ထုတ်ပြီး မညက်တညက် ကြိတ်ထားပါ။ ဆား၊ သကြား၊ သံလွင်ဆီနှင့် ဥမနါညေသ တို့်ကို ထည့်ပြီး သမအောင်မွှေပါ။ ချိစ်ကိုတော့ Mozzarella Cheese ကို သုံးပါတယ်။


ပီဇာပြုလုပ်နည်း
၁။ နှပ်ထားပြီးသားဂျုံကို ဂျုံမှုန့်ဖြူးပြီး ဖြန့်ကာ ဆီသုတ်ထားသောဗန်း (သို့) ဆန်ခါပေါ် တင်ပါ။
၂။ ပီဇာဆော့စ်ကို ဘေးအနား ၂ စိတ်လောက် ချန်ထားပြီး လူးပေးပါ။
၃။ ဆော့စ်အပေါ်မှ ချိစ်ဖြူးပါ။
၎။ မိမိပြုလုပ်မည့်အဆာတို့ကို ထည့်ပါ။
၅။ ပြီးလျှင် အပေါ်မှ ချိစ်အနည်းငယ် အရောင်လှအောင် ထပ်ဖြူးပြီး Oven မှာ  အပေါ် ၂၈၀ ဒီဂရီ၊ အောက် ၂၀ဝ ဒီဂရီ မီးဖြင့် ၅ မိနစ်၊ ၆ မိနစ်ခန့် ဖုတ်ပြီး မုန့်အရောင်ရကာ မုန့်သားကျက်ပါက လှီးဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။
 Pizza Roll ပြုလုပ်ရန်မှာ ဖြန့်ပြီးသားဂျုံမှာ ဆော့စ်ချိစ်နှင့် အသားကြော်ထားသည်တို့ကို ထည့်၍ လိပ်ပြီး Oven မှာ ကင်ပါ။
......................

ကြက်သားဆန်ပြုတ်လေးလုပ်သောက်ရအောင် 🍲


Wifey တို့ဆီမှာ ရာသီဥတုက အတော်အတန်အေးနေပြီဆိုတော့ ရန်ကုန်မှာလို လမ်း၂၀က ဆန်ပြုတ် ပူပူနွေးနွေးလေးနဲ့ အီကြာကွေးလေးသောက်ချင်မိတယ်။ 

အရသာရှိတဲ့ဆန်ပြုတ်ကောင်းကောင်း ၄ယောက်စာ တစ်အိုးအတွက် လိုအပ်တာတွေကတော့

ဆန် ထမင်းပေါင်းအိုးထဲပါတဲ့ခွက် ၁ခွက်
ရေ ၈ခွက်
ကြက်သား ၂၀သား
ဂျင်း လက်၂ဆစ်
ဆား
ငရုတ်ကောင်း
ကြက်သွန်မြိတ် တို့ရှိရင်ရပါပြီ။

ပထမဦးဆုံးရေနွေးကို ပွက်ပွက်ဆူအောင်တည်ထားပြီး ရေနွေးဆူတာနဲ့ သန့်စင်ထားတဲ့ ကြက်သားတွေကိုထည့်ပါမယ်။ တစ်ဆက်တည်းမှာပဲ ရေဆေးထားတဲ့ဆန်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်း ထည့်ပြီး မီးအလည်အလတ်အနေအထားနဲ့ တည်ထားပါမယ်။ ဆန်ပြုတ်အရည်ကြည်ကြည်သန့်သန့်လေးရအောင်လို့ အပေါ်မှာတက်လာတဲ့ မလိုအပ်တဲ့ အဆီအနှစ်တွေကို အသာလေး ခပ်ထုတ်ပြစ်ပါမယ်။

ဆန်မကပ်စေဖို့အတွက် အိုးကို မကြာမကြာ မွှေပေးရပါမယ်။ ဆန်လုံးကွဲသွားပြီး နှစ်သက်တဲ့ အပြစ်အကြဲအနေအထားရရင် အရသာမြည်းပြီး ပူပူနွေးနွေးစားလို့ရပါပြီ။ ကြက်ကို အရိုးအသားတွဲလျက်လေးသုံးထားတာကြောင့် သဘာဝအတိုင်းချိုနေတာပါပဲ။

စားခါနီးမှာ အိုးထဲမှာတူတူရောပြုတ်ထားတဲ့ ကြက်သားကို ပါးပါးလှီးပြီး ကြက်သွန်မြိတ်၊ ငရုတ်ကောင်းဖြူး၍ အီကြာကွေး၊ ကြက်ဥကာမကျက်တကျက်၊ ဆေးဘဲဥ တို့နဲ့ နှစ်သက်သလို တွဲဖက်စားသုံးနိုင်ပါတယ်။ 

ဆန်ပြုတ်ပြုတ်တာများ ဘာခက်လို့လဲလို့ထင်ရပေမယ့် မပြုတ်တတ်ရင် ထမင်းပျော့ပြဲကြီးနဲ့တူသွားတာတွေ ရေနည်းပြီးဆန်များလို့ အိုးကြတ်သွားတာတွေ အစရှိသဖြင့်ဖြစ်တတ်တာမို့ ရိုးရှင်းလွယ်ကူပြီးစားကောင်းတဲ့ ဆန်ပြုတ်ပြုတ်နည်းလေးကို မျှဝေလိုက်ပါတယ်နော်။ ဘိုးဘိုး၊ ဘွားဘွားနဲ့ ဆန်ပြုတ်ကြိုက်တတ်တဲ့ ချစ်သူတွေကို လုပ်ကျွေးလိုက်ပါဦး။ ပြောရင်းဆိုရင်းနဲ့ ဆန်ပြုတ်အရမ်းကြိုက်တဲ့ Wifey ရဲ့ အဖိုးကို သတိရမိတယ်။ သူဆိုရင် တစ်ရွှီးရွှီးနဲ့ အဲ့တစ်အိုးလုံး တစ်ယောက်တည်းသောက်နိုင်တယ်။ ကြိုက်လွန်းလို့ 😄

Ok. I love you all.

အချစ်များစွာဖြင့်

No comments: