Tuesday, December 18, 2018

“ကွမ်းယာ၏ ကျန်းမာရေးအန္တရာယ်”

(၁၈၇) ကြိမ်မြောက် မြ၀တီကျန်းမာသုတအစီအစဉ်အတွက် “ကွမ်းယာ၏ ကျန်းမာရေးအန္တရာယ်” ခေါင်းစဉ်ဖြင့် ပြောကြားရိုက်ကူးခြင်း

#MWDHealthTalkProgramme



1. MWD : ဒီတစ်ပတ် ကျန်းမာသုတအစီအစဉ်ကနေ ကျွန်မတို့မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်စားသုံးနေကြတဲ့ ကွမ်းယာရဲ့ကျန်းမာရေးဆိုးကျိုးအန္တရာယ်တွေအကြောင်းကို မြဝတီရုပ်မြင်သံကြား ပရိသတ်တွေသိရှိစေဖို့ တင်ဆက်ချင်ပါတယ်ဆရာ... ပထမဆုံးအနေနဲ့ ကမ္ဘာပေါ်မှာ ကွမ်းယာစားတဲ့ဓလေ့ဟာ ဘယ်ခေတ် ကာလကတည်းက စတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာရယ်... ဘယ်ဒေသတွေမှာ စတင်ခဲ့တယ်ဆိုတာကို ဗဟုသုတအဖြစ်ပြောပြပေးပါ ဆရာ...

Dr. KML : ကွမ်းသီးနဲ့ကွမ်းရွက်ကိုအခြေခံတဲ့ ကွမ်းယာစားသုံးတဲ့ဓလေ့ဟာ အနည်းဆုံးနှစ်ပေါင်း ၄၀ဝ၀ ကျော်ခဲ့ပြီးလို့ဆိုပါတယ်... အဓိကစတင်စားသုံးခဲ့တဲ့နိုင်ငံတွေကတော့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်ပြီး ဆရာတို့ရဲ့အိမ်နီးချင်းထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာရှိတဲ့ ရှေးခေတ်လူသားတွေရဲ့သွားတွေမှာ ကွမ်းယာစားတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ခဲ့ရပါတယ်... အဲ့ဒီလူသားအရိုးနဲ့သွားတွေကို ကာဗွန်နည်းပညာနဲ့ သက်တမ်းရှာကြည့်တဲ့အခါ နှစ်ပေါင်း ၄၀ဝ၀ ကျော် ရှိနေပြီဖြစ်လို့ အရှေ့တောင်အာရှဒေသတွေမှာတော့ ကွမ်းယာစားသုံးခဲ့တဲ့ ရိုးရာဓလေ့ဟာ နှစ်ပေါင်း ၄၀ဝ၀ အနည်းဆုံးရှိနေပြီလို့ ဆိုနိုင်ပါတယ်...

အရှေ့တောင်အာရှနိုင်ငံတွေအပြင် တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံတွေမှာလည်း ရှေးယခင်ကတည်းကစားသုံးခဲ့တဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာရှိခဲ့ပါတယ်... ဗီယက်နမ်နိုင်ငံမှာ ရိုးရာဓလေ့အရလက်ထပ်ရင် ကွမ်းယာနဲ့ဧည့်ခံကြလေ့ရှိပါတယ်... မြန်မာနိုင်ငံမှာဆိုရင်လည်း အနော်ရထာဘုရင်လက်ထက်ကတည်းက ကွမ်းယာစားသုံးတဲ့ဓလေ့ရှိခဲ့ကြောင်းသိရပြီး ရှေးခေတ်မြန်မာ့ဓလေ့မှာ ကွမ်းယာ၊ ကွမ်းအစ်၊ ကွမ်းတောင်ကိုင်အစရှိသဖြင့် ထင်ရှားခဲ့ပါတယ်... ဧည့်သည်လာရင် ကွမ်းယာနဲ့ဧည့်ခံတဲ့ဓလေ့ ဟာလည်း အထင်အရှားရှိခဲ့ပါတယ်... ဒီကနေ့မှာတော့ မြန်မာဟာကမ္ဘာမှာ ကွမ်းယာစားသုံးမှု အများဆုံးနိုင်ငံဖြစ်နေပါပြီ... ၂၀၁၂ ခုနှစ်အတွင်းလေ့လာချက်အရ ကမ္ဘာ့လူဦးရေရဲ့ (၁၀) ပုံ (၁) ပုံဟာ ကွမ်းယာစားသုံးနေကြကြောင်း သိရပါတယ်...

2. MWD : ကွမ်းယာထဲမှာ ဘယ်လိုပစ္စည်းမျိုးတွေပါဝင်ပြီး ဘယ်ပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေတယ် ဆိုတာလဲ သိပါရစေဆရာ...

Dr. KML : ကွမ်းယာမှာအဓိကပစ္စည်း ၄ မျိုးပါဝင်ပါတယ်...
(၁) ကွမ်းရွက် (Betel leaf)
(၂) ကွမ်းသီး (Areca nut)
(၃) ထုံး (Calcium hydroxide or slaked lime)
(၄) ထပ်ဖြည့်ပစ္စည်း (အစာနှင့်အမွှေးအကြိုင်) flavouring အဖြစ် အဓိကအနေနဲ့ -
● ဗမာဆေး၊ နှပ်ဆေး
● လေးညှင်း (Clove)
● ရှားစေး (Catechu or Kattha)
● စမုံစပါး (Dill seed)
● ဖာလာ (Cardamom)
● နွယ်ချို (Licorice)
● ဂုံခါး (Horseradish)
● နာနတ်ပွင့် (Star anise)
● အာမွှေး (Suman Rose)
● နိုင်ငံခြားဆေး (Oyrm – Queen, Signal, Sagar, 45, 92, 100)
● ဆေးရွက်ကြီး
● အခြားမူးယစ်ဆေးအမျိုးမျိုး

အဲ့ဒီပစ္စည်းတွေထဲမှာ ကွမ်းရွက်နဲ့သဘာဝအမွှေးအကြိုင်တွေကတော့ ပြဿနာမပေးပါဘူး...ကျန်တဲ့ပစ္စည်းတွေထဲကတချို့ အထူးသဖြင့် ဓာတုပစ္စည်းတွေနဲ့ဆေးရွက်ကြီးတွေကသာ ပြဿနာ ပေးတာဖြစ်ပါတယ်...အဓိကဖြစ်စေတဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့...

(၁) ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေပါတယ်...အဓိကအနေနဲ့ ကွမ်းသီးမှာပါဝင်တဲ့ အေရီကိုလင်း (Arecoline) ဟာ ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်...ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုကင်ဆာကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်...ကျန်ခန္ဓာကိုယ် အနှံ့အပြားမှာလည်း ကင်ဆာဖြစ်စေဖို့အားပေးပါတယ်...အစာအိမ်ကင်ဆာ၊ အူကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာအပါအဝင် တစ်ကိုယ်လုံးမှာဖြစ်စေပါတယ်... သူ့မှာပါဝင်တဲ့ ဆေးတွေကြောင့်လည်းဖြစ်စေနိုင်ပါတယ်... ၂၀ဝ၃ ခုနှစ်ကစလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကွမ်းစားခြင်းဟာ ကင်ဆာရောဂါတွေဖြစ်စေနိုင်တယ်လို့ အတိအလင်းထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်...

(၂) ပါးစပ်ကိုတင်းမာပြီး ကျုံ့စေတဲ့ရောဂါ (submucous fibrosis) ဖြစ်စေပါတယ်...အဲ့ဒီလိုဖြစ်ရင် ပါးစပ်ကိုကောင်းကောင်းဟလို့မရတာ၊ အစားအစာတွေဝါးလို့မရတာတွေ ဖြစ်တတ်ပါတယ်...ပြန်မကောင်းတော့ပါဘူး... ကုဖို့မလွယ်ပါဘူး...

(၃) ကျောက်ကပ်ရောဂါအမျိုးမျိုးဖြစ်စေပါတယ်... ပါဝင်တဲ့ထုံးတွေကြောင့် ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းမှာ ကျောက်တည်ရာကအစ ကျောက်ကပ်ပျက်စီးနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်...

(၄) ပန်းနာရင်ကြပ်ရှိသူတွေကိုပိုဆိုးစေပါတယ်... ကွမ်းသီးမှာပါဝင်တဲ့ အေရီကိုလင်းဟာ ပါရာဆင်ပသက်တစ် အာရုံကြောအဖွဲ့ကို လှုံ့ဆော်ပေးတဲ့အတွက် အဆုတ်လြွေပန်တွေကို ကျဉ်းစေပါတယ်...ဒါ့ကြောင့် ပန်းနာရင်ကြပ်ရှိသူတွေ ကွမ်းယာစားရင်ပိုဆိုးစေပါတယ်...

(၅) နှလုံးနဲ့သွေးကြောရောဂါတွေကို ပိုဆိုးစေပါတယ်... နှလုံးခုန်မြန်တာ၊ နှလုံးသွေးကြောတွေ ကျဉ်းတာ၊ သွေးတိုးရောဂါတွေရှိရင် ပိုဆိုးစေပါတယ်...

(၆) ဆီးချိုသွေးချိုရောဂါရှိသူတွေကို ပိုဆိုးစေပါတယ်...သွေးထဲမှာရှိတဲ့ ဂလူးကိုစ့်ပမာဏကို မြင့်တက်စေပါတယ်... နဂိုက ဆီးချိုရောဂါမရှိသူတွေကို ဆီးချိုသွေးချိုရောဂါအမှတ် (၂) ဖြစ်စေဖို့အားပေးပါတယ်...
ဒီလိုမျိုးကျန်းမာရေးဆိုးကျိုးတွေ ကြောက်ခမန်းလိလိ ရှိနေပေမယ့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကွမ်းယာတိုက်ဖျက်ရေးကို ထိထိရောက်ရောက်မလုပ်ကြသေးတာဟာ ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ် (Neglected global public health emergency) ...

3. MWD : ဆရာခုနကပြောသွားတဲ့ အေရီကိုလင်း (Arecoline) အကြောင်းကို အနည်းငယ်ထပ်ရှင်းပြ ပေးပါဆရာ... သူဟာ ဘယ်လိုမျိုးဓာတ်ပစ္စည်းဆိုတာရယ် ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုးဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုတာရယ်ကို ပြောပြပေးပါ ဆရာ...

Dr. KML : အေရီကိုလင်းဆိုတာ ကွမ်းသီးထဲမှာပါဝင်တဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး ဘေစ့် (base) ဂုဏ်သတ္တိ ရှိပါတယ်... သူဟာ ရေမှာပျော်ဝင်ပြီး အက်ဆစ်တွေနဲ့အလွယ်တကူပေါင်းစပ်နိုင်ပါတယ်... အဲ့ဒီလိုပေါင်းစပ်ပြီးရင် လိမ္မော်ရောင် - အနီရောင်ပုံဆောင်ခဲတွေကျလာပါတယ်... ဒါကို ရွန်ဘိုဟက်ဒရွန် (Rhombohedrons) လို့ခေါ်ပါတယ်... ကွမ်းယာကိုဝါးလိုက်ရင် ကွမ်းတံတွေး တွေ နီနေရခြင်းဟာ အဲ့ဒီဓာတ်ပစ္စည်းကြောင့်ဖြစ်ပါတယ်...

ကွမ်းယာကိုဝါးလိုက်ရင် တံတွေးဂလင်းတွေကိုလှုံ့ဆော်တဲ့အတွက် တံတွေးတွေပိုထွက်လာစေ ပါတယ်... အရီကိုလင်းတွေဟာ သွေးထဲကနေတဆင့် ဦးနှောက်နဲ့အာရုံကြောအဖွဲ့ကို ရောက်ပါတယ်... သူဟာ နီကိုတင်းနဲ့အလုပ်လုပ်တာချင်းဆင်တူပါတယ်... နီကိုတင်းဟာ nicotine acetylcholine receptor မှာ သွားပြီးပေါင်းစပ်သလို အေရီကိုလင်းဟာလည်း muscarinic aectycholine M1,M2,M3 နဲ့ M4 receptor တွေမှာ သွားရောက်ပေါင်းစပ်ပါတယ်...အဲ့ဒီလိုပေါင်းစပ်လိုက်တဲ့အတွက် သူ့ရဲ့အာနိသင်တွေဖြစ်တဲ့ Parasympathetic effect တွေကို ရစေပါတယ်...

အေရီကိုလင်းရဲ့ အဓိကမကောင်းတဲ့အာနိသင်တွေကတော့ ခုနကပြောခဲ့တဲ့ အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ြွကက်သားတွေကျုံ့သွားတဲ့အတွက် အသက်ရှူလမ်းကြောင်းကျဉ်းသွားတာ (bronchial constriction) ၊ နှလုံးသွေးကြောအပါအဝင် သွေးကြောတွေကျဉ်းတာ၊ သွေးတွင်းမှာ သကြားဓာတ် မြင့်စေတာ၊ ကင်ဆာရောဂါ စတာတွေဖြစ်စေပါတယ်...


4. MWD : ကွမ်းယာစားသူတွေဟာ ကွမ်းကိုမစားရမနေနိုင်အောင်စွဲလမ်းစေတာ ဘာကြောင့်ပါလဲ ဆရာ...

Dr. KML : လူကိုစွဲလမ်းစေတဲ့ အရက်တို့၊ ဆေးလိပ်တို့၊ ကိုကင်း၊ ဆေးခြောက်နဲ့ ကွမ်းယာတွေမှာ စွဲလမ်းစေတဲ့ ဓာတ်ပစ္စည်းတစ်မျိုးတော့ အနည်းဆုံးပါဝင်နေလေ့ရှိပါတယ်... ကွမ်းယာစားရင် ကွမ်းသီးမှာပါဝင်တဲ့ အေရီကိုလင်းလို့ခေါ်တဲ့ အယ်ကာလွိုက်တစ်မျိုးကြောင့် ကွမ်းယာကိုစွဲလမ်းနေကြတာဖြစ်ပါတယ်..  အဲ့ဒီအေရီကိုလင်းဟာ ကွမ်းယာကိုဝါးနေရင် သွေးကြောထဲကတဆင့် စိမ့်ဝင်သွားပြီး ဦးနှောက်ကို ရောက်ပါတယ်... ဦးနှောက်မှာလှုံ့ဆော်မှုကြောင့် စိတ်ကိုရွှင်လန်းတက်ြွကစေပါတယ်... Euphoria လို့ခေါ်တဲ့ စိတ်သာယာမှုကိုပေးပါတယ်... စိတ်ဓာတ်ကျဆင်းတာတွေ စိတ်ပူပင်သောက တွေကို ပြေပျောက်စေပါတယ်... ညဘက်ကားမောင်းတဲ့သူတွေဆိုရင် အိပ်ငိုက်တာတွေမဖြစ်အောင် လှုံ့ဆော်ပေးပါတယ်... ဒါ့ကြောင့်လည်း ကွမ်းယာကို စွဲလမ်းနေကြတာ ဖြစ်ပါတယ်... အဓိကဇာတ်လိုက်ကတော့ ကွမ်းသီးမှာပါဝင်တဲ့ အေရီကိုလင်းပဲဖြစ်ပါတယ်...

5. MWD : ကွမ်းယာထဲမှာပါတဲ့ ထုံးကရောဘယ်လိုမျိုး ဆိုးကျိုးတွေရှိတယ်ဆိုတာသိပါရစေ ဆရာ...

Dr. KML : ကွမ်းယာမှာပါတဲ့ထုံးကို ဓာတုဗေဒအရ Calcium Hydroxide လို့ခေါ်ပါတယ်... Calcium oxide  နဲ့ ရေနဲ့ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ... Slaked Lime လို့လည်းခေါ်တဲ့  အင်အော်ဂဲနစ် တစ်မျိုးဖြစ်ပါတယ်...

 Calcium Oxide   + Water     =  Calcium  Hydroxide
 CaO  + H2O = Ca(OH)2

ကွမ်းယာကိုဝါးလိုက်တဲ့အခါ ကွမ်းရွက်မှာသုတ်ထားတဲ့ထုံးတွေဟာ ခံတွင်းနံရံနဲ့လျှာတွေကို ထိတွေ့စေပါတယ်... ထုံးရဲ့ပါဝင်တဲ့ပမာဏ (ပြင်းအား) နဲ့ ထိတွေ့မှုကြာမြင့်ချိန်ပေါ်မူတည်ပြီး ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေပါတယ်... တစ်နေ့ကို ကွမ်းယာတစ်ယာနှစ်ယာသာ စားတဲ့သူနဲ့ ၁၀ ယာ ၁၅ ယာစားတဲ့သူတွေရဲ့ဆိုးကျိုးမတူပါဘူး... များများစားလေလေ၊ ကြာရှည်ဝါးလေလေ စားတဲ့နှစ်ကြာလေလေ ပိုဆိုးလေလေဖြစ်ပါတယ်... အဓိကအနေနဲ့ လျှာနဲ့ခံတွင်းသားတွေကို တိုက်စားပြီး ဖျက်ဆီးပါတယ် (burn)... ပြီးရင် ဆဲလ်တွေကိုသေဆုံးစေခြင်း (necrosis) နဲ့ ကင်ဆာဖြစ်အောင်လှုံ့ဆော်ခြင်း (irritation) တွေ ဖြစ်စေပါတယ်...  Oral submucous fibrosis နဲ့ Oral cancer ဖြစ်စေပါတယ်... ဒါ့အပြင် သွားရောဂါအမျိုးမျိုးကိုလည်း ဖြစ်ပွားစေပါတယ်... သွားဖုံးရောင်ခြင်း၊ သွားအခြေ၌ကျောက်တည်ခြင်း၊ ရေစီးကမ်းပြိုဖြစ်ခြင်း၊ြွေကသားများပျက်စီးခြင်းတို့ ဖြစ်စေပါတယ်... ဒါ့ကြောင့် ကွမ်းစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့လိုအပ်ပါတယ်...

အဲ့ဒီကွမ်းယာကို ဝါးလို့ထွက်လာတဲ့ကွမ်းရည်တွေကို အပြင်ကိုမထွေးဘဲမြိုချမိခဲ့ရင် လည်ချောင်းကို ထိခိုက်ပျက်စီးစေတဲ့အပြင် ထုံးတွေကြောင့် လည်ချောင်းပူခြင်း၊ အစာအိမ်ပူခြင်း (ရင်ပူခြင်း) ဖြစ်တတ်ပါတယ်... ထုံးရေဟာ ပြင်းထန်တဲ့အယ်ကာလိုင်းဖြစ်တာကြောင့် လူတွေတိုက်ရိုက် သောက်သုံးလို့မရပါဘူး... ထုံးကို ရေဖျော်ပြီးသောက်ရင်သေနိုင်ပါတယ်...

အူကနေတဆင့် နဲနဲချင်းစုပ်ယူပြီး သွေးထဲရောက်ရင် ပါဝင်တဲ့ထုံးဓာတ်တွေဟာ အင်အော်ဂဲနစ် တွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်... သွေးကြောတွေရဲ့အတွင်းနံရံမှာ ထုံးတွေပို့ချမှုကြောင့် ကျောက်တည်ပြီး သွေးကြောနံရံတွေ မာလာထူလာပါမယ်... အဲ့ဒီအခါမှာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်တတ်ပါတယ်... ဒါ့အပြင် ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ကြိုးစားရာမှာ ကျောက်ကပ်မှာ ထုံးတွေစုပုံလာပြီး ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းတလျှောက်မှာ ကျောက်တည်တတ်ပါတယ်..

မြန်မာနိုင်ငံမှာ ဆီးကျောက်တည်တဲ့လူနာအများစုဟာ ကွမ်းယာစားတဲ့ဓလေ့ရှိတာ တွေ့ရပါတယ်...ကြာရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်... နောက် ကွမ်းယာရောင်းသူတွေအနေနဲ့ ထုံးတွေနဲ့ထိတွေ့တဲ့အရေပြားတွေဟာ ပျက်စီးတတ်ပါတယ်... ဒါကို မြန်မာလိုထုံးပေါက်တယ်လို့ ခေါ်ပါတယ်... မျက်စေ့ယားလို့အမှတ်တမဲ့ ထုံးပေတဲ့လက်နဲ့ပွတ်မိရင် မျက်စေ့ထဲကိုထုံးတွေဝင်ပြီး မျက်စေ့ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်...


6. MWD : ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကွမ်းယာစားရင် ဘာတွေဖြစ်နိုင်တယ်ဆိုတာလည်းသိပါရစေ ဆရာ...

Dr. KML : ကိုယ်ဝန်ဆောင်မိခင်တွေကွမ်းယာစားရင် လူကြီးအတွက်ကတော့ ခုနကပြောခဲ့တာတွေ အကုန်ဖြစ်နိုင်တဲ့အပြင် ဗိုက်ထဲကသန္ဓေသားကိုပါထိခိုက်စေပါတယ်... အချိန်မတိုင်မီမွေးတာ (Preterm birth)၊ မွေးလာတဲ့အလေးချိန်မပြည့်တာ (Low birth weight)၊ အရပ်ပုတာ (Short stature) တွေဖြစ်တတ်ပါတယ်... အဓိကအနေနဲ့ ကွမ်းသီးမှာပါတဲ့ အေရီကိုလင်းကြောင့် ဖြစ်ပါတယ်... ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အရင်က ကွမ်းစားနေတဲ့သူဖြစ်ရင်တောင် ကိုယ်ဝန်ရှိတယ်လို့သိတာနဲ့ ကွမ်းယာကို မဖြစ်မနေဖြတ်ရပါမယ်...

7. MWD : ဆေးလိပ်ဖြတ်ချင်တဲ့သူတွေအနေနဲ့ ကွမ်းယာနဲ့အစားထိုးပြီးဖြတ်ကြတယ်လို့ ကြားဖူးပါတယ်ဆရာ..အဲ့ဒါနဲ့ပတ်သက်လို့ ဆရာ့ရဲ့အမြင်လေးလည်းသိပါရစေ ဆရာ...

Dr. KML : မှန်ပါတယ်... ဆေးလိပ်ကိုစွဲလမ်းနေတယ်ဆိုတာ သူ့မှာပါဝင်တဲ့နီကိုတင်း (Nicotine) လို့ ခေါ်တဲ့ အယ်ကာလွိုက်တစ်မျိုးကြောင့်ဖြစ်ပါတယ်... ဆေးလိပ်မသောက်ရင် အဲ့ဒီနီကိုတင်းတွေ ခန္ဓာကိုယ်ထဲဝင်မလာတဲ့အခါ နီကိုတင်းရီဆက်တာတွေဟာ နီကိုတင်းကိုတောင်းဆိုလာပါတယ်...အဲ့ဒီအချိန်မှာ ကွမ်းယာစားလိုက်ရင် ကွမ်းသီးထဲမှာပါဝင်တဲ့ အေရီကိုလင်းဆိုတဲ့ အယ်ကာလွိုက်ဟာ နီကိုတင်းနဲ့ခပ်ဆင်ဆင်တူတဲ့အတွက် နီကိုတင်းရီဆက်တာတွေမှာသွားပြီး တွယ်ကပ်ပါတယ်...အဲ့ဒီအခါမှာ နီကိုတင်းကိုရသကဲ့သို့ ခံစားရသလိုဖြစ်ပြီး ဆေးလိပ်ချင်ခြင်းတပ်တဲ့ ခံစားမှုတွေလည်း လျော့ပါးသွားပါတယ်... ဒါ့ကြောင့်လည်း ဆေးလိပ်သောက်သူအများစုဟာ ကွမ်းယာနဲ့ဖြတ်ဖို့ ကြိုးစားကြခြင်းဖြစ်ပါတယ်... ဒါပေမဲ့ တချို့လူတွေမှာ ဆေးလိပ်မပြတ်ဘဲ ဆေးလိပ်ရောကွမ်းယာပါ နှစ်မျိုးစလုံးစွဲသွားတတ်ပါတယ်... ကွမ်းယာဟာလည်း ဆေးလိပ်လိုပဲကင်ဆာဖြစ်စေနိုင်တယ် ဆိုတာတော့ သတိပြုဖို့လိုအပ်ပါတယ်...

8. MWD : ကွမ်းယာဟာ ကျန်းမာရေးအတွက်ဆိုးကျိုးတွေရှိသလို တခြားလူမှုပတ်ဝန်းကျင်အတွက်လည်း ဆိုးကျိုးတွေရှိတယ်လို့ သိကြရပါတယ်... အဲ့ဒါနဲ့ပတ်သက်လို့ ဆရာ့ရဲ့အမြင်လေး ကိုလည်း သိပါရစေ ဆရာ...

Dr. KML : ကွမ်းယာစားတဲ့ဓလေ့ဟာ လူတစ်ဦးချင်းစီအတွက် ကျန်းမာရေးကိုသာထိခိုက်စေတာ မဟုတ်ပါဘူး... လူမှုဆက်ဆံရေးကိုလည်းထိခိုက်စေပါတယ်... ကွမ်းစားတဲ့အတွက် ခံတွင်းနဲ့ သွားတွေဟာ အမြင်မတင့်တယ်တာတွေဖြစ်လို့ လူမှုရေးအရ ထိခိုက်မှုတွေရှိနိုင်ပါတယ်... အချို့အလုပ်ခန့်တဲ့အခါ ကွမ်းယာစားတဲ့သူဆိုရင် အလုပ်မခန့်တာမျိုးတွေရှိပါတယ်... ဥရောပနိုင်ငံတွေမှာတော့ ကွမ်းယာစားပြီး ပါးစပ်တွေနီနေတဲ့သူကို dirty habit ဆိုပြီးသုံးပါတယ်... နောက်တစ်ခုက ပတ်ဝန်းကျင်ထိခိုက်မှုပါ... ကွမ်းယာစားသူအချို့ဟာ ကွမ်းတံတွေးတွေကို စည်းမဲ့ကမ်းမဲ့ထွေးကြတဲ့အတွက် လှေကားရင်းတွေ၊ ပလက်ဖောင်းတွေ၊ ကားလမ်းမတွေနဲ့ အဆောက်အဦးနံရံတွေမှာ ကွမ်းတံတွေးတွေပေကျံနေတာဟာ အလွန်ပဲအကျည်းတန် လှပါတယ်... သဘာဝပတ်ဝန်းကျင်ကိုလှပအောင် ပြုလုပ်ထားသူတွေ အကြောက်ဆုံးကတော့ ကွမ်းတံတွေးပဲဖြစ်ပါတယ်... ကွမ်းယာစားလို့ကုန်မယ့်ပိုက်ဆံကို အခြားနေရာမှာသုံးရင် ပိုပြီးအကျိုးရှိပါလိမ့်မယ်...

9. MWD : ကွမ်းယာနဲ့ကွမ်းသီးတွေစားရင် ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတော့ ဆေးလိပ်သောက်သုံးမှု လိုပဲ ဥပဒေတွေပြဌာန်းပြီး ကန့်သတ်မှုတွေလုပ်တာများလည်းရှိရင် သိချင်ပါတယ် ဆရာ...

Dr. KML : ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ၂၀ဝ၄ ခုနှစ်ကနေစပြီး ကွမ်းယာနဲ့ကွမ်းသီးရဲ့အန္တရာယ်တွေကို အဖွဲ့ဝင်နိုင်ငံအသီးသီးကို အထောက်အထားခိုင်ခိုင်မာမာနဲ့ ဖြန့်ဝေပြောကြားခဲ့ပြီးဖြစ်ပါတယ်...အချို့နိုင်ငံအနည်းငယ်လောက်ကပဲ ဥပဒေတွေပြဌာန်းပြီး ကန့်သတ်တားဆီးတာတွေ ပြုလုပ်ထားပါသေးတယ်... ဥပမာအားဖြင့်  ဩစတေးလျဆိုရင် သူ့နိုင်ငံမှာကွမ်းသီးကို လုံးဝတင်သွင်းတာ၊ စိုက်ပျိုးတာ၊ ရောင်းချတာ ပိတ်ပင်ထားပါတယ်... ဒါ့ကြောင့် ကွမ်းယာစားတဲ့အလေ့အကျင့်ဟာ ဩစတေးလျမှာတော့ ကွယ်ပျောက်သွားပြီဖြစ်ပါတယ်... ပတ်ဝန်းကျင်မှာလည်း ကွမ်းတံတွေးတွေ ကင်းစင်သွားတာပေါ့... သူ့လိုပဲ အာရပ်စော်ဘွားများနိုင်ငံ (UAE)  နိုင်ငံမှာလည်း ပိတ်ပင် ထားပါတယ်...ကွမ်းသီးကိုလက်ဝယ်ထားရှိရင်၊ စားသုံးခဲ့ရင် အရေးယူအပြစ်ပေးပါတယ်... ဒါပေမယ့် နိုင်ငံအတော်များများမှာတော့ ပိတ်ပင်တားမြစ်ထားတာမရှိသေးလို့ ဒီလိုပဲ ရောင်းဝယ် စားသုံးနေကြဆဲ ဖြစ်ပါတယ်...

10. MWD : အခုဆိုရင် ကွမ်းယာနဲ့ပတ်သက်လို့ အတော်လေးပြည့်ပြည့်စုံစုံသိရပါပြီ ဆရာ... ဆရာ့အနေနဲ့ မြဝတီရုပ်မြင်သံကြား ပရိသတ်ကြီးကို ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ဆရာ...

Dr. KML : ကွမ်းယာစားနေတဲ့သူတွေကို အကြံပြုပြောကြားလိုတာကတော့ ကွမ်းယာဆိုတာ ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေးနဲ့လူမှုရေးတွေကို ထိခိုက်စေတာမို့ အမြန်ဆုံးဖြတ်ကြပါလို့ တိုက်တွန်း ချင်ပါတယ်...ကွမ်းတံတွေးကို လက်လွတ်စပယ် တွေ့ရာနေရာမှာမထွေးဘဲ စနစ်တကျထွေးကြ စေလိုပါတယ်...
ကွမ်းယာစားတဲ့သူတွေဟာ ဆေးလိပ်တို့၊ အရက်တို့ပါသုံးစွဲရင် ကျန်းမာရေးအန္တရာယ်ဟာ ပိုပြီး ကြီးမားလာပါတယ်... ကွမ်းယာမစားသေးသူတွေအနေနဲ့လည်း ကွမ်းယာကိုအစလုပ်ပြီး မစားပါနဲ့... စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ကွမ်းယာရောင်းချခွင့်ပိတ်ပင်တာ၊ စားသုံးခွင့်မပြုတာတွေ လုပ်ဖို့လိုပါတယ်... အစိုးရရုံးဌာန၊ လွှတ်တော်အဆောက်အဦး၊ သံရုံး၊ လေဆိပ် အစရှိတဲ့ အရေးပါတဲ့နေရာတွေမှာ ကွမ်းယာစားသုံးခွင့် မပြုသင့်ပါဘူး ... လမ်းမတွေပေါ်မှာလည်း စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေးမထွေးသင့်ပါဘူး... လွှတ်တော်အနေနဲ့လည်း ဆေးလိပ်နဲ့ဆေးရွက်ကြီးလို ဥပဒေပြဌာန်းဖို့လိုပါတယ်... စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးရင် ဒဏ်ငွေရိုက်တာမျိုးလို အရေးယူမှုတွေ ထိထိရောက်ရောက်လုပ်ဖို့လိုပါတယ်... ဒါမှသာ သန့်ရှင်းသပ်ရပ်တဲ့နိုင်ငံကြီးဖြစ်လာမှာပါ... ဒါ့ကြောင့် ကွမ်းယာစားသုံးမှုတိုက်ဖျက်ရေးကို အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်...

မူရင်းစာမျက်နှာ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: