Sunday, December 16, 2018

💥 ဦးစားပေးစနစ် နှင့် အခွင့်အရေးယူတတ်ကြသူများ 💥



တလောက မြန်မာပြည်က မိတ်ဆွေတစ်ယောက်နှင့် (Priority Seat) ဦးစားပေးထိုင်ခုံစနစ်ထားပေးတာနှင့်ပတ်သက်ပြီး ပြောဖြစ်ကြတယ်။ ဒီနိုင်ငံမှာတော့ လူစီး ရထားတွေနှင့် ဘက်စ်ကားတွေပေါ်မှာ အသက်ကြီးတဲ့သူ၊ နာမကျန်းဖြစ်နေတဲ့သူ၊ ကိုယ်လက်အင်္ဂါချို့ တဲ့နေတဲ့သူ၊ ကိုယ်ဝန်သည်အမျိုးသမီးတွေနှင့် ကလေးပါလာတဲ့ မိခင်တွေအတွက် ဦးစားပေးထိုင်ခုံနေရာတွေကို သီးခြားသတ်မှတ်ပြီး စီစဉ်ပေးထားလေ့ရှိပါတယ်။ များသောအားဖြင့် အ၀င်ဝတံခါးနှင့် ကပ်လျက်ထိုင်ခုံနေရာတွေမှာ သီးခြားသတ်မှတ်ပြီးထားပေးတတ်ပါတယ်။

တကယ်လို့ သူတို့သတ်မှတ်ထားတဲ့ ဦးစားပေးပုဂ္ဂိုလ်တွေ ရှိမနေခဲ့ရင်တော့ ဘယ်သူမဆို လွတ်နေတဲ့ အဲဒီထိုင်ခုံနေရာတွေမှာ ၀င်ထိုင်စီးလို့ရပါတယ်။ သတ်မှတ်ပုဂ္ဂိုလ်တွေ ရောက်လာခဲ့ရင်တော့ ထိုင်နေတဲ့သူတွေအနေနှင့် အလိုက်တသိဖယ်ပေးရမှာပေါ့။ အဲဒီထိုင်ခုံနေရာနားမှာဆိုရင် လက်ကိုင်ဖုန်းတွေကိုတောင် စက်ပိတ်ပေးထားဖို့ သတိပေးချက်ကို နံရံမှာစာကပ်ပြီးတော့ရော၊ ရထားဝန်ထမ်းက အသံချဲ့ စက်ကနေပြောပြီးတော့ပါ သတိပေးနေတတ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရထားစီးရင်း သုံးလေးခါလောက် ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အတွေ့အကြုံလေးတွေ ပြောပြချင်ပါတယ်။ တခါတော့ အဲဒီ ဦးစားပေးထိုင်ခုံမှာ နေရာလွတ်တာနှင့် ၀င်ထိုင်ပြီး လိုက်လာတုန်း အသက်အရွယ်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး တက်လာပါတယ်။ ဒါနဲ့ သူ့အတွက် ထိုင်နေရာကနေ ထပေးဖို့လုပ်တော့ သူက လက်ကာပြပြီး ဆက်ထိုင်ခိုင်းတယ်။ သူ့ဖာသာပဲ မတ်တတ်ရပ်ပြီး လိုက်လာတယ်။ အဲဒီအချိန် ရထားကလည်း လူချောင်နေတာမို့ သူရပ်နေရတာ သိပ်တော့ ပြဿနာမရှိလှပေမယ့် စိတ်ထဲမှာတော့ အားတောင့်အားနာဖြစ်နေမိတယ်။ ဒါပေမယ့် သူ့မျက်နှာကို လှမ်းကြည့်လိုက်မိချိန်မှာတော့ သူ့မျက်လုံးတွေနှင့် မျက်နှာမှာ ထင်ဟပ်နေတဲ့အရိပ်တွေက ငါဟာ လူအိုတစ်ယောက်မဟုတ်သေးပါဘူး။ ငါဟာ ကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်ဖြစ်တယ်။ ငါ့ကို လူအိုလို၊ မသန်စွမ်းသူတစ်ယောက်လို ဦးစားပေးဖို့ မလိုပါဘူး လို့ ပြောနေတာကို သတိထားမိလိုက်တယ်။

နောက်တခါမှာတော့ အပေါက်ဝနှင့်ကပ်နေတဲ့နေရာက ဦးစားပေးထိုင်ခုံမဟုတ်တဲ့ ပုံမှန်ထိုင်ခုံမှာပဲ နေရာရလို့ထိုင်လိုက်လာတုန်း မှတ်တိုင်တစ်ခုကနေ အသက်အရွယ်အတော်လေးကြီးတဲ့ အဖိုးအရွယ်အမျိုးသားတစ်ဦးတက်လာတယ်။ သူက ဦးစားပေးခုံတွေရှိတဲ့ဘက်မသွားပဲ ကိုယ်ထိုင်နေတဲ့ နေရာဘက်ဆီကို တိုးလာတယ်။ ရထားထဲမှာ လူကလည်း ကျပ်နေတာမို့ သူ့ကို လာထိုင်ဖို့ လက်တို့ပြောပြီး ထပေးမယ်လုပ်တော့ သူက ကျေးဇူးတင်ပါတယ်။ မထိုင်တော့ပါဘူး လို့ ပြောပြီး သူ့ဖာသာ အေးအေးလူလူပဲ မတ်တတ်ရပ်ပြီးလိုက်လာတယ်။ သူ့မျက်နှာနှင့်နှုတ်ခမ်းတွေက ဒီလောက်တော့ ငါအေးအေးဆေးဆေးရပ်နိုင်ပါတယ်လေလို့ ပြောနေသလိုမျိုးပါပဲ။

နောက်တစ်ကြိမ်ရထားစီးရင်းကြုံတာမှာတော့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ပါ။ သူ့ကိုလည်း နေရာမှာလာထိုင်ဖို့ ပြောတော့ သူက မထိုင်တော့ပါဘူး။ နောက် သုံးလေးဘူတာဆိုရင် ဆင်းတော့မှာပါလို့ ပြောပြီး မတ်တတ်ရပ်ပြီးပဲ ဆက်လိုက်လာတယ်။ ဒီလောက်ခရီးတိုလေးအတွက်တော့ ထိုင်နေတဲ့သူတစ်ယောက် သူ့အတွက်ထပေးတာမျိုး မဖြစ်စေချင်တဲ့ အမူအရာကို အဲဒီကိုယ်ဝန်သည် အမျိုးသမီးဆီမှာ လှမ်းတွေ့လိုက်ရတယ်။

အခုဆိုရွှေပြည်ကြီးမှာလည်း ဦးစားပေးထိုင်ခုံစနစ်ကို ကျင့်သုံးနေကြပြီလို့တော့ ကြားမိတယ်။ ဒီနိုင်ငံတွေနှင့် မတူတာကတော့ ကိုယ်တွေနိုင်ငံက ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုဖြစ်နေတာမို့ ဦးစာပေးပုဂ္ဂိုလ်စာရင်းမှာ သာသနာ့ဝန်ထမ်းဆိုတာကိုပါ ထပ်ဖြည့်ထားရတာကို သတိထားလိုက်မိတယ်။ ဟိုးအရင်ကတည်းကလည်း ကားရှေ့ ခန်းတွေမှာဆိုရင် “သံဃာတော်များ ဦးစားပေးပါ” ဆိုတဲ့ စာတမ်းလေးတွေ ကပ်ထားတတ်ကြတာပဲလေ။

အဲဒီမှာ မိတ်ဆွေနှင့် တကယ်လို့များ မြန်မာပြည်မှာ ဦးစားပေးပုဂ္ဂိုလ်ကို အစဉ်သတ်မှတ်မယ်ဆိုရင် ဘယ်လိုသတ်မှတ်မှာလဲ ဆိုတာပြောဖြစ်တယ်။ ဥပမာ ဆိုပါတော့။ ဦးစားပေးထိုင်ခုံတစ်လုံးပဲလွတ်နေတဲ့အခြေအနေမျိုးမှာ ထိုင်ခွင့်ရှိတဲ့ သူနှစ်ဦးဖြစ်တဲ့ ကိုယ်ဝန်သည်တစ်ယောက်နှင့် သံဃာတော်တစ်ပါး မှာ ဘယ်သူက ဘယ်သူ့ကို ဦးစားပေးမှာလဲဆိုတာမျိုး ကပ်သီးကပ်သပ်တွေးဖြစ်တယ်။ ဘာသာရေးရှုထောင့်ကနေ ပြောမယ်ဆိုရင်တော့ သီလပိုကြီးတဲ့သူကို ဦးစားပေးရမယ်ဆိုတာ ငြင်းစရာအချက်မဟုတ်ပေမယ့် လူမှုရေးရှုထောင့်ကနေ ပြောမယ်ဆိုရင်တော့ အဖြေက တစ်မျိုးဖြစ်လာနိုင်စရာရှိနေတယ်။

အဲဒီမှာ မိတ်ဆွေက ထပ်ပြီး မေးခွန်းထုတ်တာက တကယ်လို့ ဦးစားပေးထိုင်ခုံတစ်လုံးပဲရှိတဲ့နေရာမှာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတစ်ဦးထိုင်နေတဲ့အချိန် မယ်သီလရှင်တစ်ပါး ရောက်လာမယ်ဆိုရင်ရော ထိုင်နေတဲ့ အမျိုးသားက နေရာဖယ်ပေးမှာလားလို့ဆိုလာတော့ ဒါကလည်း တစ်ဦးချင်းစီရဲ့  သဘောထားအပေါ်မှာပဲ မူတည်မယ်ထင်တယ်လို့ ပြန်ဖြေဖြစ်တယ်။

အရင်ကတည်းက လူအများစုက သာသနာ့ဝန်ထမ်းလို့ဆိုလိုက်ရင် စိတ်ထဲမှာ ကိုရင်နှင့်ရဟန်းတော်တွေကိုပဲ အရင်ပြေးမြင်တတ်ကြပြီး သီလရှင်ဆရာလေးတွေကို ချန်ထားတတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ ကားရှေ့ ခန်းတွေမှာ “သံဃာတော်နှင့်သီလရှင်များကို ဦးစားပေးပါ” လို့ မရေးခဲ့ကြတာများလား မဆိုနိုင်ဘူး။

နောက်ပြီး တခါတလေ ဦးစားပေးထိုင်ခုံတွေမှာ နေရာလွတ်နေလို့ဝင်ထိုင်တာ၊ ဒါမှမဟုတ် ပါလာတဲ့ပစ္စည်းတွေ တင်ထားတာမျိုး လုပ်တာက ပြဿနာမရှိပေမယ့် တကယ်လို့ ဦးစားပေးပုဂ္ဂိုလ်တွေရောက်လာတဲ့အချိန်မှာတော့ အလိုက်တသိနှင့် နေရာကနေ ထပေးတာ၊ ပစ္စည်းတွေဖယ်ပေးတာမျိုးလည်း လုပ်ကြဖို့ လိုပါသေးတယ်။ ဒီလိုကိစ္စမျိုးကို ယာဉ်ဝန်ထမ်းတွေက (သို့မဟုတ်) ဘေးက ခရီးသည်တွေက ၀ိုင်းသတိပေးတော့မှ ဖယ်ပေးရတာမျိုးမဟုတ်ပဲ ကိုယ့်အသိစိတ်နှင့်ကိုယ် လုပ်ပေးတတ်ပါမှာ နိုင်ငံကြီးသား ပီသနိုင်ပါလိမ့်မယ်။

ဦးစားပေးထိုင်ခုံတွေအကြောင်းပြောရင်းက သူနှင့်စပ်ဆက်နေတဲ့ တန်းစီတဲ့ယဉ်ကျေးမှုအကြောင်းလည်း မိတ်ဆွေနှင့် ဆက်ပြီး ပြောဖြစ်သွားသေးတယ်။ ဒီမှာတော့ မွေးကတည်းက တန်းစီတဲ့စနစ်နှင့် အားလုံးက နေသားကျနေကြပါပြီ။ မနက်ခင်းကျောင်းသွားချိန်၊ နေ့လည်ကျောင်းပြန်ချိန်တွေမှာ ကလေးတွေတန်းစီပြီး လမ်းလျှောက်သွားကြတာမျိုးကစလို့ စားသောက်ဆိုင်တွေမှာ ဆိုင်ထဲဝင်စားဖို့ တန်းစီတာ၊ ဘူတာတွေ၊ ကားဂိတ်တွေမှာ ရထားစောင့်ရင်း၊ ကားစောင့်ရင်းတန်းစီကြတာ၊ ဈေးဝယ်တဲ့အခါ ငွေရှင်းကောင်တာမှာ တန်းစီကြတာစသဖြင့် အားလုံးက သူ့ဟာနဲ့သူ စည်းကမ်းတကျရှိကြပါတယ်။ အခုလိုတန်းစီတဲ့နေရာမျိုးမှာတော့ ဦးစားပေးစနစ်ရယ်လို့ မထားပဲ အားလုံး တန်းတူညီမျှပဲ တန်းစီကြတယ်။

မြန်မာပြည်မှာ တန်းစီတဲ့စနစ်ကို စကျင့်သုံးလာပြီလို့တော့ပြောတယ်။ ဟိုးအရင်တလျှောက်လုံး တန်းစီးတဲ့အလေ့အကျင့်က အတော်လေးနည်းခဲ့ပြီး တန်းစီကြရပြီဆိုရင်လည်း ကြားဖြတ်တိုးကြ၊ ကျော်ခွတက်ကြတာတွေက နေရာအတော်များများမှာ အမြဲလို တွေ့ရတတ်တဲ့ မြင်ကွင်းမျိုးမဟုတ်လား။

အခု စူပါမားကတ်တွေမှာ ဈေးဝယ်ကြတော့ ၀ယ်လို့ အားလုံးပြီးသွားတဲ့အခါ ငွေရှင်းကောင်တာတွေမှာ ပိုက်ဆံချေဖို့အတွက်တန်းစီကြရတယ်။ ဘယ်နိုင်ငံမှာမဆို ငွေရှင်းဖို့တန်းစီကြရပြီဆိုရင် ကိုယ်ဝယ်ထားတဲ့ ပစ္စည်း နဲနဲ များများ တန်းစီနေတဲ့ လူတန်းအစဉ်အတိုင်းပဲ တရွေ့ရွေ့နဲ့ ငွေရှင်းကောင်တာဆီရောက်တဲ့အထိ သွားကြရတာပါပဲ။

ဒါပေမယ့် စူပါမားကတ်တွေမှာ အသက်ကြီးတဲ့ ဈေးဝယ်သူတချို့ ဟာ ငွေရှင်းကောင်တာမှာ လူတွေတအားများပြီး တန်းစီရတော့မယ့်အခြေအနေမျိုးမှာ သူဝယ်ထားတဲ့ ပစ္စည်းနှစ်ခု၊ သုံးခုထဲမို့ သူ့ကို အရင်ဦးစားပေးရှင်းခွင့်ပေးဖို့ အရှေ့ ဘက်က လူတွေဆီသွားပြော ကြားဝင်တာမျိုးတွေ လုပ်တတ်ကြတယ်လို့ဆိုတယ်။ ဒီလိုအခါမျိုးမှာ အသက်ကြီးသူဆိုရင် ဦးစားပေးတတ်တာကြောင့်ရော၊ သူဝယ်ထားတဲ့ ပစ္စည်းနည်းတာကြောင့်ရော၊ အားနာတတ်တာကြောင့်ရောနှင့် တချို့ ကလည်း ကြားဖြတ်ခံပြီး ဦးစားပေးတတ်ကြတာရှိတယ်။

တချို့ ကလည်း ဒါဟာ အသက်ကြီးတာငယ်တာ၊ ပစ္စည်းနည်းတာများတာနှင့်မဆိုင်ပဲ စည်းကမ်းအတိုင်း တန်းစီးစောင့်ရမှာပဲလို့ ယူဆတာမို့ ကြားဖြတ်တန်းစီးဖို့လုပ်တာကို လက်မခံပဲ ငြင်းဆန်တတ်ကြတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမျိုးတွေမှာ ပတ်ဝန်းကျင်ကလူအချို့ နှင့် ငွေရှင်းကောင်တာက ၀န်ထမ်းကပါ ဒီလူ လူမှုရေးခေါင်းပါးလှချည်လားဆိုတဲ့ အကြည့်မျိုးနှင့်ကြည့်တာ ခံရတတ်တယ်လို့ဆိုတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံတကာနှင့်တပြေးညီ လူမှုရေးစည်းကမ်းတွေသတ်မှတ်ပြဋ္ဌာန်းပြီး လိုက်နာကျင့်သုံးဖို့ လုပ်ကြပြီဆိုရင် ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနှင့် နှီးနွှယ်ပတ်သက်နေတဲ့ကိစ္စတွေက မပါမဖြစ် ထည့်ထည့်ပြီး စဉ်းစားရမယ့် အခြေအနေတစ်ရပ်က ရှိနေတာတော့ အသေအချာပဲဖြစ်ပါတယ်။ သတ်မှတ်စည်းကမ်းအတိုင်း တသွေမတိမ်း အားလုံးလိုက်နာနိုင်ကြဖို့ဆိုရင် ဦးစားပေးခံလူတန်းစားအချို့ အနေနှင့်က ဒီအပြောင်းအလဲကို နားလည်လက်ခံပေးနိုင်ဖို့တော့ အတိုင်းအတာတစ်ခုအထိ လိုအပ်ပါလိမ့်မယ်။

အသက်အရွယ်ကြီးသူတွေကို ဒီမှာတော့ Senior Citizens ဆိုပြီး သုံးကြတယ်။ ဒီနိုင်ငံမှာ Senior လို့ပြောလိုက်ရင် ကျန်တဲ့သူတွေက အလိုလို တလေးတစားဆက်ဆံကြသလို သူတို့ကိုယ်တိုင်ကလည်း အများလေးစားအတုယူနိုင်လောက်တဲ့ အပြောအဆို၊ အနေအထိုင်နှင့် စည်းကမ်းလိုက်နာမှုကို စံနမူနာဖြစ်အောင် အများစုက နေပြတတ်ကြပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာလည်း အသက်အရွယ်ကြီးသူတွေနှင့် သာသနာ့ဝန်ထမ်းဘာသာရေးခေါင်းဆောင်တွေအနေနှင့် နိုင်ငံတကာအဆင့်မီ စည်းကမ်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ဆိုရင် မျိုးဆက်သစ်လူငယ်တွေ အတုယူအားကျနိုင်လောက်မယ့်၊ စံနမူနာပြု အတုခိုးရမယ့် အနစ်နာခံတတ်တဲ့ စိတ်ဓါတ်တွေ၊ စည်းကမ်းလိုက်နာရိုသေတတ်တဲ့ စရိုက်ကောင်းတွေ၊ မကောင်းတာလုပ်ရမှာကို ရှက်ကြောက်တတ်တဲ့ သဘောထားတွေ၊ သူများထက် အခွင့်အရေး ပိုမလိုချင်တတ်တဲ့ အမူအကျင့်တွေကို ပြသနိုင်တဲ့ Senior Citizens တွေအဖြစ် ရှေ့ ကနေ ဦးဆောင်ပြီး နေပြ၊ လုပ်ပြကြရမှာဖြစ်သလို လူငယ်လူလတ်တွေဘက်ကလည်း အသက်အရွယ်ကြီးသူတွေနှင့် သာသနာ့ဝန်ထမ်းတွေအပေါ် တလေးတစားနှင့် ဦးစားပေးဆက်ဆံကြရမှာပါလားဆိုတဲ့ စိတ်မျိုးမွေးမြူနိုင်ကြပါမှ မျိုးဆက်အသစ်နှင့်အဟောင်းကြားမှာ အပေးအယူမျှတပြီး နိုင်ငံတိုးတက်မှုလည်း အခုထက်ပို မြန်မြန်ရှေ့ ရောက်နိုင်လိမ့်မယ်လို့ အဲဒီနေ့က မိတ်ဆွေနှင့်ေပြောဖြစ်ခဲ့ပါသေးတယ်။

ဝိမုတ္တိသုခ

၂၀၁၈၊ စက်တင်ဘာလထုတ်။

No comments: