Monday, December 24, 2018

Phone Camera တွေရဲ့ Manual Mode ကို အသုံးပြုနည်း




Dslr, Mirroless camera ကြီးတွေနည်းတူ smart phone တွေမှာ ပါတဲ့ camera application တွေနဲ့လည်း manual mode ကို အသုံးပြုပြီး ဓါတ်ပုံတွေရိုက်ကူးလို့ရပါတယ်။ Android ဖုန်းအတော်များများမှာတော့  မူရင်း camera app ထဲမှာ auto mode အပြင် manual, pro, professional စသဖြင့် manual mode ပါတဲ့ camera setting တွေရှိပြီး iPhone default camera မှာတော့ auto mode ပဲပါပါတယ်။ iPhone မှာ manual mode တွေအသုံးပြုချင်တယ်ဆိုရင်တော့ third party app တစ်ခုခု ထည့်သွင်းအသုံးပြုရမှာပါ။ free တွေ lite version တွေရှိပေမယ့် slow shutter တွေမှာတော့ သိပ်အဆင်မပြေ တတ်တာမို့ လွယ်ကူတယ်ဆို paid app ဝယ်သုံးလိုက်တာ ပိုကောင်းပါတယ်။  ကျွန်တော်သုံးတာကတော့ ProCam 6 ရယ်၊ Slow Shutter Cam ရယ်သုံးပါတယ်။ တကယ်လို့ free အနေနဲ့သုံးချင်တယ်ဆိုရင်လည်း Adobe Lightroom CC ထဲမှာပါတဲ့ ကင်မရာ ထဲမှာ professional ဆိုတဲ့ manual mode ပါပါတယ်။ အဲ့တာလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် slow shutter မှာ 1/4th ထိပဲ နှေးလို့ရတာမို့ long exposure ရိုက်ချင်ရင် သိပ်အဆင်မပြေလှပါဘူး။ paid app တွေမှာတော့ shutter speed ကို 30 sec, 60 sec ကနေ bulb mode ထိ ချရိုက်လို့ရပါတယ်။ android တွေမှာလည်း Camera FV5 Pro လည်းမဆိုးလှပါဘူး။

ဖုန်းကင်မရာမှာ auto နဲ့လည်းရိုက်လို့ရနေရဲ့သားနဲ့ ဘာလို့ manual နဲ့မှရိုက်ချင်တာလဲ ?

ဒါကတော့ ရှင်းပါတယ်။ dslr တွေမှာလည်း auto mode ပါပါတယ်။ ဒါပေမယ့် နည်းနည်းကျွမ်းကျင်သွားရင် ဘယ်သူမှ auto နဲ့မရိုက်ကြတော့ပါဘူး (များသောအားဖြင့်)။  ကိုယ်က camera setting တွေအကုန် control လုပ်ချင်လို့ ဓါတ်ပုံကို ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင်ဖန်တီးလို့ရချင်လို့ manual mode နဲ့ရိုက်တာပါ။ manual နဲ့ဆို aperture, shutter speed, iso, white balance စတာတွေ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်လို့ရပါတယ်။ ပုံမှန် နေ့ဘက်တွေမှာ auto နဲ့ရိုက်လည်း ကိစ္စမရှိပေမယ့် ညဘက်တွေမှာ ရိုက်ချင်တာ၊ long exposure တွေရိုက်ချင်တာ၊ light painting တွေဖန်တီးချင်တာဆိုရင်တော့ iso, shutter speed ကို ကိုယ်တိုင် control လုပ်လို့ရမယ့် manual mode နဲ့ရိုက်မှပဲရပါမယ်။

Manual mode ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Aperture, Shutter Speed, ISO ဆိုတဲ့ exposure triangle အကြောင်း နားလည်ထားဖို့လိုပါတယ်။ ကျွန်တော် ယခင်တင်ပေးဖူးတဲ့ post များစွာမှာ exposure triangle အကြောင်း ပါပြီးသားမို့ အသေးစိတ်ထပ်မံမရှင်းပြပေးတော့ပါဘူး။ မသိသေးဘူးဆိုရင် အောက်က link မှာသာ သွားရောက်လေ့လာပေးပါ။ စစချင်းမှာ နည်းနည်းနားရှုပ်လောက်ပေမယ့် တဖြည်းဖြည်း ရိုက်ရင်းနဲ့ အသားကျ နားလည်သွားမှာပါ။ နားမလည်လို့ဆိုပြီး စိတ်မပျက်ကြပါနဲ့ ကျွန်တော်လည်း zero ကနေ စလေ့လာခဲ့ရသူပါ။ ခုလည်း zero သာသာပါပဲ :'( ကျွန်တော်တို့ ဓါတ်ပုံပညာကို စနစ်တကျ လေ့လာချင်တယ်ဆိုရင် exposure triangle အကြောင်း မသိလို့၊ မသိချင်လို့မရပါဘူး။

What is Exposure Triangle ? 
https://goo.gl/6euvNw
( စိတ်မပူပါနဲ့ မြန်မာလို ရေးထားပါတယ် :P )


ကျွန်တော် စာရှည်မှာစိုးလို့ exposure triangle အကြောင်း အသေးစိတ် မပြောတော့ပဲ manual mode ထဲမှာပါတဲ့ setting တွေကို ပြောရင်းပဲ ရှင်းပြပေးသွားပါမယ်။

Aperture
မျက်စိသူငယ်အိမ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ မျက်မှောင်ကျုံ့ခြင်း၊ မျက်လုံးပြူးခြင်းစသဖြင့် အလင်းကို အနည်းအများ ဖမ်းယူသလိုပဲ ကင်မရာမှာလည်း aperture ကို အကျဉ်းအကျယ်လုပ်၍ အလင်းဝင်ရောက်မှု အနည်းအများကို ချိန်ညှိလို့ရပါတယ်။ aperture ကို f-stop တွေနဲ့တိုင်းတာပြီး f-stop နံပတ်အသေးတွေက aperture ပိုကျယ်၍ နံပါတ်အကြီးက aperture ပိုကျဉ်းပါတယ်။ f/1.4 က အလင်းဝင်ရောက်မှု ပိုများ၍ f/22 က အလင်းနည်းနည်းပဲဝင်ပါတယ်။ aperture က အလင်းဝင်ရောက်မှုကို ထိန်းချုပ်တဲ့အပြင် depth of field ဆိုတဲ့ focus ပြတ်သားနိုင်တဲ့ area ကိုလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။ portrait နောက်ခံဝါးဝါးတွေရိုက်ချင်ရင် aperture အကျယ် f/1.8 လောက်နဲ့ရိုက်ရင်ရပြီး aperture အကျဉ်း f/22 နဲ့ဆို ဓါတ်ပုံတစ်ခုလုံးနီးပါး focus ထဲဝင်တာမို့ landscape တွေရိုက်ရင် f-stop အကြီးတွေနဲ့ ရိုက်တာ ပိုသင့်တော်ပါတယ်။
ဒါပေမယ့် phone camera တွေမှာတော့ aperture က  အပြောင်းအလဲလုပ်လို့မရတဲ့ fix aperture တွေဖြစ်ပြီး များသောအားဖြင့် f/1.8 , f/2 ဝန်းကျင်ရှိတတ်တာမို့ portrait အတွက်လည်း အဆင်ပြေပါတယ်။ (dual camera ပါတဲ့ ဖုန်းတွေရဲ့ portrait mode လောက်တော့ မကောင်းပါ)။ ကျွန်တော်တို့ ဖုန်းနဲ့ဓါတ်ပုံရိုက်မယ်ဆို aperture ကိစ္စက ခဏမေ့ထားလို့ရပါတယ်။

Shutter Speed
Shutter speed ကတော့ camera မှာပါတဲ့ shutter တံခါးရဲ့ အဖွင့်အပိတ်လုပ်တဲ့ ကြာချိန်ပါ။ shutter ဖွင့်ထားတဲ့ အချိန်တွေက အလင်းကို ဖမ်းယူနေတဲ့အချိန်၊ တနည်းပြောရရင် ဓါတ်ပုံရိုက်နေတဲ့အချိန်ပါ။ သူ့ကိုတော့ 30 sec, 1  sec, 1/125th , 1/500th 1/4000th စသဖြင့်ဖော်ပြပါတယ်။ လှုပ်ရှားနေတဲ့အရာတွေကို ရပ်တန့်သွားအောင် freeze ဖြစ်သွားအောင် ရိုက်ချင်တယ်ဆို shutter speed အမြန်နှုန်းနဲ့ရိုက်ရပါမယ်။ လှုပ်ရှားနေတဲ့ အရာတွေကို shutter speed အနှေးနဲ့ရိုက်ခဲ့မယ်ဆို subject တွေက မပြတ်သားတော့ပဲ ဝါးတားတားဖြစ်နေမှာပါ။ long exposure ရိုက်ချင်တယ်ဆို shutter speed ကို စက္ကန့်ပိုင်းထိ နှေးပစ်ရပါမယ်။ အဲ့အတွက် manual mode ထဲမှာပါတဲ့ နှေးလို့ရသမျှ အနှေး shutter speed ထိ ဆင်းပြီးရိုက်ရပါမယ်။ (ဘယ်လောက်ထိ slow shutter နဲ့ရိုက်မယ်ကတော့ မိမိလိုအပ်သလိုပါ) ဒါပေမယ့် slow shutter speed နဲ့ရိုက်မယ်ဆို tripod ပေါ်တင်ရိုက်မှ အဆင်ပြေမှာပါ။ လက်နဲ့ကိုင်ရိုက်ရင် handshake တွေဝင်လာပါလိမ့်မယ်။

ISO 
ISO ကတော့ camera sensor ရဲ့ အလင်းသိနိုင်တဲ့ sensitivity အပိုင်းပါ။ iso နည်းရင် ဓါတ်ပုံက မှောင်ပြီး iso များရင် ဓါတ်ပုံက အလင်းပိုများပါတယ်။ ဒါပေမယ့် သူက aperture လို တကယ့်ပြင်ပ အလင်းရောင်ဝင်တာလာ မဟုတ်ပဲ sensor က ပြုလုပ်ပေးတာမို့ iso များလာတာနဲ့အမျှ ဓါတ်ပုံမှာ noise တွေဝင်လာပါတယ်။ ညဘက်တွေ tripod လည်းမပါတဲ့အချိန်မှာ ဓါတ်ပုံရိုက်ရင် အလင်းများများဝင်အောင် shutter speed ချရိုက်ရတဲ့အခါ လက်မငြိမ်လို့ shake တွေဝင်လာနိုင်ပါတယ်။ အဲ့အတွက် shutter speed လည်းမြန်အောင်၊ ဓါတ်ပုံမှာလည်း အလင်းပုံမှန်ရအောင်ဆို iso တင်ပြီးရိုက်လို့ရပါတယ်။ ဒါပေမယ့် noise ကလည်း ဝင်လာမှာမို့ ပုံမှန်ဆို iso ကို အမြဲအနည်းဆုံးကနေ ထားရိုက်ပြီး လိုအပ်မှာသာ iso တင်ရိုက်သွားတာက ပိုအဆင်ပြေနိုင်ပါတယ်။

ဒီ ၃ ခု သိပြီဆိုရင် manual mode အကြောင်းသွားလိုက်ရအောင်ပါ။


ကျွန်တော် ခု တင်ပေးထားတဲ့ ပုံတွေမှာ ပုံ (၁) က iPhone, ProCam 6 ရဲ့ manual camera setting ပုံနဲ့  ပုံ (၂)ကတော့ Samsung Note 5 မှာ original ပါတဲ့ pro mode (manual camera setting) ပုံတွေပါ။


ပုံ (၃) မှာတော့ iso ကို အပြောင်းအလဲလုပ်လို့ရတဲ့ setting ပါ။ auto ထားလို့လည်း ရသလို ကိုယ့်စိတ်ကြိုက်လည်း ရွေးချယ်သတ်မှတ်လို့ရပါတယ်။ ညဘက်တွေ portrait ရိုက်မယ်ဆို iso တင်ပြီး လက်နဲ့ကိုင်ရိုက်လို့ရပါတယ်။


ပုံ (၄) shutter speed ဖြစ်ပါတယ်။ ဖုန်းကင်မရာတွေမှာ များသောအားဖြင့် high shutter speed တွေက default ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ပုံတွေရဖို့ iso တင်ပြီး high shutter speed နဲ့ရိုက်ပေးတာက သူ့  auto ပါ။ အဲ့တာကို ကိုယ်က manual ပြောင်းပြီး ကိုယ်လိုချင်သလို shutter speed နဲ့ ချိန်ညှိ ရိုက်ကူးလို့ရပါတယ်။ ဥပမာ L.E တွေ motion snap တွေရိုက်ချင်တာမျိုးမှာ shutter speed ကို နှေးပြီးရိုက်လို့ရပါတယ်။

ပုံ (၅)  ဒါကတော့ နည်းနည်းရှင်းပြပေးဖို့လိုပါတယ်။ ဖုန်းမှာတော့ ဒါကို တခြားဘယ်လိုခေါ်သေးလဲမသိဘူးဗျ။ ကျွန်တော်သိတာတာ့ သူက EV (Exposure Value) ပါ။ သူ့သင်္ကေတမှာ ( + နဲ့ - ) sign တွေပါလေ့ရှိပါတယ်။ dslr တွေမှာပါတဲ့ exposure compensation နဲ့ သဘောချင်းဆင်တူပါတယ်။ သူက ပုံမှန် exposure (correct exposure) ကိုမှ ဓါတ်ပုံကို နည်းနည်းပိုမှောင်သွားအောင်၊ လင်းသွားအောင် ထားပြီးရိုက်ပေးတာပါ။ သူ့မှာ -1, -2, +1, +2 စသဖြင့် stop လေးတွေရှိပါတယ်။ တခြားဘာမှမလုပ်ပဲ EV ကို အတင်အချလုပ်ပေးတာနဲ့တင် ပုံကို မှောင်သွားအောင်၊ ပိုလင်းသွားအောင်လုပ်ပြီး ရိုက်လို့ရပါတယ်။


ပုံ (၆) သူ့ကိုတော့ picture profile, picture control, picture style စသဖြင့် အမျိုးမျိုးနားလည်ထားလို့ရပါတယ်။ ဓါတ်ပုံကို ကိုယ်ရိုက်မယ့် အကြောင်းအရာပေါ်မူတည်ပြီး သူနဲ့သက်ဆိုင်တဲ့ picture style တွေရွေးပေးထားခြင်းအားဖြင့် ပိုပြီးလိုက်ဖက်တဲ့ အရောင်တွေ sharpness တွေ contrast တွေကို ဖန်တီးပေးတာပါ။ ပုံမှန်အားဖြင့် default ကို standard မှာထားပေမယ့် တခြား style တွေရွေးပေးလိုက်ရုံနဲ့ ဒီပုံကိုပဲ တခြား မတူညီတဲ့ အရောင်အသွေးတွေဖြစ်လာစေပါတယ်။ အထူးသဖြင့် jpeg နဲ့ရိုက်ရင် ဒီ picture profile က ပိုပြီးအသုံးတည့်ပါတယ်။ ကိုယ်ရိုက်မှာ portrait လား landscape လား စသဖြင့် ရိုက်မယ့်ပုံပေါ်မူတည်ပြီး ရွေးပေးလို့ရပါတယ်။ ရွေးပေးတဲ့အပေါ်မူတည်ပြီးလည်း အရောင်းအသွေးကွာသွားတာမို့ picture style ကို မှားမရွေးမိဖို့လည်းလိုပါတယ်။



ပုံ (၇) သူကတော့ white balance ဖြစ်ပါတယ်။ dslr တွေမှာပါတဲ့ white balance နဲ့သဘောတရားချင်းအတူတူပါပဲ။ သူ့မှာလည်း daylight, cloudy, fluorescent, စတဲ့ preset လေးတွေရှိသလို kelvin တန်ဖိုးတွေနဲ့လည်း white balance ကို အတိအကျ သတ်မှတ်ပေးလို့ရပါတယ်။ white balance မှာ slider ကို ညာဘက်ကိုဆွဲလိုက်ရင် အဝါရောင်ဘက် ပိုသန်းလာပြီး ဘယ်ဘက်ကို ဆွဲလိုက်ရင် အပြာရောင်ဘက် ပိုသန်းပါတယ်။ အပူနဲ့အအေး ကာလာပါ။ ကိုယ်ရိုက်မယ့် အချိန်မှာ ပြင်ပရာသီဥတု၊ အလင်းရောင်ရရှိမှု အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ white balance preset တွေကိုရွေးပေးထားလို့ရပါတယ်။ AWB ကတော့ Auto White Balance ပါ။


ပုံ (၈) ကတော့ focus ပါ။ auto focus လည်းရသလို dslr lens တွေမှာလို manual လည်း ဆွဲလို့ရပါတယ်။ ဒါပေမယ့် focus mode ကတော့ auto focus နဲ့လည်း အဆင်ပြေပါတယ်။ ကိုယ် focus ဖြတ်စေချင်တဲ့နေရာကို touch နဲ့ ထောက်လိုက်ရုံပါပဲ။ dslr ထက်ပိုသာတာက ဖုန်းတိုင်း touch focus ရနေတာပါ။ dslr တွေမှာတော့ touch screen မရတဲ့ ကင်မရာတွေဆို ခလုတ်နဲ့ focus ဖြတ်နေရပါတယ်။


ပြီးတော့ ဖုန်းကင်မရာတွေမှာ screen ရဲ့ တစ်နေရာရာကို ကြာကြာဖိထားလိုက်ရင် AE/AF Lock ဆိုပြီး ပေါ်လာတတ်ပါတယ်။ အဲ့တာက auto exposure နဲ့ auto focus ကို ခုန နှိပ်လိုက်တဲ့နေရာမှာ lock လုပ်ထားပြီပြောတာပါ။ ဖုန်းတွေမှာ focus ထောက်တဲ့နေရာပေါ်မူတည်ပြီး ပုံက အလင်းအမှောင်ခြားနားမှုများပါတယ်။ ဒါက metering mode ကြောင့်ပါ။ (ကျွန်တော် metering mode တွေအကြောင်းရေးပေးဖူးထားတာရှိပါတယ်)
https://www.facebook.com/ptgpNotes/posts/2009337472671523?__tn__=-R
ဖုန်းမှာ focus ဖြတ်တဲ့နေရာကို မူတည်ပြီး metering တိုင်းတာဖြစ်ပါတယ်။ အဲ့တာကြောင့် လင်းတဲ့နေရာ focus ဖြတ်မိရင် ပုံက ပိုမှောင်သွားပြီး မှောင်တဲ့နေရာဖြတ်မိရင် ပိုလင်းသွားပါတယ်။ တစ်ချို့ ကင်မရာတွေမှာ အဲ့ AE/AF Lock အပြင် AE နဲ့ AF ကို တစ်ခုစီ ခွဲထုတ်လို့ရတာရှိပါတယ်။ အဲ့လိုခွဲထုတ်လို့ရခြင်းအားဖြင့် ဥပမာ လူပုံကို focus (AF) ဖြတ်စေပြီး Exposure (AE) ကိုကျ တခြားနေရာကို metering တိုင်းစေခြင်းဖြင့် ခုန AE/AF Lock ထက် ပိုပြီး အသေးစိတ်ကျကျ ရိုက်ကူးလို့ရပါတယ်။ iPhone camera မှာဆိုရင်တော့ AE/AF Lock ချပြီးရင် သူ့ဘေးနားကို အပေါ်အောက် ပွတ်ဆွဲခြင်းဖြင့် ပုံကို အလင်းအမှောင်ထပ်ချိန်လို့ရပါတယ်။

Phone camera တွေမှာပါတဲ့ တခြား setting များ၏ အခေါ်အဝေါ်နှင့် အလုပ်လုပ်ပုံများ

Raw
Raw ဆိုတာ ဓါတ်ပုံ တွေရဲ့ ပုံကြမ်း file format တစ်ခုဖြစ်ပြီး သူ့မှာ ကင်မရာ brand အလိုက် extension တွေရှိပါတယ်။ Nikon မှာဆို .nef, Canon မှာဆို .CR2, .CRW ဖြစ်သလိုမျိုးပါ။ ဖုန်းတွေအတွက်လည်း သူ့ extension တွေရှိပါတယ်။ iPhone မှာဆို .HEIC, Android တွေမှာဆိုလည်း Raw ကို support လုပ်ရင် သူ့သက်ဆိုင်ရာ format တွေရှိပါတယ်။ ဓါတ်ပုံတွေ retouch ပြန်လုပ်တဲ့အခါ raw နဲ့ရိုက်ထားတဲ့ပုံဆိုရင် သူက detail ပိုပါတာမို့ jpeg ထက်စာ ပြင်ရပိုအဆင်ပြေပါတယ်။ အလင်းအမှောင် အရောင်အသွေးတွေ ကိုယ်လိုသလို (သူပေးနိုင်သလောက်ပေါ့) ပြင်လို့ရပြီး jpeg ကျတော့ procession လုပ်ပြီးသား  အချောထည်ပုံ ဖြစ်သွားပြီမို့ raw လောက်ပြန်ပြင်ဆင်လို့မရတော့ပါဘူး။ ဒါပေမယ့် raw က ဖိုင်ဆိုဒ် နေရာပိုယူပါတယ်။ jpeg ၁၀ ပုံ raw ၁ ပုံမက နေရာယူပါတယ်။ နောက်တစ်ခုက photo viewer တိုင်းက raw ကိုမဖတ်ပါဘူး။ jpeg ကတော့ universal format မို့ photo viewer တိုင်းမှာ ဖွင့်ကြည့်လို့ရပါတယ်။ raw ကိုဖွင့်ချည်ရင် raw ကို support လုပ်တဲ့ viewer or app လိုအပ်ပါတယ်။

HDR (High Dynamic Range) 

HDR အကြောင်းကိုတော့ တခြားအစ်ကိုတစ်ယောက်ရေးထားတာကိုပဲ ပြန်တင်ပေးပါမယ်။ သူရေးထားတာ ပြည့်စုံပြီးသားမို့ပါ။ မူရင်းရေးသားသူ ကိုကျော်ကျော်ဝင်းအား လေးစားစွာ credit ပေးပါတယ်။ credit ပေးမှားရင်လည်း ပြန်ပြောပေးကြပါဦး :P )

ဖုန်းကင်မရာမှာ ပါတဲ့ HDR ဆိုတာဘာလဲ
HDR ဆိုတာက ဒီနေ့ခေတ် ဖုန်းကင်မရာတိုင်းလိုလိုမှာ ပါတဲ့ Function တခုပါ။ HDR ဆိုတာကို ဒီနေ့ခေတ် Selfie ဓာတ်ပုံရိုက်တာကို ဝါသနာပါသူတွေ၊ ဖုန်းကင်မရာနဲ့ ဓာတ်ပုံအရိုက်များတဲ့ အမျိုးသမီးတွေ အများစုက ကျွန်တော့ထက် ပိုသိပြီး၊ ပိုပြီးတော့တောင် လက်တွေ့သုံးနေကြလိမ့်မယ် ထင်ပါတယ်။ ထားပါတော့ HDR ဆိုတာ အပြည့်အစုံကတော့ High Dynamic Ranges ဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံထဲမှာ အလင်းအမှောင်တွေ ခြားနားနေတာကို ဓာတ်ပုံထဲမှာ အားလုံးပေါ်အောင် ဖမ်းပေးနိုင်တာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ လင်းတဲ့နေရာတွေရော၊ မှောင်တဲ့နေရာတွေပါ Exposure အလင်းအမှောင်မှန်မှန်နဲ့ ရှင်းရှင်းလင်းလင်း ပေါ်လာတာလို့ အလွယ်နားလည်ရင် ရပါတယ်။

ကင်မရာတွေဆိုတာ လူ့မျက်လုံးနဲ့ အမြင်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တုပတည်ဆောက်ထားပေမယ့် လူု့မျက်လုံးနဲ့ မတူတာတွေ အများကြီး ရှိပါတယ်။ လူ့မျက်လုံးကတော့ မြင်ကွင်းတခုကို ကြည့်လိုက်ရင် အမှောင်ပိုင်းက အကြောင်းအရာတွေရော၊ အလင်းပိုင်းက အကြောင်းအရာတွေရော အားလုံးလိုလိုကို ပုံမှန်တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့ ကင်မရာတွေက ပုံရိပ်ဖမ်း Sensor တွေကတော့ တန်ဖိုးတခုကိုပဲ အမှန်မြင်နိုင်ပါတယ်။ အလွယ်ပြောရရင် အလင်းဆိုရင် အလင်း၊ အမှောင်ဆိုရင်အမှောင် တခုကိုပဲ မှန်အောင် ဖမ်းယူပြီး ရိုက်နိုင်ပါတယ်။ အလင်းနဲ့ အမှောင် ခြားနားချက် အတော်များများကို ဖမ်းယူပေးနိုင်တဲ့ ကင်မရာတွေကို Dynamic Ranges ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ Dynamic Ranges ကောင်းဖို့ဆိုတာက ပုံရိပ်ဖမ်းတဲ့ sensor တွေ ကြီးဖို့ လိုပါတယ်။ အခြေခံ မှန်ကန်ချက်ကတော့ ပုံရိပ်ဖမ်းတဲ့ sensor ကြီးလေ Dynamic Ranges ပိုကောင်းလေပါပဲ။ Sensor အရွယ်အစားချင်းအတူတူဆိုရင်တော့ Processor ပိုကောင်းတဲ့ ကင်မရာတွေက Dynamic Ranges ပိုကောင်းပါတယ်။

လက်တွေ့မှာတော့ ဖုန်းကင်မရာတွေအားလုံးက ပုံရိပ်ဖမ်းတဲ့ Image Sensor သးသေးလေးတွေပါ။ ဒါကြောင့် ပုံမှန် ဖုန်းကင်မရာ အများစုမှာ Dynamic Ranges အများကြီး ကောင်းဖို့ သိပ်ပြီး မျော်လင့်မထားပါနဲ့။ အဲဒီတော့ လူတွေက အမှောင်ထဲရောက်နေပြီး နောက်ခံက လင်းနေတဲ့ အနေအထားမှာ ဓာတ်ပုံရိုက်ရင် ဓာတ်ပုံထဲမှာ လူတွေက မည်းကုန်ပါတယ်။ လူတွေကို လင်းလာအောင် ရိုက်ရင် နောက်ခံက ဖြူဖွေးသွားပါတယ်။ လူတွေ နောက်ခံရော ၂ခုစလုံး အဆင်ပြေပြေလိုချင်ရင် HDR နဲ့ အလွယ်တကူ ရိုက်လို့ရပါတယ်။အဲဒီအခါ ကင်မရာက အမှောင်ထဲက လူတွေကို လင်းပေးပါတယ်။ မိုးအုံနေတဲ့ မြင်ကွင်းတွေ၊ နေဝင်နေထွတ်ချိန် ဓာတ်ပုံတွေဆိုရင်လည်း ကောင်းကင်နဲ့ နေလုံးက ဓာတ်ပုံထဲမှာ အရှိအတိုင်းပေါ်ပြီး ကျန်တဲ့အရာတွေက မည်းကုန်ပါတယ်။ အဲဒါကို သဘောမကျရင် HDR ဆိုတာကို သုံးပြီး ရိုက်နိုင်ပါတယ်။

HDR ဆိုတာ ဘယ်လို လုပ်ဆောင်ပေးတာလည်း။ တချို့ ဖုန်းကင်မရာတွေက HDR နဲ့ ရိုက်ရင် အလင်းရောင်ရှိတဲ့နေရာကို အမှန်ရိုက်ယူပြီး မှောင်နေတဲ့ နေရာနေကို နည်းပညာနဲ့ လင်းပေးလိုက်ပါတယ်။ မှောင်နေတဲ့ နေရာတွေကို နည်းပညာနဲ့ ပြန်လင်းပေးတဲ့ အခါ မူလက ဘယ်လောက်အထိ မှောင်နေတာလည်း ဆိုတာကို မူတည်ပြီး ပုံထွတ်တွေ ကွာခြားတတ်ပါတယ်။ မူလက အရမ်းမှောင်နေတာကို ပြန်လင်းတဲ့အခါ မလိုလားအပ်တဲ့ အစက်အပြောက် Noises ဆိုတာတွေ ပေါ်လာတတ်ပါတယ်။ အဲဒါတွေကို နည်းနည်း ထိမ်းလို့ရအောင် တချို့ ဖုန်းကင်မရာတွေမှာ HDR Auto, low, High ဆိုပြီး ရွေးချယ်စရာ ပေးထားတတ်ပါတယ်။ Auto ကတော့ ကင်မရာက အလိုအလျှောက် ပြုလုပ်ပေးမှာ ဖြစ်ပြီး Low ကတော့ အမှောင်နေရာတွေကို နည်းနည်းလေးပဲ ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ နည်းနည်းလေးပဲ ပြန်ဖွင့်ပေးတော့ အမှောင်နေရာတွေ အရမ်းလင်းလာမှာ မဟုတ်ပေမယ့်လည်း မလိုလားအပ်တဲ့ အစက်အပျောက် Noises တွေတော့ သိပ်ပေါ်မှာ မဟုတ်တော့ပါဘူး။ Hight ဆိုရင်တော့ မှောင်နေတဲ့နေရာတွေကို အစွမ်းကုန် ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။ အဲဒါဆိုရင် ဓာတ်ပုံထဲမှာ အမှောင်ပိုင်းနေရာတွေ ပိုလင်းလာသလို Noises လို့ခေါ်တဲ့ အစက်အပေါက်တွေလည်း ပိုများလာမှာ ဖြစ်ပါတယ်။

တချို့ဖုန်းကင်မရာတွေကတော့ HDR ဆိုတာကို သုံးရင် ဓာတ်ပုံတခါရိုက်တိုင်း ကင်မရာက အလိုအလျှောက် အနည်းဆုံး ၂ပုံ-၃ပုံ ရိုက်ပြီး တပုံတည်းပြန်ပေါင်းပေးပါတယ်။ ကိုယ်က HDR နဲ့ ဓာတ်ပုံရိုက်ရင် ကင်မရာက အလင်းဆုံးနေရာကို အမှန်တခါ ရိုက်ပါတယ်။ အမှောင်ဆုံးနေရာကို အမှန်တခါရိုက်ပါတယ်။ ကြားနေရာကို အမှန်တခါ ရိုက်ပါတယ်။ ပြီးသွားတော့မှာ အားလုံးမှန်တဲ့ ဓာတ်ပုံတပုံအဖြစ် စုပြီးပြန်ပေါင်းပေးလိုက်ပါတယ်။ ဒီလိုမျိုးကင်မရာတွေက အပေါ်က ကင်မရာတွေထက် ပုံထွတ်ပိုကောင်းပြီး Noises လို့ခေါ်တဲ့ အစက်အပျောက်တွေလည်း မပါသလောက်ပါပဲ။ ဒီလိုဖုန်းကင်မရာတွေဆိုရင် တချက်သတိထားရမှာက ဓာတ်ပုံတပုံရိုက်တိုင်း ၂ခါ-၃ခါ ပြန်ရိုက်နေတာမို့ ကင်မရာကို မပြီးမချင်း ငြိမ်နေအောင် ကိုင်ထားဖို့ လိုပါတယ်။ ဓာတ်ပုံအရိုက်ခံသူတွေကလည်း မပြီးမချင်း ငြိမ်နေဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဓာတ်ပုံထွတ်လာတဲ့အခါ ပုံရိပ်တွေ ၂ထပ်-၃ထပ် ဖြစ်နေကို တွေ့ရမှာ ဖြစ်ပါတယ်။

*** HDR နဲ့ ရိုက်တဲ့အခါ ချက်ချင်းမရပဲ ကင်မရာက အလုပ်လုပ်နေတာကို ပြီးအောင် စောင့်ဖို့လိုပါတယ်။ ကင်မရာက အမှောင်ပိုင်းနေရာတွေကို ပြန်လင်းပေးဖို့အတွက် ဖြစ်စေ ၊ ကင်မရာက အလိုအလျောက်ပုံ ၂ပုံ၃ပုံ ၅ပုံ အစရှိသဖြင့် ရိုက်ပြီး ပြန်ပေါင်းနေရတဲ့အတွက် ဖြစ်စေ ပုံတစ်ပုံရဖို့ အ၀ိုင်းလည်အပြီးစောင့်ရတယ်။
အခုပြောတဲ့ ဒုတိယနည်းလမ်းကို ဓာတ်ပုံရိုက် ကင်မရာတွေနဲ့ ဓာတ်ပုံသမားတွေက သုံးကြပါတယ်။ အဲဒီအတွက် HDR Photography ဆိုပြီး ဓာတ်ပုံပညာရပ် အသစ်တခု ဒီဂျစ်တယ် ခေတ်မှာ ပေါ်ပေါက်လာရပါတယ်။ HDR Photography အကြောင်း အပြည့်အစုံကို အချိန်ရတဲ့အခါ ရေးပါဦးမယ်။ ဒီအမေးအဖြေကတော့ ဖုန်းကင်မရာတွေအတွက်ပဲမို့ ဒီလောက်ဆို ပြည့်စုံပြီလို့ ယူဆပါတယ်။
-----------------------------------------------------------
စာအတော်ရှည်သွားပြီမို့ နိဂုံးချုပ်ပါတော့မယ်။ နောက် post တွေမှသာ လိုတာရှိရင် ကျွန်တော် ထပ်ဖြည့်ပေးပါမယ်။ ကျွန်တော်ရေးတဲ့အထဲမှာ မပါပဲ phone camera နဲ့ပတ်သက်ပြီး တခြားသိချင်တာရှိရင်လည်း မေးလို့ရပါတယ်။ ကျွန်တော် လိုင်းတက်တဲ့အခါ ပြန်ရေးပေးထားပါမယ်။ ကျွန်တော်သိခဲ့တယ်ဆိုရင်ပါ။

ဒါကတော့ mobile photography tips လေးတွေပါ။
လိုတာယူပြီး မလိုတာ ပယ်လိုက်ပါ။

၁။ ဖုန်းနဲ့ ဓါတ်ပုံရိုက်ရင် တတ်နိုင်သမျှ zoom ကိုမသုံးပါနဲ့။ သူက dslr lens တွေလို တကယ်မြင်ကွင်းကို ချဲု့ပေးတာမဟုတ်ပဲ crop လုပ်ပြီး ချဲု့ပြတာပါ။ အဲ့အတွက် pixel တွေလည်းဆုံးရှုံးသလို ပုံကလည်း noise တက်လာပါတယ်။ ပုံကို တတ်နိုင်သမျှ အနီးကပ်ရိုက်ပြီး crop လုပ်လိုက်တာက ပိုကောင်းပါတယ်။

၂။ တမင်စောင်းရိုက်တာကလွဲရင် တတ်နိုင်သမျှ ရေပြင်ညီမျဉ်းကျအောင်တော့ ရိုက်ပါ။ mobile သမားတွေမို့ ပြောပြတာပါ။ များသောအားဖြင့်  သူတို့က ဓါတ်ပုံပညာ စစချင်းလေ့လာသူတွေမို့ပါ။ (ဆရာကြီးတွေကို မဆိုလိုပါ) ရေပြင်ညီမျဉ်းမကျ စောင်းနေတဲ့ပုံတွေ တော်တော်ကြည့်ရဆိုးပါတယ်။ ဖြစ်နိုင်ရင် rule of thirds လေးလောက်တော့ နားလည်အောင်လေ့လာထားပြီး rule of thirds အတိုင်းရိုက်တာက ပိုပြီး ကြည့်ပျော်ရှုပျော်တဲ့ ပုံတွေရနိုင်ပါတယ်။ camera app တိုင်းမှာ rule of thirds ဖော်တဲ့ Grid line လေးတွေရှိပါတယ်။ setting ထဲမှာ ကလိကြည့်ပါ။

Rule of Thirds Sample Photos  
https://goo.gl/UzU9J6 
(rule of thirds ပုံတွေ လေ့လာကြည့်လို့ရပါတယ်)

၃။ မှောင်နေတဲ့ အချိန်တွေမှာ ရိုက်ရင် flash ကို သိပ်အားမကိုးပါနဲ့။ ဖုန်းရယ်မှ မဟုတ်ပါဘူး dslr တွေမှာလည်း မူရင်းပါတဲ့ flash တွေက သိပ်အားမကိုးရ အသုံးမတည့်လှပါဘူး။ flash အစား ပြင်ပအလင်းရအောင်လုပ်တာနဲ့ exposure setting ကို ကလိပြီးရိုက်တာက ပိုကောင်းပါတယ်။ ဖုန်းကင်မရာတွေမှာဆို flash မီးဖွင့်ရိုက်ရင် red eye တွေဝင်တတ်ပါတယ်။

၎။ ညဘက်တွေ၊ slow shutter တွေရိုက်ဖို့အတွက် tripod လေးတစ်ခုတော့ ဆောင်ထားသင့်ပါတယ်။  ဆွဲထုတ်လိုက်ရင် ခါးလောက်ထိရှည်ပြီး ခေါက်လိုက်ရင် တစ်ထွာလောက်ပဲရှိတဲ့ phone tripod လေးတွေရှိပါတယ်။ ဈေးလည်းသိပ်မကြီးတာမို့ ကိုယ်နဲ့သင့်တော်တဲ့ tripod တစ်ခုလောက် ဝယ်ထားပြီး manual mode နဲ့ဓါတ်ပုံရိုက်ရင် tripod ပေါ်တင်ရိုက်တာက ပိုအဆင်ပြေပါတယ်။ (အနည်းဆုံး လူရှိန်တယ်ဗျာ :P )

၅။ လက်နဲ့ shutter button ကိုနှိပ်ရိုက်တာ အပြင် earphone နဲ့ remote လုပ်ရိုက်တာလည်းပိုကောင်းပါတယ်။ volume ခလုတ်လေးတွေကို နှိပ်ရိုက်တာက လက်နဲ့ ကင်မရာ ခလုတ်ကို နှိပ်ချိန်မှာ လက်လှုပ်ရှားမှုကြောင့် ကင်မရာလှုပ်သွားတဲ့ ပြဿနာကို ဖြေရှင်းလို့ရပါတယ်။

၆။ ဓါတ်ပုံရိုက်ပြီးရင် retouch ပိုင်းကိုလည်း လေ့လာထားသင့်ပါတယ်။ snapseed, lightroom, vsco camera တွေလည်း သုံးရတာ အတော် အဆင်ပြေပုံပါပဲ။ mobile photographer ဆရာကြီးတွေ mobile နဲ့ရိုက် mobile နဲ့ပြင်နဲ့ အတော်အဆင်ပြေသလို ကြည့်ရတာလည်း pc version နဲ့ပြင်ထားသလိုပါပဲ။ လေးစားရပါတယ်။

(သူများသာ လျှောက်ပြောနေတာ ကျွန်တော်တောင် retouch ပိုင်း ကောင်းကောင်းမရသေးဘူး။ ဖုန်းရော ကွန်ပျူတာရော retouch ဆို ခုထိ ယောင်လည်လည်ဖြစ်နေတုန်းပဲ :'( )

#mobile_photography

မူရင်းစာမျက်နှာ - ဓာတ်ပုံပညာလေ့လာရန်

No comments: