Wednesday, December 20, 2017

မြန်မာ့ကြယ်ပဲပင် (Sacha Inchi Nuts)

ဆေးဖက်ဝင်အာနိသင် – မြန်မာ့ကြယ်ပဲပင် (Astounding Health Benefits in Sacha Inchi nuts)

 


by စီစီဝင်း (FOOD)

          လွန်ခဲ့သော နှစ်ပေါင်း ၃၀ဝ၀ ကျော် အချိန်ကတည်းက Amazon Rainforest ၌ နာမည်ထင်ရှားခဲ့သည့် Sacha Inchi, Inca Peanut သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ကိုယ်ခံအားတိုးစေရန်အတွက် စားသုံးလာခဲ့ကြောင်း မှတ်တမ်းများမှ တစ်ဆင့် သိရှိခဲ့ရသည်။ Peru နိုင်ငံရှိ Andes Mountains ၏ ကုန်းမြေအမြင့်ပိုင်း၌ အစပြုခဲ့သော ကြယ်ပဲပင်များသည် နှစ်ရှည်သီးပင်အဖြစ် ပေါက်ရောက်၍ ကြာရှည်ခံ အပင်များအဖြစ် တွေ့ရှိခဲ့ပါသည်။

          ကြယ်ပဲသည် ယနေ့ ကမ္ဘာ့မြေပေါ်၌ Super Food အဖြစ် ပေါ်လွင်ခဲ့ခြင်းမှာ Essential Fatty Acids, Proteins and Amino Acids ပါဝင်မှုသည် လက်ရှိအခြားသီးနှံများထက် ပိုမိုနေပြီး ခန္ဓာကိုယ်တွင်း အလွယ်တကူချေဖျက်၍ ဆဲလ်တိုင်းကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်းရှိရန် အကူအညီပေးသည့်အပြင် သဘာဝ Omega-3 Oils အဖြစ် စားသုံးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ Vitamin A နှင့် Vitamin E (tocopherol form) များလည်း ပါဝင်နေပြီး ခန္ဓာကိုယ်တွင်း ၉၆% ချေဖျက်နိုင်စွမ်းရှိ၍ ယားယံမှု ဖြစ်စေခြင်းမရှိ (100 irritation free) ဟု သိရှိရပါသည်။

          ကြယ်ပဲ၏ မှတ်တမ်းတင် ဖော်ပြထားသည့် အံအားသင့် မှင်တက်မိစေသော ဆေးဘက်ဝင်အကျိုးအာနိသင်များမှာ-

–  သွေးလည်ပတ်မှုနှင့် သွေးတိုးအတွက် ကောင်းမွန်ခြင်း၊ ကိုလက်စတီရော (Bad Cholesterol, LDL) နှင့် အဆီ (Triglycerides)  ကို လျော့စေ၍ Good Cholesterol, HDL ကို မြင့်တက်စေနိုင်ခြင်း။

–  အစေ့တွင် ပါဝင်သော အိုမီဂါ-၃ (Omega-3) သည် နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်း။

–  Essential Fatty Acids မှာ ဗဟိုအာရုံကြောစနစ် (ဦးနှောက်နှင့် ကျောရိုးမ) ကို အကာအကွယ်ပြုပေးခြင်း။

–  တိုးမြှင့်ပါဝင်နေသော Omega-3 သည်  အသက်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါ (AMD) နှင့် အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်း။

–  ကျန်းမာစေသည့်  ဂလူးကို့စ် (Healthy Glucose) ကို ထိန်းချုပ်ထားပေး၍ Type 2 Diabetes မဖြစ်စေရန် လျှော့ချပေးခြင်း။

–  Essential Fatty Acids သည်လည်း ခန္ဓာကိုယ်တစ်လျှောက် ရောင်ရမ်းမှုကို ကာကွယ်ပေးခြင်း။

–  သွားလာလှုပ်ရှားနိုင်မှုကိုလည်း ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပါသည်။

          ကြယ်ပဲ (Sacha Inchi Nut) သည် အစေ့များအားလုံးနှင့် ယှဉ်လျှင် Omega-3 နှင့် Omega-6 Fatty Acid မျှတစွာ ပါဝင်သော အစေ့တစ်မျိုးဖြစ်သည့်အပြင် အခြားအာဟာရဓာတ် ပါဝင်နေမှုများမှာလည်း အကောင်းဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်း မှတ်တမ်းများမှ လေ့လာသိရှိနိုင်ပါသည်။ (1)

          ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အစားအစာနှင့် ပတ်သက်သည့် မဟာသိပ္ပံသင်တန်း၌ သုတေသနစာတမ်းကျမ်းပြုစုနေသူမှ တစ်ဆင့် ယနေ့ကြယ်ပဲ၏ လေ့လာစူးစမ်းမှုများကို အောက်ပါအတိုင်းသိရှိခဲ့ပါသည်။

(၁)     ရုက္ခဗေဒ အခေါ်အဝေါ်မှာ (Plukenetia Volubilis, Linn) ဟု အတိအကျ သတ်မှတ်နိုင်ခဲ့ခြင်း (ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ အတည်ပြုပေးသည်။)

(၂)     ဓာတ်ခွဲရာ၌ ရေငွေ့ဓာတ် ၇.၅၂ % ပါဝင်နေသော ဆီထုတ်ပြီး ကြိတ်ဖတ်၌ ပရိုတင်း ၅၆%၊ အဆီ ၄.၆၃%၊ ကာဘိုဟိုက်ဒြိတ် ၂၄.၁၂% (စွမ်းအင် ၃၆၅ ကီလိုကယ်လိုရီ/ ၁၀ဝ ဂရမ်)

(၃)     ကြယ်ပဲ (ဆီ၊ အရွက်၊ အသီးခွံ၊ အလွှာပါး၊ ကြိတ်ဖတ်)များသည် အစွမ်းထက် ရုက္ခဇီဝ ဓာတုပစ္စည်းများ (Bioactive Substances) ဖြစ်သော antioxidant ဂုဏ်သတ္တိရှိသည့် polyphenolic  ဒြပ်ပေါင်းများ ပါဝင်နေသည်ကို စမ်းသပ်တွေ့ရှိရခြင်း။

(၄)     Acute oral toxicity test ကို ကြွက်ဝမ်းဖြူများနှင့် ဆေးသုတေသနဌာန၌ စမ်းသပ်ရာတွင် အဆိပ်ကင်းကြောင်း စမ်းသပ်တွေ့ရှိရခြင်း။ (Clinical Trial)

(၅)     အဏုဇီဝပိုးသတ်နိုင်စွမ်းအား (Antimicrobial Activity) ကို အရေးပါသော ရောဂါဖြစ်စေနိုင်သည့် အဏုဇီဝပိုး (၆) မျိုးနှင့် Agar Plate Diffusion Test ဖြင့် စမ်းသပ် လေ့လာမှုတွင် ပိုးသတ်စွမ်းအားရှိကြောင်း မှတ်တမ်းတင်နိုင်ခြင်း။

(၆)     ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် level of contaminants (Toxic heavy metals) များ ပါဝင်နေခြင်း ရှိမရှိကို သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ်ခြင်း။

(၇)     Functional Food အဖြစ် စမ်းသပ်ရန်အတွက် ဆီကြိတ်ဖတ် (နမူနာ) ပေါ်တွင် ကပ်တင်နိုင်သော Pathogenic Bacteria များ၏ ပါဝင်မှုကို စမ်းသပ်ရှာဖွေခြင်း။

(၈)     ဆီကြိတ်ဖတ်မှ တစ်ဆင့် Functional Food (ဘီစကွတ်နှင့် သရေစာ) အဖြစ် စမ်းသပ်ထုတ်လုပ်၍ အနံ့၊ အရသာ ကောင်းမွန်မှု ရှိမရှိကို စမ်းသပ်ရှာဖွေခြင်း  အစရှိသည်တို့ကို စမ်းသပ်ပြုလုပ်ခဲ့ပါသည်။ (2)

          ဖော်ပြပါ အဆင့်ဆင့် သုတေသနရလဒ်များမှ သိရှိဖော်ပြနိုင်သည်မှာ မြန်မာ့ ကြယ်ပဲတွင် ဆေးဖက်ဝင်အာနိသင်များ ရှိနေကြောင်း သိရှိရပါသည်။  အချို့သော လူများသည် ကြယ်ပဲစားသုံးရာ၌ မူးဝေခြင်း၊ အစာတောက်ခြင်း ဖြစ်ရခြင်းမှာ ကြယ်ပဲ၏ ပရိုတင်းကို ကျန်းမာရေးလျော့နည်းပြီး ခုခံနိုင်စွမ်းအားနည်းသူက ချေဖျက်/စုပ်ယူရန် ခက်ခဲခြင်းဖြစ်စေသဖြင့် အဆိုပါ စားသုံးသူများအတွက် သတိထားရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒေသထွက်အမျိုးမျိုးမှ ကြယ်ပဲများ၏ အသီးအရွက်များအား သုတေသနပြုမှုကို မြန်မာနိုင်ငံရှိတက္ကသိုလ် အသီးသီးက ရှေ့ဆက်တိုး၍ စမ်းသပ်မှုများအကြိမ်ကြိမ်  (strong scientific evidence) ရရှိစေရန် အထူးလိုအပ်ပါကြောင်း တင်ပြပါသည်။

ကျမ်းကိုးစာရင်း

(1)      undergroundhealthreporter.com/superfood-sacha-inchi-nuts/

(2)      Su Lwin Htike & Si Si Win. 2017. “Some Efforts to Study on Plant Bioactive Substances and Antimicrobial Activities in SachaInchi (Plukenetia Volubilis, Linn)”, ASEAN Science Technology and Innovation Conference 2017, Oct 19-20, MICC II, Nay Pyi Taw, Myanmar.


CreditFood Magazine (Myanmar) 

No comments: