Thursday, December 7, 2017

ဆောင်းတွင်းမှာ ဘာလို့မနက်စောစော ထပြေးသင့်တာလဲ



ဆောင်းတွင်းမနက်တွေမှာ အိပ်ယာစောစောထနိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ စောင်ပုံနွေးနွေးလေးကြားထဲမှာ ဝင်ခွေရင်း ပြင်ပအအေးဒဏ်ကို အံတုလိုကြမှာပါ။ တော်ရုံလူကတော့ ဆောင်းတွင်းပိုင်း မနက်တွေမှာ အားကစားဝတ်စုံကြီး ကောက်စွတ်၊ အားကစားဖိနပ် ကောက်စီးပြီး ထပြေးချင်မှာ မဟုတ်ပါဘူး။

 ဒါပေမဲ့ မနက်ထပြေးချင်လာအောင် ဆွဲဆောင်နိုင်တဲ့ အချက်လေးတွေလည်း ရှိနေပါသေးတယ်။ မနက်ထပြေးခြင်းမှာ သိသာထင်ရှားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိနေတယ်လေ။



၁။ ဝိတ်ကျစေတယ်

ပုံမှန်ပြေးမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချရေးမှာ ကြီးမားတဲ့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ပြေးခြင်းက ဇီဝကမ္မ လုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေပြီး ကယ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဝမ်းဗိုက်အဆီတွေလိုမျိုး ခေါင်းမာမာနဲ့တင်းခံနေတဲ့ အဆီနေတွေကိုတောင် မနက်ထပြေးခြင်းနဲ့ ဖယ်ရှားပစ်နိုင်ပါတယ်။

၂။ နှလုံးကိုကျန်းမာစေတယ်

မနက်ထပြေးခြင်းက နှလုံးကျန်းမာရေးအတွက်တော့ အရမ်းကောင်းပါတယ်။ ပြေးနေချိန်မှာ သွေးလည်ပတ်မှုကို ပိုမိုမြန်ဆန်စေပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်နေတဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်ပြီး နှလုံးကို ပိုမိုသန့်စင်ကျန်းမာစေပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

မနက်မနက် ထပြေးမယ်ဆိုရင် ကိုယ်ခံအားစနစ်လည်း ကောင်းမွန်လာစေမှာပါ။ ဒါကိုလည်း သိပ္ပံနည်းကျ သက်သေပြ ထားပြီးသားပါ။ မနက်တိုင်း ထပြေးတဲ့သူတွေမှာ (လူငယ်၊ လူကြီးမရွေး) နှာစေး၊ ချောင်းဆိုးနဲ့ ဓာတ်မတည့်ရောဂါတွေ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။

၎။ ခွန်အားတိုးစေတယ်

ပြေးခြင်းက ခွန်အားကိုလည်း တိုးစေပါတယ်။ ဒါကြောင့် မနက်စောစော ထပြေး၊ ရေမိုးချိုးပြီးမှ ရုံးသွားရင် တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းနေတာကို တွေ့ရှိရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြေးခြင်းက ခန္ဓာကိုယ်ထဲက adrenaline ဆိုတဲ့ ဦးနှောက်ကို လန်းဆန်းအောင်လှုံ့ဆော်ပေးတဲ့ ဓာတ်တစ်မျိုးကို ထွက်လာစေနိုင်လို့ပါ။

၅။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်

မနက်ထပြေးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့နေရာမှာလည်း လူသိများပါတယ်။။ တကယ်တော့ ပြေးနေချိန်မှာ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကို ပိုလုပ်ရတဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ကျစေတာပါ။ နောက်တစ်ခုက မနက်ထပြေးခြင်းဟာ စိတ်ကျရောဂါကိုလည်း သက်သာစေပါတယ်။ ယုံကြည်မှုတွေ ကျဆင်းပြီး စိတ်ဓာတ်ကျသလို ခံစားနေရရင် အပြေးဖိနပ်ကိုသာ ထုတ်စီးပြီး ထပြေးလိုက်ပါ။ စိတ်ကျဝေဒနာ ထူးထူးခြားခြား သက်သာသွားတာကို တွေ့ရှိရပါလိမ့်မယ်။

၆။ ဦးနှောက်လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေတယ်

မနက်ထပြေးခြင်းက ဦးနှောက်ထဲက သွေးလှည့်ပတ်မှုတွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ဆဲလ်တွေကိုလည်း အောက်ဆီဂျင်နဲ့ သွေးပိုမိုရရှိစေနိုင်တော့ ဦးနှောက်လုပ်ဆောင်မှုတွေကို တိုးတက်စေနိုင်ပါတယ်။ တွေးခေါ်မှုတွေ ပိုမိုမြန်ဆန်လာပြီး မှတ်ဉာဏ်စွမ်းအားလည်း ပိုကောင်းလာတာကို တွေ့ရှိရမှာပါ။

၇။ အရိုးအဆစ်တွေကို သန်မာစေတယ်

ပြေးပြီဆိုကတည်းက ဒူးဆစ်ရိုးတွေ၊ တံတောင်ဆစ်ရိုးတွေ လှုပ်လှုပ်ရှားရှား လုပ်ရမှာဆိုတော့ ခန္ဓာကိုယ်အရိုးအဆစ်တွေကိုလည်း ပိုပြီးသန်မာစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အရိုးအဆစ် လှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ ကြွက်သားနဲ့ ကိုယ်တွင်းချောဆီ တွေကိုလည်း အားကောင်းစေပါတယ်။

၈။ အရွယ်တင်စေတယ်

အသက်အရွယ်ကြီးရင့်သူတွေ မနက်လမ်းထလျှောက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အရွယ်တင်စေတာလည်း ပါပါတယ်။ မနက်ထပြေးခြင်းက ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ ဓာတ်တွေကို နှေးကွေးစေပြီး ချွေးကတဆင့် ကိုယ်တွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုနဲ့ ပိုမိုငယ်ရွယ်နုပျိုတဲ့ အသားအရေလေးကို ရရှိစေနိုင်ပါတယ်။


Source: Youngisthan

===========

Duwun

No comments: