Saturday, December 9, 2017

“လိင်အကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်မလဲ”


မုဒိမ်းမှုတို့၊ လိင်အကြမ်းဖက်မှုတို့အကြောင်း ပြောလိုက်ရင် တောနေလူတန်းစား၊ အခြေခံလူတန်းစားလောက်ပဲ ကြုံရနိုင်တာမျိုးလို့ ထင်တတ်ကြတယ်။ အဲဒီအတွက် စိတ်မကောင်းစရာ အဖြစ်အပျက်လေးတစ်ခုကို ပြောပြမယ်။

ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အရေးများတဲ့အခါမှာ ကျွန်တော့်ဆီကို မိန်းကလေးတွေ လာရင်ဖွင့်ကြတယ်၊ တိုင်ပင်ကြတယ်။ အဲဒီထဲက ညီမလေးတစ်ယောက်ရဲ့ အကြောင်းပါ။ သူက ရန်ကုန်မြို့ရဲ့ နာမည်ကြီးသင်တန်းကျောင်းတစ်ခုမှာ သင်တန်းတက်နေတဲ့ ကောင်မလေး၊ အနာဂတ်အိပ်မက်တွေ တပွေ့တပိုက်နဲ့ပေါ့။ လွန်ခဲ့တဲ့လလောက်က သူနဲ့သူ့ရည်းစား ညဘက်ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ သူ့ကောင်လေးက သူ့ကို အတူနေဖို့ တောင်းဆိုတယ်၊ သူကငြင်းတယ်၊ အဲဒီမှာ စိတ်မထိန်းနိုင်လို့ပါ ဆိုပြီး အတင်းအဓမ္မ ပြုကျင့်သွားတယ်။ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ ကျန်ခဲ့တယ်။ တန်ဖိုးမရှိတော့သလို ခံစားနေရတယ်။
(ဒါတွေက မြန်မာကားထဲမှာဆို အချစ်ရဲ့သင်္ကေတပဲ၊ မင်းသမီးက အစတော့ စိတ်ဆိုးမယ်၊ နောက်တော့ ပြန်လက်ခံသွားမယ်၊ မင်းသားနဲ့မင်းသမီး ညားမယ်။ အင်မတန်မှကို စိတ်ပျက်စရာကောင်းတဲ့ ပြကွက်တွေဖြစ်ပါတယ်။)

အဲဒါနဲ့ ကျွန်တော် သူ့ကို ကျန်းမာရေးကိစ္စ လုပ်ရမှာတွေ ပြောပြတယ်၊ စိတ်ဓါတ်မကျအောင် တတ်နိုင်သလောက် အားပေးတယ်။ ပြီးတော့ မေးကြည့်တယ်၊ ညီမလေး တိုင်မလား၊ တရားစွဲမလား ဆိုတော့ ပြန်ဖြေတယ်၊ မတိုင်ချင်ဘူး သမီးရှက်တယ် လူတွေသိကုန်မှာစိုးတယ် တဲ့။ ဒီအဖြေကလည်း ကျွန်တော်လိုလူအတွက်တော့ သိပ်အံ့သြစရာ မဟုတ်တော့ဘူး။ ရိုးနေပြီ။ ဒါပေမယ့်လည်း ရိုးနေတိုင်း ဒီအတိုင်း ထားလိုက်ရတော့မှာလား။ မေးစရာဖြစ်လာတယ်။ မထားနိုင်ဘူး။ နိုင်သလောက်တော့ ကြိုးစားသွားမယ်။

အဲဒီလိုတွေ ထုတ်ဖော်မပြောဘဲ ထားလိုက်တော့ တကယ့်ကာယကံရှင် လူယုတ်မာက လွတ်နေတယ်၊ လူမသိသူမသိ နေနေမယ်၊ လုပ်လို့ရမှန်းသိနေတော့ နောက်တစ်ယောက်ကိုလည်း ဒါမျိုးထပ်ကျူးလွန်ဦးမှာပဲ။ ထုတ်ဖော်ပြောပါ ဆိုတော့ရော ထင်သလောက်လွယ်လား။ မလွယ်ဘူး။ ဘာလို့မလွယ်လဲ။ ပတ်ဝန်းကျင်ကြောင့် မလွယ်တာဖြစ်ပါတယ်။

ကျွန်တော် ဟောပြောပွဲတွေမှာ အမြဲပေးနေကျ ဥပမာလေးတစ်ခု ရှိတယ်။ ကျွန်တော် ဗိုက်တအားဆာနေတဲ့အချိန် ကျွန်တော့်ရှေ့မှာ ကလေးလေးတစ်ယောက်က အာလူးကြော်ထုပ်လေး ကိုင်ထားတယ်။ ကျွန်တော် ဘာလုပ်မလဲ။ ဗိုက်ဆာနေတော့ ဒီကလေးဆီကနေ လုစားမှာပေါ့။ ဒါဆို ကျွန်တော်ဟာ ခွန်အားသုံးပြီး ကလေးကိုအကြမ်းဖက်တာ ဖြစ်သွားပြီ။

ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ကလေးကို ကျွန်တော့်လောက် သန်မာလာအောင် လုပ်လို့ရမလား။ မရဘူး။ လူကြီးဖြစ်တဲ့ ကျွန်တော်က သူ့ထက်ခွန်အားသာမယ်၊ ဉာဏ်ပညာသာမယ်။ ဒါဆို ဒီလိုမဖြစ်အောင် ဘယ်လိုတားဆီးရမလဲ။

နံပါတ်တစ် ကျွန်တော် ကိုယ်ကျင့်သိက္ခာကောင်းဖို့ လိုတယ်။ ဒါဆို ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ ဒါမျိုးမလုပ်ဘူး။ ကျွန်တော့်မှာရှိတဲ့ ခွန်အားကို ကျွန်တော် အလွဲသုံးစား မလုပ်ဘူး။

ဒီလိုကိုယ်ကျင့်တရားဆိုတာကလည်း လူတိုင်းဆီက မျှော်လင့်လို့မရတော့ နောက်ဘာလုပ်လို့ရသေးလဲ။

ဟုတ်ပြီ၊ ကျွန်တော်က ကိုယ်ကျင့်သိက္ခာ မကောင်းဘူး၊ ကလေးဆီက မုန့်လုစားဖို့ ကြံစည်မယ်။ ဒါပေမယ့် အဲ့လိုလုလိုက်တာနဲ့ ရှိသမျှလူတွေအကုန်လုံးက ကျွန်တော့်ကို ရွံရှာမုန်းတီးတဲ့အကြည့်နဲ့ ကြည့်ကြမယ်၊ အသိုင်းအ၀ိုင်းကနေ ဖယ်ကြဉ်ထားမယ်ဆို ကျွန်တော် ဘယ်လုပ်ရဲမလဲ။

နောက်ဆုံးတစ်ခု၊ ကျွန်တော်က ပတ်ဝန်းကျင်က ဘယ်လိုထင်ထင် အေးဆေးပဲ၊ ဂရုမစိုက်ဘူးဆိုဦးတော့ ကလေးဆီက အဲ့လိုမုန့်လုစားလိုက်တာနဲ့ ထောင်နှစ် ၂၀ ကျမယ်ဆို ကျွန်တော် ဘယ်လုပ်ရဲတော့မလဲ။

ခု လိင်အကြမ်းဖက်မှုတွေအားလုံးမှာလည်း ဒီသဘောပဲ။ ယောကျာ်းလေးနဲ့ မိန်းကလေးကို တူအောင်လုပ်လို့မရဘူး။ ယောကျာ်းက ခွန်အားပိုကြီးတယ်။ ထုံးတမ်းဓလေ့အရ မိန်းကလေးက အရှက်အကြောက်ကြီးတယ်။ လိင်ဆက်ဆံမှုတစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့ မိန်းကလေးမှာပဲ ကိုယ်ဝန်ကျန်ခဲ့တယ်၊ ဘာလို့ဆိုတော့ သားအိမ်က မိန်းမမှာပဲပါလို့။ ဒါတွေကို တူအောင်လိုက်ညှိလို့ မရပေမယ့် လုပ်လို့ရတာတွေ ရှိတယ်။

နံပါတ်တစ် ယောကျာ်းတွေ ကိုယ်ကျင့်သိက္ခာကောင်းဖို့လိုတယ်။ ဒီဖြစ်စဉ်မှာဆို ရည်းစားက ပြုကျင့်တယ်ဆိုတော့ မိန်းကလေးတွေ ရည်းစားမထားရတော့ဘူးလား။ ခုနောက်ပိုင်းမှာ အဖေက သမီးကို ပြုကျင့်တာ၊ ကျောင်းဆရာက တပည့်မကို ပြုကျင့်တာ၊ အဖိုးက မြေးကို ပြုကျင့်တာတွေ ကြားလာရတယ်။ စဉ်းစားကြည့်၊ ကိုယ့်အဖေ၊ ကိုယ့်ဆရာ၊ ကိုယ့်အဖိုးတောင် မယုံရတော့ဘူးလား။ ဒီလိုတော့လည်း မဟုတ်သေးဘူး။ ယောကျာ်းတိုင်းက ဒီလိုလုပ်နေကြတာ မဟုတ်ဘူး။ ကိုယ်ကျင့်သိက္ခာကောင်းတဲ့သူဟာ ဘယ်တော့မှ ဒီလိုမလုပ်ဘူး။ သူတို့ရဲ့ ခွန်အားပါဝါ ပိုကြီးတာကို အလွဲသုံးစားမလုပ်ဘူး။ သူတို့မှာ စိတ်ဆန္ဒပြင်းထန်နေတယ် ဆိုဦးတော့ မိန်းကလေးရဲ့ဆန္ဒကို လေးစားတယ်။ အတင်းအဓမ္မ မလုပ်ဘူး။ ဒါကြောင့်မို့ ယောကျာ်းတွေ ကိုယ်ကျင့်တရားကောင်းဖို့ လိုတယ်။ တစ်ဖက်မှာလည်း အဲဒီလိုသားယောကျာ်းလေးတွေ မိန်းကလေးကို တန်ဖိုးထားတတ်ဖို့ဆိုတာက မိဘတွေအနေနဲ့ ငါတို့က သားရှင် ဆိုတဲ့ တစ်ဖက်သတ်ဆန်တဲ့ အယူအဆမျိုး မရှိဖို့လိုတယ်။ ကိုယ့်သားနဲ့ အိမ်အကူကောင်မလေး ဖြစ်ကြတဲ့ကိစ္စမှာ အကြောင်းရင်းကို သေချာတောင်မမေးမြန်းဘဲ နင်က ငါ့သားကို မြှူဆွယ်တာ ဆိုတဲ့ တစ်ဖက်သတ်ကာကွယ်ပေးမှုမျိုး လုပ်နေသရွေ့ ကိုယ့်သားဟာ ဒီလိုလူစားမျိုး ဖြစ်နေမှာပဲ။

နောက်တစ်ခု၊ လူ့အသိုင်းအ၀ိုင်းရဲ့ အပြစ်တင်မှု၊ လူ့အသိုင်းအ၀ိုင်းက ပေးတဲ့အပြစ်ဒဏ်။ ဒီလိုပြုကျင့်သွားတဲ့သူကို လူမဆန်တဲ့လုပ်ရပ်တစ်ခု လုပ်သွားသူအနေနဲ့ ဖယ်ကြဉ်လိုက်ကြမယ်၊ ရှုံ့ချကြမယ်ဆိုပါတော့၊ ဒါဆို လုပ်ဖို့ရာ အနည်းနဲ့အများ တွန့်ဆုတ်သွားလိမ့်မယ်။ ခုလက်ရှိမှာ ကျွန်တော်တို့ ဘာတွေလုပ်နေကြလဲ။

ခုနကလို အဖြစ်အပျက်တစ်ခုများ ကျွန်တော်တို့ ကြားလိုက်ရရင် မိန်းကလေးကိုပဲ အပြစ်တင်မယ်။ နည်းတောင်နည်းသေးတယ် ဒီအချိန်ကြီး နှစ်ယောက်တည်း အပြင်သွားတာကိုး၊ သူက ဘာတွေဝတ်စားသွားမှန်းမှ မသိတာ၊ ဖြစ်တုန်းက မှိန်းနေပြီး တခုခုအဆင်မပြေမှ ပြဿနာထရှာတာ စသဖြင့် အပြစ်တင်ကြလိမ့်မယ်။ အပျိုရည်ပျက်သွားပြီ ဆိုပြီး တန်ဖိုးမရှိတော့သလို ကြည့်ကြမယ်။ တကယ်ကျူးလွန်တဲ့ ယောကျာ်းလေးတွေကတော့ လွတ်နေမယ်။ အဲဒီလို ပြုမူနေကြသရွေ့ ဒီလိုပြဿနာတွေ မပျောက်ဘူး။

နောက်ဆုံးတစ်ခု။ တရားဥပဒေက ပေးတဲ့အပြစ်ဒဏ်။ ဒါကတော့ အားလုံးလည်း သိနေတဲ့ကိစ္စပါပဲ။ ဥပဒေတွေတော့ ပြဌာန်းထားတယ်။ အသက်မ၀င်ဘူး။ တိုင်မယ်လုပ်တာနဲ့ ညှိခိုင်းတယ်။ လင်မယားကြား ဖြစ်တဲ့မုဒိမ်းမှုဆို ပြန်ပေါင်းဖို့ ညှိကြ၊ ချစ်သူတွေဆို လက်ထပ်ယူဖို့ညှိကြ။ တစ်ခါတစ်လေ အုပ်ချုပ်ရေးမှူးလား ညှိနှိုင်းရေးမှူးလားတောင် မသဲကွဲဘူး။ မုဒိမ်းမှုပါ ဆိုတာကို ပြုကျင့်ရန်ကြံစည်မှုနဲ့ အမှုဖွင့်လိုဖွင့်။ စစ်ချက်ယူတဲ့ ဆရာဝန်က လာဘ်ယူပြီး ထိုးသွင်းဆက်ဆံခံထားရတဲ့ လက္ခဏာမရှိပါဘူး ဆိုလိုဆို။ အရှက်တရားနဲ့ ပျိုးထောင်ခံထားရတာမို့ မိန်းကလေးတွေက ဒါကိုထုတ်ပြောဖို့တောင် အတော်ဝန်လေးတာ။ တရားရုံးမှာ လာရင်ဆိုင်ဖို့၊ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုတာ တော်တော်လေးကို စိတ်မာမှရမယ်။ ဆိုတော့ကာ ဒီအပိုင်းမှာလည်း အားနည်းချက်တွေက ရှိနေပြန်တယ်။

ဒါကြောင့်မို့ ကြုံတဲ့ဖုန်းနံပါတ်ကို နှိပ်ပြီး မိန်းကလေးအသံကြားတာနဲ့ ညစ်ညမ်းစကားတွေ ပြောတာ၊ တမင်တကာ အပြာကားတွေပြတာ၊ ဘတ်စ်ကားပေါ်မှာ ပွတ်သပ်ကိုင်တွယ်တာ၊ အတူနေတုန်းက ရိုက်ထားတဲ့ ဗီဒီယိုကိုပြပြီး ကောင်မလေးကို ခြိမ်းခြောက်အကြပ်ကိုင်တာ၊ သူ့စိတ်ဆန္ဒမပါဘဲ အဓမ္မပြုကျင့်တာ စတဲ့ လိင်အကြမ်းဖက်မှုတွေအားလုံး လျော့နည်းပပျောက်သွားစေချင်ရင် ဒီ ၃ ချက် လုပ်ရပါမယ်။

ယောကျာ်းတွေ ကိုယ်ကျင့်သိက္ခာကောင်းဖို့ လိုတယ်။ သူတို့မှာရှိတဲ့ ခွန်အားကို အလွဲသုံးစားမလုပ်ဖို့လိုတယ်။ ငါ့မှာ သားအိမ်မှမရှိတာ၊ ကိုယ်ဝန်ရသွားလည်း ထားခဲ့လိုက်မယ်ဆိုတဲ့ တာဝန်မဲ့တဲ့အတွေးမျိုး မရှိဖို့လိုတယ်။ အာလူးကြော်ထုပ် ကိုင်ထားတဲ့ ကလေးကိုပဲ ဖွက်ပြီးစားလေ၊ သူမမြင်စေနဲ့လေ ဆုံးမနေတာတွေ အလုပ်မဖြစ်ဘူးဆိုတာ ဒီလောက်ဆို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒီအတွက် မိဘတိုင်းကလည်း သားတွေကို ပြောပြပေးပါ၊ ဒီလိုလုပ်ရပ်တွေဟာ အင်မတန်မှကို ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေဖြစ်တယ်ဆိုတာကို။

တရားဥပဒေကလည်း ထိရောက်တဲ့အပြစ်ဒဏ်တွေ ပေးပေးပါ။

အဲဒီလိုပဲ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကလည်း ပြုကျင့်ခံရသူထက် ပြုကျင့်သူ အကြမ်းဖက်သူကိုသာ ကဲ့ရဲ့ရှုံ့ချတတ်တဲ့ အလေ့အထ မွေးပေးပါ။ ကျူးလွန်ခံရသူတွေဘက်က ရပ်တည်ပေးပါ။ သူတို့ကို ဖေးမကူညီပါ။ လူ့အသိုင်းအ၀ိုင်းထဲ ပြန်ဝင်ဆံ့အောင် ဆွဲခေါ်သွင်းပေးပါ။ ဒါမှသာ ဒီလိုအကြမ်းဖက်မှုတွေရော သူကမှ ဆက်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေပါ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၈.၁၂.၂၀၁၇

Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page

No comments: