Tuesday, June 4, 2013

စီးပွားရေးနှင့် ကိုယ်ကျင့်တရား (၂)

ဝိနည်းပိဋကတ်သည် လူဝတ်ကြောင်များနှင့် လားလားမျှမသက်ဆိုင်ဟုအချို့သောဗုဒ္ဓ၀ါဒီတို့က ယူဆကြသည်။ ၀ိနည်းဟူသည့် ရဟန်းများသာ လိုက်နာကျင့်သုံးအပ်သောဘုရားဥပဒေတော်ဟု ခံယူထားကြသည်။

အကယ်စင်စစ် ၀ိနည်းတော်လာ ပြဋ္ဌာန်းချက်များသည် သတ်မှတ်ထားသောလုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃာ့ဘောင်သို့ ၀င်ရောက် ထားသည့် Formal Members တို့အတွက်သာမက၊ True Members များနှင့်လည်းသက်ဆိုင်ကြောင်းထိုင်းနိုင်ငံသား ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းတော် Ven.P.A.Payutto က သူ၏ Buddhist Economics(ဗုဒ္ဓအလိုကျဘောဂဗေဒ) ကျမ်းစာတွင် ရေးသား တင်ပြ ထားသည်။

ကျမ်းပြုဆရာဆိုလိုသော Formal Members ဆိုသည်မှာ ၀ိနည်းနှင့်အညီသိမ်ဝင်ပြီး သင်္ကန်းဝတ်ကာ ရဟန်းဘ၀ကိုတရားဝင်ခံယူထား သော သမ္ဗုတိရဟန်းတော်များကိုဆိုလိုခြင်းဖြစ်သည်။ သမ္ဗုတိရဟန်းကို ၀ိနည်းရဟန်းဟုလည်းခေါ်ဆိုနိုင်သည်။

TrueMembers ဆိုသည်မှာ ၀ိနည်းတော်နှင့်အညီ ရဟန်းဘ၀ကို ခံယူထားခြင်းမရှိသော်လည်းလူဝတ်ကြောင်ဘ၀ဖြင့် တစ်မဂ်တစ်ဖိုလ် ဆိုက်ပြီးသော အရိယာသူတော်စင်များကို ဆိုလိုခြင်းဖြစ်သည်။ယင်းပုဂ္ဂိုလ်မျိုးကို ပရမတ်ရဟန်း ဟုလည်းကောင်း၊သုတ္တန်ရဟန်း ဟု လည်းကောင်းခေါ်ဆိုနိုင်ကြောင်းအဋ္ဌကထာဆရာများက ဖွင့်ဆိုခဲ့ကြသည်။

ယခင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့(၄)၏ “ကျောက်ပုံတောရ၀ါဒ၀ိနစ္ဆယ” တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

“ပဋိပန္နကော ဟိ ဒေဝေါ ၀ါ ဟောတု မနုေဿာဝါ၊ဘိက္ခူတိ သင်္ချေံ ဂစ္ဆိယေ၀ (ဒီဋ္ဌ ၂။ ၃၄၆)” ဟူသောပါဠိတော်အရ ဖြစ်သည်။ အနက်မှာ “တရားကျင့်သူ ပုဂ္ဂိုလ်မှာ နတ်ဗြဟ္မာပင်ဖြစ်စေ၊ လူသားဖြစ်စေရဟန်းဟုခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်ရ၏”ဟူ၍ဖြစ်သည်။ အဆိုပါ အဋ္ဌကထာတွင်လာသော ‘ဘိက္ခု’မှာ သုတ္တန်ရဟန်း (၀ါ) ပရမတ်ရဟန်းကိုဆိုလိုကြောင်း ၀ိနည်းဓိုရ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကလည်း လယ်တီဆပဂံပုစ္ဆာအဖြေနိုင်ငံတွင်းပုစ္ဆာပေါင်းချုပ်တွင် -
“ပရမတ်ရဟန်း ဆိုသည်ကား သုဒ္ဓေါဓနမင်းကြီး၊ သန္တတိအမတ်ကြီးတို့ကဲ့သို့မင်းမြောက်တန်ဆာ ဆင်ယင်လျက်ရှိသော လူပင်ဖြစ် သော်ငြားလည်း၊ နတ်ပင်ဖြစ်သော်ငြားလည်း၊သိကြားဗြဟ္မာပင် ဖြစ်သော်ငြားလည်း အရိယာမဂ်ရသောအခါက အစပြု၍ သာမဏော = သမဏ လည်းမည်၏။ ဗြဟ္မဏော= ဗြဟ္မဏလည်းမည်၏။ ဘိက္ခု = ဘိက္ခုလည်းမည်၏”ဟုအဆုံးအဖြတ်ပေးခဲ့သည်။

အထက်ပါအချက်များကို ထောက်ရှုလျက် ကျောက်ပုံတောရ ၀ိနစ္ဆယတွင်ဝိနည်းဓိုရ်အဖွဲ့က ‘ရဟန်း’ ဟုဆိုရာတွင် ၀ိနည်းနှင့်အညီ တရားဝင် ရဟန်းဘောင်သို့ မ၀င်ရောက်ဘဲလူဝတ်ကြောင်ဖြင့်ပင်နေသော်ငြား အရိယာသူတော်စင်ဖြစ်ပါက ထိုပုဂ္ဂိုလ်ကို ပရမတ် ရဟန်းဟုခေါ်ဆိုထိုက်ကြောင်း အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ၀ိနည်းပိဋကတ်လာ ဗုဒ္ဓ၏ဆုံးမလမ်းညွှန်ချက်များသည်သံဃာတော်များနှင့်သာ သက်ဆိုင်ပြီး လူဝတ်ကြောင်များနှင့် လုံးဝ မသက်ဆိုင်ဆိုသော အယူအဆကိုပြန်လည်သုံးသပ်ရန် သင့်လှပေသည်။

စင်စစ်အားဖြင့်လည်း ဗုဒ္ဓ၀ါဒီတို့၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုရသော အရိယာ သူတော်စင် ဘ၀ ဖြစ်ပေရာပရမတ်ရဟန်းဘ၀ဆီသို့ ရှေးရှုလျက် ကျင့်ကြံအားထုတ်ကြရမည်သာ ဖြစ်ပေသည်။

ယင်းသို့အားထုတ်ကြသူများသည် ဥစ္စာဓနရှာဖွေစုဆောင်းမှုဆိုင်ရာ ကိစ္စအ၀၀ကို ဥပေက္ခာပြုကျောခိုင်းရမည်ဟုကား ဗုဒ္ဓမြတ်စွာက မည်သည့်အခါကမျှတိုက်တွန်းမှု အလျဉ်းမပြုခဲ့ချေ။ သမ္မာအာဇီဝနည်းလမ်းတကျစီးပွားရှာဖွေမှုပြုပြီး ရရှိလာသောဥစ္စဓနတို့ကို အတ္တ နှင့် ပရ နှစ်ဖြာသောအကျိုး ဖြစ်ထွန်းစေမည့် ကိစ္စတို့၌ အသိဉာဏ်ဖြင့်ယှဉ်လျက်အသုံးချတတ်သူတို့အား ဗုဒ္ဓက ကောင်းချီးထောမနာ ပင် ပြုခဲ့ပါသေးသည်။

ဤနေရာတွင် ဗုဒ္ဓ ကောင်းချီးထောမနာပြုသောကိစ္စမှာဥစ္စာဓန ကုံလုံကြွယ်ဝခြင်းကိုမဟုတ်ဘဲ ထိုဥစ္စာဓနတို့ကို သမ္မာအာဇီဝနည်းဖြင့် ရိုးသားစွာရှာဖွေနိုင်သောအရည်အသွေးနှင့် ယင်းတို့အား အတ္တ၊ပရ နှစ်ဖြာသောအကျိုးအတွက် အသုံးချတတ်သည့်အသိပညာနှင့်ပြည့်စုံမှုကိုသာဖြစ်ကြောင်း သတိချပ်သင့်ပေသည်။

မိရိုးဖလာဗုဒ္ဓဘာသာဝင် အတော်များများသည် ချမ်းသာကြွယ်ဝနေသူတို့၏ မျက်မှောက်ဘ၀ ကြိုးပမ်းအားထုတ်မှုတို့ကိုထည့်သွင်း မစဉ်းစားတတ်ကြပေ။ ယင်းပုဂ္ဂိုလ်တို့၏ အတိတ်ဘ၀ကုသိုလ်ကံ အကျိုးပေးကောင်းခြင်းကြောင့်သာယခုဘ၀၌ ကြီးပွားချမ်းသာနေ ခြင်းဖြစ်သည်ဟု ယူဆလေ့ရှိကြသည်။

စပ်ဆိုင်ရာကိစ္စအ၀၀ကို ရှုထောင့်အသီးသီးမှကြောင်းကျိုး ဆင်ခြင်တွေးခေါ်ရာမှ ရရှိလာသည့် ယုံကြည်မှုမျိုးမဟုတ်ခြင်း၊ ဗုဒ္ဓသည် ဥစ္စာဓနကြွယ်ဝချမ်းသာခြင်းထက် ရိုးသားဖြောင့်မတ်မှုနှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုတို့ကိုသာအလေးပေးချီးမွမ်းခြင်းတို့ကြောင့် ယင်းအယူအဆသည် ဗုဒ္ဓ၀ါဒနှင့် ဆန့်ကျင်ကွဲလွဲသော အယူအဆတစ်ရပ်သာဖြစ်ပေသည်။

စင်စစ်အားဖြင့် မျက်မှောက်ဘ၀သည်သာ အနီးကပ်ဆုံးနှင့်အရေးအပါဆုံးဖြစ်သည်။ အတိတ်ဘ၀ကံက ရုပ်ခန္ဓာ၊ ပါရမီ၊ ဉာဏ်ရည်နှင့် ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးတို့ပေါင်းစည်းပါဝင်သော မွေးရာပါအခြေအနေကိုသာ ဆုံးဖြတ်ပေးနိုင်သည်။

ချမ်းသာကြွယ်ဝသော မိသားစုအတွင်း မွေးဖွားလာရခြင်းသည်လူသားတစ်ဦး၏ ဘ၀ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော ကိစ္စအဖြစ် ထင်မှတ်ပြောဆိုလေ့ရှိကြသည်။ဗုဒ္ဓကမူ ထိုသို့ မွေးရာပါအခြေအနေ ကောင်းမှုကို အဓိကချီးမွမ်းထိုက်သောကိစ္စဟု မမှတ်ယူခဲ့ချေ။

တစ်နည်းဆိုသော် ဗုဒ္ဓ၀ါဒက လူသားတို့၏မွေးရာပါအခြေအနေ အကောင်း၊အဆိုးကို အရေးပါသော ကိစ္စတစ်ရပ်ဟု ခံယူထားခြင်း မရှိချေ။ မွေးရာပါအခြေအနေကောင်းကိုရရှိလာစေသည့် အကြောင်းတရားဖြစ်သော အတိတ်ဘ၀ကပြုခဲ့သည့် ကောင်းမှုကုသိုလ်တို့ ကိုသာ ချီးမွမ်းကောင်းချီမွမ်းပေလိမ့်မည်။

ချမ်းသာကြွယ်ဝသော အသိုင်းအ၀ိုင်းအတွင်းမွေးဖွားလာခြင်းသည် အတိတ်ဘ၀ကံ၏ ကောင်းကျိုးကို ခံစားရခြင်းထက်ပို၍ အထူးတလည် ချီးမွမ်းရန်မလိုအပ်ပေ။

မွေးရာပါကုသိုလ်ကံ ကောင်းခြင်းသည် အချို့လူများအတွက်သူတကာထက် သာလွန်ကောင်းမွန်သည့်အခွင့်အလမ်းများကို ရရှိစေနိုင် သော ခိုင်မာသည့် အုတ်မြစ်တစ်ခုဟုဆိုနိုင်ပါသည်။လက်ရှိဘ၀ တစ်သက်တာလုံးအတွက် ဖြန့်ကျက်တွေးခေါ်မည်ဆိုလျှင်ကား အတိတ် ဘ၀ကံ၏ အကျိုးပေးသည်မွေးရာပါဗီဇနှင့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရုံသာ ဖြစ်ပေသည်။

မွေးဖွားချိန်မှစလျက် ဘ၀သစ်တစ်ခုနှင့်အတူကံအသစ်များကို ဖန်တီးပေးနေရပြီ ဖြစ်သည်။ မွေးရာပါ ကုသိုလ်ကံကောင်းခြင်းကို အသိဉာဏ်နှင့်ယှဉ်လျက်အသုံးမပြုတတ်ပါမူ အဆိုပါခိုင်မာသောအုတ်မြစ်ကြီးမှာ အလွယ်တကူ ကျိုးပဲ့ပျက်စီးသွားမည်သာဖြစ်သည်။

မွေးရာပါ ကုသိုလ်ကံကောင်းမှု အပေါ်တွင်သာမိန်းမောလျက် မျက်မှောက်ဘ၀တွင် ကြိုးပမ်းအားထုတ်မှုမပြုခဲ့ပါက အဖိုးတန် အခွင့် အလမ်းများစွာကိုလက်လွှတ်လိုက်ရပေမည်။ ထိုမျှမက ဘ၀တစ်လျှောက်လုံး ရှုံးနိမ့်မှုများနှင့်သာ ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မည်။

ဗုဒ္ဓ၀ါဒီတို့အတွက် အရေးအကြီးဆုံး စဉ်းစားဆင်ခြင်ရမည့်ကိစ္စမှာလူသားတို့အနေနှင့် မွေးရာပါကုသိုလ်ကံအကျိုးပေးကို မည်ကဲ့သို့ အသုံးချရမည်ဆိုခြင်းပင်ဖြစ်သည်။

ဗုဒ္ဓသည် ဥစ္စာဓနကြွယ်ဝချမ်းသာမှုကို ချီးမွမ်းထောမနာမပြုခဲ့သလို၊ ဝေဖန်ရှုတ်ချခြင်းလည်း မပြုခဲ့ချေ။ ဗုဒ္ဓ အလေးဂရုပြုသောအချက်မှာ လူသားတို့အနေနှင့်မိမိတို့ ရှာဖွေစုဆောင်းရရှိသမျှသော ဥစ္စဓနတို့အား အကျိုးရှိစွာ မည်ကဲ့သို့ အသုံးချရမည်ဆိုခြင်းသာဖြစ်သည်။

ဗုဒ္ဓအလိုအရဆိုပါက ဥစ္စာဓနကို အများအကျိုးသယ်ပိုးရာတွင်အသုံးချသင့်သည်။ ကောင်းမြတ်သော ဘ၀တစ်ခုကိုထူထောင်ရန်နှင့် လူသားထုတစ်ရပ်လုံး၏ စွမ်းရည်မြင့်မားတိုးတက်လာစေရေးကိစ္စများတွင်အသုံးချရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဥစ္စာဓနကိုအသုံးပြု သင့်ပါသည်။

အဆိုပါမူဝါဒအတိုင်းသာ လိုက်နာကျင့်သုံးကြမည်ဆိုပါကလူသားတစ်ဦး၏စီးပွားဖြစ်မှုသည် သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေမည်သာဖြစ်သည်။သူ၏ကြီးပွားချမ်းသာမှုသည် သူရှင်သန်ရပ်တည်ရာ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ ကြီးပွားချမ်းသာမှုပင် ဖြစ်တော့သည်။

ဤသို့မိမိပိုင်ဥစ္စာဓနကို အများအကျိုးအတွက် အသုံးချတတ်သော ကြွယ်ဝချမ်းသာသူတို့သည် လူအများစားသုံးရန်ကောက်နှံစပါး စိုက်ပျိုးဖြစ်ထွန်းစေနိုင်သည့် မြေဆီသြဇာနှင့် ပြည့်စုံသော လယ်ယာမြေကောင်းနှင့်အလားသဏ္ဌာန် တူပေသည်။

သူတို့သည် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက်ကြီးစွာသော ကောင်းကျိုးရလဒ်များကို ဖြစ်ထွန်းစေသူများလည်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်များသာမရှိပါကသူတို့တရားသဖြင့် ရှာဖွေစုဆောင်းခဲ့သော ဥစ္စာဓနများ ပေါ်ပေါက်လာမှာမဟုတ်သလို ယင်းဥစ္စာဓနများက ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းသို့ ပေးစွမ်းမည့်ကောင်းကျိုးရလဒ်များလည်း ဖြစ်ထွန်းလာမည့်မဟုတ်ချေ။

အဆိုပါပုဂ္ဂိုလ်များသည် ရက်ရောခြင်း၊အများအကျိုးသယ်ပိုးခြင်းစသော ကောင်းမြတ်သည့်စိတ်ထားတို့၏ ပြဋ္ဌာန်းမှုကြောင့် မိမိတို့ကိုယ်ကိုလူ့အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားအတွက် ကိုယ်စားပြုဆောင်ရွက်ရန် တာဝန်ရှိသူများအဖြစ်ခံယူထားသူများ ဖြစ်ကြသည်။

ယင်းခံယူချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှု၏အကျိုးဆက်ကား လူထုကြီးက သူတို့ပိုင်ဆိုင်သမျှသောဥစ္စာဓနတို့ကို အကျိုးရှိစွာ အသုံးချပေးပါရန်ယုံကြည်အပ်နှံမှုကို ခံယူရရှိစေခြင်းပင် ဖြစ်တော့သည်။

မိမိပိုင်ဥစ္စာဓနကို မိမိအကျိုးအတွက်သာအသုံးမချဘဲ အများအကျိုးပြုလုပ်ငန်းများ၌ စိတ်ထက်သန်စွာ အသုံးချတတ်သူများသည် လူထု၏စေတနာရောင်ပြန်ဟပ်မှုကိုလည်း ခံစားကြရစမြဲပင် ဖြစ်သည်။ အိမ်ယာထူထောင် လူဝတ်ကြောင်ဘ၀ဖြင့်နေစေကာမူမိမိပိုင် ဥစ္စာဓနတို့ကို အများအကျိုးအတွက် ခွဲဝေအသုံးချတတ်သောသူသည် မြင့်မြတ်မှန်ကန်သောလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသူ ပင်ဖြစ်သည်ဟု ဗုဒ္ဓကသွန်သင် ညွှန်ပြခဲ့ပါကြောင်းတင်ပြလိုက်ရပေသတည်း ။  ။

ကျမ်းကိုး - BuddhistEconomics by Ven.P.A Payutto

ဝင်းသိန်းဦး
(ဓမ္မရံသီ၊ အမှတ် ၁၁၅၊၁၉၉၉ခုနှစ်၊ ဇူလိုင်လ)

No comments: