Tuesday, June 25, 2013

ပုစွန်မိုင်ရော့နစ် (Mayonnaise) ဟင်းလျာ


ဒီကနေ့ထူးထူးခြားခြား ဂျာနယ်တစ်စောင်မဖတ်စဖူးလှန်လျောကြည့်ရင်း  ဂျပန်အစားအစာတစ်မျိုးချက်ပြုတ်ပုံကိုတွေ့မိတာနဲ့ ကျွန်တော်လည်း သူငယ်ချင်းတို့ကိုပြန်ပြောပြချင်စိတ်ပေါ်လာပါတယ်။ ပြင်ဆင်ချက်ပြုတ်ပုံကလည်းသိပ်မခက်တာမို့ သဘောတကျ ဖြစ်ရင်းပေါ့နော်။

ကျွန်တော်တို့လို လူပျိုကြီးတွေအတွက်တော့ အမယ်လည်းသိပ်မများ အလုပ်လည်းသိပ်မရှုပ်တဲ့ဟင်းချက်နည်းတွေဆိုရင် လွှတ် စိတ်ဝင်စားတာမို့လား။ ကဲကဲ စားကြရအောင်။

ပါဝင်ပစ္စည်း
ပုစွန်ကျား - ၁၅ကျပ်သား၊ ဆီ တစ်ဆယ်သား၊ မိုင်ရော့နစ်ဆော့ (Mayonnaise) အနည်းငယ်၊ ဟင်းခတ်မှုန့်၊သကြား၊ဆား၊ ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ၊ ကော်မှုန့်အနည်းငယ်၊ ဂေါ်ဖီအစိတ်သေး တစ်စိတ်၊ မုန်လာဥနီတစ်ချောင်း၊ ကြက်သွန်မြိတ် တစ်ပင်။

ပြင်ဆင်ချက်ပြုတ်ပုံ
ပုစွန်ရဲ့ခေါင်းနဲ့အလယ်ပိုင်းကိုပဲ အခွံခွာပြီးအမြီးပိုင်းအခွံကိုတော့ မခွာဘဲထားရပါတယ်။ ခွာထားတဲ့ပုစွန်တွေကို ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ရောနယ်ပြီး ပွက်ပွက်ဆူနေတဲ့ ဆီပူထဲမှာ ရွှေအိုရောင်သန်းလာတဲ့အထိကြော်ပေးရမှာဖြစ်ပါတယ်။

ကျက်သွားပြီဆိုရင်တော့ ဆီစစ်ပြီး ပန်းကန်အလွတ်တစ်ခုထဲမှာ ထည့်ထားရပါမယ်။ အဲဒီနောက် ပါးပါးလှီးထားတဲ့ ဥနီနဲ့ ဂေါ်ဖီ၊ ကြက်သွန်မြိတ်တို့ကို ပန်းကန်ပြားတစ်ခုထဲမှာခင်းပြီး ဆီစစ်ထားတဲ့ ပုစွန်ကြော်ကိုအပေါ်မှ ထည့်ပေးရပါမယ်။

အဲဒီလိုပြင်ဆင်ပြီးတဲ့အခါ ရှောက်ရည်နဲ့ မိုင်ရော့နစ်ရောစပ်ထားတဲ့ အနှစ်ရည်ကို အပေါ်ကနေ ဆမ်းပေးခြင်းဖြင့် မိနစ်အနည်းငယ်အ တွင်း ချဉ်စိမ့်အရသာရှိပြီး အသင့်စားသုံးနိုင်မယ့် ပုစွန်မိုင်ရော့နစ် ဟင်းလျာကို ရရှိမှာဖြစ်ပါတယ်။

လူသုံးယောက်စာအတွက် ထမင်းနဲ့တွဲဖက်စားသုံးနိုင်မှာပါ။

*Sun Flower ပင်လယ်စာစားသောက်ဆိုင်- အမှတ်(၉၀)၊ ဘိုကလေးဈေးလမ်း၊ ဂမုန်းပွင့်ကုန်တိုက်ဘေး၊ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ ဟင်းတစ်ပွဲကို (၂၅၀၀)ကျပ်နဲ့စားသောက်နိုင်ပါသတဲ့။

Credit: လူထုပုံရိပ် သတင်းဂျာနယ် - အတွဲ(၁) အမှတ်(၃၅) - ၃၁ မေ ၂၀၁၃

No comments: